"ခုခေတ်ကြီးမှာ အီးမပါရင် အလုပ်မဖြစ်တော့ဘူးဗျ"
ဟု သူက အရင်းမရှိ အဖျားမရှိပြောရင်း စားပွဲမှာ ၀င်ထိုင်သည်။
ကျွန်တော်တောင် သူ့စကားကို ရုတ်တရက် နားမလည်ဘဲ ကြောင်သွားသေးသည်။ ပြီးမှ
သဘောပေါက်သည်။ လက်ဖက်ရည်ဆိုင် မှာထိုင်နှင့်ပြီးသားဖြစ်သော
ဆိုက်ကားဆရာနှင့် ဇင့်အရည်ကျို လုပ်ငန်းလုပ်သူတို့ကတော့ သူ ဘာဆိုလိုမှန်း
နားမလည်။
သူတို့အတွေ့နှင့်သူတို့...
"ဒါတော့ ခင်ဗျားပြောမှလားဗျ။ ၀မ်းချုပ်ရင် နေမကောင်းဖြစ်မှာပေါ့။
ဒါကြောင့် ၀မ်းတစ်လုံးကောင်း ခေါင်းမခဲဆိုတဲ့ စကားတောင် ပေါ်လာသေးတာပဲ"
ဟု ဆိုက်ကားဆရာက ပြော၏။ သူက ဗဟုသုတနည်းရန်ကော ဆိုသောပုံစံဖြင့်ကြည့်ရင်း စုတ်တစ်ချက် သပ်လိုက်စဉ် ဇင့်အရည်ကျိုသမားက
"မှန်တယ်ဗျ၊ ဒါကြောင့် ကျွန်တော်တော့ တစ်ပတ်တစ်ခါ ၀မ်းနှုတ်တယ်"
"၀မ်းနှုတ်တာလဲ အရမ်းနှုတ်လို့မရဘူးဗျ။ ရာသီဥတုက ပူလွန်းတယ်။ ၀မ်းနုတ်ဆေး ခပ်ပျော့ပျော့ကိုပဲ သုံးသင့်တယ်"
ဟိုနှစ်ယောက်က စိတ်ကူးတည့်ရာတွေ စွတ်ပြောနေသည်။ သူက ခေါင်းကို ရမ်းခါနေပြီးမှ
"ခင်ဗျားတို့ကလည်း စကားတော့ဆုံးအောင် နားမထောင်ဘူး။ ကျွန်တော်ပြောတဲ့
အီး ဆိုတာက အီလက်ထရွန်းနစ်ကို ပြောတာဗျ။ တီဗွီတို့၊ ဗီဒီယိုတို့၊
ကွန်ပျူတာတို့ဆိုတာ အီလက်ထရွန်းနစ်ပစ္စည်းတွေပေါ့။ ဒီကနေ့ လူနေမှုဘ၀မှာ
အီလက်ထရွန်းနစ် ပစ္စည်းနဲ့ကင်းပြီး နေလို့မရတော့ဘူး။ ဒါကြောင့် အီးမပါရင်
အလုပ်မဖြစ်တော့ဘူးလို့ ပြောတာ။ ဟုတ်တယ်မဟုတ်လား စာရေးဆရာ"
ဟု ကျွန်တော့်ဘက်လှည့်ပြီး အတည်ပြုချက် ရယူသည်။ ကျွန်တော်က ဟုတ်ပါတယ်ဟု ထောက်ခံလိုက်ရ၏။
သူသည် လက်ဖက်ရည်ဆိုင်မှာ လာလာသောက်နေကျ စကားပြောဖော်တစ်ဦးဖြစ်၏။
ဘာအလုပ်လုပ်သလဲတော့ သေသေ ချာချာမသိ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု၊ ဒါမှမဟုတ်
ကိုယ်စားလှယ်ပွဲစားလုပ်ပုံရသည်။ စာဖတ်တာတော့ ၀ါသနာပါသည်။ များသော အားဖြင့်
မဂ္ဂဇင်းဂျာနယ်တွေ ဖတ်လေ့ရှိ၏။ ထို့ကြောင့် ကျန်နှစ်ယောက်ထက် ဗဟုသုတအရာမှာ
သာသည်။ ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်က အပြန်အလှန်ပြောကြပြီး
ကျန်နှစ်ယောက်က ပါးစပ်အဟောင်းသား နားထောင်နေကြသည်။
ခုချိန်မှာခေတ်စားနေသော အီလက်ထရွန်းနစ်စာပို့စနစ်ကို အီးမေးလ်ဟု
ခေါ်သည်။ စာတစ်စောင်ထည့်ဖို့အတွက် စာရေး၊ စာအိတ်ထဲ ထည့်ပိတ်၊
တံဆိပ်ခေါင်းကပ်။ (တံဆိပ်ခေါင်းမှာ အသင့်ပါသည့်ကော်က မကောင်းလျှင်
ကော်ဘူးရှာ၊ ထမင်းလုံး၊ မုန့်ဟင်းခါး ဖတ်ရှာကပ်) လိပ်စာရေး၊
စာတိုက်ပုံးထဲထည့်၊ စာသိမ်းတဲ့လူကသိမ်းပြီး စာတိုက်မှာ တံဆိပ်တုံးထု၊
သက်ဆိုင်ရာစာတိုက်ကိုပို့၊ စာပို့ လုလင်က အိမ်ကိုသွားပို့ စသည်ဖြင့်
သမားရိုးကျနည်းမှာ အဆင့်တွေများလွန်းသည်။
အီးမေးလ်ကျတော့ သိပ်မြန်၊ သိပ်လွယ်သည်။ ရေးချင်တဲ့စာကို
ကွန်ပျူတာထဲထည့်ရိုက်ပြီး အင်တာနက်ကတစ်ဆင့် ပို့လိုက်ရုံပဲ။ (ကိုယ့်ဆီမှာ
နောက်ဆုံးပေါ်ကွန်ပျူတာတစ်လုံးရှိဖို့နဲ့
အင်တာနက်နဲ့ချိတ်ဆက်ထားနိုင်ဖို့တော့ လိုတာပေါ့)
နောက်တစ်ခုက အီးကောမတ်စ်ဟုခေါ်သည့်
အီလက်ထရွန်းနစ်စီးပွားရေးကုန်သည်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းရှင်တွေ
စီးပွားရေးအကြောင်း ဆွေးနွေးနိုင်သည်။
ကုန်ပစ္စည်းနှင့်ပတ်သက်သောအချက်အလက်တွေ ဖလှယ်နိုင်သည်။ စုံစမ်းနိုင်သည်။
ဈေးစကားပြော ညှိနှိုင်းနိုင်သည်။ အရောင်းအ၀ယ်စာချုပ် ချုပ်နိုင်သည်။
ဒါတွေအားလုံး ကွန်ပျူတာရှေ့မှာ ထိုင်ပြီး လုပ်ရုံပဲ။
တချို့နိုင်ငံတွေမှာ အင်တာနက်မှဈေးဝယ်သည့်စနစ် ခေတ်စားနေသည်။
ကုန်ပစ္စည်းတစ်ခုအကြောင်းကို ကွန်ပျူတာက တစ်ဆင့် အသေးစိတ်စုံစမ်းနိုင်သည်။
ဝယ်ချင်လျှင်လည်း ကွန်ပျူတာကတစ်ဆင့် ၀ယ်နိုင်သည်။ ကျသင့်ငွေကိုလည်း
ကိုယ့်ဘဏ် စာရင်း သို့မဟုတ် ခရက်ဒစ်ကတ်ထဲက အလိုအလျောက်
ခုနှိမ်လိုက်လိမ့်မည်။ မကြာခင်မှာပင် ထိုပစ္စည်းကို အိမ်တိုင်ယာရောက်
လာပို့ပေးလိမ့်မည်။
အီးအက်ကျူကေးရှင်းဆိုတာလည်း ရှိသေးသည်။ တက္ကသိုလ်ပညာအပါအ၀င်
ကျောင်းသင်ခန်းစာများကို အီလက်ထရွန်းနစ် နည်းပညာဖြင့် ပို့ချပေးခြင်းဖြစ်၏။
ဗဟိုသင်ကြားရေးဌာနမှ ပို့ချသောသင်ခန်းစာများကို တစ်ပြည်လုံးရှိ
သတ်မှတ်ထားသောစခန်းများမှ တိုက်ရိုက်ကြည့်ရှုသင်ယူနိုင်သည်။
မရှင်းတာရှိလျှင် လှမ်းမေးလို့ရသည်။ စာသင်ချိန်မှာ ကိုယ်ကမအားလျှင်လည်း
ဗွီဒီယိုခွေနှင့်ကူးယူထားပြီး အချိန်ရမှ ပြန်ဖွင့် လေ့လာလို့ရသည်။
ဆရာတစ်ယောက်တည်းက ကျောင်းသားပေါင်းများစွာ၊ စာသင်ခန်းပေါင်းများစွာကို
တစ်ပြိုင်နက်ပို့ချနိုင်သည်။ ဝေးလံခေါင်ဖျားသောဒေသများမှ
ကျောင်းသားများအနေဖြင့် ကျောင်းကို သွားတက်စရာမလိုဘဲ အဆင့်မြင့်ပညာရပ်များ
သင်ကြားခွင့်ရလာသည်။ အလွန်ထိရောက်သော သင်ကြားရေးစနစ်ဖြစ်၏။ နောက်ဆိုလျှင်
ကိုယ့်အိမ်က ကွန်ပျူတာကတစ်ဆင့် ပညာသင်ချင်သင်လို့ရသောအခွင့်အရေးရှိလာမည်။
အီးဘွတ်ခ်ဆိုတာကတော့ စာအုပ်အရွယ်အစားခန့်ရှိသော ကိရိယာလေးဖြစ်၏။
သူ့ထဲမှာ စာမျက်နှာထောင်ပေါင်းများစွာကို သိုလှောင်ပေးထားသည်။
ကိုယ်ဖတ်ချင်တာကို ခလုတ်နှိပ်ရှာပြီး ဖန်သားပြင်ပေါ်မှာ
ဖတ်လိုက်ရုံပင်ဖြစ်၏။ ညဘက်ဖတ်ဖို့ မီးလည်း ပါသည်။ မဖတ်ချင်ဘူး
နားပဲထောင်ချင်တယ်ဆိုလည်း အီးဘွတ်ခ်က အသံထွက်ဖတ်ပြပေးလိမ့်မည်။
ခုချိန်မှာ သတင်းစာတွေကို အင်တာနက်မှတစ်ဆင့် ဖတ်ရှုလို့ရနေပြီဖြစ်၏။
မကြာခင်မှာ ဒီထက်တစ်ဆင့်တက်လာမည်။ သတင်းဌာနတစ်ခုသို့
နှစ်စဉ်ကြေးသွင်းထားလိုက်လျှင် တစ်ကမ္ဘာလုံးဖြစ်ပျက်နေသမျှ
သတင်းအချက်အလက်များကို မိမိ၏ ကွန်ပျူတာထဲသို့ အဆက်မပြတ်ပေးပို့
ထည့်သွင်းပေးထားလိမ့်မည်။ ကိုယ်ဖတ်ချင်တဲ့အချိန်မှာ ခလုတ်နှိပ်ပြီး
ဖတ်လိုက်ရုံပဲ။ ရောင်စုံသတင်းဓာတ်ပုံတွေပါ ကြည့်ရမည်။
သတင်းမှတ်တမ်းဗွီဒီယိုတွေပါ အချိန်နှင့်တစ်ပြေးညီ ပို့ပေးလိမ့်မည်။ ဒါကို
အီးသတင်းစာဟု ခေါ်ကြလိမ့်မည်။
အနာဂတ်စစ်ပွဲများသည် ခုလိုသေနတ်တွေနဲ့ ဒုံးကျည်တွေနဲ့ပစ်၊
လေယာဉ်တွေနဲ့ဗုံးကြဲ၊ ရေငုပ်သင်္ဘောတွေနဲ့ ခိုးကြောင်
ခိုးဝှက်တိုက်ခိုက်တာမျိုးမဟုတ်တော့။ ရန်သူနိုင်ငံ၏
ဆက်သွယ်ရေးကွန်ယက်တွေကို ဖြတ်တောက်ဖျက်ဆီးပစ်နိုင်သူက စစ်ပွဲကို
အောင်မြင်သူဖြစ်လာမည်။ ဒါမျိုးကို အီးစစ်ပွဲဟု သတ်မှတ်ကြလိမ့်မည်။
"သြော်...ဒါကြောင့်လဲ အီးမပါရင် အလုပ်မဖြစ်တော့ဘူးလို့ ပြောတာကိုး။ အနာဂတ်ကမ္ဘာကြီးမှာ အီးတစ်လုံးဆောင်မှ အောင်မယ့်သဘောပေါ့"
ဟု ဇင့်အရည်ကျိုဆရာက မှတ်ချက်ပေးသည်။ ဆိုက်ကားဆရာကတော့..
"အေးဗျာ၊ နောင်တစ်ချိန်ကျရင် အီးဆိုက်ကားဆိုတာ ပေါ်လာမလား မသိဘူးဗျာ"
ဟု တမ်းတမ်းတတပြော၏။ ကျွန်တော်လည်း "ပေါ်ချင်ပေါ်လာမှာပေါ့ဗျာ"ဆိုပြီး
အလိုက်အထိုက်ပြောရင်း နှစ်သိမ့်လိုက်သည်။ သူ့ကို ဗဟုသုတနည်းလှသည်ဟု
လှောင်ပြုံးပြုံးလို့မဖြစ်။ တစ်ချိန်ချိန်မှာ သူပြောတဲ့အတိုင်း
ဖြစ်မလာဘူးဟု တစ်ထစ်ချ မဆိုနိုင်။ လွန်ခဲ့သောနှစ်အနည်းငယ်အချိန်ထိ
ဗီရိုတစ်လုံးစာနီးပါးလောက် နေရာယူခဲ့သော စွယ်စုံကျမ်းအတွဲအစုံလိုက်ကို
ခုခါမှာ အချိုပန်းကန်ပြားအရွယ်လောက်သာရှိသည့် စီဒီရွမ်ဓာတ်ပြားလေးထဲမှာ
ထည့်ထားနိုင်ပြီမဟုတ်လား။
ဆိုက်ကားဆရာ၏စကားနှင့်ဆက်စပ်ပြီး ကျွန်တော်လည်း စိတ်ကူးကြည့်မိသည်။
နောင်တစ်ချိန် စာပေနယ်မှာလည်း အီးတွေ တွင်ကျယ်လာနိုင်သည်။ အီဝတ္ထု၊ အီးကဗျာ၊
အီးဆောင်းပါး၊ အီးအက်ဆေး၊ အီးပန်းချီ၊ အီးကာတွန်း စသည်ဖြင့်
ပေါ်ပေါက်လာနိုင်သည်။ စာပေပုံသဏ္ဍာန်တွေအနေနှင့်လည်း အီးသရုပ်ဖော်၊
အီးသရုပ်မှန်၊ အီးမော်ဒန်ဟူ၍ ကိုယ်သန်ရာလိုင်းကို လိုက်ကြမည်။
အီးဝေဖန်ရေးကလည်း လက်စောင်းထက်နေလိမ့်မည်။
အီးမဂ္ဂဇင်း၊ အီးဂျာနယ်များကိုလည်း အီးဒီတာများက တည်းဖြတ်ထုတ်ဝေကြမည်။
မဂ္ဂဇင်း၊ ဂျာနယ်တို့၏ အမည်များမှာလည်း အီးအမြူတေ၊ ရုပ်ရှင်အီးကဗျာ၊
အီးလင်းတန်း၊ အီးတွေးသစ်ဟူ၍ ဖြစ်လာမည်။ ကလောင်နာမည်တွေကိုလည်း ချစ်အီးညို၊
ဆောင်းအီးလတ်၊ အီးကိုရဲ၊ တာရာအီးဝေ စသည်ဖြင့် မှည့်ခေါ်ကြလိမ့်မည်။
ကျွန်တော့်နာမည်ကိုပင် "အီးလူ"ဟု ပြောင်းသင့် ပြောင်းရပေလိမ့်မည်။
အတွေးသစ်ဂျာနယ်
၁/၃၈ (၁-၅-၂၀၀၁)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment