ခတ္တာသည် ပန်းနုရောင် နှုတ်ခမ်းနီတောင့်ကို
နှုတ်ခမ်းနှစ်လွှာပေါ် ခပ်ထူထူ သုတ်လိမ်းလိုက်သည်။ အလယ်အလတ်တန်းစား
မိတ်ကပ်ဘူးလေးကိုဖွင့်ကာ မျက်နှာပေါ် တဖျပ်ဖျပ်ရိုက်လိုက်ပြီး ဆံပင်ကို
ခပ်ဖွဖွသပ်တင်လိုက်သည်။ အချိန်က ညနေခြောက်နာရီရှိပါပြီ။
ညဥ့်နက်သည်နှင့်အမျှ ယမကာဆိုင်တချို့မှ ပြန်လာကြသော အညောင်းမိသူ အမျိုးသားအများစုကို သူမတို့က ၀န်ဆောင်မှုကောင်းကောင်း ပေးရတော့မည် ဖြစ်သည်။ ဒီလကုန်လျှင် နယ်မှာရှိသော ဆင်းရဲနွမ်းပါးသည့် သူမ၏မိသားစုထံ ပြန်ပို့ရမည့် ငွေကြေးပမာဏ မပြည့်သေးကြောင်းကိုလည်း ခတ္တာသိထားပါသည်။
အများစုက မာဆတ်ဟု အလွယ်တကူ ခေါ်ဝေါ်နေကြသော အနှိပ်ခန်း (Massage)များသည် ခြေလက်နှိပ်နယ်မှုများအတွက် ၀န်ဆောင်မှုပေးရန် ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း ပြည့်တန်ဆာလုပ်ငန်းအား တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် နေရာဒေသများအတွက် ထိုအနှိပ်ခန်းအများစုက ဟန်ပြလုပ်ငန်းအဖြစ် ရပ်တည်နေလေ့ရှိသည်။ သို့သော် အနှိပ်ခန်းအားလုံးသည် လိင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်နေခြင်းတော့ မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် စသောမြို့တော်ကြီးများအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်များကိုပါ အနှိပ်ခန်းယဉ်ကျေးမှုတစ်ရပ် အရှိန်အဟုန်ဖြင့် ထွန်းကားလာနေခဲ့ပြီ ဖြစ်သည်။ ၂၀၀၂ ခုနှစ်ခန့်အထိ အနှိပ်ခန်းကို ကြားဖူးရုံသာရှိပြီး ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံဖူးခြင်း မရှိကြသေးသည့် နယ်မြို့လေးများမှာ ယခု ၂၀၁၂ ခုနှစ်မှာတော့ အနှိပ်ခန်းကိုယ်စီဖြင့် ပျော်ရွှင်မှုကို ရှာဖွေတတ်နေကြပါပြီ။ မြို့ခံအမျိုးသားထုတွေသည်လည်း ညောင်းညာကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည်တို့ကို ပိုမိုသတိပြု ခံစားမိလာကြပါပြီ။
ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက မြို့တော်များတွင်များက တစ်ခုထက်မက ရှိလာကြပြီဖြစ်သည်။ သို့သော် အနှိပ်ခန်းအားလုံးက တရားဝင် ရပ်တည်နေကြခြင်းတော့ မဟုတ်ပါ။ ပြည်ပနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း တရားမ၀င်သော လုပ်ငန်းများကို တရားဝင်သယောင် ရုပ်ဖျက်တတ်ကြပါသည်။ လိင်ဖျော်ဖြေရေး လုပ်ငန်းအတွက် အနှိပ်ခန်းသဏ္ဌာန် ရုပ်ဖျက်ထားခြင်းမျိုး ရှိသကဲ့သို့ များသောအားဖြင့်တော့ အလှပြင်ဆိုင် (Beauty Salon)အဖြစ် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတတ်ကြသည်။ အလှပြင်ခန်းဟု အမည်တပ်ထားသော်ငြားလည်း အဓိကလုပ်ငန်းမှာ နှိပ်နယ်ခြင်းများသာ ဖြစ်သည်။ အဖမ်းအဆီး၊ အစစ်အဆေးများ လက်အောက်မှာပင် အနှိပ်ခန်းများသည် မီးရောင်တလဲ့လဲ့ဖြင့် လှပကျော့ရှင်းလျက် ရှိနေခဲ့သည်။ သို့သော် မည့်သည့်နေရာမှာပင်ဖြစ်စေ အနှိပ်ခန်း (Massage Parlour)များသည် အမျိုးသမီးငယ်များအတွက် အကျဉ်းထောင်တစ်ခုသဖွယ်ပင် ဖြစ်နေတတ်သည်။
ခတ္တာ (အမည်ရင်းမဟုတ်ပါ) ရောက်ရှိနေသည့် ရန်ကုန်မြို့လယ်တစ်နေရာက အနှိပ်ခန်းသည်လည်း သူလိုငါလိုပင် ရုပ်ဖျက်ထားခဲ့သည်ပဲ ဖြစ်သည်။ သုံးလွှာတိုက်ခန်းပေါ်က ၀ရန်တာမှာ Beauty Salon ဟု ရေးထားပြီး အနီရောင်မီးလုံးလေးကို ခပ်မှိန်မှိန် ထွန်းညှိထားသည်။ တိုက်ခန်းအောက်ကို ငုံ့ကြည့်ပါက ပလတ်စတစ်ထိုင်ခုံတစ်လုံးဖြင့် ဆေးပေါ့လိပ်ဖွာနေသော အမျိုးသားတစ်ဦးကို တွေ့ရပါမည်။ ထိုသူက သူမတို့ဆိုင်ကို လာရောက်သည့် ဧည့်သည်များ အခန်းမမှား၊ လမ်းမမှားစေရန် ခေါ်ဆောင်လာလိမ့်မည်။ ထိုသို့မထားရှိပါက ရီဝေေ၀ဖြစ်နေသော ဧည့်သည်များသည် တခြားသော ဘေးတိုက်ခန်းတံခါးများကို မှားခေါက်ကြမှာ သေချာပါသည်။
Beauty Salon ဟု အမည်တပ်ထားသည့် ဆိုင်၏တံခါးကို တွန်းဖွင့်၍ ဧည့်ခန်းရှိ ဆိုဖာဆက်တီခုံတွင် ၀င်ထိုင်လိုက်သော ဧည့်သည်များအနီးမှာ ခတ္တာတို့တွေ စီတန်း၍ ရပ်ကြရသည်။ ဧည့်သည်က ကိုယ့်ကိုရွေးချယ်ပါစေဟု ခတ္တာက ဆုတောင်းနေမိသည်။ ဧည့်သည်များများ ရမှသာ ဒီလအတွက် ပိုက်ဆံများများကျန်မည် ဖြစ်သည်။ ထိုပိုက်ဆံများထဲမှ အများစုကို မြစ်ဝကျွန်းပေါ်ဒေသ၊ ရွာလေးတစ်ရွာက သူမရဲ့မိသားစုထံ ပြန်ပို့ရပါမည်။
ခတ္တာမှာ အမေနှင့် မောင်လေးတစ်ဦးရှိသည်။ အဖေကတော့ ဆုံးပါးသွားတာ ငါးနှစ်လောက်ရှိပါပြီ။ အဖေဆုံးပြီး မကြာမီမှာပဲ ရန်ကုန်မှာ အလုပ်လုပ်ပြီး ခဏပြန်လာသည့် သူငယ်ချင်းတစ်ဦးနှင့် ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့သည်။ ရွာက ထွက်လာကတည်းက ဒီအလုပ်ကိုလုပ်ရမည်ဆိုတာ ခတ္တာကြိုသိထားပြီး ဖြစ်သည်။ ခတ္တာတို့ Beauty Salon မှ လုပ်ဖော်ကိုင်ဖက် ညီမငယ်အများစုကတော့ ဒီလောကထဲကို မရည်ရွယ်ဘဲ ရောက်လာကြသူတွေ ဖြစ်သည်။ သူတို့အားလုံး၏ တူညီသောအချက်ကတော့ ဆင်းရဲနွမ်းပါးခြင်းနှင့် အတန်းပညာ နည်းပါးခြင်းပဲဖြစ်သည်။
“တချို့ကတော့ စားဝတ်နေရေးပေါ့။ ပညာမတတ်ဘဲ ဘယ်အလုပ်ကမှ ကိုယ့်ကိုမခေါ်ဘူး။ ပိုက်ဆံလည်း ဒီလောက်များများ မရဘူး။ တချို့ကတော့ ၀ါသနာပါလို့ တမင်လုပ်နေတဲ့လူတွေ ရှိတယ်။ တစ်ယောက်၊ နှစ်ယောက် တွေ့ဖူးတယ်”ဟု ခတ္တာကပြောပြသည်။
ခတ္တာသည် ရန်ကုန်ရောက်ရောက်ချင်းပင် အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်းရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်ရခဲ့သည်။ အလုပ်၏ ပထမရက်သတ္တပတ်များသည် သူမအတွက် ပင်ပန်းဆင်းရဲကြီးစွာပင် ဖြစ်ရသည်ဟု ခတ္တာကဆိုပါသည်။ ရွာပြန်ပြေးရန်ပင် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း အထမမြောက်ခဲ့ပေ။ ဆိုင်ပိုင်ရှင်များသည် သူမတို့လုပ်ကိုင်ရမည့် သတ်မှတ်ကာလတစ်ခု မပြည့်မချင်း မှတ်ပုံတင်များကို လုံခြုံရာမှာ သိမ်းဆည်းထားတတ်ကြသည်။ နောက်တော့လည်း မီးရောင်တလဲ့လဲ့အောက်မှာ သူမ နေသားကျသွားခဲ့သည်ဟု ဆိုသည်။
အောင်မင်္ဂလာအဝေးပြေးကွင်းမှာ အနှိပ်ခန်းနှင့် ဗြူတီးဆလွန်းခန်းများ ၄၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ အဆိုပါလုပ်ငန်းများ အများဆုံးတည်ရှိနေရာ ရပ်ဝန်းမှာ ကျောက်တံတား၊ လသာ၊ လမ်းမတော်စသည့် မြို့တွင်းဧရိယာများဖြစ်ပြီး စမ်းချောင်းမြို့နယ်နှင့် ဘုရင့်နောင်ပွဲရုံဝန်းကျင် စသည်တို့လည်း နာမည်ကျော်ကြားသည်။ ရန်ကုန်တစ်မြို့လုံးတွင် အနှိပ်ခန်းများ ထောင်ဂဏန်းကျော်လာပြီ ဖြစ်သည့်အတွက် ရွေးချယ်စရာလည်း ပေါများလာပြီ ဖြစ်သည်။ အနှိပ်ခန်းနှင့် အလှပြင်ခန်းများအားလုံးကို လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်လိမ့်မည်ဟု သိမ်းကျုံးမြင်လို့ မရသော်လည်း မကြာမခဏတော့ လုပ်ငန်းချင်းဆက်နွယ်မှု ရှိတတ်ကြသည်ဟု ကိုယ်တိုင်သွားရောက်နေကျ အမျိုးသားအများစုက တညီတညွတ်တည်း ပြောကြသည်။
တရားမ၀င် အနှိပ်ခန်းများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အသီးသီးကို လိုင်းကြေးဟုခေါ်ဝေါ်သည့် ငွေပမာဏများကို လစဉ်ပေးသွင်းရမှုများ ရှိသည်ဟု ဆိုကြသည်။ ထိုငွေပမာဏမှာ သိန်းဂဏန်းခန့်ရှိသည်ဟု သိရပြီး ထိုသို့ တရားမ၀င် ပေးသွင်းရသည့် အဖွဲ့အစည်းများမှာလည်း ထုံးစံအရပင် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ လုံခြုံရေးအဖွဲ့အစည်း၊ နယ်မြေရဲကင်း စသဖြင့် ဖြစ်နေတတ်သည်။
မြန်မာနိုင်ငံနယ်စပ် ပြည်နယ်တချို့မှ အမျိုးသမီးများသည်လည်း ထိုင်းနိုင်ငံနှင့် တခြားနိုင်ငံများရှိ အနှိပ်ခန်းလုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် လုပ်ကိုင်ရန်အလို့ငှာ ရောင်းစားခံနေကြရဆဲဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အနှိပ်ခန်းလုပ်ငန်းများမှ အမျိုးသမီး ၅၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း စစ်တမ်းများကဆိုသည်။
“ထိုင်း-မြန်မာနယ်စပ်ဒေသတွေမှာတော့ အနှိပ်ခန်းတွေက မြန်မာမိန်းကလေးတွေ များတယ်ဗျ။ လိင်ကိစ္စတော့ မရဘူး။ ဒါပေမဲ့ အဆင်ပြေရင်တော့ အနှိပ်ခန်းပိတ်ချိန် စောင့်ခေါ်သွားပေါ့။ အဲဒီလိုမျိုးတွေတော့ရှိတယ်။ မြန်မာလူမျိုးဆိုတာထက် တိုင်းရင်းသူတွေ ပိုများကြပါတယ်”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သူ မြန်မာတစ်ဦးဖြစ်သည့် ဘလော့ဂါကိုဈာန်ကပြောသည်။
“ထိုင်းနိုင်ငံမှာ ကျေးလက်ဆေးခန်းတွေမှာ အနှိပ်ခန်းရှိတယ်။ တချို့နေရာမှာဆိုရင် ချွေးပေါင်းရုံရှိတယ်ဗျ။ အဲဒီမှာ လုပ်တဲ့သူတွေက အဲဒီရပ်ကွက်က အသက်(၄၀)ကျော် အမျိုးသမီးကြီးတွေ များတယ်။ သူတို့ကို အစိုးရက ကောင်းကောင်းသင်တန်းပေးပြီး အဲဒီကျေးလက်ဆေးခန်းတွေမှာ အနှိပ်ရုံဖွင့်ပေးထားတာ”ဟု ကိုဈာန်ကဆက်ပြောပြသည်။
မြန်မာနိုင်ငံမှာလည်း ထိုသို့ အနှိပ်ပညာရှင်များရှိပြီး ၎င်းတို့မှာ မျက်မမြင်များ ဖြစ်ကြသည်။ သူတို့ကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်း၍ အနှိပ်ပညာကို စနစ်တကျ သင်ကြားပေးခြင်းများရှိသည်။ ထိုသင်တန်းမှ မျက်မမြင်သင်တန်းသားများသည် မျက်မမြင်ကျောင်းရှိ အနှိပ်ခန်းတွင် ၀မ်းစာရှာကြသကဲ့သို့ ရပ်ကွက်ထဲတွင် ပြန်လည်အသုံးချသူများလည်း ရှိသည်။
ဟန်ပြအနှိပ်ခန်းများအပြင် ယင်းကဲ့သို့သော ကျန်းမာရေးအနှိပ်ခန်းများလည်း များစွာရှိသောကြောင့် အမှန်တကယ် အညောင်းမိ၊ အကြောတက်နေသော အမျိုးသားများသည် ကျန်းမာရေးအနှိပ်ခန်းများသို့သာ သွားကြပြီး ဘောလုံးပွဲစဉ်ရှိသည့် နေ့ရက်များတွင် ဘောလုံးဝါသနာရှင်များလည်း အနှိပ်ခံရင်း ဘောလုံးပွဲကြည့်ရှုရန် လာရောက်ကြသည်ဟု သိရသည်။ ဟန်ပြအနှိပ်ခန်းများနှင့် ကျန်းမာရေးအနှိပ်ခန်းတို့မှာ ဈေးနှုန်းအားဖြင့် ကွာဟမှုမရှိလှသော်လည်း ဟန်ပြအနှိပ်ခန်းများတွင်တော့ Happy Ending ဖြစ်လိုပါက အမျိုးသမီးတောင်းသည့် ငွေကြေးကို ထပ်မံပေးဆောင်ရခြင်း ရှိလာသည်။
အင်္ဂလန်နိုင်ငံမှာတော့ အခကြေးငွေဖြင့် လိင်ဆက်ဆံခြင်းကို တရားဝင် သတ်မှတ်ထားခြင်းမျိုး ရှိသော်လည်း လူကြားထဲတွင် ဖောက်သည်ရှာခြင်း၊ ပြည့်တန်ဆာခန်းဖွင့်ခြင်း၊ ပြည့်တန်ဆာခေါင်းလုပ်ခြင်းများကတော့ တရားမ၀င်ပါ။ ထိုသို့သော တရားမ၀င် ပြည့်တန်ဆာလုပ်ငန်းများသည် အနှိပ်ခန်းအဖြစ် ရုပ်ဖျက်ထားတတ်ကြသည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၃၈ ခုတွင် အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် ခွင့်ပြုမိန့်လိုင်စင်ရှိဖို့ လိုအပ်ပြီး အနှိပ်ခန်းအဖြစ် ရုပ်ဖျက်ထားသော ပြည့်တန်ဆာလုပ်ငန်းများလည်း အများအပြားရှိနေပါသည်။ ဥပမာအားဖြင့် နယူးဂျာစီမြို့ တစ်ခုတည်းမှာပင် Massage Parlor အမည်ခံထားသော လိင်ဖျော်ဖြေရေးလုပ်ငန်းပေါင်း ငါးရာကျော်ရှိနေခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံများနှင့် အလားတူပင် မြန်မာပြည်အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများမှာလည်း အနှိပ်ခန်းလုပ်ငန်းများကို တရားဝင်တစ်မျိုး၊ တရားမ၀င်တစ်ဖုံ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။ ထိုအလုပ်အကိုင်အတွင် အသုံးပြုသော အရင်းအမြစ်မှာ ဆင်းရဲသည့်နိုင်ငံများမှ ထွက်ရှိလာသည့် လူသယံဇာတများပင် ဖြစ်သည်။
၁၉၉၆ ခုနှစ်မှ စတင်ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ထိုင်းနိုင်ငံ၏ နယ်စပ်ခရိုင် ၁၈ ခုရှိ နေရာပေါင်း ၄၀ ကျော်တွင် အနှိပ်ခန်းလုပ်ငန်းအား ၀င်ရောက်လုပ်ကိုင်နေကြသော အမျိုးသမီးအများစုမှာ ထိုင်းနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့အားလုံး၏ ၆၀ ရာခိုင်နှုန်းကတော့ ၁၈ နှစ်အောက် အသက်အရွယ်များပဲဖြစ်ပြီး ၎င်းအမျိုးသမီးများသည့် ထိုင်းနယ်စပ်ဂိတ်ပေါက်များမှ တဖွဲဖွဲဝင်ရောက်လျက်ရှိသည်။
မြန်မာနိုင်ငံမှာတော့ ရုပ်ဖျက်ထားသည့် အနှိပ်ခန်းနှင့် အလှပြင်ခန်း ၀န်ထမ်းအမျိုးသမီး အများစုမှာ လူကုန်ကူးခံရခြင်း မဟုတ်ဘဲ ဆင်းရဲမွဲတေမှုနှင့် အတန်းပညာနည်းပါးမှု၊ မိသားစုအဆင်မပြေမှုတို့မှ ပေါက်ဖွားလာကြခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး အနှိပ်ခန်းများဆိုလျှင် လိင်မှုဆိုင်ရာကိစ္စရပ်များ မပါဝင်ဘဲ အနှိပ်ပညာကိုသာ ဦးစားပေး လုပ်ဆောင်ကြသော သမ္မာအာဇီဝကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ စံပယ်(အမည်လွှဲထား)သည် ကျန်းမာရေးအနှိပ်ခန်းတွင် လာရောက်လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ကာလပင် ရှိပြီဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး တစ်နေရာတွင် မွေးဖွားခဲ့သော သူမသည် အသက်(၁၇)နှစ်အရွယ်၌ ရန်ကုန်မြို့တွင် ကျန်းမာရေးအနှိပ်သမလေး ဖြစ်လာခဲ့သည်။ စံပယ်တို့အနှိပ်ခန်းသည် ရန်ကုန်မြို့တွင်း၌ပင်တည်ရှိကာ လူတစ်ဦးကို တစ်နာရီတစ်ချိန်နှိပ်လျှင် နှစ်ထောင့်ငါးရာကျပ် ကျသင့်ပြီး ထိုငွေထဲမှ ငါးရာကျပ်ကိုသာ စံပယ်တို့ ရရှိသည်။ “ပုံမှန်တော့မရှိပါဘူး။ တစ်ခါတလေ တစ်ရက်လုံးမှာ ၁၅ ချိန်လောက် နှိပ်ရတယ်။ အနည်းဆုံးတော့ ၈ ချိန်လောက်တော့ ရပါတယ်။ လကုန်ရက်တွေနဲ့ ဘောလုံးပွဲရှိတဲ့ရက်တွေ လူအရမ်းကျတယ်။ လစာက တစ်သောင်းပဲပေးတယ်။ ထမင်းကျွေးတယ်။ အဆောင်မှာနေရတယ်။ တစ်လလုံးမှာ ကိုယ်နှိပ်ခဲ့တဲ့ ဆက်ရှင်ချိန် ၃၀၀ ပြည့်ရင် တစ်ချိန်ကို ခြောက်ရာ၊ ခုနှစ်ရာအထိ တွက်ပေးတယ်။ ပြီးတော့ ဘောက်ဆူး လေးသောင်းလည်း ပေးတယ်။ တစ်လကို တစ်သိန်းကိုးသောင်းလောက်တော့ ပုံမှန်ရပါတယ်။ တစ်လကိုနှစ်ရက် နယ်ကိုခွင့်ပြန်လို့ရတယ်”ဟု စံပယ်က သူမရရှိသော လုပ်အားခနှင့် ခံစားခွင့်ကို တွက်ပြသည်။
စံပယ်တို့လို ကျန်းမာရေးအနှိပ်ခန်း သီးသန့်တွေမှာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ခန့်အထိ တွေ့နိုင်ပါသည်။ အနှိပ်ခန်းတစ်ခုလျှင် အမျိုးသမီးအနှိပ်ဝန်ထမ်း အယောက်ငါးဆယ်ခန့် ရှိတတ်သည်။ သူမတို့အားလုံးကို ကိုယ်ပိုင်နံပါတ်စဉ်များဖြင့် သတ်မှတ်ပေးထားတာ ဖြစ်သည်။
“အလုပ်စ၀င်တာနဲ့ တစ်ပတ်ဆယ်ရက်လောက် အနှိပ်သင်တန်းပေးတယ်။ စိတ်ပါရင် အတတ်မြန်ပါတယ်။ တစ်ခါတလေ တစ်နေကုန်နှိပ်ရတော့ ကိုယ်ပါအညောင်းမိနေရော။ ကိုယ်ညောင်းတော့ နှိပ်ပေးမယ့်သူ မရှိဘူး”ဟု စံပယ်၏သူငယ်ချင်း မိန်းကလေးတစ်ဦးက ၀င်ပြောပြီး သူ့စကားသူ သဘောကျကာ တစ်ချက်ရယ်လိုက်သည်။ သူမသည် စံပယ်နှင့်အတူတူပင် အလုပ်ဝင်ခဲ့သူဖြစ်သည်။
မည်သည့်အနှိပ်ခန်းမှာမဆို ညဘက်တွေမှ လူစည်ကားလေ့ရှိသည်။ ထိုအချိန်မှာ လာရောက်သည့် ဧည့်သည်အမျိုးသား ကြီးငယ်မရွေးမှာလည်း ယစ်မူးထုံဝေနေကြပြီ ဖြစ်သည်။ အနှိပ်သမလေးများသည် ဧည့်သည်များထံမှ အရက်နံ့အပြင် ရစ်သည့်ဒဏ်ကိုပါ သည်းခံကြရသည်။ ဧည့်သည်နှင့် အဆင်မပြေလျှင် အနှိပ်ခန်းမန်နေဂျာနှင့် ပြဿနာတက်မှာပဲ ဖြစ်သည်။ အနှိပ်ခန်းအမျိုးမျိုးက တရားမ၀င်ဖြစ်နေသည့်အတွက် ဧည့်သည်ကို စိတ်ရှည်သည်းခံကြရမြဲ ဖြစ်သည်။
မြန်မာအနှိပ်ခန်းများတွင် တစ်ချိန်တစ်ဆက်ရှင်ကို ၄၅ မိနစ်မှ ၁ နာရီကြား သတ်မှတ်ပြီး ဈေးနှုန်းမှာလည်း ၂၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ ရှိတတ်သည်။ ဈေးနှုန်းမှာ ဆိုင်အပြင်အဆင်နှင့် ၀န်ထမ်းအမျိုးသမီးငယ်များ၏ ရုပ်ရည်တို့ ကွာခြားသွားခြင်းသာ ဖြစ်သည်။
“၂၅၀၀ ဆိုတာမျိုးနဲ့ ကျန်းမာရေးမဟုတ်တဲ့ ဟန်ပြမာဆတ်တွေက တော်တော်ညံ့တယ်။ မိန်းကလေးတွေကအစ ရွက်ကြမ်းရေကျိုအဆင့်တောင် မရှိဘူး။ အကုန်လုံးနီးပါက မာစွပ်တွေ (လိင်ကိစ္စပါဝင်သည့် အနှိပ်ခန်းကို ဆိုလိုခြင်းဖြစ်သည်)။ မူးရူးပြီးရောက်လာတဲ့ လူတွေကို အခန်းထဲရောက်မှ ဈေးထပ်ညှိတယ်။ ဈေးက ငါးထောင်ကနေ ရှစ်ထောင်အထိ ခေါ်တတ်တယ်။ ဒါပေမဲ့ ပေးသလောက်နဲ့ ဖြစ်သွားကြတာပဲ။ အဲဒါက သူတို့အတွက် အပိုဝင်ငွေလေ”ဟု ဟန်ပြအနှိပ်ခန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ အမျိုးသားတစ်ဦးကရှင်းပြသည်။
“အများဆုံးကတော့ ဧရာဝတီတိုင်းဘက်က လာကြတာပဲ။ တချို့က အိမ်ဖော်ဘ၀က၊ တချို့က အထည်ချုပ်က။ တချို့ကတော့ ဒီလောကထဲ တိုက်ရိုက်ပဲ ရောက်လာတာ။ လုပ်သက်နုတဲ့အချိန်မှာ အရမ်းသနားစရာကောင်းကြတယ်။ လုပ်သက်ရလာရင်တော့ ဧည့်သည်တွေအတွက် အရမ်းစိတ်ပျက်စရာ ကောင်းလာတယ်။ အများစုကတော့ မာဆတ်လို့ နာမည်ခံထားပေမယ့် ၀န်ဆောင်မှုကတော့ လိင်ကိစ္စပါပဲ”ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
သူမတို့၏ ၀င်ငွေမှာ ပုံမှန်မရှိသော်လည်း တစ်ညကို အနည်းဆုံး တစ်သောင်းခွဲလောက်တော့ ကျန်တတ်သည်ဟုလည်း သိရသည်။ ခတ္တာသည် ကျန်းမာရေးအနှိပ်ခန်း တစ်ခုမှာလည်း လုပ်ကိုင်ခဲ့ဖူးသည်။ သို့သော် တကယ်အညောင်းမိနေသူများကို ဆက်တိုက်နှိပ်နယ်ပေးရခြင်း၏ ပင်ပန်းမှုမှရရှိသည့် ၀င်ငွေထက် လွယ်ကူပြီး ပမာဏများပြားသော ၀င်ငွေကို ပို၍မက်မောခဲ့သဖြင့် ဟန်ပြအနှိပ်ခန်းတစ်ခုသို့ ထပ်ပြောင်းလာခဲ့ခြင်း ဖြစ်သည်ဟု သူမက၀န်ခံခဲ့သည်။
ကျန်းမာရေးအနှိပ်ခန်းများသို့ လာရောက်ကြသည့် အမျိုးသားများမှာ လူလတ်ပိုင်းများက ပိုမိုပြီး ဟန်ပြအနှိပ်ခန်းသို့ လာရောက်ကြသူများမှာတော့ အရွယ်စုံပင်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးသီးသန့် အနှိပ်ခန်းများသို့ တစ်ခါတစ်ရံတွင် အညောင်းမိသူ အမျိုးသမီးတချို့ပါ လာရောက်လေ့ရှိကြသည်ဟု အနှိပ်ခန်းမန်နေဂျာတစ်ဦးက ဆိုသည်။
တကယ်သွားရောက်ခဲ့ဖူးသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကလည်း “ကျွမ်းကျင်မှုအားနည်းတယ်။ နောက်အဆိုးဆုံးကတော့ သူတို့ရဲ့အတွင်းရေးကို အော်ကြီးဟစ်ကျယ်ပြောတာပါ။ အဲဒါမလုပ်ရဘူး။ အစ်မတို့က ပင်ပန်းတာလာဖြေတာ။ စိတ်ညစ်ညူးစရာကို မပြောရဘူး”ဟု ပြောပြသည်။
“အညောင်းအညာပြေချင်လို့ သွားတာ။ ကျန်းမာရေးအရလည်း သွေးလေလှည့်ပတ်မှုမှန်အောင် အနင်းအနှိပ်ခံရမယ်လို့ အကြံပြုချက်တွေရှိတယ်။ဒါပေမဲ့ ဒီထဲမှာပဲ တချို့ကလည်း ကောင်မလေးတွေနဲ့ လိင်ဆက်ဆံမှုအဆင့်အထိ မရောက်တဲ့ အီစီကလီအဆင့်ကို အရသာခံချင်လို့ သွားတာလည်း ပါမှာပေါ့”ဟု ကျန်းမာရေးသီးသန့် အနှိပ်ခန်းများကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်သွားရောက်လေ့ရှိသည့် ကုမ္ပဏီလုပ်ငန်းခွင်တစ်ခုမှ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကလည်း ပြောသည်။
ပြည့်တန်ဆာလုပ်ငန်းများသာ တရားဝင်ဆောင်ရွက်ခွင့် ရရှိလာပါက အနှိပ်ခန်းနှင့် အလှပြင်ခန်းများ သဏ္ဌာန်ရုပ်ဖျက် လုပ်ကိုင်စရာ မလိုတော့ဘဲ ကျန်းမာရေးအနှိပ်ခန်းများနှင့် သီးခြားစီ ကွဲပြားသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ကျန်းမာရေးအနှိပ်ခန်းများသည်လည်း အမြင်တင့်တယ်လာလိမ့်မည်ဟု အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
“တရားဝင်လုပ်တော့မယ်လို့ ပြောသံကြားတယ်။ သမီးတို့အနှိပ်ခန်းမှာလည်း ၀န်ထမ်းတွေကို သေချာလေ့ကျင့်ပေးပြီး သင်တန်းဆင်းလက်မှတ်လိုမျိုး ထုတ်ပေးမယ်လို့ ပြောထားတယ်။ ဘယ်တော့လဲတော့ မသိဘူး”ဟု ကျန်းမာရေးအနှိပ်ခန်းမှ အသက် ၁၈ နှစ်အရွယ် စံပယ်ကပြောသည်။
သူမတို့အကြောင်းကို မေးမြန်းစူးစမ်းတတ်သည့် ဧည့်သည်တွေကို စိတ်လိုလက်ရရှိပါက အမှန်အတိုင်းပြောပြတတ်ပြီး များသောအားဖြင့်တော့ စိတ်ထဲပေါ်ရာ ဇာတ်လမ်းများကို ပြောပြလိုက်တတ်သည်ဟု ခတ္တာက ခပ်ပြုံးပြုံးပြောပါသည်။ ပြီးတော့ ခတ္တာဆိုတာက သူမ၏အမည်ရင်း မဟုတ်ဘဲ အမည်သစ်ပေးထားခြင်း ဖြစ်သည်။ အနှိပ်ခန်းနှင့် အလှပြင်ခန်းများမှ မိန်းကလေးအားလုံးလိုလိုသည် မိမိတို့၏ အမည်ရင်းများကို အမည်လှလှလေးများဖြင့် အစားထိုး ပြောင်းလဲထားတတ်ကြသည်သာ ဖြစ်သည်။
ဟန်ပြအနှိပ်ခန်းများ၏ နောက်ကွယ်တွင် ဇာတ်လမ်းများစွာ ရှိပါသည်။ ဇာတ်လမ်းများသည် သမားရိုးကျ ဖြစ်ကောင်းဖြစ်ပါမည်။ တစ်နေ့နှင့်တစ်နေ့ မရိုးမထပ်စေရသော ဇာတ်လမ်းများလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ထိုဇာတ်လမ်းများက အညောင်းမိသူတို့ကို ပျော်ရွှင်မှုပေးရန် ညစဉ်စောင့်ဆိုင်းနေကြမည်သာ ဖြစ်ပါသည်။
ခတ္တာသည် ဧည့်သည်ရှင်းချိန်တွင် သူမ၏ အ၀တ်သေတ္တာငယ်ထဲမှ ငွေစက္ကူတချို့ကို တစ်ရွက်ချင်း ရေတွက်နေမိသည်။ သူမသုံးစွဲရန် အနည်းငယ်ဖယ်ပြီးပါက နယ်မြို့လေးမှ အမေနှင့် မောင်လေးတို့ဆီ ပို့ပေးရမည့် ပမာဏကိုလည်း စိတ်မှန်းဖြင့် တွက်ချက်ကြည့်လိုက်ပြီး အသက်ကို၀၀ ရှူသွင်းလိုက်သည်။ ထိုအခိုက်မှာပင် ဧည့်ကြိုကောင်တာဆီမှ သူမ၏အမည်ကို လှမ်းခေါ်လိုက်သောအခါ သေသေသပ်သပ်စီထားသော ငွေစက္ကူထပ်ကို သေတ္တာထဲ အမြန်ထိုးထည့်လိုက်ပြီး ခတ္တာတစ်ယောက် ဧည့်ခန်းဆီသို့ သွက်လက်ပေါ့ပါးစွာ ထွက်လှမ်းသွားလေသည်။

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment