Monday, February 20, 2012

တကယ့် အပြောင်းအလဲလား

ယခုလပိုင်းများမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်တွေအမျိုးအစားမျိုးစုံလာရောက်နေကြသည်။ အလည်လာသူတွေရော၊ အလုပ်ကိစ္စ၊ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေက မြန်မာအစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေနှင့်တွေ့ဖို့ကအစ၊ အကူအညီပေးဖို့လာရောက် လေ့လာသူတွေ အလယ်၊ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲဆိုတာကို သတင်းရေးဖို့ နိုင်ငံခြား သတင်းစာဆရာတွေ အဆုံး လာရောက်နေသည့် ပမာဏက ယခုဆယ်စုနှစ်ပိုင်းမှာ မကြုံဘူးလောက်အောင် ဖြစ်နေသည်။
တလောက ဗြိတိန်နိုင်ငံထုတ် Financial Times သတင်းစာက မြန်မာနိုင်ငံလက်ရှိ အဖြစ်အပျက်ကို Burma burn-out ဆိုသည့် စကားလုံးဖြင့် ရည်ညွှန်းရေးသားလိုက်သည်။ အန်ဂျီအိုများ၊ အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပြောင်းလဲသည့် အခြေအနေကိုလိုက်၍ လုပ်ဆောင်ရန် လူအင်အား၊ အဖွဲ့အစည်းအင်အား မလုံလောက်သည့် အခြေအနေကို ဖေါ်ညွှန်းပြောဆိုထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်၊ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တို့တွင် နိုင်ငံခြားသားများ၊ မြန်မာဋ္ဌာနေ အန်ဂျီအိုများ၊ ဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်သူများဖြင့် စည်ကားနေသည်။ စာရွက်စာတမ်းတွေ ဖိုင်တွေကိုင်လျှက် ၀င်လိုက်ထွက်လိုက်ဖြင့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တစွန်းတစ ထင်ဟပ်ပြသလိုရှိသည်။
နိုင်ငံတကာမှ သတင်းထောက်တွေလည်း တဦးပြီး တဦးဝင်လာနေသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရကိုယ်စားလှယ်များနဲ့ အတူ သတင်စာဆရာ ဗီဇာရရှိသဖြင့် ခါတိုင်းနဲ့မတူ ဗီဒီယိုကင်မရာအကြီးကြီးဖြင့် ရုပ်သံသတင်းရိုက်သူတွေရှိသလို သတင်းစာအတွက်နေပြည်တော်မှ အရာရှိကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့်ရ၍ နေပြည်တော်ထိ တက်သွားသူတွေလည်း ရှိသည်။
ယခင်က တိုးရစ်ဗီဇာကိုပင် ရဖို့ မသေချာသည့်အနေအထားမှ ယခုအခါ သတင်းထောက် ဗီဇာရနိုင်လာသည်အခြေအနေမျိုးကို အနောက်နိုင်ငံမှ သတင်းစာဆရာများက ဒီအချက်များကို ကြည့်ကာ မြန်မာနိုင်ငံပြောင်းလဲနေပြီဟု ပြောကြ ရေးကြသည်မှာ သူ့အတွေ့အကြုံနှင့် သူတော့မှန်ကန်နေပါလိမ့်မည်။
နိုင်ငံရေး အင်အားစုတွေ
စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာတဲ့ အစိုးရလက်ထက် တလျှောက်လုံး အစိုးရက အတိုက်အခံ မလိုလားအပ်တဲ့ အင်အားစုဟု သတ်မှတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်အချို့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၊ ၂၀၀၇ စက်တင်ဘာ ကျောင်းသား ခေါင်းဆောင်များကို မကြာမီက လွှတ်ပေးလိုက်တဲ့အချက်ဟာ မြန်မာနိုင်ငံရေးမှာ အလှည့်အပြောင်းတခုဟု ဆိုနိုင်ပါလိမ့်မည်။
ယင်းအင်အားစုတွေ လွတ်မြောက်လာပြီးနောက်မှာ ယခင်က လုပ်ခွင့်မရှိခဲ့ဘူးတဲ့ ပြည်တွင်းမီဒီယာ အင်တာဗျူးတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ တွေ့ဆုံပွဲ၊ ဖွင့်လှစ်ပွဲ နိုင်ငံခြား အစိုးရ အဖွဲဝင်များနဲ့ တွေ့ဆုံခြင်းတွေ မြင်တွေ့လာရသည်မှာ ယခင်နှင့်တော့ မတူဟုနားလည် နိုင်ပါသည်။
ယခင်က အသံမကြားချင်သည့် ကျောင်းသားသမဂ္ဂဆိုသည်ကို အသိအမှတ်မပြုသေးသည့်တိုင် ပေါ်ပေါ်ထင်ထင် ဖွဲ့ဖို့ကြိုးစားနေကြပြီ။ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေအရ ခွင့်ပြုပြီးဖြစ်သော်လည်း နည်းဥပဒေများ မထွက်ရှိလာသေးသဖြင့် တရားဝင် မဖွဲ့ရသေး။ မကြာမီ အလုပ်သမား အဖွဲ့အစည်းများ၊ လယ်သမား အဖွဲ့အစည်းများ တရားဝင် ပေါ်ထွက်လာဖို့ အခြေအနေများတွေ့မြင်နေရသည်။
ကန့်သတ်ချက်များစွာဖြင့် လှုပ်ရှား လုပ်ကိုင်ခွင့်အခက်အခဲရှိနေဦးမည် မှန်သော်လည်း ယခင်ကလို ပုန်းရှိုးကွယ်ရှိုး လုပ်ဆောင်ရသည်နှင့်စာလျင် အများကြီးလုပ်ခွင့်သာလာပြီ ဟုဆိုရမည်ဖြစ်သည်။
ယခင်က လုပ်ခွင့်မရခဲ့သည့် နှစ်လည်နေ့များ၊ အထိမ်းအမှတ်နေ့များကိုလည်း ယခုအခါ ပေါ်ပေါ်ထင်ထင် လုပ်နိုင်လာသည့် အခြေအနေမျိုးဖြစ်သည်။ စိတ်ဝင်စားသည့် လူထုပရိသတ်လည်း တက်ရောက်ရဲသည့် အခြေအနေမျိုးဖြစ်လာသည်။
ဒါတွေက နိုင်ငံရေး သမားတွေ၊ အစိုးရခေါင်းဆောင်တွေ ရည်ညွှန်းသည့် အပြောင်းအလဲ၏ လက္ခဏာများ ဖြစ်လိမ့်မည်။
မပြောင်းလဲသေးသည့် အရာများ

ခေတ်ပြောင်းလာပြီဟု ဆိုရာတွင် အပေါ်ပိုင်းက အရင်ပြောင်းသည် အောက်ခြေကို နောက်တဖြေးဖြေး ရောက်လိမ့်မည်ဟု ယေဘုယျအားဖြင့်နားလည်ကြသည်။ သို့သော် လုံးဝ မပြောင်းလဲသေးသည့် ကဏ္ဍများလည်း အများအပြားရှိနေရာတွင် အောက်ခြေရှိ လူထုနှင့် ပတ်သက်သည့် ကိစ္စရပ်များသာမကပါ။ အချို့မှ အပေါ်မှ အောက်ခြေတိုင် မပြောင်းလဲသလောက်ရှိသည်ကိုတွေ့နေရသည်။
ယင်းကဏ္ဍတွေက ဘာတွေလဲဟု ဆိုလျှင် တရားစီရင်ရေး ၊ သာသနာရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများဖြစ်သည်။
တရားစီရင်ရေး အပိုင်းမှာ ပွင့်လင်းမှု အရိပ်အယောင် ယခုချိန်ထိ မမြင်တွေ့ရသေးပေ။ လာဘ်စားမှုများ၊ ငွေများ တရားနိုင်ခြင်းများ ဖြစ်နေဆဲ ဖြစ်သည်။ အမှုအခင်းဖြစ်ပြီဆိုလျှင် ငွေထုပ်နှင့် တရားသူကြီး၊ အစိုးရ ဥပဒေအကျိုးဆောင်၊ တရားရုံး အသီးသီးကို လိုက်ဖြည့်နိုင်လျှင် အမှုနိုင်ဖို့ ရာခိုင်နှုန်းများနေပြီဖြစ်သည်။ ပွင့်လင်းလာသည့် မြန်မာနိုင်ငံ၏ လတ်တလော အကျိုးဆက်များ ဤနယ်ပယ်မှာ လုံးဝမမြင်တွေ့ရသေးပေ။
သာသနာရေး နှင့်ပတ်သက်လျင်လည်း သံဃမဟာနာယက အဖွဲ့က သံဃာထုရဲ့ အမြင်များကို ထည့်သွင်းစဉ်းစားခြင်း မျိုး မတွေ့ရသေးပေ။ သံဃားများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ စီရင်ချက်များမှာ နကိုအခြေအနေအတိုင်းသာ ရှိနေသေးသည်ကိုတွေ့နေရသည်။
ထို့အတူ မြန်မာ့ဆက်သွယ်ရေး နှင့် ပတ်သက်လျှင်လည်း ဖုန်းဝန်ဆောင်ခများ ကြီးမြင့်ခြင်း၊ မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွင် ပြိုင်ဆိုင်မှု ဈေးကွက်ဖွင့်ပေးခြင်း မရှိသေးပေ။ မကြာခင်က ဖြစ်ပွားခဲ့သည့် ၅ထောင်တန် ဖုန်းကဒ် ကိစ္စတွင် မြန်မာဆက်သွယ်ရေး လုပ်ငန်းက သုံးသိန်းဖုန်းအစီအစဉ် ရောင်းဖို့ စီစဉ်ပြီးသားဖြစ်နေရာ ဈေးမလျှော့ချင်သဖြင့် ၅ ထောင်တန်ဖုန်း မဖြစ်နိုင်ဟု မျက်စေ့မှိတ်ငြင်းနေခဲ့သည်။ ပထမပိုင်းတော့ နည်းပညာအရ မဖြစ်နိုင်ဟု ပြောရာမှ နောက်ဆုံး ဆက်သွယ်ရေး ဥပဒေအရ မဖြစ်နိုင်ဟု ပိတ်ကာပြောတော့သည်။ ဆက်သွယ်ရေး ဥပဒေဆိုသည်မှာ ပြုပြင်၍ မရသည့်အရာ မဟုတ်ပေ။
ဤ သာဓကတို့မှာ အပြောင်းအလဲသို့ မလိုလားသူများ၏ မိမိတို့ နေရာ၊ ရာထူး၊ အကျိုးစီးပွားကာကွယ်မှုများ ဖြစ်သည်။
သာမန်လူထုတွက် အပြောင်းအလဲ

ကိုယ့်အခွင့်အရေးကို တိုးချဲ့ယူနိုင်သူများက အခွင့်အရေး ရလာကြသည်မှာ မှန်ပါသည်၊ ကိုယ့်အခွင့်အရေးအတွက် တိုးချဲ့မယူတတ်သည့် သာမန်ပြည်သူတွေရဲ့ အခွင့်အရေးတွေရော တိုးတက်လာပါသလား။ သာမန်လူထုမှာ ယခုချိန်ထိ ကိုယ့်အလုပ်အကိုင်နှင့် ပတ်သက်သည့် အခွင့်အရေးများ တိုးတက်မလာသေးပေ၊ အလုပ်သမားများ လုပ်ခအတွက် ဆန္ဒပြတောင်းဆိုရာတွင် သတ်သတ်မှတ်မှတ် အဖွဲ့အစည်း မဖွဲ့စည်းနိုင်သေးပေ၊
သမဂ္ဂဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း လက်တွေ့ ကျင့်သုံးဖို့ နည်းဥပဒေ မထွက်သေးပေ၊ လယ်သမားများလည်း လယ်မြေတွေ အသိမ်းခံနေရဆဲဖြစ်သည်။ စီးပွားရေး အခွင့်အလမ်း များပြားလာသည်နှင့် အတူ မြေယာသိမ်းခံရမည့် အန္တရာယ် ပိုမိုများလာသည်။
အလုပ်အကိုင် ရှားပါးခြင်း နှင့် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကလေးစစ်သားစုဆောင်းမှု အန္တရာယ်လည်း ရှိနေဆဲဖြစ်သည်။
ယခုဖေါ်ပြသည့် အချက်အလက်များက အောက်ခြေလူထုအဖို့ အပြောင်းအလဲရဲ့ အကျိုးဆက်ကို မခံစားရသေးသည်ကို ညွှန်းဆိုလျှက်ရှိသည်။
ခြုံပြောရလျှင် အပြောင်းအလဲဆိုသည်ကို ကြိုဆိုရမည်ဖြစ်သည်။ ယခုလို အခွင့်အလမ်းမျိုး ၊ ပွင့်လင်းမှု လမ်းစမျိုး လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ ခုအတွင်း မပေါ်ထွက်ခဲ့သည်ကို ၀န်ခံရမည်ဖြစ်သည်။ ယင်းပွင့်လင်းမှု လမ်းစကို မပျောက်သွားအောင် ဆုပ်ကိုင် ချဲ့ယူရမည်ဖြစ်သလို သာမန်လူထု ခံစားနိုင်ဖို့ လုပ်ဆောင်ရမည်မှာ နိုင်ငံရေး သမားတို့၏ တာဝန်ဟု ထင်ပါသည်။
Unknown at 4:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ၏ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာများကို မတ်လအတွင်း မိဘများထံသို့ ပြန်လည်အပ်နှံသွားရန်စီစဉ်


အင်ကြင်းခိုင်အင်ကြင်းလှိုင်တို့ကို ခွဲစိတ်ကုသပြီး တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာများဖြစ်သည့် အင်ကြင်းခိုင်၊အင်ကြင်းလှိုင်နှင့်ရန်ကင်း၊ ရန်ရှင်းတို့ကို မတ်လအတွင်း မိဘများထံသို့ ပြန်လည်အပ်နှံသွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


ရန်ကင်းရန်ရှင်းတို့ကို ခွဲစိတ်ကုသပြီး တွေ့ရစဉ်
ပဉ္စမမြောက် ရင်ချင်းဆက်အမြွှာဖြစ်သည့် အင်ကြင်းခိုင်နှင့် အင်ကြင်းလှိုင်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း၊ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာ ရန်ကင်းနှင့်ရန်ရှင်းကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်းကောင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။

'' ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေပေါ်ကြည့်ပြီး တစ်လနှစ်လနေရင် မိဘတွေဆီ ပြန်လည်အပ်နှံသွားဖို့ စီစဉ်ပြီးသားပါ။ အရင်ကလေးတွေတုန်းကလည်း ဒီလိုပဲပြန်အပ်နှံခဲ့ပါတယ်။ အရင်သူတို့တွေ တွဲနေတုန်းက လမ်းလျောက်ရင် ဂဏန်းသွားသွားတယ်။ သူတို့တွေ လမ်းသွားပုံ ပုံမှန်ဖြစ်အောင် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးတယ်။ အရင်တုန်းက နှစ်ယောက်ဆိုတော့ ခြေထောက်လေးချောင်းနဲ့ သွားခဲ့ရာက အခုနှစ်ချောင်းနဲ့ဆိုတော့ တစ်ခါတလေ ဟန်ချက်မညီတာတို့ကို ပြန်လုပ်ပေးနေတာပါ။ ဒါကြောင့် နှစ်လ သုံးလ ခေါ်ထားတာပါ။ ပြန်ပေးလိုက်တဲ့အခါ ရောဂါတစ်ခုခုဖြစ်ရင် ကျွန်တော်တို့ဆီ ပြန်လာဖို့ မှာထားပါတယ်'' ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

အဆိုပါခွဲစိတ်မှုများကို ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာထူးဟန် ဦးဆောင်၍ ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီးနှင့် မန္တလေး ကလေးဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်များ၊ သူနာပြုဆရာမကြီးများစသည့် ဆေးပညာဆိုင်ရာ ဆရာဝန်စုစုပေါင်း၇၅ ဦးတို့က ပူးပေါင်းခွဲစိတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ကြင်းခိုင်နှင့်အင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာကို တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် တွင်၂၀၀၉ခုနှစ် မွေးဖွားခဲ့ပြီးအသက် ၂နှစ် ၁၀လကြာတွင် ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာဖြစ်သည့် ရန်ကင်း၊ရန်ရှင်း ရင်ချင်းဆက်အမြွှာကို ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ၂၀၀၉ ခုနှစ် မတ်လ၁၁ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက်နှစ်နှစ်နှင့် ရှစ်လအရွယ်တွင် ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရန်ကင်းနှင့်ရန်ရှင်း ရင်ချင်းဆက်အမြွှာသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ယောင်္ကျားလေးရင် ချင်းဆက်အမြွှာဖြစ်ကြောင်း သိရသည်။

ရင်ချင်းဆက်အမြွှာနှစ်တွဲလုံးသည် အတွင်းကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အသည်းချင်းဆက်နေခြင်းဖြစ်ပြီး ခွဲစိတ်မှုကြာချိန် ငါးနာရီခန့် ကြာမြင့်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှုကို ၁၉၇၁ခုနှစ်တွင် ခွဲစိတ်ခဲ့ခြင်းဖြစ်ပြီး အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမြွှာကို ၁၉၉၃ခုနစ်တွင် တစ်ကြိမ်၊ ၂၀၀၂ခုနှစ်တွင် မိုးပပမောင်၊ မိုးပပအောင် တင်ချင်းဆက် အမြွှာကို တစ်ကြိမ်၊ စိုပြေလင်း၊ စိုပြေ၀င်းကို ၂၀၀၉ခုနှစ်တွင်တစ်ကြိမ် အောင်မြင်စွာခွဲစိတ်ခဲ့ပြီး မြန်မာနိုင်ငံ ဆေးလောကသမိုင်းတွင် အောင်မြင်မှု မှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။

     http://weeklyeleven.com(မှကူးယူဖော်ပြသည်)
Unknown at 4:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ဖက်ရည်ဖိုးမတောင်းတတ်သော မော်တော်ပီကယ်နှင့် တွေ့ဆုံခြင်း


မော်တော်ပီကယ်ဆိုရင် လူအမြင်ကပ်ပြီးသား လူတန်းစားလို့ အားလုံးကထင်ကြတယ်....ကျွန်တော်လား
အမြင်မကပ်ပါဘူးဗျာ....တခါတလေဆွဲထိုးချင်တာလောက်ပါပဲ....ကိုယ်ချင်းစာတတ်တဲ့ မှန်မှန်ကန်ကန်နေတဲ့ လူလဲ
ရှိသင့်သလောက်တော့ရှိမှာပေါ့....လူတွေဒီလောက်များတဲ့ လောကမှာတောင် လူကောင်းဆိုတာအတော်ရှားတယ်
မဟုတ်လား....
                     မော်တော်ပီကယ်ကို ဘယ်လောက်အမြင်ကပ်ကြသလဲဆို နိုင်ငံတကာသိပဲဗျ...ကင်မ်ချီတွေပေါ့ဗျာ...

ကင်မ်ချီဆိုတာသိတယ်မဟုတ်လား...ကမ္ဘာကျော် ချဉ်ဖတ် လေ...အနောက်တိုင်းဟာသတခု ဖတ်ဖူးတာပဲ....
ကားတိုက်လို့သေခါနီး ခွေးကဆုတောင်းတာ...နောင်ဘ၀ ကားသမားတွေကို အနိုင်ရတဲ့သူ ဖြစ်ပါရစေ ဆိုတာ
မော်တော်ပီကယ်ကြီးဖြစ်သွားရောဆိုပဲ...အော်...လက်စသတ်တော့...မော်တော်ပီကယ်ဆိုတာ...ခွေးဝင်စားတွေကိုး...
                   ထားပါတော့လေ...ဘယ်သူတွေဘယ်လောက်မုန်းမုန်း....ကျွန်တော်ကတော့ မမုန်းပါဘူး....
အရင်ကဆို ကျွန်တော်တို့မြို့မှာ မော်တော်ပီကယ်ဆိုတာ စစရာအရုပ်ဗျ...တခါတလေများပျင်းရင် မီးပွိုင့်က
မော်တော်ပီကယ်ကို ဆိုင်ကယ်နဲ့ အလကားနေရင်း အော်ဆဲပြီး မောင်းပြေးချင်ပြေးတတ်တာကိုး...
တကယ်ပြောတာပါ....အတော်ချစ်စရာကောင်းတဲ့ မော်တော်ပီကယ်တယောက်နဲ့ တွေ့ဘူးတယ်ဗျ...
လက်ဖက်ရည်ဖိုးလုံးဝ မတောင်းတတ်ဘူးဗျာ....အံ့ရော...
.......................................
                 တနေ့ကပေါ့ ကိစ္စတခုနဲ့ ပြန်အလာမှာ ခရာမှုတ်သံကြားလို့ ရပ်ပေးလိုက်တော့ ယာဉ်ထိန်းရဲကလှမ်းခေါ်တယ်
ခင်ဗျားဘာလို့ မီးနီဖြတ်မောင်းတာလဲတဲ့......ကျွန်တော်မောင်းလာတာ ညာဘက် ဖရီးကြောကြီးဗျ...သူနီနေတာက အလယ်ကြော
အလွတ်ကြီးလေ....ဒါပေမယ့် အဲဒီဖရီးကြောကို အကွေ့မှာ ပိတ်ပြီး လမ်းပေါ်က မျဉ်းဝါတွေကိုဆေးသုတ် နေတဲ့အဖွဲ့ရှိတယ်ဗျ...
ဒါနဲ့သူတို့ကိုရှောင်လိုက်တာ အလယ်ကြောက ပတ်တက်ပြီးမီးနီကျော်သလို ဖြစ်တာပေါ့ဗျာ...
             မဖြတ်ပါဘူး ကျုပ်ဖရီးကြော ပေါ်ကမောင်းလာတာပဲဆိုတော့...ခင်ဗျား အလယ်ကြောကဖြတ်တက်တယ်လေတဲ့....
မတက်လို့ ဘယ်ရမလဲ လမ်းပိတ်ထားတာကိုးဆိုတော့....ပိတ်ထားရင် ရပ်စောင့်ချင်စောင့်ပေါ့...မစောင့်ချင် အဲဒီလူတွေ
အကုန်တိုက်ချသွားတဲ့....ဒါဆိုအမှုမဖြစ်ဘူးလားဆိုတော့......ဖြစ်တယ်လေတဲ့....တိုက်မှုပေါ့တဲ့.....အတော်ဆိုးတဲ့ကောင်
ဒါနဲ့ လိုင်စင်ပေးဝှီးတက်ပေးလုပ်တယ်ပေါ့ဗျာ.....ကျွန်တော်လဲမပေးချင်လို့ ကပ်ညှိတယ်....
                      ပွိုင့်မှာက သူတယောက်ထဲ
ချလံမဖြတ်နေပါနဲ့ဗျာ...ကျုပ်ဘယ်လိုလုပ်ပေးစေချင်လဲဆိုတော့.....

ခင်ဗျားတို့ လမ်းစည်းကမ်း ယာဉ်စည်းကမ်းနားလည်ရမယ်

ဘာညာနဲ့ သြ၀ါဒချွေတော်မူရောဗျ.....
ဟိုမှာအလုပ်လုပ်နေတာတွေ့လား....အဲဒီလူတွေဘာလုပ်နေတာထင်လဲတဲ့....
          ကတ္တရာလမ်းကိုဆေးသုတ်နေတာလေ ဆိုတော့....အဲဒါတွေခင်ဗျားတို့ခက်တာပဲ.....
အဲဒါသတ်မှတ်လိုင်း မျဉ်းသားနေတယ်လို့ ခေါ်တယ်ဗျ....သတ်မှတ်လိုင်းဆိုတာဘာလဲသိလားတဲ့.....
          မသိဘူးလေဗျာ....လုပ်စမ်းပါ...ကျုပ်အချိန်မရလို့ အဆင်ပြေအောင်ဘာလုပ်ပေးရမလဲ....ဆိုတော့

ခင်ဗျား လိုင်စင်ရှိရက်နဲ့ လမ်းစည်းကမ်းမလိုက်နာဘူး ....လမ်းစည်းကမ်းမသိရင် လမ်းပေါ်မတက်နဲ့ တဲ့

ခင်ဗျား လိုင်စင်လုပ်တော့ရေးဖြေ မဖြေရဘူးလားတဲ့.....
         မဖြေရပါဘူး....ကညနကကောင်တကောင်ကို ငါးထောင်ပေးလိုက် ခင်ဗျားဘယ်နှစ်ခုလိုချင်လဲ တန်းရတယ်လို့
ဟုတ်တယ်လေ သောက်မြင်ကကပ်လာတော့ ဘုကပြောမိရော...
          ဘယ်ကောင့်ကိုပေးရတာလဲ ....ဒီကိစ္စမျိုးလုံးဝမရှိဘူးဘာညာနဲ့ လဒကလျှာရှည်တာ အတော်ကြာတယ်ဗျာ...
ဒါနဲ့မြန်မြန်ပြတ်အောင်......ကဲ...ကဲ....ချလံသာမြန်မြန်ဖြတ်တော့ဗျာ ဆိုတော့...သူ့တင်းကုပ်လေးထဲ ၀င်သွားတယ်
ပြန်ထွက်လာတယ် ဘောက်ချာတထပ်ကြီးနဲ့.......ဟောဒီမှာတွေ့လား ဒီနေ့ဖမ်းထားတာတဲ့.....ကျုပ်လိုကောင်တွေချည်းပဲ
နေမှာပေါ့ ထောင်ဖမ်းထားတာ...မအေပေး....
                  အဲဒါနဲ့ ဘောက်ချာတွေလှန်တယ် ပြည့်နေတယ်....နောက်တအုပ် ....မလွတ်ဘူး....နောက်တအုပ်.....
ကံများကောင်းချင်တော့......ကျွန်တော့်ကိုဖမ်းဖို့ ချလံဖြတ်စရာ စာရွက်မကျန်ဘူးဗျ.....
         ကဲ.....စာရွက်မရှိရင်လဲ ဖြတ်မနေပါနဲ့ဗျာဆိုတော့....
                    မရဘူးလေ.....အရေးယူတာက ယူရမှာပဲတဲ့.....ဘောက်ချာနောက်ကျောမှာ ရေးမယ်ပြင်တယ်....
ဟာ.......ခင်ဗျားကလဲ....အဲလောက်ကြီးခဲရာ ခဲဆစ်တွေလုပ်မနေပါနဲ့ဗျာ......လုပ်ပါ ခင်ဗျားလဲချလံရေးစရာမရှိဘူး
ကျုပ်လဲ ရုံးသွားရွေးရင် နှစ်သောင်းကျော်ကုန်မယ်....ဒီတော့ ခင်ဗျားကိုဘယ်လောက်ပေးစေချင်လဲ....ဒီနားတင်ဖြတ်
လိုက်ရအောင်ဆိုတော့.....
                   ဘာလဲဗျ.....လာဘ်ထိုးတာလား တဲ့.....
မဟုတ်ပါဘူးဗျာ ခင်ဗျားရုပ်ကြည့်ရတာ လာဘ်ပေးလာဘ်ယူလုပ်တတ်တဲ့ ....အကျင့်ပျက်ဝန်ထမ်း မဟုတ်မှန်းသိပါတယ်
ခင်လို့ လက်ဖက်ရည်ဖိုးပေးတယ် သဘောထားဗျာ....အချိန်မရလို့ပါ....ဆိုပြီး အိပ်ထဲကနှိုက်တော့ငါးထောင်တန်နှစ်ရွက်
ပါလာတယ်.....
               ငနဲကလှမ်းကြည့်ပြီး.....ဒါလက်ဖက်ရည်ချိန်မဟုတ်ဘူးဗျ.....ထမင်းစားချိန်...တဲ့....
အေးပါဗျာ ရော့....ထမင်းဖိုးပေါ့ဗျာ....ဘီယာပါသောက်ချင်သောက်ဆိုတော့.......
လက်ကာပြပြီး.....စာအုပ်ကြားထဲညှပ်ထားခဲ့လိုက်....ဆိုပြီး ဆရာကြီးအထာနဲ့ ကော့ပက် ကော့ပက်နဲ့ လမ်းပေါ်ပြန်
ထွက်သွားတယ်.....
                        ဒါနဲ့ .....ငါးထောင်တန်လေး ညှပ်ထားခဲ့မယ် ကြံပြီးမှ ....သောက်မြင်ကပ်တာနဲ့.....
နှစ်ရာတန်လေးတရွက် ညှပ်ထားခဲ့တယ်.....မှတ်ရော......
                         ဒါတောင် ငါးကျပ်တန် တဆယ်တန်က ပါမလာလို့ပေါ့ဗျာ.........

.........................

                   တကယ်ပါ လက်ဖက်ရည်ဖိုး မတောင်းတဲ့ မော်တော်ပီကယ်နဲ့ တကယ်ကိုတွေ့ခဲ့ဘူး ပါတယ်.......
Unknown at 3:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့ ၃၂ လမ်း (အထက်) တွင် မီးလောင် မှု ဖြစ်ပွား ခဲ့




ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့် တွင် ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် ၃၂ လမ်း (အ ထက်) အိမ်အမှတ် ၂၁၅၊ ၂၁၇၊ ၂၁၉ အပေါ်ထပ် ရှစ်လွှာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ဒီတိုက်က ဆောက်ပြီးတာ သိပ် မကြာသေးဘူး။ သုံးလေးလ လောက် ပဲ ရှိဦးမယ်ထင်တယ်။ ဒီဇင်ဘာလ နယူးရီးယား တုန်းကလည်း ဒီတိုက်မှာ ပဲ တိုက်ပေါ်ကနေ ဓာတ်လှေကားမ တက်ရသေးတဲ့ အပေါက် ကနေပြုတ် ကြပြီးတော့ တစ်ယောက် သေဖူး သေးတယ်။ အခု လှမ်းကြည့်တော့ မီးညွန့်တွေ တွေ့ပြီး မီးခိုးတွေ ထွက်လာ တာတွေ့လို့ အောက်ဆင်းပြီး လာကြည့် တာ” ဟု အဆိုပါလမ်းတွင်နေထိုင် သူတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းခြင်းမှာ အဆို ပါ အခန်းတွင် အိမ်ခန်း အတွင်းပြင်ဆင် နေသော အလုပ်သမားများမှ PVC ရေ ပိုက်ကို မီးသွေးမီးဖိုနှင့် အပူပေးရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရ သည်။ “အပူပေးလို့ ကျန်တဲ့မီးကြွင်း မီး ကျန်တွေကနေ လောင်တာ။ ပိုက်တွေ ကို အပူပေးတာကနေစဖြစ်တာ။ မီး သွေးမီးဖိုနဲ့ အပူပေးတယ်လေ။ အလုပ် သမားတွေတော့ ထွက်ပြေးနေတယ်” ဟု အဆိုပါနေရာမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြသည်။
မီးလောင်ကျွမ်းချိန်မှာ ၄ နာရီ ၄၀ မိနစ်တွင်ဖြစ်ပြီး မီးငြိမ်းချိန်မှာ ၄ နာရီ ၅၅ မိနစ်ဖြစ်ကြောင်း၊ အဆိုပါ နေရာ သို့ မီးသတ်ယာဉ် ၁၅ စီးနှင့် အုပ်ချုပ် ယာဉ် ၃ စီးတို့ဖြင့်လာရောက်ငြှိမ်းသတ် ခြင်းဖြစ်သည် ဟုလည်းသိရသည်။ ယခု မီးလောင်ကျွမ်းမှုမှာ ဖေဖော်ဝါရီလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၅ ကြိမ်မြောက် လောင်ကျွမ်းမှုဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၁၇ ရက် အထိ မီးလောင်ကျွမ်းမှု ၁၄ ကြိမ်ဖြစ် ပွားခဲ့သည်။
ဇန်န၀ါရီလ တွင် မြန်မာနိုင်ငံ တစ်ဝန်း မီးလောင်မှုအကြိမ်ပေါင်း ၁၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက် အအုံ ၁၇၃ လုံးနှင့် စက်ရုံ၊ အလုပ်ရုံ ၃ ရုံ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံး မှုတန်ဖိုး ခန့်မှန်းခြေ ငွေကျပ် ၇၃၁ သိန်း ကျော် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှု ၁၂၃ ကြိမ်တွင် ရန်ကုန် တိုင်း ဒေသကြီး အတွင်း မီးလောင်မှုမှာ အကြိမ် ၃၀ ခန့် ရှိကြောင်း မီးသတ် ဦးစီးဌာန၏ သတင်းထုတ်ပြန် ချက် များအရ သိရသည်။
လူမင်းသောင်းထွန်း(မြန်မာပိုစ့်)
Unknown at 3:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်းမာရေး ၊ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး တို့သည် မြန်မာ နိုင်ငံ ဖွံ့ဖြိုး ရေး အတွက် အရေး ပါကြောင်း ကုလသမဂ္ဂ အတွင်း ရေးမှုး ချုပ်၏ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး အရာရှိ ပြောကြား




မြန်မာပြည်သူများ အတွက် ကျန်း မာရေး၊ ပညာရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းဖန်တီးရေးတို့သည် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေး ပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံ ပေးအရာရှိ Vijay Nambiar က ထုတ် ဖော်ပြောကြားသည်။
“လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပြုသဘော ဆောင် လာတာတွေ့ရပါတယ်။ ဒီလို တိုးတက်မှု တွေ ဆက်လက်ဖြစ်ထွန်းဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး၊ ပညာရေး နဲ့ အလုပ် အကိုင်အခွင့် အလမ်းရှာဖွေ ရေးတို့ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် အဓိက ကျပါတယ်။ လူ့အခွင့်အရေး လေးစားမှုနဲ့ ဥပဒေ စိုးမိုးရေးမရှိဘဲ ငြိမ်း ချမ်းရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှု ကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး” ဟု Vijay Nambiar က ယင်း၏ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် ပြောကြား သည်။ Vijay Nambiar သည် မြန်မာ အစိုးရ၏ ဖိတ်ကြားချက် အရ ဖေဖော် ၀ါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက် အထိ မြန်မာနိုင်ငံသို့ လာရောက်ကာ ပြုပြင်ပြောင်းလဲမှုများကို လေ့လာခဲ့ ကြောင်း သိရသည်။
ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြား ဖြတ် ရွေးကောက်ပွဲများသည် လွတ်လပ် ပြီး တရားမျှတ မှုရှိရန်လိုအပ်ကြောင်း Vijay Nambiar က သုံးသပ်သည်။ Vijay Nambiar သည် ယင်း၏ မြန်မာ နိုင်ငံခရီးစဉ် အတွင်း မြန်မာအစိုးရ ထိပ် တန်းအရာရှိကြီး များနှင့်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ ဆုံခဲ့ ကြောင်း သိရသည်။
ဖြိုးမောင်မောင်   (မြန်မာပိုစ့်)
Unknown at 3:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးဦးတင့်ဆန်း NLDပါတီကို အနှောက်အယှက်ပေးနေကြောင်း အဖွဲ့ ချုပ်မှဦးဥာဏ်ဝင်း ကထုတ်ဖော်ပြောဆို

ဝန်ကြီးဦးတင့်ဆန်း
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ
အနှောင့် ယှက်ဖြစ်နေရကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ထုတ်ဖော်
ပြောကြား လိုက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အခုလို ပြောဆိုလိုက်တာပါ။ 
 ကြားဖြတ် ရွေးကောက်ပွဲ တွင် Fair Play ဖြစ်နိုင်ရန်အတွက် ရွေးကောက်ပွဲ
ကော်မရှင်အား ဖြစ်စေ၊ အခြားသော ပါတီများကို ဖြစ်စေ လိုအပ်သလို တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပါတီစည်းရုံးရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။
Myanmar News Now
Unknown at 2:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။

RFA
၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် လူထု ပရိသတ်များ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLD တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။
RFA
Unknown at 2:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မေးပါရစေ ..ဖြေကြားတော်မှုပါကုန်....


ရဟန်းခံပြီးသား သိက်ခါ မချသေးပါဘဲ။ ကိုယ်တိုင်လည်း သိက်ခါ မချသေးပါဘဲ ထောင်ကလွတ်လာတဲ့ ရဟန်းတစ်ပါးကို သင်္ကန်းပြန်ဝတ်ခွင့် တောင်းပြီး ၀တ်ခွင့်ရမှ ၀တ်ရမည်ဆိုတဲ့ ညွှန်ကြားလွာက ဘယ်သိက်ခါပုဒ်ကို အခြေခံပြီး ထုတ်တာပါလဲ။ ၂၂၇ သွယ်တယ် ဘယ်အခန်းမှာပါပါသလဲ ရဟန်ပညာရှိ ဘုန်းကြီးလူထွက် ပညာရှိများ ဖြေကြားတော်မူပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ (ဒကာတစ်ဦး)

၁။ သာသနာ့အာဇာနည် ရွှေဝါရောင်ဦးဆောင် ဘုရားသားတော် အရှုင်ဂမ္ဘီရကို ဖမ်းပြီး လူဝတ်လဲတုန်းက ဘယ်သံဃာနာယကဆရာတော်ကိုများ လျှောက်ထားခွှုင့်ပန်ခဲ့ပါသလဲ။
၂၊ ထောင်ထဲမှာ ခေါင်းကို အိတ်စွပ်ပြီး စိတ်ကြီုက်ရိုက်နှက်တုန်းကေ၇ာ မဟနများတားမြစ်ခဲ့ပါရဲ့လား။
၃။ ထောင်ကလွတ်လာသော သံဃာတစ်ပါးကို နေစရာ မရှိအောင်လုပ်၊ တံခါးဖွင့်ပြီး ကျောင်းထဲဝင်နေတော့ ဥပဒေချိုးဖောက်တယ်ဆိုပြီး ထောင်ချဘို့ စီစဉ်ပြန်ပြီလား။
၎။ ရွှေဝါရောင်တော်လှန်ရေးကြီးကြောင့် စစ်အာဏာရှုင်ကြီးတွေ ရာသက်ပန်အာဏာထိုင်ခုံအိပ်မက် ပျက်ခဲ့လို့ အငြိုးအတေးနဲ့ ထောင်ထဲပြန်ထည့်တာလား။
၅။ အရှင်ဂမ္ဘီ၇ဘက်ကပြန်ပြီး ဖြေရှုင်းချက်ထုတ်မယ်ဆိုရင်ကော လွတ်လပ်ခွင့်ရှိတယ်ဆိုတဲ့ အစိုးရက သတင်းစာထဲမှာ ထည့်ပေးမလား။

နိုင်ငံရေးဆိုတာ ရဟန်းနဲ.မပါတ်သက်ရဘူးလား၊ ပြည်သူတွေစိတ်ဆင်းရဲနေရလဲ ဒီအတိုင်းထိုင်ကြည်.နေ တော.မှာလား မဟန ဆရာတော်ကြီးများဘုရား

အမေးရှိလျှင် အဖြေရှိမည်ဟုထင်ပါသည်.....
အမေးရှိ၏...ဖြေတော်မှုကြပါကုန်.............................
 ဘကြီးသက်...
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဏာစက်ထက် ခဲတံချွန်စက်ကမှ ပိုအသုံးဝင်ဦးမယ်.... (ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် အရေးယူမည်)

ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်နဲ့ထုတ်ပြန်ခဲ့တဲ့ အမိန့်စာကို ပယ်ချတဲ့
အာဏာပိုင်တွေကို ဘာစက်နဲ့ အရေးယူမလဲ...

ဒီကနေ့ထုတ် သတင်းစာမှာ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် ဆောင်ရွက်မည်တဲ့။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကိုပါ ထိ...ပါးစော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုလို့ ပြောရပါဦးမယ်။

နိုင်ငံတော်အဆင့် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ရွှေညဝါဆရာတော်ကြီး တရားပြန်လည် ဟောခွင့်ပြုမိန့်အား ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တာကို ဥပဒေနဲ့ မညီဆိုပြီး ပြန်လည် ပယ်ချပိတ်ပင်တာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်း ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်လို့ ဘာလဲဗျ...။

ရွှေညဝါဆရာတော်ကြီးအား ကျောင်းတိုက်မှ အဓမ္မဖယ်ရှားရေး ၄၇ပါးစုံညီ ထုတ်ပြန်စာကို `ဥက္ကဋ္ဌဆရာတော်ကြီး မသိပဲထုတ်ပြန်တာလည်း အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်ဘူးလား၊ လုပ်ရပ်လေခြင်းလို့ ဗန်းမော်ဆရာတော်ကြီး မိန့်တော်မူခဲ့တာ အတိအကျသတင်းပါ။

ဒီတော့ ဗန်းမော်ဆရာတော်ကြီးရဲ့ အမိန့်စာကို မထေမဲ့မြင်ပြု၊ ဗန်းမော်ဆရာတော်ကြီး မသိပဲ အစည်းအဝေးဆုံးဖြတ်ချက်တွေချပြီး ထိပါးစော်ကားတဲ့ အာဏာပိုင် အာဏာစက် သာသနာရေးဦးစီးဋ္ဌာနကို ဓမ္မစက်နဲ့ သာသနာတော်ကို အာဏာဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိလို့ ပြန်အရေးယူ ထုတ်ပြန်ရင် လက်ခံမလား..

လက်ရှိ အာဏာအတွက် သာသနာကို ခုတုံးလုပ် အကြပ်ကိုင်နေသူ အာဏာပိုင် ပုဂ္ဂိုလ်တချို့သည် အပြောင်းအလဲတခုကို သွေဖည်အောင် လမ်းကြောင်းတခုခုပေါ် မရောက်ရောက်အောင် အတင်းတွန်းပို့ နေသည်ဟု သုံးသပ်မိသည်...။ အရှုံးကို ရင်မဆိုင်ရဲသည့် လောင်းကစားဝိုင်းမှ ပွဲဖျက်လုယူ သူများ၏ အောက်တန်းကျသော အဆင့်သာသာ သာ ရှိပေတော့သည်။
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မသူတော်အပြုံး (သို့မဟုတ်) ထမီဝတ်ဖို့လိုသေးလား (ကဗျာရှင် နေရဲနီ)

မှတ်ချက်။ ။ သူတော်စင် သူတော်မြတ်များအားအခက် မတွေ့တွေ့အောင် ကြံဆောင်တတ်သည့် မသူတော်တို့၏ စိတ်တွင်းမှ ကြိတ်ပြုံးကို အဖြစ်အပျက်များနှင့် ယှဉ်၍ စိတ်ကူးဖြင့် မှန်းဆ၍ ရေးပါသည်။
နေရဲနီ
မသူတော်အပြုံး (သို့မဟုတ်) ထမီဝတ်ဖို့လိုသေးလား
(ကဗျာရှင် နေရဲနီ)

ဟင်း..ဘာတတ်နိုင်သေးလဲ
ရွှေည၀ါဆိုတဲ့ ကိုယ်တော်
ဟောချင်ပါဦးလား ဒီမိုကရေစီ
ခုတော့ ဘာတတ်နိုင်သေးလဲ
ပြောင်းရပြီပေါ့ မှော်ဘီ။
နေစရာထိုင်စရာမရှိ ကျောင်းပျောက်အောင်လုပ်တာ
ကျောင်းမပျောက်ဘူး။
နှုတ်ဆက်တဲ့ ဆွမ်းခံပွဲမှာ
တကာမတွေကလည်း အကဲပိုပြီးငိုနေလိုက်ကြတာ
အမြင်ကပ်ဖို့တောင် ကောင်းတယ်။

၈၈ အဖွဲ့ဆိုလား မကြာခင်ကမှ
သမ္မတကြီးကရုဏာနဲ့ ထောင်ကထွက်လာတဲ့အဖွဲ့
အလုပ်မရှိအကိုင်မရှိနဲ့ တက်ကြွနေလိုက်ကြတာ
ဒင်းတို့ကိုလည်း အကွက်ချောင်းနေတာ
ချက်ကောင်းတွေ့မှ တခါတည်း အပြတ်ဆော်ရမယ်။

ဒီပဲယင်းမှာ ဆရာသမားက လုပ်တာမပီပြင်လို့
အဲဒီနေရာမှာ ငါသာဆို
တခါတည်း အပြတ်ရှင်းပစ်မှာ။
တစ်တက်စားလည်း ကြက်သွန်
နှစ်တက်စားလည်း ကြက်သွန်
မထူးဇာတ်ခင်းရမယ့် အတူတူ
ငါသာဆို နွားစားသလို
တခင်းလုံးငန်း တိုက်စားပစ်မှာ။
ကိုယ့်လက်ထဲ သေနတ်ရှိရက်နဲ့
ခုတော့ မျှော့သွေးစမ်းသလို မပီပြင်ဘဲ
အလကား သက်သက်
သမိုင်းမှာ အမည်းစက်ထင်ရပြီ။

ဒယ်အိုးဆိုတဲ့ ကိုယ်တော်လည်း
ဆီခန်းပြီး မီးပါသေသွားပြီ
ခုတော့ဘာသံမှ မထွက်နိုင်တော့ဘူး။
သူ့ကိုယ်သူ၂၀၀၇ ရွှေဝါရောင်ဦးဆောင်ဘွဲ့ တပ်ထားတဲ့
ဦးဂမ္ဘီရဆိုတဲ့ ကိုယ်တော်ကိုလည်း
အပြစ်ကိုဆီလို အပေါက်ရှာပြီး
ဓမ္မစက်ကို ဘေးချိတ်
အာဏာစက်နဲ့ အရေးယူဖို့
တိုင်းသိပြည်သိ ကြေညာပြီးပြီ။

ဟိုအမျိုးသမီး ထားဝယ်သွားတာ
ကြိုလိုက်တဲ့ လူထု
ရင်ထုမနာ အမြင်ကပ်ဖို့ ကောင်းတယ်
ပုသိမ်မှာ တမင်သက်သက်ပွဲပျက်အောင်
မုန့်ဟင်းခါး ပိဿာချိန်၆၀၀နဲ့ တားတာတောင်
ဖြစ်ချင်တော့ အဲဒီအမျိုးသမီးက
၂နာရီနောက်ကျပြီးမှ ရောက်လာတာ
တို့ကြွေးတဲ့ မုန့်ဟင်းခါးကဘဲ ပရိတ်သတ်အတွက် အဆာပြေလိုလို။
လူကြားထဲ ရွှေဥကြမ်းညှပ်သလို
အော်မရပြုမရနဲ့ ခံရခက်လိုက်ပါဘိ။

လှည်းကူးမှာ အားကစားကွင်း ပေးမသုံးဘဲနေတာ
အထက်ကို သွားပြောတော့
ငါတို့ကနဖားကြိုး အထိုးခံလိုက်ရသလို
အဲဒီပွဲမှာသူတို့က တမူးသာ သွားပေမဲ့
ဖျာပုံမှာတရားပွဲ မဏ္ဍာပ်ကိုလည်းဖျက်
အားကစားကွင်းကိုလည်းပိတ်
အာဏာကုန်ထုတ်သုံးပြီး လုပ်ပစ်လိုက်တာ
ဘာရမလဲမြို့ပြင်က တမိုင်ကျော်ဝေးတဲ့ သဲကွင်းကိုသွားကြပေါ့။
နယ်လေးရပ်က လာကြတဲ့ပရိတ်သတ်
အုံးအုံးကျွတ်ကျွတ်ညံလို့
ခုလိုကျတော့ နာဂစ်ဆိုတဲ့ဟိုမုန်တိုင်း
ဘယ်သွားပြီး အလေလိုက်နေပါလိမ့်။

ဒါတောင် အကယ်၍များ
အားကစားကွင်းသာ ငှား၍ရခဲ့သည်ရှိသော်
လာသည့်ပရိတ်သတ်နဲ့ ကြပ်ညှပ်နေမှာမို့
အားကစားကွင်း မငှားသည်ကိုပင်
အကောင်းမြင်၍ ကျေးဇူးတင်ပါသည့် အကြောင်း
ပြောသွားလိုက်တာများ
အသဲကိုအပ်နဲ့ဆွပြီး
ငံပြာရည်အိုးထဲ ပစ်ချသွားသလို ခံရခက်ပါဘိ။
ကော့မှူးက လူတွေကလည်း
နေပူပူဖုံ တစ်ထောင်းထောင်းမှာ
ကြိုးစားပြနေလိုက်ကြတာ
တို့လက်ထက် ဒီကမ္ဘာမှာ
ကော့မှူးဆိုတဲ့အရပ် လျှပ်စစ်မီးဆိုတာဝေလာဝေး
ဘယ်သောအခါမှ
ကတ္တရာလမ်း မဖြစ်စေရဘူး။

လာဦးမယ် နောက်ထပ်ပွဲတွေ
မန္တလေးဗထူးကွင်း
ဒီတသက် ဘယ်ရက်မှမအား
မိုင်ဒါကွင်း မြက်ခင်းလူနင်းလို့မရ
မြန်မာပြည်တဝှမ်း ရှိရှိသမျှ အားကစားကွင်း
ဟိုကွင်းဒီကွင်း ဘာကွင်းညာကွင်း
ကွင်းမှန်သမျှ ဒီအမျိုးသမီးဟောပြောပွဲနဲ့ ပတ်သက်လာရင်
ဒီကမ္ဘာမှာ ဘယ်ရက်မှမအား။

ဒါတောင်တချို့က ပြောကြသေးတယ်
ထမီဝတ်ထား ပါလားတဲ့။
သူတို့ကအခုမှ ပြောတာ
ဆရာသမားက ဦးဆောင်ပြီး
ကြိုးကြီးချိတ်ကို တဖွဲ့လုံးဝတ်လို့
မျက်နှာပြောင်တိုက်ပြီး လူရှေ့ထွက်ပြခဲ့တာ
၂၀၁၀ ကတည်းက။

အရှက်မရှိမျက်နှာပြောင်တိုက်နည်းနဲ့
မလိမ့်တပတ် ညစ်နည်းအဖုံဖုံကို
ဆရာသမားဆီက လက်ဆင့်ကမ်းယူခဲ့တာ
ဒီလောက်ဆို သဘောပေါက်ရောပေါ့
ရှက်ကြိုးပြတ်နေတဲ့
ကျုပ်တို့တစ်တွေ
ထမီဝတ်ဖို့ လိုသေးလား။

နေရဲနီ
Unknown at 10:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နှစ်၂၀ ကျော်ကြာ အဆက်အဆံပြတ်တောက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်လုပ်ငန်းများ ပြန်လည်စတင်မည်


၂၅ နှစ်ကြာမျှ အဆက်အဆံ ပြတ်တောက်ခံပြီးနောက် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလ အတွင်း မြန်မာနိုင်ငံအရပ်သား အစိုးရအဖွဲ့သစ်၏ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများဖြေလျှော့ခဲ့ပြီဖြစ်ရာ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် စတင်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကြောင့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းဆောင်တာများကို မြန်မာနိုင်ငံ၌ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း ကမ္ဘာ့ဘဏ်၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပါမယ်လာကော့စ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။ သို့ရာတွင် အရပ်သားအစိုးရအဖွဲ့ လက်ထက်၌ နိုင်ငံတကာက အံ့အားသင့်ခဲ့ရသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်နှင့်အညီ ကာလကြာရှည်စွာ အရှိန်သေခဲ့ရသော မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပြန်လည်အရှိန်ရလာပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအား မျက်စိကျနေသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ သုံးသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသုံးသပ်ချက်များအား မကြာမီထုတ်ပြန်ရန်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီအဖြစ် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလီယံ တင်ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့် လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ရရှိလာခဲ့သော အတွေ့အကြုံများအရ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နည်းပညာအရ အထောက်အကူပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ်းကုန်သည့် ဂျမ်းဘုံလည်း မြန်မာပြည်ရောက်

 
 မြန်မာအစိုးရကို လှောင်ပြောင်သရော်သည့် လမ်းဆုံကဂျမ်းပုံ အစီစဉ်တင်ဆက်သူ RFA မြန်မာပိုင်းအစီစဉ်ဌာနမှူး ဒေါ်ငြိမ်းရွှေ ကို ရန်ကုန်လေဆိပ်တွင် တွေ့ရပုံ

လွတ်လပ်သော အာရှအသံ (Radio Free Asia - RFA ) ၏   မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်ငြိမ်းရွှေနှင့် RFA သတင်းထောက် နှင့် အစီအစဉ် တင်ဆက်သူ ဦးကျော်ကျော်အောင်တို့သည် RFA၏အရှေ့တောင်အာရှ အမှုဆောင် ထုတ်လုပ်မှုအရာရှိနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဆူစန်လာဗရီနှင့်အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရှိရပါသည် ။ 

အဆိုပါ RFA ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရတာဝန်ရှိသူများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း RFA က သတင်းထုတ်ပြန်ပါသည် ။

မြန်မာအစိုးရသစ်လက်ထက်တွင် ပြည်ပသတင်းမီဒီယာများနှင့်ပတ်သက်သည့် မူဝါဒသဘောထား များ ပျော့ပြောင်းလာခဲ့သော်လည်း RFA  ၏   မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်ငြိမ်းရွှေသည် လမ်းဆုံကဂျမ်းဘုံ ရေဒီယိုအသံလွှင့် အစီအစဉ်ကို စီစဉ်တင်ဆက်ပြီး အဆိုပါအစီအစဉ်မှ တစ်ဆင့် မြန်မာအစိုးရကို ယနေ့တိုင် လှောင်ပြောင်သရော်နေသူဖြစ်သည် ။


Unknown at 9:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွတ်လပ်သောအာရှအသံRFAအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်မည်

အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော် အခြေစိုက်လွတ်လပ်သော အာရှအသံ Radio Free Asia-RFA ၏ အရှေ့တောင်အာရှ ဒေသအမှုဆောင် ထုတ်လုပ်မှုအရာရှိနှင့် ဒုတိယညွှန်ကြားရေး မှူး ဆူစန်လာဗရီ၊ RFA မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဒေါ်ငြိမ်းရွှေနှင့် RFA သတင်းထောက်နှင့် အစီအစဉ်တင် ဆက်သူ ဦးကျော်ကျော်အောင်တို့ လာမည့်ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တ ရားဝင်လာရောက်မည်ဖြစ်ကြောင်း ကာယကံရှင်များ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ၆ ရက်တာ ကြာမြင့်မည့် ၎င်းတို့၏ ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုအစိုးရ တာဝန်ရှိသူအချို့၊ နိုင်ငံရေးပါတီအချို့နှင့် ပြည်တွင်းသတင်းမီ ဒီ ယာအချို့၊ အရပ်ဖက်လူ့အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံရန်ရှိကြောင်း ၎င်းတို့ကဆိုသည်။


RFA လွတ်လပ်သော အာရှအသံကို အမေရိကန်ကွန်ဂရက်၏ ထောက်ပံ့ငွေဖြင့် ၁၉၉၇ ခုနှစ် တွင် စတင်ထူထောင်ပြီး ထိုနှစ်တွင်ပင် RFA မြန်မာပိုင်းအစီအစဉ်ကို ထူထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် RFA ရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့သည်။

 The Voice Weekly Journal
Unknown at 9:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ စတင်အကောင်အထည်ဖော်ပြီ

ရန်ကုန်မြို့ 
ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်လာစေရန် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့တော်ဝန်ဦးလှ မြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်း ရေးဆွဲရေးကော်မတ်ီကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှ ကွန်ဆက် Plan များကို စတင်ရေးဆွဲနေပြီဟု သိရသည်။

" နိုင်ငံတော်သမ္မတကြီးက ရန်ကုန်တိုင်းဒေသကြီးကို စင်ကာပူနိုင်ငံလိုဖြစ်အောင် ဆောင်ရွက် ဖို့ လမ်းညွှန်ထားပါတယ်။ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ ရန်ကုန်မြို့တော် မြို့ပြစီမံကိန်းရေးဆွဲရေးကော်မတီ ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါပြီ။ ရန်ကုန်မြို့ကြီးကို ရေရှည်တည်တံ့ကောင်းမွန်တဲ့ သန့်ရှင်းစိမ်းလန်းပြီး ကျန်း မာရေးနဲ့ ပြည်စုံတဲ့ မြို့ကြီးတစ်မြို့ဖြစ်လာအောင် စီမံကိန်းတွေ ရေးဆွဲနေပါတယ်" ဟု ဦးလှမြင့်က ဖေဖော်ဝါရီ် ၁၅ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးနန်းညွှန့်ဝင်းမော်၏ ရန်ကုန်မြို့တော်အား နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် မည်သို့စီမံထားသည်ကို သိလိုကြောင်း မေးခွန်းကို ပြန်လည်ဖြေကြားသည်။

စီမံကိန်းရေးဆွဲရာတွင် လက်ငင်းဆောင်ရွက်ရန် စီမံကိန်း၊ ရေတိုငါးနှစ်စီမံကိန်းနှင့် ရေရှည် ဆောင်ရွက်ရန် စီမံစိန်းများပါဝင်ပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် သယ်ယူပို့ ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးလာစေရန် လေဆိပ်၊ ရေဆိပ်၊ အဝေးပြေးကားဂိတ်နှင့် မီးရထားဘူတာရုံများကို အဆင့် မြှင့်တင်ရန် ပါဝင်ကြောင်း သိရသည်။

သမိုင်းအမွေအနှစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်သွင်းရေးဆွဲထားပြီး တိုးပွားလာမည့် ရန် ကုန်မြို့၏ လူဦးရေပေါ်တွင် အခြေခံကာ စီမံကိန်းကို ရေးဆွဲနေသည်ဟု သိရသည်။

ရန်ကုန်မြို့၏ လူဦးရေမှာ ၁၉၈၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ခန့်မှန်းတွက်ချက်မှုအရ နှစ်စဉ် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးပွားနေပြီး ၂၀၁၀ ပြည့်နှစ်တွင် ၄ ဒသမ ၈ သန်းရှိကာ ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၁ သန်းရှိကြောင်း သိရသည်။

နောင်လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တိုးပွားပါက ၁၂ သန်းခန့်ရှိမည် ဖြစ်ပြီး ၃ ရာခိုင်နှုန်းဖြင့် တိုးပွားပါက ရန်ကုန်မြို့ရှိ လူဦးရေသည် ၁၈ သန်းအထိရှိလာနိုင်ကြောင်း သိရသည်။
ပန်းသတင်းဂျာနယ်
Unknown at 9:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Missed calls တစ်ကြိမ် ကျပ် ၃၀၀ နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးဖြေရှင်း

Missed Calls တစ်ကြိမ် ကျပ် ၃၀၀ နုတ်သည်ဟူသော သတင်းမှာမှန်ကန်မှုမရှိကြောင်း CDMA 800(09-73f×××) ဖုန်းသုံးစွဲသူများအနေဖြင့် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ထုတ်ပြန်သော်လည်း CDMA 800 ဖုန်းများနှင့် CDMA 450 ဖုန်းများအနေဖြင့် Missed Calls တစ်ကြိမ်ပေးလျှင် ကျပ် ၃၀၀ ခန့်ဖြတ်တော်မှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း သုံးစွဲသူများထံမှ သိရ သည်။ "Missed Calls တစ်ခါခေါ် ကျပ် ၃၀၀ ဖြတ်နေတယ်လို့ကြားတော့ ယုံတောင်မယုံနိုင်ဘူး။ အဲဒါနဲ့ ငွေတွေ ကို စစ်ပြီးတော့ Missed Calls တစ်ခါခေါ်ကြည်တော့မှ တကယ်ကိုကျပ် ၃၀၀ ဖြတ်ထားတာတွေ့ရတယ်" ဟု ဖုန်းအသုံးပြုသူ မသူသူက ပြောသည်။ အဆိုပါငွေဖြတ်တောက်မှုနှင့် ပတ်သက်၍ "Missed Calls တစ်ခါပို့ရင် ကျပ် ၃၀၀ ဖြတ်တောက်ခဲ့တယ်ဆိုတာက ဆာဗာလွဲချောမှုတစ်ခုကြောင့် ဖြစ်ခဲ့တာပါ။ ဒါကလည်း ဆက်သွယ် ရေးပစ္စည်းတချို့ကို အဆင့်မြှင့်လိုက်တဲ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့ပေမယ့် ယခုတော့ အားလုံးကောင်းသွားပါ ပြီ။ အဲဒီတစ်ရက် နှစ်ရက်က ဖြတ်ခဲ့တဲ့ငွေကိုလည်း ပြန်လည်ဖြည့်ပေးထားပါတယ်။ လက်ရှိလည်း စမ်းလို့ရပါ တယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ပြောကြားသည်။ အဆိုပါ ဖုန်းများမှ ဖြတ်တောက်ထားသော ငွေများကို Missed Calls ခေါ်ဆိုလိုက်သည့်ဖုန်းမှ မိမိဖုန်းအား ပြန်လည်ခေါ် ဆိုပေးပါက ငွေကျပ် ၃၀၀ ပြန်လည်ဝင်လာသည်ဟုလည်း သိရသည်။

 ပန်းသတင်းဂျာနယ်
Unknown at 9:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်ဟာ ပါတီပိုင်လား ? တိုင်းပြည်ပိုင်လား


အန်အယ်ဒီ ပါတီ နိုင်ငံရေးစည်းဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခြင်းနဲ့ အတူ ကျနော်သဘောမကျသော အချက်တချို့လည်းဒန်တွဲ၍ပါလာသည် ။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်လှုပ်ရှားမှု့ တစ်လျှောက် နှင့် အန်အယ်ဒီ ပါတီရုံးခွဲများတွင် အများဆုံးတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းပုံကြောင့်
လည်း စိတ်ထဲတွင်မသက်မသာဖြစ်မိသည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ဖြစ်သည် ။ တပ်မတော်ကို စတင်ဖွဲ့စည်း
ခဲ့သော တပ်မတော်၏ ဖခင်လည်းဖြစ်သည် ။ တိုင်ပြည်ထူထောင်ခဲ့သော တိုင်းပြည်၏ ဖခင်လည်း ဖြစ်နေပြန်သေးသည် ။ အခုတလောတွင် အန်လယ်ဒီရုံးများရှေ့ မျက်နှာစာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် အမေစု ပုံများကို ပူးတွဲ၍ချိတ်ဆွဲထားသည်ကိုလည်း မကြာခဏမြင်တွေ့နေရသည် ။

နိုင်ငံရေးမဆက်နွယ်သော တိုင်းသူပြည်သူတစ်ယောက်လို ခံစား၍ တိုင်းသူပြည်သားတစ်ယောက်လို ပြောဆိုပါမည် ။ ထိုအန်အယ်ဒီရုံးများတွင်
ဗိုလ်ချုပ်ပုံ ကို အပြင်ထုတ်ဗန်းပြ၍ချိတ်ဆွဲထားသည်
ကို မနှစ်မသက်ဖြစ်မိသည် ။ အဘယ်ကြောင့်နည်း . . . ဗိုလ်ချုပ်သည် တိုင်းပြည်၏ ပြယုဒ်သာ
ဖြစ်သင့်သည် . . . ဗိုလ်ချုပ်သည် ပါတီတစ်ခု ၊ အစိုးရတစ်ခု ၊ အဖွဲ့အစည်းတစ်ခု၏ ပြယုဒ်မဖြစ်စေလိုပါ ။ ဗိုလ်ချုပ်သည် မိသားစုတစ်ခုပိုင်ဟု
သဘောမထားနိုင် ။ ဗိုလ်ချုပ်သည် တိုင်းပြည်ပိုင်သာ ဖြစ်သည် ဟု ခံယူပါသည် ။ အမေစုသည် ဗိုလ်ချုပ်၏ သမီးဖြစ်သည်ကားမှန်သည် . . .
ထိုအတူ မြန်မာနိုင်ငံသားအားလုံးသည်လည်း ဗိုလ်ချုပ်၏ သားသမီးများ ဖြစ်နေပြန်သေးသည် ။

အန်အယ်ဒီပါတီသည် မဲဆွယ်စည်းရုံးရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ ၊ အန်အယ်ဒီပါတီ၏ အီးစီ နှင့် စီအီးစီတို့ ၏ ပုံများနှင့်သာ မဲဆွယ်စည်း
ရုံးသင့်သည် ဟု ယူဆမိပါသည် ။ အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိနေသည်ကားမဟုတ် . . . အန်အယ်ဒီပါတီကြီးကိုယ်တိုင်က ဗိုလ်ချုပ်
ကို ပြပြီးမဲဆွယ်လျှင် တခြားပါတီတွေရော မည်ကဲ့ သို့ ခံစားရမည်နည်း ။
ထိုအပြင် အန်အယ်ဒီပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်
လောင်းများ ရွေးချယ်ပုံကို သိပ်မဘောမတွေ့လှပါ ။ ကိုယ်စားလှယ်လောင်းများသည် ပြည်သူလူထု၏ ကိုးစားခံရသူများဖြစ်သင့်သည် ။ ကိုယ်စားလှယ်
လောင်းများ သည် အန်အယ်ဒီပါတီ၏ ခေါင်းစီး ပါဝါကြောင့် အနိုင်ရသည်မျိုးကား မဖြစ်သင့် . . . မိမိပင်ကိုယ်အစွမ်းအစပြပြီး အနိုင်ရသည်က ပို၍ သင့်တော်ပေလိမ့်မည် ။ အမှန်အတိုင်းဆိုပါရလျှင် အန်အယ်ဒီသည်ကြံ့ဖွံ့ထက်စာလျှင် ပြည်သူလူထူ၏ ကိုးစားမှု့ကို အပြည့်အ၀ရရှိပြီးသော ပါတီကြီး
ဖြစ်သည် ။ ယခင်အစိုးရကို ထိထိမိမိ ဆန့်ကျင်ခဲ့သော တခုထည်းသောအတိုက်အခံပါတီကြီးလည်း ဖြစ်သည် ။ ထိုကဲ့ သို့ ပါတီကြီးကို အချို့သော
ကိစ္စများတွင် ပြည်သူများ စိတ်စနိုးစနှောင့် ဖြစ်မိသည်ကား အမှန်ပင်ဖြစ်သည် ဟု ပြည်သူတစ်ယောက် အနေဖြင့် မှန်ရာကို ဆိုပါ၏ ။

( နိုင်ငံရေးသမားစစ်စစ်များသည် အကြောင်းအရာများကို မိမိလိုရာဘက်သို့ ဆွဲငင်၍ ၊ မီဒီယာသမားများစစ်စစ်များသည် အကြောင်းအရာများကို မိမိမြင်သည့်အတိုင်း သမာသမတ်ကျကျ တင်ပြသည် )
Unknown at 9:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူတစ်ဦး တစ်နှစ်ဝင်ငွေ ၁၄ သိန်းရရန် ရည်မှန်းထားကြောင်း ၀န်ကြီးချုပ်ပြောကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ
တစ်နှစ်လျှင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှငွေ ၁၄ သိန်းခန့် ရရှိရန် ရည်မှန်းထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းအရ နှစ်ကုန်တွင် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းရရှိရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေ (Percxapita GDP) မှာ ၁၃၉၁၈၄၂ ကျပ်ရရှိရန် ရည်မှန်း ထားသည်ဟု ဆိုသည်။

" စီးပွားရေးကဏ္ဍတွေမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘ၀ တိုး တက်ဖို့ရည်မှန်း ဆောင်ရွက်နေပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ၁၄ ရာခိုင်နှုန်း တိုးတက်မှုရဖို့နဲ့ လူတစ်ဦးချင်းရဲ့ ၀င် ငွေတိုးဖို့ကိုလဲ ရည်မှန်းထားပါတယ်" ဟု ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ရည်မှန်းချက် ၁၀ ဒသမ ၁၇၇ ထရီလီယံ ရရှိရန် လျာထားဆောင်ရွက်ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၆ ဒသမ ၉၁၂ ထရီလီယံရရှိသဖြင့် ၆၇ သမ ၉ ရာခိုင်နှုန်းအကောင် အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကုန် မတ်လတွင်လျာထားချက် ပြည့်မီစေရန်အတွက် အစိုးရအဖွဲ့အနေဖြင့် ကြိုးစား ဆောင်ရွက်နေသည်ဟု ဆိုသည်။
ပန်းသတင်းဂျာနယ်
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သီးလေးသီးအဖွဲ့အား တားမြစ်ခြင်းကြောင့် ဂေါပက အဖွဲ့အား ကန်ထရိုက်မှ တရားစွဲ

သံလျှင်ကျိုက်ခေါက်ဘုရားပွဲ
နှစ်စဉ် ကျင်းပမြဲဖြစ်သည့် သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးအဖွဲ့အား အငြိမ့်ဆက်မကရန် ဘုရားဂေါပကအဖွဲ့မှ တားမြစ်ခဲ့ခြင်းကြောင်း ပွဲကန်ထရိုက်က ဂေါပကအဖွဲ့အား တရားစွဲဆိုထားကြောင်း သိရသည်။
ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ကျင်းပသည့် သန်လျင် ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီး အငြိမ့်အဖွဲ့အား ဖေဖော်ဝါရီ ၁ရက်နေ့မှ ၃ ရက်နေ့အထိ ကပြရန် ပွဲကန်ထရိုက်တာ ဦးမျိုးသိန်းမှ ငှားရမ်းခဲ့သည်။
“ရက်ကြေး သုံးရက်စာကို သိန်းလေးဆယ်ကျော် ပေးပြီးသွားပြီ။ ဇာတ်ပွဲတွေထုံးစံကလည်း နောက်ဆုံးနေ့မှ လူ စည်တာလေ။ဒါကို ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်ပဲ ကပြရသေးတယ်။ ဆက်မကရဘူးလို့ ဂေါပကက အမိန့်ထုတ်တော့ ကျွန် တော် နာတာပေါ့”ဟု ယင်းဇာတ်ပွဲကန်ထရိုက်မှ ဆိုသည်။
သက်ဆိုင်ရာ ဒေသအာဏပိုင်မဟုတ်ဘဲ တားမြစ်သဖြင့် ယင်းဖြစ်ရပ်အား တောင်ပိုင်းခရိုင်တရားရုံးသို့ တရားလိုအဖြစ် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
သီးလေးသီးအငြိမ့်မှ ဘုရားဖူးပရိတ်သတ်များကို ဖျော်ဖြေရာတွင် ဂေါပကအား ပျက်လုံးထုတ်သဖြင့် ယင်းသို့ ဆက်မကရန် တားမြစ်ရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားမှ ဂေါပကတစ်ဦးက ရန်ကုန်ခရော်နီကယ် သို့ ပြောကြားသော်လည်း မည်သို့သော အဓိပ္ပာယ်ရသည့် ပျက်လုံးမျိုးကြောင့် တားမြစ်ရသည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။
“သီးလေးသီးတွေက ပျက်တဲ့ပျက်လုံးတွေက အိပ်နေတဲ့  ဘုရားဂေါပကကို ကျော်ခွမသွားနဲ့။ ကျော်ခွသွားရင် ငရဲကြီးတယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့ဗိုက်ထဲမှာ ဘုရားဌာပနာတွေရှိလို့ဆိုတဲ့ ပျက်လုံးတွေပျက်တယ်ဗျ” ဟု သန်လျင်မြို့ခံ တစ်ဦးအား ရန်ကုန်ခရော်နီကယ်မှ ဆက်သွယ် မေးမြန်ရာတွင် ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကျိုက်ခေါက် ဘုရားဂေါပကအဖွဲ့မှ သန်လျင်မြို့ခံ လူမှုရေး အသင်းအဖွဲ့များအား ဖြေရှင်းရန် ပြင်ဆင် နေကြောင်း သိရသည်။
KS
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မုံရွာဘူတာအနီး ကျင်းတူးစဉ် ဗုံးဟောင်း ၁၃၀ ခန့်တွေ့ရှိ



ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် အင်္ဂလိပ်တပ်များ ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းပေါ်တွင် တည်ရှိခဲ့သည့် မုံရွာမြို့ချမ်းမြသာစည်ရပ် မုံရွာဘူတာအနီးရှိ မီးရထားပိုင်မြေတွင် မြန်မာ့မီးရထားက အများသုံး အခပေးအိမ်သာ တည်ဆောက်ရန် ကျင်းတူးဖော်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကျန်ဗုံးများဟု ယူဆရသည့် လေယာဉ်ပစ်ဗုံး ၁၂၆ လုံးနှင့် လက်ပစ်ဗုံးလေးလုံး တို့ကို တွေ့ရှိခဲ့ကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ မှတ်တမ်းများက သိရှိရသည်။ အဆိုပါဗုံးအဟောင်းများမှာ မုံရွာမြို့ မြန်မာ့မီးရထား နေအိမ်လိုင်းခန်း အနောက်ဘက်တွင် အများသုံးအိမ်သာ ဆောက်လုပ်ရန်အတွက် ကျင်းတူးစဉ် နှစ်ပေအနက်ခန့် အရောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဗုံးများမှာ ပြောင်းဖူးအရွယ်အစားရှိကာ ရှည်သွယ်သွယ်သဏ္ဌာန်ရှိကြောင်း၊ အများစုမှာ သံချေးများ တက်နေကြောင်း၊ နယ်မြေခံလုံခြုံရေးများက ၈၁ အမျိုးအစား ဗုံးဟောင်း ၁၂၆ လုံးနှင့် ၃၆ အမျိုးအစားခွင်းဗုံးလေးလုံးတို့ကို တွေ့ရှိခဲ့ကြောင်း ယင်းမှတ်တမ်းများအရ ထပ်မံသိရှိရသည်။ ဗုံးဟောင်းများတွေ့ရှိ၍ ဆက်လက်တူးဖော်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ၎င်းနေရာနှင့် ကိုက် ၁၀၀ ခန့်အကွာရှိ အမှိုက်ပုံမီးလောင်ခံသည့်အတွက် ကျင်းတူးနေသူများ အလန့်တကြား ထွက်ပြေးလာခဲ့ကြရာမှ ဗုံးဟောင်းများတွေ့သည့် သတင်းမှာ မုံရွာတွင် ပိုမိုလူသိများလာခြင်းဖြစ်သည်ဟု ဘုရားကြီးရပ်တွင်နေထိုင်သည့် မုံရွာဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းမီးလောင်မှုကို မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များလာက်ရောက် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဗုံးဟောင်းများတွေ့ရှိသည့်နေရာကိုမူ လုံခြုံရေးယူ၍ ဆက်လက်တူးဖော်ခဲ့ရာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၂ နာရီခန့်တွင် တူးဖော်မှုမှာ ပြီးဆုံးခဲ့ကြောင်း၊ စုစုပေါင်း စစ်ကျန်ဗုံးဟု ယူဆရသည့် ဗုံးဟောင်း ၁၃၀ ကျော်တွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ


ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများထံမှ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ၏ ဆက်စပ်ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်း ဈေးကွက်လုယူခဲ့သည့်အတွက် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းအချို့မှ လုပ်ငန်းရပ်နားရသည်အထိ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားလာမှုလုပ်ငန်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရန် ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုပေးခဲ့သော်လည်း နောက်ပိုင်းကာလများတွင် နိုင်ငံသားပိုင်ကုမ္ပဏီများမှ ဈေးကွက်လုယူခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်လာသည့် အတွက် ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပြန်လည်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အခုလို ပြည်တွင်းကကုမ္ပဏီတွေ အထိနာအောင် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေက တိုက်ခိုက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စတွေကို ရပ်တန့်သင့်ပါပြီ။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြား လုပ်ငန်းရှင်တွေကို တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါပြီ” ပာု ပြောကြားသည်။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်မာနိုင်ငံသား ခရီးသွားကုမ္ပဏီများ၏ အကျိုးကိုကြည့်၍ ကာကွယ်ရန် လိုအပ်ပြီး လက်ရှိ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချထားပေးခြင်းများကို ရပ်တန့်နိုင်ရန် လိုအပ်ပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
YC
Unknown at 9:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦး အမွေဆိုင်အမှုပြဿနာ




 ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄၊ ၅၆ ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ အရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး က လျှောက်ထားတရားစွဲဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါ်ခင်နုသာ၏ ရုံးတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆက်လက် စစ်ဆေးကြားနာသည်။
ထိုနေ့က တရားရုံး၌ တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသော သက်သေ တက္ကသိုလ်ရိပ်သာလမ်းနေ ဦးအေးဝင်း (ဦးဘ၀င်း၏ သား)အား ဒေါ်အောင်ဆန်းစုကြည်၏ အကျိုး ဆောင်ရှေ့နေ ဦးကြည်ဝင်းက မေးမြန်း စစ်ဆေးသည်။
ယင်းသို့ မေးမြန်းရာတွင် မိခင်ကြီးဖြစ်သူ ဒေါ်ခင်ကြည်ကွယ်လွန် ပြီးနောက် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သဘောတူချုပ်ဆိုခဲ့သော စာချုပ်ကို အဓိကထား၍ မေးမြန်းစစ်ဆေးသွားပြီး တရားလို ဦးအောင်ဆန်းဦး၏ အကျိုး ဆောင်ရှေ့နေ ဦးအေးလွင်က ပြန်လှန် မေးခွန်းများ မေးမြန်းသည်။
အမွေမှုဖြစ်ပွားခဲ့ပုံမှာ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့်ခြံဝင်းကို မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင်ဆန်းစုကြည် အပေါ် ဦးအောင်ဆန်းဦးက တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။
အဆို ပါအမှုနှင့်ပတ်သက်၍ တရားရုံးကြားနာ ပြီး ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တစ်ဦးအနေဖြင့် နေအိမ်နှင့် ခြံဝင်းကို ပိုင်ဆိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် အမှုရှုံးနိမ့်ခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦး၏ အကျိုးဆောင်ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေပုံ ပစ္စည်းစီမံခန့်ခွဲ ပေးစေလိုမှု ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်ကြာခဲ့သည်ဟု သိရသည်။
တရားပြိုင်ဒေါ်အောင်ဆန်းစုကြည် တို့ဘက်မှ တင်ပြထားသော သက်သေမှာ ၁၀ ဦးရှိ၍ သုံးဦးသေဆုံးကာ တစ်ဦး ပယ်ခံရကြောင်း သိရသည်။
ယခုတရားမကြီး အမှုအမှတ်မှာ ၉၆၁ ဖြစ်ပြီး အမှုကို ဆက်လက်စစ်ဆေးရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အော်တိုတယ်လီဖုန်းများ Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် သတင်းထုတ်ပြန်



၂၀၁၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း (လိုင်းဖုန်း)များကို Prepaid စနစ်မှ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး အမှတ်(၁၀၃)၊ လမ်း(၄၀) ကျောက်တံတား မြို့နယ်တွင် အခမဲ့ရယူဖြည့်သွင်း ဆန္ဒပြုနိုင်သည်။ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ရာ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ကြောင်း၊ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် ၁.၃.၂၀၁၂ ရက်မှစတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်းတွင် ငွေဖြည့်ကတ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်ကြောင်း။ Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေ ကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ကြောင်း။ ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း။ Prepaid Top-Up-Card များကို အမှတ်(၁၀၃) လမ်း(၄၀) ကျောက်တံတားမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉) မဟာဗန္ဓုလလမ်း ပန်းပဲတန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းရုံးတို့တွင် ဦးစွာရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်းအခွန်ငွေ လက်ခံသည့် စခန်းများတွင်ပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း။ အသေးစိတ် သိရှိလိုပါက Call Center ဖုန်း-၁၈၇၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မျက်များ တင်ပို့ရောင်းချရာတွင် ယခင်က တရုတ်နိုင်ငံဘက်မှ အခွန်ကင်း လွတ်ခွင့်ပြုထားခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံမှ ၎င်း အခွန်ကင်းလွတ်ခွင့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး အခွန်နှုန်းထားအား ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည့် အတွက် မြန်မာ့သတ္တုကဏ္ဍတွင် ယခင်ထက် ကန်ဒေါ်လာ သန်း ရာကျော် အရောင်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းကဏ္ဍ၌ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၀၂ ဘီလီယံ ရှိခဲ့ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မကုန်မီကာလအတွင်းတွင် ယခင် ဘဏ္ဍာရေးနှစ်ထက် ပိုမိုလျော့ကျသွားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့သတ္တုတွင်း ကဏ္ဍကဲ့သို့ သစ်တောထွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှု များမှာလည်း ဒေါ်လာသန်းချီကာ ရှုံးနိမ့်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍ အားကောင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၅ ဒဿမ ၂ ဘီလီယံရှိခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင်မူ သွင်းကုန်ကဏ္ဍသာ အားကောင်းလျက်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု မှာ ၁၅ ဒဿမ ၁ ဘီလီယံသာရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။
Ref:Popular News
Unknown at 9:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့် အမှုကို မိခင်ဖြစ်သူက သမ္မတထံ တိုင်ကြား

ရဲအာဏာပိုင်များ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့်အမှုကို မိခင်ဖြစ်သူက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားထားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၇၄) ဧရာလမ်းနေ ဦးမျိုးဇော်ဦးသည် နယ်မြေခံ ရဲဝန်ထမ်းတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးရမှုကြောင့် ယခုလ ၇ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ယခုလ ၃ ရက်နေက ဦးမျိုးဇော်ဦး နေအိမ်တွင် ရှိနေစဉ် ရဲတပ်ကြပ် ကျော်ထွန်းသန်း၊ ရဲတပ်သားတဦးနှင့် လမ်းမှူး ဦးစံညွှန့်တို့က အမှတ် (၅) လှိုင်သာသာ ရဲကင်းသို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ ရုံးထုတ်သည့် နေ့ရောက်မှ ရိုက်နှက် ခံထားရသည့်ဒါဏ်ရာများကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေသိမ်းက ပြောသည်။
“ဖမ်းသွားပြီး နောက်တနေ့မှာ စခန်းမှာ သွားတွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးထုတ်မှ တွေ့ရမယ်ဆိုပြီးပြောတယ်၊ (၆) ရက်နေ့ရုံး ထုတ်တော့ တရားရုံးမှာ တွေ့ရတော့ မျက်ခုံးတွေကွဲပြီး မျက်စိလဲ ဖူးယောင်နေတယ်၊ ပါးနှစ်ဖက်စလုံး ရောင်နေတယ်၊ နားထင်တွေကွဲနေတယ်၊ တရားက ရုံးအုပ်ဒေါ်အေးသီက ဆေးရုံချက်ချင်းသွားခိုင်းလို့ သွားပြီး ချုပ်တာ တွေလုပ်ရတာ” ဟု ဆက်ပြောသည်။
ကိုမျိုးဇော်ဦးအား တရားရုံးသို့ ပြန်ခေါ်လာပြီး ညနေပိုင်းတွင် အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်လိုက်ပြီးနောက် (၇) ရက်နေ့တွင် ရပ်ကွက်အာဏာပိုင်များ အကြောင်းကြားမှ သေဆုံးသွားကြောင်း သိရသည်ဟု မိခင်ဖြစ်သူက ပြောသည်။
“မနက် (၉) နာရီလောက်မှာ သူ့သား မျိုးမင်းစိုးကို ရပ်ကွက်ရုံးက ဦးမောင်လတ်က လာခေါ်တယ်၊ ရုံးရောက်တော့ ရဲတပ်ကြပ် ကျော်ထွန်းသန်းက မင်းအဖေ ထောင်ထဲမှာ ဆုံးပြီးလို့ပြောတော့မှ သိရတာ၊ အင်းစိန်ထောင်လိုက်သွားတော့ သေဆုံးကြောင်း အကြောင်းကြားစာကို နေ့လည် ၂ နာရီကျော်လောက်မှရတယ်” ဟု ပြောသည်။
အဆိုပါသေဆုံးကြောင်း ဆေးစာတွင် (၇) ရက်နေ့ နံနက် ၃ နာရီခန့်တွင် သွေးတိုး လေဖြတ်ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသားထားသည်ဟု ဆက်ပြောသည်။
ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဦးလှမျိုးထွန်းနှင့် ညီမဖြစ်သူတို့က (၁၉၉) သို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး အင်းစိန်ရဲစခန်းတွင် ဆေးစာများ သွားတောင်းယူရာ စခန်းမှူး ဦးအောင်မိုးက တရားရုံးရောက်မှ တောင်းယူရန် ပြောဆိုခဲ့သည်။
“စခန်းမှူးက အခုဖြစ်တဲ့ လှိုင်သာယာရဲစခန်းက နယ်ထိန်း စောနိုင်ဦးဆိုတာ သူ့သူငယ်ချင်းဘဲ၊ စခန်းက တာဝန်ရှိသူတွေက မှားခဲ့ပေမဲ့ မောင်နှမလို သဘောထားပြီး လျော့လျော့ပေါ့ပေါ့လုပ်ကြပါဆိုပြီး ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။ဦးဇော်မျိုးဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ယခုလုပ်ရပ်သည် ရဲလုပ်ပိုင်ခွင့်ထက်ကျော်လွန်သည့် ပြုမူမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးချိုးဖောက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြ၍ နိုင်ငံတော်သမ္မတ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပြည်ထဲရေးဌာအပါအဝင် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့  ယခုလ ၁၄ ရက်နေ့တွင် ပူးတွဲပေးပို့ တိုင်ကြားထားသည်။
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ

မှော်ဘီ ၀ါးကျောင်း ရောက် ရွှေည၀ါဆရာတော်
ယနေ့ နေ့ လည် မွန်းလွဲ ၁ နာရီ ကစတင်ပြီး သာဓုကျောင်းတိုက်ကနေ ထွက်ခွာလာရတဲ့ ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ဟာ တပည့် ဒါယိကာ၊ဒါယိကာမ တွေ လိုက်ပါပို့ ဆောင်မှုနှင့် အတူ မှော်ဘီ သဲအင်းဂူ တရားရိပ်သာ အနီးမှာ ယာယီ ၀ါးကျောင်း ဆောက်တည် သီတင်းသုံးနေထိုင်ဖို့ ရောက်ရှိလာပါတယ်။ မှော်ဘီသံဃနာယက ဆရာတော်ကို ၀င်ရောက် ဖူးမျှော်သတင်းပို့ ပြီး နောက် တပည့်ဒါယိကာ တွေ ချက်ခြင်းဆောက်ပေးတဲ့ ဝါးကျောင်းမှာ လတ်တလော နေထိုင် သီတင်းသုံးမှာ ဖြစ်ပါတယ်။
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.