Latest Games :
Home » » ဆင်းကတ်တစ်ကတ် ငါးထောင်ဖြစ်ရင်ကွယ်

ဆင်းကတ်တစ်ကတ် ငါးထောင်ဖြစ်ရင်ကွယ်

Friday, January 27, 2012 | 0 မှတ်ချက်ကလေးရေးပေးနော်.


တစ်ခေတ်တစ်ခါက လက်ကိုင်ဖုန်းများ မျက်နှာပန်းပွင့်စဉ် အခါသမယကို ပြန်လည်သတိရမိသည်။ ၁၉၉၀ ပြည့်နှစ်ကျော်လောက် ဖြစ် နိုင်သည်။ ဟန်းဖုန်းကိုင်သော လူတန်းစား၊ ဖုန်းဝယ်သော လူတန်းစားသည် အနည်းအကျဉ်းမျှသာရှိသည်။
ဖုန်း လျှောက်လွှာသည် ထီဆုကြီးသဖွယ် ဖြစ်နေ၏။
ထိုစဉ်က ဟန်းဖုန်း သတင်းပါသည့် ဂျာနယ်သည် အရောင်းသွက်သည်။
မှတ်မှတ်ရရ ဖြစ်နေသည်မှာ ဂျာနယ်တစ်ခုတွင် ဖတ်ရသည့် အကြောင်းအရာပင်။ နိုင်ငံကျော်ရုပ်ရှင် မင်းသား ဖုန်းခိုးခံရသည့် သတင်းကို ပေါ့ပ်ဂျာနယ် တစ်စောင်တွင် ဖတ်ခဲ့ရသည်ကို အမှတ်ရမိသည်။
နိုင်ငံကျော် မင်းသားလည်းဖြစ်ပြန်၊ လက်ကိုင်ဖုန်းသည်လည်း ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်နေပြန်ဆိုတော့ကား လက်ကိုင်ဖုန်း အခိုး ခံရသည်ကပင်သတင်းဖြစ်နေချေသည်။
နောက်အကြောင်းအရာ တစ်ခုလည်း ရှိသေးသည်။
ကျွန်ုပ်နှင့် အမျိုးချင်း မနီးတနီး ဂျီးတော်ကြီးသည် ဖုန်းလျှောက်လွှာဖြင့် ဖုန်းလျှောက်လိုက်လေရာ ဖုန်း ရလိုက်လေသည်။
ထိုရသော ဖုန်းကို ရောင်းလေသည်။
ရောင်းရငွေ၏ ၁၀ ပုံ တစ်ပုံကို သူ၏ ဂျီးတော်ကြီးအား ကန်တော့၏။
ကန်တော့ငွေ မည်မျှ ထင်ပါသနည်း။ ကျပ်ငါးသိန်းဖြစ်ပါသည်။
ထိုစဉ်က ရွှေဈေးဘယ်လောက်မှ မရှိသေး။ ကျန်တစ်ဦးလည်း ရှိသေးသည်။
သူကတော့တစ်မျိုး ဖုန်းရောင်းရငွေ ကျပ် သိန်း ၅၀ ကို မြေတစ်ကွက် ၀ယ်သည်။
ထိုမြေကွက်သည် အခုချိန်တွင် ကျပ် သိန်း လေးရာထိရနေသည်။ ဒီလိုကျတော့ လည်း မုဒိတာပွားစရာ။
ထိုစဉ်က လူတစ်ဦးတစ်ယောက်၏ ပိုင်ဆိုင်မှုတွင် ဖုန်းပိုင်ဆိုင်မှုကိုပါ ထည့်သွင်း ဆုံးဖြတ်ရသော ခေတ်ဖြစ်ခဲ့လေသည်။
နိုင်ငံခြားသွားရန် ပိုင်ဆိုင်မှု ပြလျှင် မြေပိုင်ဆိုင်မှုအပြင် ဖုန်းပိုင်ဆိုင်မှုပါ ပြသရလေသည်။
သူငယ်ချင်း တစ်ယောက်က ထိုသို့ နိုင်ငံခြားသွားရန် ပိုင်ဆိုင်မှု ပြသည်မှာ မလုံလောက် သဖြင့် ဟန်းဖုန်း သုံးလုံးခန့်ပိုင်ဆိုင်မှု ပြခဲ့ရသည်ဟု ဆိုသည်။
စာရေးသူ၏ မိဘများပင် တစ်ခေတ်တစ်ခါက အလွန်ပင် ငွေရလွယ်လှသော ဖုန်းအငှားဆိုင်ပါ ဖွင့်ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က ဖုန်းဆိုင်တစ်ဆိုင်က ရသော ငွေသည် မိသားစုတစ်စုစားဝတ်နေရေးအတွက် အတော်လေးအထောက်အကူ ဖြစ်သည်ဟု ပြောနိုင်သည်။
ဖုန်းရှားပါးစဉ်က ကျောက်ဝိုင်းအနီးက ဖုန်းဆိုင် တစ်ဆိုင်၏ တစ်ရက်တစ်ရက် ၀င်ငွေမှာ ကျပ် ၅၀,၀၀၀ ခန့်ရှိသည်ဟု ကြားဖူးသည်။
တချို့ကလည်း အဆက်အသွယ် ဖြင့် ဟန်းဖုန်းများလျှောက်၊ ထို့နောက် အငှား ချစားကြသည်။
စာရေးသူတို့ မိသားစု လိုင်းဖုန်း စကျတော့ အခြေအနေတွေကအမျိုးမျိုး၊ ပထမဆုံး အသုံးပြုခွင့်ကျသော ဖုန်းတို့သည် နှစ်ဂဏန်းဖြင့် စတင်ပြီး အန်နာ လော့စနစ်ဖြစ်သည်။
နောက်ပိုင်း အန်နာ လော့ခ် စနစ်ဖုန်းကို ဒစ်ဂျစ်တယ်ဖုန်းသို့ ပြောင်းရ၊ ထို့နောက် သိပ်များမကြာမီ ကြိုတင်ငွေစနစ် ပြောင်းရ လိမ့်ဦးမည်။
စာရေးသူတို့ ဟန်းဖုန်း စကိုင်စဉ်က ဖုန်းတစ်လုံးဈေးသည် ရွှေတစ်ကျပ်သား ၀န်းကျင် ငါးသိန်းကျော်ဈေး ဖြစ်သွား ခဲ့သည်။
ယခုဆိုလျှင် ရွှေဈေးသည် တစ်ကျပ်သား ခုနစ်သိန်းကျော်သွားပြီ။
ဖုန်းက အနိမ့်ဆုံး သုံးသိန်းဖြစ်လာမည်မှာ သေချာသည်။
ငါးထောင်တန် ဖုန်းဆိုလျှင်တော့ စာရေးသူဖုန်းမ၀ယ်ခဲ့ဘဲ ငွေတိုးပေးစားတာက ပိုကိုက်မည်ဟု တစ်ခါတစ်လေ ရင်ထုမနာ ဖြစ်ရသည်။
မည်သို့ပင်ဖြစ်စေ လက်ကိုင်ဖုန်းများ၊ ကြိုးဖုန်းများ ပေါပေါများများ ဖြစ်လာခြင်းကို စာရေးသူပျော်ရပါသည်။
ဒီထက်ပိုပေါများပြီး နည်းပညာ အဆင့်အတန်း မြင့်မားကာ လိုင်းကောင်းလျှင်တော့ ပိုပြီးပျော်ရမည်ထင်သည်။
ဖုန်း လိုင်းတို့အပြင် အင်တာနက်လိုင်း အမြန်နှုန်း ကောင်းလျှင်မူကား စာရေးသူတို့ အတွက် အပျော်ဆုံးဖြစ်မည်ထင်၏။
Share this article :

0 မှတ်ချက်ကလေးရေးပေးနော်.:

******စတင်ခြင်း*******

 
ဘကြီးသက်ဘလော့လေးကို.. 21st.Sept.2011..မှာစတင်ပုံဖေါ်ပါတယ်
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဘကြီး သက် - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger