အယ်ဒီတာရှင့်
ကျွန်မက ဒေါ်လာ နည်းနည်းစားတဲ့ ဝန်ထမ်း တစ်ဦးပါ။ ဒီခေတ်မှာ ဒေါ်လာစားတွေက
ထူးပြီး အထင်ကြီးစရာ မဟုတ်တာကြောင့် ကြွားတယ်လို့ မထင်စေလိုပါ။ လစာရတာနဲ့
လက်ထဲမှာ သုံးစရာ မရှိတော့တာမို့ ရှိစုမဲ့စု ဒေါ်လာလေးကို ကျစ်ကျစ်ပါအောင်
ကိုင်ပြီး (တကယ်တော့ ဒေါ်လာက ကျစ်ကျစ်ပါအောင်လို့ ပြောလို့ မရလှပါဘူး။
ကြေသွားရင် ပြဿနာ မသေးလှလို့ပါ။ ကောင်းကောင်းကိုင် သွားတယ် ဆိုပါတော့။)
တရားဝင်ရတဲ့ လစာကို တရားဝင်လဲဖို့ သိမ်ဖြူငွေလဲ ကောင်တာကို တကူးတက
သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းရင်းကလည်း ခါတိုင်း လဲနေကျ နေရာက
ကောင်တာထက် ရှစ်ကျပ်လောက် လျော့နေတာက တစ်ကြောင်း၊ (တကယ်တော့ ဗဟိုဘဏ်ရဲ့
ငွေလဲနှုန်းက ဒီနေ့ ၈၆၂ ကျပ်၊ ကောင်တာမှာက ၈၅၅ ကျပ်၊ မှောင်ခိုဈေးက ၈၄၇
ကျပ်) အနီးအနား ဘဏ်က တစ်ရက်ကို ၂၀၀ ထက် ပိုမလဲပေးဘူး ပြောတာက
တစ်ကြောင်းကြောင့်မို့ သိမ်ဖြူကို အဖော်တစ်ယောက်နဲ့ အတူတူ သွားခဲ့ပါတယ်။
ကောင်တာကို ကားငှား သွားတာ အသွား ၁၅ မိနစ်လောက် ကြာပါတယ်။ ခဏနေ အပြန်
ဘယ်လောက်ကြာလဲ ပြောပါ့မယ်။
ကောင်တာလည်း ရောက်ရော ဒီနေ့
ငွေလဲစနစ်ကိုကြည့်ပြီး သြော်... လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာခက်ခဲ၊
ဒေါ်လာလဲမလား ကြံတယ်၊ အံ့သြလွန်း မက အံ့သြရပါရဲ့၊ ကယ်ကြပါငှဲ့ အရပ်ကတို့
လို့သာ အော်လိုက်ချင်စိတ် ပေါက်မိရင်း ပေါက်နေတာ ကြောင့် အယ်ဒီတာ့ထံ စာရေး
ရင်ဖွင့်ရပါတော့တယ်။
ကောင်တာ စုစုပေါင်းက ခြောက်ကောင်တာရှိတယ်
ထင်ပါတယ်။ မှားသွားမလားတော့ မသိဘူး။ တစ်ကောင်တာကို ဒေါ်လာတစ်ရာပဲ လဲပေးသတဲ့။
ငွေလဲရတာက ဒီလို။ လဲချင်ရင် ပုံစံဖြည့်ပြီး မှတ်ပုံတင် ဒါမှမဟုတ်
ဝန်ထမ်းကတ်က ထားခဲ့ရတယ်။ ပြီးတော့မှ တစ်ယောက်စီ နာမည်ခေါ်ပြီး လဲပေးတယ်။
ဘဏ်အပေါ်မူတည်ပြီး အနှေးအမြန် ကွာတယ်။ ရှိနေတဲ့ ဘဏ်ခြောက်ခုထဲမှာ တချို့က ၁ဝ
မိနစ်နဲ့ရတယ်။ တချို့က ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ကြာတယ်။ ဘဏ်တစ်ခုက
အင်မတန်ကောင်းတယ်။
ရှိနေတဲ့ဝန်ထမ်း တွေအားလုံး တစ်ယောက်တစ်မျိုး
စနစ်ကျကျလုပ်သွားတာ ဘယ်လောက်မှ မကြာဘူး။ တခြားဘဏ်တစ်ခုကကျတော့
ဘဏ်လုပ်ငန်းမို့ တော်တော့တယ်။ ဝန်ထမ်းက ဒါလောက်များပြားတဲ့
သူတို့ရှေ့လူတွေကို ဝန်ဆောင်မှုပေးနေတာ။ တစ်ကမ္ဘာလုံးအချိန် သူပိုင်တဲ့
အတိုင်း။ မြန်မြန်ဆန်ဆန် လုပ်နေမကျလို့လား၊ နိစ္စဓူဝလုပ်နေရလို့
ငြီးငွေ့နေသလားမသိ။ အဲဒီမှာ စောင့်လိုက်ရတာ တမေ့တမြော။ နောက်ဘဏ်တစ်ခုကျတော့
ဘေးနားကဝန်ထမ်းတွေ ဘာလုပ်နေသလဲမသိ။ ပုံစံကောက်တဲ့ ဝန်ထမ်းကတော့
သူတစ်ယောက်တည်း အလုပ်များတဲ့ကြားထဲ စာတစ်လုံးရေးဖို့အရေး
သူ့နှာခေါင်းပွတ်နေတာ သုံးခေါက်နဲ့ မကြာသင့်တာကြာပြန်ရော။ ဝန်ထမ်းကတ်နဲ့
မှတ်ပုံတင်နှစ်ခုလုံးပါတဲ့ သူငယ်ချင်းက ကောင်တာနှစ်ခုမှာ တစ်ပြိုင်တည်း
ပုံစံဖြည့်ထား၊ ငွေလဲပေးတဲ့အထိ စောင့်လုပ်နိုင်တယ်။ ကောင်တာတစ်ခုမှာ
ပျမ်းမျှ အနည်းဆုံး ၁၅ မိနစ်ကြာလိုက်တာ ဒေါ်လာ ၃၀၀ လောက်လဲပြီးတာနဲ့ ၁ နာရီ
၄၅ မိနစ်ရှိသွားပြီ။
နောက်ဆုံးဘဏ်မှာ လဲတာ ကံကောင်းချင်တော့
ဘဏ်မပိတ်ခင် သီသီလေး နောက်ထပ် တစ်ရာလဲ လိုက်ရတယ်။ အဲဒါနဲ့ ကျွန်မလည်း
မေးကြည့်တယ်။ တစ်နေ့ တစ်ရာ စနစ်က နေ့တိုင်းလား မေးတော့ မဟုတ်ဘူး။ လိုသလို
ဝယ်ပေးပါတယ်တဲ့။
ဆိုလိုတာက ဒီနေ့ သိပ်မလိုလို့ တစ်ရာပဲ ယူတာပေါ့။
အောင်မယ်လေး။ ငွေလဲကောင်တာက လိုတစ်မျိုး မလိုတစ်မျိုး အလုပ်လုပ်နေတာလား။
လူတွေ အဆင်ပြေအောင် လဲခွင့် မရဘူးလား။ ကျွန်မရဲ့ မမီတဲ့ဥာဏ်နဲ့
တွေးမိပါတယ်။ တရားဝင် ရတဲ့ငွေကို တရားဝင် ရောင်းချင်တာ ဘာလို့
ရောင်းချင်သလောက် ရောင်းလို့ မရဘူးလဲ။ အများကြီးလည်းမှ မဟုတ်တာ။
ဘာဖြစ်လို့လဲ။ ဘယ်သူ့မှာ တာဝန် ရှိသလဲ။ ကျွန်မ တကယ့်ကို မစဉ်းစား
တတ်ပါဘူးရှင်။ လူပြိန်း အတွေးတွေးတယ်ပဲ ပြောပြော။ ဒီလိုနည်းပြီး
ဒါလောက်ကြာနေတော့ နောက်ဆို ဈေးနည်းနည်း လျော့ပေမယ့် ကားခနဲ့ ပြန်တွက်ရင်
မှောင်ခိုဆီ သွားတောင် စိတ်ချမ်းသာသေး ဆိုတဲ့ အတွေးဝင်မိတော့ ဒီငွေလဲ
ကောင်တာ ဒီပုံစံအတိုင်းဆို မှောင်ခိုဈေးကို မပပျောက်စေတဲ့ အပြင် အားပေးအား
မြှောက်တောင် ဖြစ်နေမလား တွေးမိပါတယ်။
လေးရာလဲပြီးတာနဲ့ ၂
နာရီကျော်နေပြီမို့ ကိုယ့်ရှိစုမဲ့စုနဲ့ တခြားလူတွေ ပေးလိုက်တာ တွေကို
အိတ်ထဲ အသေအချာထည့်၊ အပြေးအလွှားကားငှားပြီး ပြန်ရတယ်။ ဆလံတကာ့ ဆလံ ...
နောက်ဘယ်တော့ မသွားတော့ဘူးလို့ တွေးပြီး ပြန်အလာ လမ်းမှာလည်း အံ့သြစရာ
တွေ့ရပြန်တယ်။
ရန်ကုန်မြို့ ကားလမ်းပိတ်တာတော့ အထူးတလည် စာဖွဲ့စရာ
မလိုပါဘူး။ သိမ်ဖြူကနေ ရွှေဂုံတိုင် မယုံမရှိပါနဲ့ ၄၅ မိနစ်ကြာ တယ်။
ကြာတာကို စောင့်နေတုန်း လမ်းကြောကျော်ပြီး မောင်းသွားတဲ့ ကားတစ်စီး
ပိတ်နေတဲ့ ကားတွေကို အရေးမလုပ်။ သူ့လမ်းကြော မဟုတ်တဲ့ လမ်းကြောကို
မောင်းလိုက်တာ အားနာမှု၊ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှု မရှိတဲ့အပြင် ဟန်ကျပန်ကျ
ဖုန်းတောင်ပြောနေလိုက် သေး။
ပြည်သူ့ခေတ်က ကောင်းဆက်နိုင်ရဲ့ခေါင်းစဉ်ကို ငှားပြောရရင် ကျွန်မလေ အံ့သြလွန်းလို့ သေတော့မယ်။
သြော် ... စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လို့
ကြွေးကြော်နေတဲ့ ငါတို့တိုင်းပြည် ကြိုးနီ စနစ်တွေ နေ့စဉ်နဲ့အမျှ
ကောင်းမွန်လာရင်များ၊ တို့ပြည်သူတွေလည်း မမှန်တာ လုပ်ရတာ ရှက်ရွံ့တတ်ပြီး
တာဝန်ယူတတ်၊ စည်းကမ်း ရှိတတ်ကြရင်များ ဘယ်လောက် ကောင်းလေမလဲ။
ကိုယ်ကိုယ်တိုင်ကလည်း ဘယ်လို နိုင်ငံသားမျိုးလဲ၊ တို့တွေ ဘယ်လို တိုင်းပြည်
တည်ဆောက် နေကြသလဲ လို့ ဆန်းစစ် တွေးမိပါတော့တယ်ရှင်။
ရွှေပြည်တော်မျှော်နေသူ ပြည်သူတစ်ဦး
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment