
ရန်ကုန်မြို့ MCC ခန်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေက “ထိုင်းလုလင်ပျိုတို့ရဲ့ ဣတ္ထိယအသွင် ကကြိုး သဘင်” ဆိုပြီး ထိုင်းနိုင်ငံက Lady boy အလှပဂေးတွေ ခြိမ့်ခြိမ့်သဲ လာရောက်ဖျော်ဖြေခဲ့ကြတာ အားလုံးလည်း အသိပါ။ အဲဒီဖျော်ဖြေပွဲမှာ သူတို့ရဲ့ ၀တ်စားဆင်ယင် တင်ဆက်မှုတွေကို မြန်မာ ပွဲကြည့် ပရိသတ်တွေကလည်း တအံ့တသြ ကြည့်ရှုခဲ့ကြတာပါ။ Lady boy တွေရဲ့ဖျော်ဖြေတင်ဆက်မှုကို ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသား တွေတောင် ဈေးကြီးကြီးပေးပြီး မက်မက် စက်စက် လာရောက်ကြည့်ရှု ကြရတယ်။ မြန်မာပြည်ကြီးမှာလည်း ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်လောက် ကတည်းက လိင်တူချစ်သူ(မိန်းမလျာ) တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုဟာ မြန်မာပြည်အနှံ့ ရာသီအလိုက် ဘုရားပွဲတွေမှာ ပရိသတ်ကို ဆွဲဆောင် အောင်မြင်ခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ “မိုးကြိုး ငှက်ငယ်ကလေးများ”ဆိုတဲ့ အလွန်နာမည်ကြီး ကျော်ကြားခဲ့တဲ့ လိင်တူချစ်သူများ အဖွဲ့ပါ။ မစပ်စု သိသလောက်တော့ ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင် ခဲ့တဲ့ အဖွဲ့ပါ။ အဲဒီခေတ်အခါက နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့ ခွဲမရအောင်တူတဲ့ စတိုင်တွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ တေးသီချင်းတွေ၊ တေးသရုပ်ဖော်၊ စတိတ်ရှိုး စတာတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ထိုင်း Lady boy တွေက ကြေးကြီးကြီးနဲ့ တင့်တောင့်တင့်တယ် ဖျော်ဖြေ လာနိုင်တဲ့အချိန်မှာ မစပ်စုတို့ မြန်မာပြည်က“မိုးကြိုး ငှက်ငယ်ကလေးများ” အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှု ကဏ္ဍကတော့ ပါမစ်အခက်အခဲတွေ၊ နေရာ အခက်အခဲတွေနဲ့ အများကြီး ရင်ဆိုင်ခဲ့ရလို့ အခုနောက်ပိုင်းမှာ ဘုရားပွဲ တိုင်းကို လိုက်မကနိုင်တော့ဘဲ အဖွဲ့တွင်း စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ “မိုးကြိုး ငှက်ငယ်ကလေးများ” အဖွဲ့ ခေါင်းဆောင် စောနန္ဒာ က ပြောပြပါတယ်။ “အခုဆို ပွဲတိုင်း လိုက်မကနိုင်တော့ဘူး။ ရုံကြီးသွင်းဖို့ အရမ်းခက်ခဲလာပါ တယ်။ ရုံခတွေ မြေခတွေ၊ သစ်၊ ၀ါး၊ ဓနိ တွေ အရမ်းဈေးကြီးတာပဲ။ အရမ်း ခက်ခဲတာပဲ။ ဂေါပကတွေ မဟုတ်ဘူး၊ လောပကတွေ၊ လောဘကြီးတာတွေ များတော့ မနိုင်တော့ဘူး။ အဲ့ဒီမှာတင် အနုပညာကြေးက ဘာမှမရှိတော့ဘူး။ တချို့ ဘုရားပွဲတွေကျတော့ ဟိုတုန်းကဆို ဇာတ်ရုံသုံးနေရာ၊ လေးနေရာ။ အခုဆိုရင် တရုံပဲ ပေးတော့တယ်။ အဲ့ဒီတရုံတောင်နာမည်ကြီးဇာတ်ကြီးတွေ ၀င်လာရင် ကိုယ်က လုံးဝ နေရာမရတော့ဘူး။ အဲ့တော့ ကိုယ့်ဘာသာ ရုံဆောက်ပြီဆိုရင် ရုံခ၊ မြေခတွေက ဈေးတွေကြီးတော့ မ၀ယ်နိုင်၊ မ၀ယ် နိုင်တော့ နားရတာ များလာတယ်။ ပွဲကြီး တွေပဲ ဦးစားပေးပြီး နှိမ်တဲ့ သဘောပေါ့”လို့ သူက ဆိုပါတယ်။ အဲဒါတွေထက် ဇာတ်ရုံကြီးတွေမှာ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှု တွေကို လက်မခံနိုင်တဲ့ အနေအထားလည်း ရှိပါသေးတယ်။ “ကျနော်တို့ နိုင်ငံအနေနဲ့က ဖိလည်းမဖိနှိပ်ဘူး။ အားလည်း မပေးဘူး။ ပုံမှန်ပဲ ထားထားတာ။ ဒီတော့ လုပ်ရတာလည်း သိပ်အဆင် မပြေဘူး။ ကျနော်တို့မှာ အနုပညာအားရှိတယ်။ ပံ့ပိုးမှုအားလုံးဝမရှိဘူး။ ပံ့ပိုးဖို့နေနေ သာသာ အမျိုးသားဇာတ်ရုံကြီးကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငှား ကမယ်ဆိုတောင် အခြောက်မတွေကို ပေးမကဘူး။ အဲ့တော့ ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေဖို့ မပြောနဲ့ တန်ဆောင်တိုင် သီတင်းကျွတ်ဘုရားပွဲတွေမှာတောင် ဒီအတိုင်းဆို ပါမစ် မပေးချင်ဘူး။ ကာရာအိုကေ လိုမျိုး ရပ်ကွက်ထဲက ဆိုတဲ့သူလေးတွေ ထည့်ရတယ်။ ကိုယ်က ပစ္စည်းတွေ ယူပြီးသွား ဟိုကျတော့မှ ပါမစ် မရလို့ဆိုတော့ စားဝတ်နေရေးတွေခက် ဒုက္ခတွေရောက်လို့။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံအောင် မရှိဘူး”လို့ စောနန္ဒာ က ပြောပါတယ်။ ဆိုတော့ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုဟာ ကျေးလက် တောရွာ ဘုရားပွဲဈေးတွေမှာ ဖျော်ဖြေတင်ဆက် ရတဲ့ အနေ အထားကနေ ထပ်ပြီး တဆင့်တက် မလာနိုင်ခဲ့တာတော့ အမှန်ပါ။ ဘာကြောင့် အခုလိုခွင့်မပြုရတာလဲလို့ စောနန္ဒာကို မေးကြည့်တော့“ သိပါဘူး။ တတိုင်းပြည်လုံး မိန်းမလျာဖြစ်မှာ စိုးလို့ နေမှာပေါ့” လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က Miss Red Ribbonဆိုတဲ့ခေါင်းစဉ်နဲ့ လိင်တူချစ်သူ တွေရဲ့ အလှမယ်ရွေးပွဲကို စည်းစည်းကားကား ကျင်းပလာလေတော့ အားလုံးပဲ တအံ့တသြဖြစ်ခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကြီးကြီးက လူတဦးရဲ့ အားပေး ကူညီ မှုကြောင့် ကျင်းပခွင့် ပါမစ်ရခဲ့တာ လို့လည်း အဲ့ဒီအချိန်တုန်းက အသံသိုးသိုး သန့်သန့် ထွက်လာပါသေးတယ်။ နောက်နှစ် ၂၀၁၀ မှာလည်း ဒီပွဲမျိုး ထပ်ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ပါမစ်မရလို့ မကျင်းပနိုင်တော့ပါဘူး။ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး တရပ်လို့ဆို သမို့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပြီလို့ဆိုတဲ့ မစပ်စုတို့ မြန်မာ ပြည်ကြီးလည်း ဒီအခွင့်အရေးများ ထွန်းကားလာပေလိမ့်ဦးမလားဆိုတာ စောင့်ကြည့်ရမလို ဖြစ်နေပါပြီ။ ဂျပန်နိုင်ငံ အိုကီနာဝါမှာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ မယ်နိုင်ငံတကာ ပြိုင်ပွဲမှာ မယ်အင်တာနက်နဲ့ People choice ဆုကို ပူပူနွေးနွေး ပိုင်ဆိုင်ထားတဲ့ မြန်မာမယ် နန်းခင်ဇေယျာကို အနုပညာအလုပ်တွေ လုပ်ကိုင်လာလို့ သူ့ရဲ့ပရိသတ်တွေက အလွန်စိုးရိမ်နေကြ ပါတယ်။ နန်းခင်ဇေယျာဟာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ သူနေ့စဉ်လှုပ်ရှား လုပ်ကိုင်နေတဲ့ အကြောင်းအရာတွေကို စဉ်ဆက်မပြတ် ဖော်ပြသူ တဦးပါ။ မယ်အင်တာနက်ဆုကို ရရှိပြီးနောက် နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံက စီးပွားရေး ကြော်ငြာလုပ်ငန်းတွေ ဖြစ်တဲ့ Blue Mountain အချိုရည်ရဲ့ တနှစ်တာ Brand Ambassador နဲ့ Daw Win Garment Center i-MAX, Giorenzo & U’JASS အ၀တ်အထည်များအတွက် ၁၄ လတာ Brand Ambassador တယောက်အဖြစ် လုပ်ကိုင်တော့မှာပါ။ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ Blue Mountain အချိုရည် ကြော်ငြာ ရိုက်ကူးမှု အခြေအနေကို တွေ့မြင်ကြ ရတဲ့ ဖေ့စ်ဘုတ်၊ အင်တာနက်စာမျက်နှာပေါ်က ပရိသတ်တွေက သူလုပ် ကိုင်လာတဲ့ အနုပညာလုပ်ငန်းအပေါ် စိုးရိမ်ကြီးစွာနဲ့ သတိပေး ပြောဆို တာတွေ ရှိလာပါတော့တယ်။ နန်းခင်ဇေယျာကတော့ သူအနုပညာ အလုပ် လုပ်ကိုင်လာတဲ့အပေါ် ပရိသတ်တွေအနေနဲ့ မစိုးရိမ်ဖို့ကို သူ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြန် ပြီး ရှင်းပြ ထားတာကို တွေ့ရပါတယ်။ “ညီမရဲ့ အနုပညာ လုပ်ငန်းလုပ်ကိုင်မှုအပေါ်မှာ ညီမကို ချစ်တဲ့စိတ်နဲ့ စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးကို ညီမအနေနဲ့ ရှင်းပြချင် ပါတယ်။ ညီမက Miss Myanmar, (Miss Internet, Miss People’s Choice) တယောက် အနေနဲ့သာ စီးပွားရေး ကြော်ငြာ၊ စာစောင် မျက်နှာဖုံးများ၊ ပြက္ခဒိန်များကို ရိုက်ကူးနေခြင်း ဖြစ်ပါတယ်။ တဖက်ကလည်း ပရဟိတ လုပ်ငန်းများကို ပရိသတ်များနဲ့အတူ လုပ်ဆောင်သွားမှာ ဖြစ်သလို၊ ညီမအနေနဲ့ သရုပ်ဆောင်လုပ်ဖို့ကို အခုအချိန်မှာ လုံးဝမစဉ်းစား သေးပါဘူးရှင့်။ Tourist Guide အနေနဲ့လည်း ညီမဆက်လက်လုပ်ကိုင်သွားမှာပါ”လို့ ရေးထားတာပါ။ Miss Myanmar နန်းခင်ဇေယျာဟာ လတ်တလောမှာ အနုပညာအလုပ် အပြင် ပရဟိတလုပ်ငန်းတွေပါ လုပ်ကိုင်နေသူပါ။ ရှေ့လျှောက်လည်း ပရဟိတလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း ပြောဆိုထား ပါသေးတယ်။ သူ့ကို ချစ်တဲ့ပရိသတ် အများအပြား ပိုင်ဆိုင်ထားသူ Miss Internet, People Choice Award ဆုရှင် နန်းခင်ဇေယျာ တယောက် ဘယ်လို ပရဟိတ လုပ်ငန်းတွေ၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမလဲ ဆိုတာလည်း စောင့်မျှော် ကြည့်ကြပါဦး …။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment