Monday, February 20, 2012

မုံရွာဘူတာအနီး ကျင်းတူးစဉ် ဗုံးဟောင်း ၁၃၀ ခန့်တွေ့ရှိ



ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် အင်္ဂလိပ်တပ်များ ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းပေါ်တွင် တည်ရှိခဲ့သည့် မုံရွာမြို့ချမ်းမြသာစည်ရပ် မုံရွာဘူတာအနီးရှိ မီးရထားပိုင်မြေတွင် မြန်မာ့မီးရထားက အများသုံး အခပေးအိမ်သာ တည်ဆောက်ရန် ကျင်းတူးဖော်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကျန်ဗုံးများဟု ယူဆရသည့် လေယာဉ်ပစ်ဗုံး ၁၂၆ လုံးနှင့် လက်ပစ်ဗုံးလေးလုံး တို့ကို တွေ့ရှိခဲ့ကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ မှတ်တမ်းများက သိရှိရသည်။ အဆိုပါဗုံးအဟောင်းများမှာ မုံရွာမြို့ မြန်မာ့မီးရထား နေအိမ်လိုင်းခန်း အနောက်ဘက်တွင် အများသုံးအိမ်သာ ဆောက်လုပ်ရန်အတွက် ကျင်းတူးစဉ် နှစ်ပေအနက်ခန့် အရောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဗုံးများမှာ ပြောင်းဖူးအရွယ်အစားရှိကာ ရှည်သွယ်သွယ်သဏ္ဌာန်ရှိကြောင်း၊ အများစုမှာ သံချေးများ တက်နေကြောင်း၊ နယ်မြေခံလုံခြုံရေးများက ၈၁ အမျိုးအစား ဗုံးဟောင်း ၁၂၆ လုံးနှင့် ၃၆ အမျိုးအစားခွင်းဗုံးလေးလုံးတို့ကို တွေ့ရှိခဲ့ကြောင်း ယင်းမှတ်တမ်းများအရ ထပ်မံသိရှိရသည်။ ဗုံးဟောင်းများတွေ့ရှိ၍ ဆက်လက်တူးဖော်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ၎င်းနေရာနှင့် ကိုက် ၁၀၀ ခန့်အကွာရှိ အမှိုက်ပုံမီးလောင်ခံသည့်အတွက် ကျင်းတူးနေသူများ အလန့်တကြား ထွက်ပြေးလာခဲ့ကြရာမှ ဗုံးဟောင်းများတွေ့သည့် သတင်းမှာ မုံရွာတွင် ပိုမိုလူသိများလာခြင်းဖြစ်သည်ဟု ဘုရားကြီးရပ်တွင်နေထိုင်သည့် မုံရွာဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းမီးလောင်မှုကို မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များလာက်ရောက် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဗုံးဟောင်းများတွေ့ရှိသည့်နေရာကိုမူ လုံခြုံရေးယူ၍ ဆက်လက်တူးဖော်ခဲ့ရာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၂ နာရီခန့်တွင် တူးဖော်မှုမှာ ပြီးဆုံးခဲ့ကြောင်း၊ စုစုပေါင်း စစ်ကျန်ဗုံးဟု ယူဆရသည့် ဗုံးဟောင်း ၁၃၀ ကျော်တွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.