ဆရာဝန်နဲ့လူနာကြားက သင်ခန်းစာများ(၂)
အသည်းအထူးကု ပေးထားတဲ့ Rivabrin ဆေးကို အကုန်မသောက်ဘဲ လျှော့သောက်တာကို
မိသားစုဝင်တွေက ဆေးကျန်တွေ လူနာဝှက်ထားတာကို တွေ့မှ သိကြတယ်။ စီပိုးရှိ
အဲ့ဒီလူနာက တွန်းလှည်းနဲ့ သွားနေရသူပါ။ ဒီနေရာမှာ
"ခင်ဗျားသောက်ကိုသောက်ရမယ်" လို့ ကျနော် သွားကြိမ်းမောင်းလို့ ရပါတယ်။
တကယ်တော့ ဒီလိုမျိုး ငယ်ငယ်က လုပ်လေ့ရှိတာပါ။ "ခင်ဗျားက ဘာသိလို့လဲ၊
ဆရာဝန်တွေက သိလို့ တတ်လို့ ဆေးတွေပေးတာကိုး၊ ခင်ဗျားသေသွားချင်လို့လား"
စသည်ဖြင့် မိုးကိုမွှန်သွားမှာပဲ။
ကျနော်သွားတွေ့ပါတယ်။ သွားမတွေ့ခင်မှာ လူနာအပေါ် မေတ္တာစိတ်မွေးနိုင်ဖို့
ကြိုးစားရပါတယ်။ "အော် သူ့ခဗျာ မသိနားမလည်လို့ လုပ်ရှာတာပဲလေ" လို့
တွေးရပါတယ်။
နားမလည်သူကို မြင့်မြတ်ရင့်ကျက်တဲ့လူတစ်ယောက်ရဲ့
ရှုဒေါင့်ကနေ ကြည့်မြင်ဖို့ အရေးကြီးပါတယ်။ သားသမီးကို မိဘက အမြဲ
အပြစ်မမြင်သလိုမျိုးပေါ့ဗျာ။
"လူနာတွေက ရှည်ကို ရှည်တယ်။ သူတို့ကိုယ်သူတို့ လူတတ်ကြီး လုပ်ကြတယ်"
ဆိုတဲ့ဖက်က တွေးလိုက်ရင်တော့ လူနာအပေါ် ဒေါသထွက်လာမှာပါ။
မေတ္တာစိတ်မွေးတယ်ဆိုတာ တကယ်တော့ မလွယ်လှပေမဲ့ ကြိုးစားယင်း အကျင့်ရလာ
ပါရမီရင့်သန်လာမှာပါ။ ဘုရားဖြစ်ဖို့ လေးအသင်္ချေကမ္ဘာတစ်သိန်း အကျင့်ကောင်းတွေ
ကျင့်သလောက် မခက်ပါဘူး။
ကျနော်။ - ။ ခင်ဗျား Rivabrin တွေကို လျှော့လျှော့သောက်နေတယ်ဆို။ ဘာလို့လျှော့သောက်တာတုန်းဗျ။
လူနာ။ - ။ ဆရာ - အဲဒါတွေက သောက်ရင် နုံးတယ်ဆရာ။
ကျနော်။ - ။ အသည်းရောင်ရောဂါကိုယ်၌က နုံး တတ်တာမျိုးဗျ။ ဆေးကြောင့်နုံးတယ်ဆိုတာ ခင်ဗျားဖက်က သေချာရဲ့လား။
(ခင်ဗျားက ဘာသိလို့ ဆေးကြောင့်နုံးတယ်လို့ ပြောရတာတုန်း၊ ခင်ဗျားက
ဆေးကျောင်းတက်ထားလို့လား - လို့ မေးခဲ့ဖူးတာပါ။ ဒီလို ထိပ်တိုက်ရင်ဆိုင်
Confrontation လုပ်ရင် လူနာနဲ့ ဆရာဝန်ဆက်ဆံရေး ပျက်ပါပြီ။)
သူတွေသွားတာကို ကြည့်ရင်း ခဏစောင့်ရပါတယ်။ သူအာရုံပြန်စိုက်လာတော့ ဆက်ရပါတယ်။
လူနာ။ - ။ ၂၄လုံး ခြောက်လပြည့်တော့ ပြန်စစ်တော့ ပိုးမရှိတော့ဖူးလေ။ လျှော့သောက်တော့ သွေးနီဥအားနည်းတာ သက်သာမှာပေါ့။
ကျနော်။ - ။ ဒါဆို ဆရာကြီးက ဘာလို့ လျှော့မပေးဘဲ အများကြီးတိုက်တယ်လို့ ခင်ဗျားထင်သလဲ။
(မျက်လုံးကို မျက်တောင်မခတ် တည့်တည့်စိုက်ကြည့်ပြီး မေးရပါတယ်)
လူနာ။ - ။ ပေးဖို့ လိုအပ်လို့ နေမှပေါ့။
ကျနော်။ - ။ ဟုတ်တယ်။ ခင်ဗျားရဲ့ ကိုယ်အလေးချိန် ပိုးအမျိုးအစားအရ
သူ့ပညာနဲ့ ဆုံးဖြတ်ပြီး ဆေးကို ပေးထားတာ။ အခုလို လျှော့သောက်နေတော့
ခင်ဗျားမှာ ဘာဆိုးကျိုးတွေ ဆက်ဖြစ်နိုင်သလဲ။
(ထုံးစံအတိုင်း စူးစူးစိုက်စိုက် ကြည့်ပြီး မေးရတာမျိုးပါ။)
လူနာ။ - ။ ရောဂါမပျောက်ဘဲ ဖြစ်နိုင်တယ်ဆရာ။
ကျနော်။ - ။ အပြည့်သောက်ရင် နုံးတယ်၊ သွေးအားနည်းတယ်၊ လို့ ခင်ဗျားက
ပြောတယ်။ နုံးတာက စီပိုးကုတဲ့ ကာလ ၁ နှစ်ပဲ မဟုတ်ဘူးလား။ တစ်နှစ်ပြည့်လို့
ဆေးရပ်ရင် ပြန်မသက်သာဘူးလား။ သွေးအားနည်းတာလည်း Hemapo သွေးအားတိုးဆေးတွေ
ထိုးရင်ပြန်တက်တာလာတာပဲဟာ။
(သူစဉ်းစားနေတာကို စောင့်ဖို့ စက္ကန့်ပိုင်းလောက် စောင့်ပါတယ်။)
ကျနော်။ - ။ ဆေးလျှော့သောက်လို့ ရောဂါမပျောက်တာရယ်။ ဆေးအပြည့်သောက်လို့
တစ်နှစ်လောက် နုံးတာ၊ သွေးအားနည်းတာရယ် ၂ လမ်းရှိတယ်။ ခင်ဗျား ဘယ်ဟာကို
ရွေးချင်သလဲ။
(သူစဉ်းစားနေပြီးမှ)
လူနာ။ - ။ကျနော် ဆေးအပြည့်သောက်ပါတော့မယ်ဆရာ။
လူနာဇနီးက ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။ ကျနော်နားလည်တဲ့ ကျင့်သုံးတဲ့ Counseling ဆိုတာ ဒါမျိုး။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment