ကျနော်တို့ ကျေးလက်တောရွာတွေမှာ တွေ့မြင်ရတတ်တဲ့ ဓလေ့တခုရှိပါတယ်။ အဲဒါက အိမ်တအိမ်ကို သွားပြီဆို အိမ်ထဲမဝင်ခင် အိမ်ခြံပေါက်ဝ (ဒါမမဟုတ်) အိမ်တံခါးဝနားမှာ ရပ်ပြီး “ဘယ်သူ ဘယ်ဝါရေ.. ငါလာပြီဟေ့” လို့ အသံပြုပြီးမှ အိမ်ခြံဝင်းထဲ (သို့) အိမ်ထဲကို ဝင်ရောက်တတ်တဲ့ ဓလေ့ ပါ။
ကျနော့် ဒေါ်လေးတယောက်ဆိုရင် ဆွေမျိုးရင်းချာအိမ်ပဲဖြစ်ဖြစ်၊ အင်မတန်ရင်းနှီးတဲ့ အိမ်ပဲဖြစ်ဖြစ် အဲဒီလို အသံပြုပြီး ဝင်ထွက်သွားလာလေ့ ရှိပါတယ်။ ကျနော်တို့အိမ်ကို လာတဲ့အခါတိုင်းလည်း “အမေလေးရေ... ငါလာပြီဟေ့” လို့ အိမ်နဲ့မနီးမဝေးကနေ အမေ့ကို အသံပေးပါတယ်။
ငယ်ငယ်တုန်းကတော့ ဒေါ်လေးရဲ့လုပ်ရပ်ကို ကျနော် နားမလည်နိုင်ပါဘူး။ ဒေါ်လေးနှယ်.. အပိုဆာဒါးတွေ များလိုက်တာ ကိုယ့်အစ်မ အိမ်လာတာကိုပဲ... တိတ်တိတ်လေး ဝင်လာရော ဘာဖြစ်မှာမို့လည်း ပေါ့။
အရွယ်လေး ရောက်လို့ စဉ်းစားဆင်ခြင်တတ်လာတဲ့အခါကျမှ ဒေါ်လေးလုပ်ရပ် မှန်တယ်လို့ တွေးမိလာတယ်။ ဒါဟာ သတိရှိတဲ့လုပ်ရပ်၊ ဆင်ခြင်တုံတရားရှိတဲ့ လုပ်ရပ်လို့ နားလည်စပြုလာတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူအဲလို အသံပေးလိုက်တာက သူ့ကိုယ်သူ အကာအကွယ်ယူသလို ဖြစ်သွားတယ်။ ပတ်ဝန်းကျင်ကလူတွေကို လည်း ငါဒီအိမ်ထဲ ခိုးချောင်ခိုးဝှက်မဝင်ဘူးလို့ အသိပေးကြေငြာလိုက်သလို ဖြစ်သွားလို့ပါ။ လူဆိုတာကလည်း အခက်သားဗျ..။ “စိန်ကဲ ကျောက်ကဲ ခတ်လို့လွယ်တယ်.. လူကဲခတ်ရတာမလွယ်” စကား ရှိတဲ့အတိုင်း လူတယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုအကြံအစည်တွေ ရှိနေတယ်ဆိုတာ.. ကြိုတင်ခန့်မှန်းနိုင်ဖို့ မလွယ်ဘူးလေ။
တချို့လူတွေ အသံမပေး ဘာမပေးနဲ့ သူများအိမ်ထဲ ဝင်ရောက်မိတာကြောင့် ပိုင်နက်ကျူးလွန်မှု အပါအဝင် အမှုဆင် ထောင်ချောက်မိခံရတာတွေ ကြုံရတတ်တယ်။ ကိုယ်က ခင်လို့မင်လို့ ခါတိုင်းလည်း ဒီလိုပဲ ဝင်ထွက် သွားလာနေကျ အိမ်ဖြစ်နေလို့ ဘာမှမဖြစ်တန်ရာပါဘူး ဆိုပြီး မေ့မေ့လျော့လျော့ ဝင်သွားချိန်မှာ မထင်မှတ်ဘဲ အလစ်အငိုက် ခံကြရတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်က သူ့အိမ်ထဲ ရောက်နေတာ ဖြစ်တဲ့အပြင် ဘေးဘေး ဘီဘီကလူတွေလည်း ကိုယ်ဝင်သွားတာကို မကြားလိုက်၊ မသိလိုက် တာမို့ ကိုယ့်ဘက်က သက်သေခေါ်ဖို့ ခက်နေပြီး မတရားမှန်းသိရက်နဲ့ လည်စင်းခံရတဲ့ အဖြစ်တွေ မနည်းလှပါ။
နောက်တခုက အိမ်သားတွေ ကြားအောင် အသံပေးလိုက်တာကြောင့် အိမ်ရှင်တွေကို သတိပေးနှိုးဆော် သလို ဖြစ်သွားပါတယ်။ အိမ်မှာ ကိုက်တတ်တဲ့ ခွေးရှိရင် အချိန်မီ ထိန်းသိမ်းထားနိုင်ဖို့၊ ကိုယ့်အိမ်ထဲမှာပဲဆိုပြီး လွတ်လွတ်လပ်လပ် ဝတ်ဆင်နေထိုင်သူတွေ လူသူကြည့်ကောင်းအောင် ပြင်ဆင်ဝတ်စားနိုင်ဖို့ အချိန်ပေးသလို လည်း ဖြစ်သွားပါတယ်။ ဒီတော့ မဖြစ်သင့်တာတွေ မဖြစ်တော့သလို တဦးနဲ့တဦး အမြင်မတော် မျက်နှာပူရမယ့် ကိန်းကလည်း လွတ်သွားရော..။
ပြီးတော့ အိမ်ထဲမှာ ရှိနေသူတွေရဲ့ မျက်နှာအမူအရာနဲ့ လှုပ်ရှားမှုကိုလည်း တစေ့တစောင့် အကဲခတ်ဖို့ အခွင့် အရေး ရနိုင်သေးတယ်ဗျ။ တချို့အိမ်ရှင်တွေက ဧည့်သည်ခေါ်သံကြားပြီဆိုတာနဲ့ ပြုံးပြုံးရွှင်ရွှင် ဧည့်လဲဝမ်းသာ ဆီးကြို နှုတ်ဆက်တတ်ကြပေမယ့် တချို့များကျ မသိသလိုသိသလို အေးတိအေးစက် အမူအရာနဲ့ မဖြစ်မနေမို့ လက်ခံတွေ့ဆုံတာမျိုးတွေ ကြုံရတတ်လို့ပါ။ ပိုပြီးဆိုးတဲ့ လူတွေကတော့ ဧည့်သည်က ခုနှစ်အိမ်ရှစ်အိမ်ကြာ်း အသံပြု ခေါ်နေတာတောင် ကိုယ်နဲ့မဆိုင်သလို ဆေးလိပ်ဖွာမပျက်၊ စာဖတ်မပျက်၊ သန်းရှာမပျက် နေနိုင်သူ တွေ ရှိကြပါသေးတယ်။ လူ့ယဉ်ကျေးမှုဆိုတာကို အရုပ်ရေးပြီး ရှင်းပြရမယ့် လူ့အန္ဓတွေ ပေါ့ဗျာ..။
ထားပါတော့လေ... လောက မိတ်ဝတ်နားမလည် မကျေပွန်သူတွေ အကြောင်း ပြောနေရင်တော့ လိုရင်း ရောက်မှာကို မဟုတ်တော့ဘူး။ ကျနော် ပြောချင်တာလေးကို အစပြုပါရစေ...
ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် အမတ်တွေ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးနောက် လွှတ်တော်တက်ခါနီးဆဲဆဲမှာ ကျမ်းကျိန်စာသား ကွဲလွဲမှုနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးမှုတွေ ဖြစ်လာပြီး လွှတ်တော်တက်ဖို့ ရက်အတန်ကြာ စောင့်ဆိုင်းလိုက်ရပါတယ်။
ဒါဟာ လွှတ်တော်တံခါးကို ခေါက်လိုက်တာ။ လွှတ်တော်ထဲ ရောက်နေနှင့်ပြီးသား ကိုယ်စားလှယ်တွေကို တပ်လှန့် နှိုးဆော်လိုက်တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံမတင်မီကတည်းက လွှတ်တော်တွင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ် သုံးခု ချမှတ်ခဲ့ရာမှာ “တိုင်းပြည်နဲ့လူမျိုးကို အကျိုးမပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ပြင်ဆင်ရေး” ဆိုတဲ့ အချက် ပါဝင်နေတာကို လူတိုင်း သိထားပြီးဖြစ်ပါတယ်။ အခုလို ပွဲဦးထွက် ကြုံလိုက်ရတဲ့ အခက်အခဲဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ရမယ့် အချက်တခုအဖြစ် ကမ္ဘာကသိအောင် ထောက်ပြလိုက်တာပဲ မဟုတ်ပါလား...။
ဒေါ်စု ခေါက်လိုက်တဲ့ တံခါးခေါက်သံကြောင့် လွှတ်တော်တွင်းမှာ ဆူဆူညံညံ လှိုင်းဂယက်တွေ ထသွားပါပြီ။ လွှတ်တော်တွင်းက ဆက်တီထိုင်ခုံထက်မှာ ငိုက်မြည်း အိပ်မောကျနေသော လွှတ်တော်ကိုယ်စားလှယ်များ လည်း မျက်လုံးမျက်ဖန် တွေပွတ်သပ်ပြီး ကယောင်ကတမ်း လန့်နိုးခဲ့ကြရပါပြီ။ ဧည့်သည်ကို ကြိုဆိုဖို့အရေး အိမ်ရှင်တွေကြားမှာ ဗျာများ အလုပ်ရှုပ်နေတာကိုလည်း တွေ့မြင်ကြရပါပြီ။
ဝင်ရောက်လာမယ့် ဧည့်သည်အပေါ်မှာ ထားတဲ့စေတနာ၊ ရှေ့ဆက်မယ့်ခရီးမှာ အာရုံပြုထားတဲ့ သဘောထား တွေ သူတို့မျက်ဝန်းပေါ်မှာ သူတို့အသံတွေမှာ မဖုံးသာ မဖိသာ ထင်ဟပ်ပေါ်လွင်နေတာကို မြန်မာပြည်သူတွေ သာမက ကမ္ဘာကပါ သိခွင့်မြင်ခွင့်နေရပါတယ်။
တိုင်းပြည်ကောင်းကျိုးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အစိုးရအဖွဲ့အတွင်း လွှတ်တော်အတွင်း သဘောကွဲလွဲမှုမရှိ တညီတညာတည်း စေတနာထား အကောင်အထည်ဖော်နေပါတယ်လို့ ဖုံးဖုံးဖိဖိ ဖာဖာထေးထေး ပြောဆိုခဲ့သူ သမ္မတကြီးကိုယ်တိုင် စည်းစည်းပိုင်ပိုင် တာဝန်မခံနိုင်တော့တဲ့ အခြေ အနေ တရပ်ပါ။
“နိုင်ငံရေးဟာ စွန့်စားရတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်” လို့ ဒေါ်စု မကြာခဏ သတိပေးဖူးပါတယ်။
ခြုံနွယ်ပိတ်ပေါင်း တင်းကျမ်းပြည့် ထူထပ်နေသော ဖုန်းဆိုးမြေရိုင်းကို စိုက်ပျိုးမြေဖြစ်ရန် ပြုပြင်ရတာ လွယ်တဲ့ အလုပ်မဟုတ်ပါ။ အဆင့်ဆင့် ခုတ်ထွင်ရှင်းလင်း မြေညှိ ပြင်ဆင် ရပါတယ်။ တဘက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းကျဖြစ်အောင် ပြင်ဆင်ရေးဆွဲရမယ့်အလုပ်က မြေရိုင်းပြုပြင်ရတာ ထက် အဆရာထောင် ပိုပြီး ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ လုပ်မရနိုင်တဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။
အဲဒီလိုလုပ်ဆောင်ရာမှာ အုပ်စုအင်အားထက် ဥာဏ်အမြော်အမြင်ကြီးမှုနဲ့ ထိုးဖောက်စည်းရုံးနိုင်မှု စွမ်းရည် တွေက ပိုအရေးပါ အရာရောက် မှာပါ။
အခုလည်း လွှတ်တော်တံခါးဝမှာ ဆီးကြိုနေတဲ့ ခလုတ်ကန်းသင်းတခုကို အများသိရှိမြင်သာအောင် ဒေါ်စုတို့ NLD က ထောက်ပြမှတ်သား လှုပ်နှဲ့ ပစ်လိုက်ပါပြီ။ လွှတ်တော်တွင်းကိုလည်း ချဉ်းနင်း ရောက်ရှိသွားပါပြီ။
ရှေ့ဆက်လျှောက်လှမ်းရမယ့် တိုင်းပြုပြည်ပြု ခရီးကြမ်းမှာ NLD နဲ့ ပူးပေါင်းပါဝင် အားဖြည့်နိုင်ဖို့တာဝန်ကတော့ တိုင်းရင်းသား လူမျိုးမရွေး ပါတီအဖွဲ့အစည်းမရွေး အင်အားစုပေါင်းစုံမှာရှိတဲ့ တိုင်းချစ်ပြည်ချစ်စိတ် ပြင်းပြသူ အားလုံးရဲ့ ပုခုံးပေါ်ကို တည့်တည့်ကြီး ကျရောက်လာပြီ ဖြစ်ပါကြောင်း...။
ဝေမော်
၁ မေ ၂၀၁၂
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment