Monday, February 20, 2012

မြန်မာနိုင်ငံ၏ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာများကို မတ်လအတွင်း မိဘများထံသို့ ပြန်လည်အပ်နှံသွားရန်စီစဉ်


အင်ကြင်းခိုင်အင်ကြင်းလှိုင်တို့ကို ခွဲစိတ်ကုသပြီး တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာများဖြစ်သည့် အင်ကြင်းခိုင်၊အင်ကြင်းလှိုင်နှင့်ရန်ကင်း၊ ရန်ရှင်းတို့ကို မတ်လအတွင်း မိဘများထံသို့ ပြန်လည်အပ်နှံသွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


ရန်ကင်းရန်ရှင်းတို့ကို ခွဲစိတ်ကုသပြီး တွေ့ရစဉ်
ပဉ္စမမြောက် ရင်ချင်းဆက်အမြွှာဖြစ်သည့် အင်ကြင်းခိုင်နှင့် အင်ကြင်းလှိုင်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း၊ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာ ရန်ကင်းနှင့်ရန်ရှင်းကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်းကောင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။

'' ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေပေါ်ကြည့်ပြီး တစ်လနှစ်လနေရင် မိဘတွေဆီ ပြန်လည်အပ်နှံသွားဖို့ စီစဉ်ပြီးသားပါ။ အရင်ကလေးတွေတုန်းကလည်း ဒီလိုပဲပြန်အပ်နှံခဲ့ပါတယ်။ အရင်သူတို့တွေ တွဲနေတုန်းက လမ်းလျောက်ရင် ဂဏန်းသွားသွားတယ်။ သူတို့တွေ လမ်းသွားပုံ ပုံမှန်ဖြစ်အောင် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးတယ်။ အရင်တုန်းက နှစ်ယောက်ဆိုတော့ ခြေထောက်လေးချောင်းနဲ့ သွားခဲ့ရာက အခုနှစ်ချောင်းနဲ့ဆိုတော့ တစ်ခါတလေ ဟန်ချက်မညီတာတို့ကို ပြန်လုပ်ပေးနေတာပါ။ ဒါကြောင့် နှစ်လ သုံးလ ခေါ်ထားတာပါ။ ပြန်ပေးလိုက်တဲ့အခါ ရောဂါတစ်ခုခုဖြစ်ရင် ကျွန်တော်တို့ဆီ ပြန်လာဖို့ မှာထားပါတယ်'' ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

အဆိုပါခွဲစိတ်မှုများကို ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဌာနမှူး ပါမောက္ခဒေါက်တာထူးဟန် ဦးဆောင်၍ ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီးနှင့် မန္တလေး ကလေးဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်များ၊ သူနာပြုဆရာမကြီးများစသည့် ဆေးပညာဆိုင်ရာ ဆရာဝန်စုစုပေါင်း၇၅ ဦးတို့က ပူးပေါင်းခွဲစိတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ကြင်းခိုင်နှင့်အင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာကို တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် တွင်၂၀၀၉ခုနှစ် မွေးဖွားခဲ့ပြီးအသက် ၂နှစ် ၁၀လကြာတွင် ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာဖြစ်သည့် ရန်ကင်း၊ရန်ရှင်း ရင်ချင်းဆက်အမြွှာကို ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ၂၀၀၉ ခုနှစ် မတ်လ၁၁ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက်နှစ်နှစ်နှင့် ရှစ်လအရွယ်တွင် ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရန်ကင်းနှင့်ရန်ရှင်း ရင်ချင်းဆက်အမြွှာသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ယောင်္ကျားလေးရင် ချင်းဆက်အမြွှာဖြစ်ကြောင်း သိရသည်။

ရင်ချင်းဆက်အမြွှာနှစ်တွဲလုံးသည် အတွင်းကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် အသည်းချင်းဆက်နေခြင်းဖြစ်ပြီး ခွဲစိတ်မှုကြာချိန် ငါးနာရီခန့် ကြာမြင့်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှုကို ၁၉၇၁ခုနှစ်တွင် ခွဲစိတ်ခဲ့ခြင်းဖြစ်ပြီး အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမြွှာကို ၁၉၉၃ခုနစ်တွင် တစ်ကြိမ်၊ ၂၀၀၂ခုနှစ်တွင် မိုးပပမောင်၊ မိုးပပအောင် တင်ချင်းဆက် အမြွှာကို တစ်ကြိမ်၊ စိုပြေလင်း၊ စိုပြေ၀င်းကို ၂၀၀၉ခုနှစ်တွင်တစ်ကြိမ် အောင်မြင်စွာခွဲစိတ်ခဲ့ပြီး မြန်မာနိုင်ငံ ဆေးလောကသမိုင်းတွင် အောင်မြင်မှု မှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။

     http://weeklyeleven.com(မှကူးယူဖော်ပြသည်)
Unknown at 4:40 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.