Monday, February 20, 2012

နှစ်၂၀ ကျော်ကြာ အဆက်အဆံပြတ်တောက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်လုပ်ငန်းများ ပြန်လည်စတင်မည်


၂၅ နှစ်ကြာမျှ အဆက်အဆံ ပြတ်တောက်ခံပြီးနောက် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလ အတွင်း မြန်မာနိုင်ငံအရပ်သား အစိုးရအဖွဲ့သစ်၏ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများဖြေလျှော့ခဲ့ပြီဖြစ်ရာ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် စတင်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကြောင့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းဆောင်တာများကို မြန်မာနိုင်ငံ၌ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း ကမ္ဘာ့ဘဏ်၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပါမယ်လာကော့စ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။ သို့ရာတွင် အရပ်သားအစိုးရအဖွဲ့ လက်ထက်၌ နိုင်ငံတကာက အံ့အားသင့်ခဲ့ရသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်နှင့်အညီ ကာလကြာရှည်စွာ အရှိန်သေခဲ့ရသော မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပြန်လည်အရှိန်ရလာပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအား မျက်စိကျနေသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ သုံးသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသုံးသပ်ချက်များအား မကြာမီထုတ်ပြန်ရန်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီအဖြစ် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလီယံ တင်ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့် လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ရရှိလာခဲ့သော အတွေ့အကြုံများအရ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နည်းပညာအရ အထောက်အကူပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:57 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.