၂၀၁၂ နိုဝင်ဘာ ၁၃ ရက် ။
ဘာလိုလိုနဲ့ ပန်ကာအောက်မှာ ထိုင်ပြီးလုပ်ရတဲ့ အလုပ်တခုရဖို့ အစပြုခဲ့တဲ့နေ့ဟာ နှစ်ပေါင်း ၂၀ တင်းတင်း ပြည့်ခဲ့ပြီပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ ခုလိုအချိန်မျိုးမှာ ကျနော်တို့ လူငယ်တသိုက်
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သံလျှက်စွန်းမှာတည်ရှိတဲ့
ဧရာဝတီရေတပ်စခန်းဌာနချုပ် ဘောလုံးကွင်းဘေးက အဆောက်အဦတခုထဲမှာ စာချုပ်တွေ
ကိုယ်စီလက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြရတယ်။
အဲဒီနေ့မတိုင်မီက ဆေးကြီးစစ် ဆိုတဲ့ နောက်ဆုံး ကျန်းမာရေးစစ်ဆေးမှုကိုလည်း ခံယူခဲ့ကြပါတယ်။
ဖိုင်နယ်ဆေးစစ်မှု မအောင်မြင်သူတချို့ မျက်နှာလေးတွေ ရှုံ့မဲ့ရှုံ့မဲ့ နဲ့
လွယ်အိတ်လေးတွေကိုယ်စီလွယ်၊ အိမ်ပြန်ကြတော့မယ်ပေါ့။ လူပေါင်း ၄၀၀ ကျော်
လျှောက်ထားတဲ့အထဲမှာ စစ်စစ်ပေါက်ပေါက် လူ ၉၀ လောက်ပဲ လက်ခံတာဆိုတော့
အရွေးချယ်ခံရသူတွေဟာ ဆန်ကာတင်မဟုတ်တာတောင် ယှဉ်ပြိုင်နိုင်တဲ့
အရည်အချင်းရှိသူတွေလို့ ပြောနိုင်ပါတယ်။
ပထမဆုံး ပဏာမဆေးစစ်တဲ့နေ့ကနေ တဖြည်းဖြည်း လျော့နည်းလာတဲ့ လူဦးရေဟာ
ဖိုင်နယ်ဆေးစစ်တဲ့ နေ့မှာ လူ ၁၅၀ တောင် မပြည့်တော့ပါဘူး။ အဲဒီမှာ
အရည်အသွေးပြည့်မီသူ ၉၀ နဲ့ အရံလူ ၁၀ ဦး ရွေးချယ် လိုက်တယ် ထင်ပါရဲ့။
အရံလူတွေကို ကျနော်တို့က under height လို့ခေါ်ကြတယ်။ သတ်မှတ် ကိုယ်အလေး
ချိန်နဲ့ အရပ်အမြင့် မမီတမီ လူပိန် လူပုလေးတွေထဲက ရွေးထုတ်ထားသူတွေပါ။

အကယ်၍ စံချိန်မီရွေးချယ်ထားသူတွေထဲက လွဲချော်မှုတွေ ရှိခဲ့ရင်
အစားထိုးနိုင်ဖို့ စီစဉ်ထားတာပါ။ တကယ်လည်း စာချုပ်ချုပ်ဆိုတဲ့နေ့မှာ
တချို့ရွေးချယ်ခံ စစ်သည်လောင်းတွေ အချိန်မီ ရောက်မလာတော့ ပါဘူး။ ဒီလိုနဲ့
အရံလူတွေ ထဲက ၅ ယောက်လောက် အစားထိုး ရွေးချယ်လိုက်ရပါတယ်။ ( ခုလောက်ဆို
ကျနော်တို့လူစုထဲက ဓူဝံကြယ် လေမှာလွင့်လို့ လုပ်သက်ရင့် ဆရာကြီးဖြစ်သူတွေ
ဖြစ်နေလောက်ရောပေါ့)
ကျနော့်ကို ပန်ကာအောက် အရောက်တွန်းပို့လိုက်သူတွေကတော့ ကျေးဇူးရှင် ကျွေးသဖခင်နဲ့ အိမ်သူဇနီးတို့ ၂ ဦးပဲ ဖြစ်ပါတယ်။
အဖေက ကျနော့်အစ်ကိုကြီးရဲ့ အလုပ်ကိုသဘောကျပြီး ကျနော့်ကိုလည်း အဲဒီလို
ဖြစ်စေချင်နေတာ။ အစ်ကိုကြီးဟာ ၁၀ တန်းမအောင်ပေမဲ့ မြန်မာ-အင်္ဂလိပ်
လက်နှိပ်စက်သင်တန်းတက်ပြီး နေပူစပ်ခါး မသွားရဘဲ နေရိပ်ထဲက
ပန်ကာတပ်ရုံးခန်းထဲမှာ ငြိမ်းငြိမ်းလေး အသက်မွေးနေရသူမို့လား… ကျနော်က ၁၀
တန်းအောင်ပြီး သားဆိုတော့ အဖေ့အထင်မှာ အစ်ကိုကြီးထက်တောင် သာချင်သာလိမ့်မယ်
အတွေးလည်း ရှိနေပုံရတယ်။
ညီအစ်ကိုရင်းပေမဲ့ စိတ်နေစရိုက်နဲ့ ဗီဇချင်း မတူတာကိုတော့ အဖေ အလေးအနက်
သတိထားမိဟန် မတူ။ အစ်ကိုကြီးက သီးသန့်ကမ္ဘာလေးထဲမှာ အေးအေးလူလူ
သူ့ဖီလင်နဲ့သူ နေတတ်သူ။ ကျနော်က ခပ်စွာစွာ လှုပ်လှုပ်ရှားရှားသမား… လိုအပ်ရင်
ကြီးတော်နွား အလကားကျောင်းပေးဖို့လည်း ဝန်မလေးသူ။
ဇနီးသည်ကတော့ ရပ်ရွာအုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ကျနော်အကြား
ပြဒါးတလမ်းသံတလမ်း ဆက်ဆံရေး အနေအထားကြောင့် ရွာမှာဆက်နေဖို့ ကျနော့်ကို
စိတ်မချနိုင် ဖြစ်နေတာပါ။

အဲဒီအချိန်က ကျနော်ဟာ ရွာမှာ ဆိုးပေတေ အဖော်တွေနဲ့ ပျော်လို့ကောင်းနေတုန်း
ကာလပေါ့။ ရဝတ အာဏာပိုင်တွေရဲ့ မြင်မြင်သူ လူမထင်တဲ့ ဆင်ကန်းတောတိုး
အနိုင်ကျင့်လုပ်ရပ်တွေကို ဆတ်ဆတ်ထိ မခံ တုန့်ပြန်အံတုနေသူတွေဟာ
ရပ်ကျော်ရွာကျော် အဖော်အလှော်ကောင်းတဲ့ ကျနော်တို့အဖွဲ့ပါ။ နိုင်ငံတော်က
လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ဆိုပြီး ကျနော်တို့ နယ်မှာ
မဟာဗျူဟာ အမည်ရှိတဲ့ ကားလမ်း တခုဖောက်တယ်ဗျာ။ ပြည်သူတွေကတော့ မသာဘူတာလမ်း
လို့ တီးတိုး ခေါ်ကြတယ်။
အဲဒီမှာ တနယ်လုံးရှိကျေးရွာတွေက လက်လုပ်လက်စား မုဆိုးမ မကျန် ကိုယ့်စားရိတ်
ကိုယ်စား ရက်ရှည် လုပ်အားပေး လုပ်ခဲ့ရတယ်။ ကျနော်လည်းပါတာပေါ့။ တအိမ်ထောင်
မြေ ၁၀ ကျင်းနှုန်း နဲ့ မြွေဆိုးတွေပေါတဲ့ ကိုင်းတောကွင်းထဲမှာ ၇ ရက်လောက်
ညအိပ်ညဉ့်နေ လုပ်အားပေးကြရတာ။
ဒီလောက်နဲ့ မပြီးသေးဘူးဗျ။ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပြီးဆုံးခါနီးမှာ
မြို့နယ်ဦးစီးမှူးနဲ့ အဖွဲ့ရောက်လာ ပြီး လုပ်ငန်းလိုအပ်ချက်အရ ဆိုကာ
နောက်ထပ် မြေ ၅ ကျင်းစီထပ်တိုး သတ်မှတ်ပေးတယ်ဗျာ။ အဲဒီမှာ လူတွေ ဒေါသ
ထိန်းမရအောင် ဖြစ်လာကြတယ်။ ပါလာတဲ့ စားနပ်ရိက္ခာလည်း ကုန်သလောက်ရှိပြီ။
ပြီးတော့ အိမ်မှာကလည်း လုပ်စရာတွေ တပုံကြီး။ မပြန်မဖြစ် ပြန်ကြရတော့မှာ။
အဲဒါကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး အတင်းလုပ်အားပေးခိုင်းစေတာ။ လူအများစု
ပြန်ချင်ကြတယ်။ ဒါပေမဲ့ မပြန်ရဲဘူး ဖြစ်နေတယ်။ အိမ်ပြန်ရောက်ပြီး
နောက်ကပါလာမယ့် အန္တရာယ်ကို လန့်နေကြတယ်။ အဲဒီအချိန်မှာ ရွာစော်ကဲဖြစ်တဲ့
ကျနော်တို့အဖွဲ့က အခြေအနေကို စတင်ဖောက်ခွဲပြလိုက်တယ်။
‘အားလုံး စဉ်းစားကြပါ။ ဒီအတိုင်းငြိမ်ခံနေရင် အနိုင်ကျင့်မှုတွေက
ဒီထက်ပိုဆိုးလာလိမ့်၊ ခုဟာက ကျနော်တို့ တာဝန်ကျေပြီ။ သူတို့ထပ်ပြီး
မတရားအနိုင်ကျင့်တာ။ ကျုပ်တို့တော့ မလုပ်နိုင်တော့ဘူး။ ပြန်မယ်။ ကြောက်တဲ့
လူတွေ ကျန်ခဲ့ပေတော့’ ဆိုပြီး ကိုယ့်စားအိုးစားခွက်လေးတွေသိမ်း
ပေါက်တူးမှာကုတ်ထမ်းပြီး ကျနော်တို့ လူစွာ လေးငါးယောက် အိမ်ပြန်လမ်းကို
ဦးတည်လိုက်တယ်။
အစပိုင်းမှာ ဘေးကလူတွေ ရပ်ကြည့်နေပြီး ကျနော်တို့
အတော်လေးလှမ်းသွားချိန်မှာ လူတချို့ နောက်ကနေ အော်ဟစ် အသံပြုလိုက်လာကြတယ်။
ကျန်လူတွေလည်း အလုပ်ကို စိတ်မပါ့တပါနဲ့ ဆက်လုပ်နေကြတယ်။ အိမ်ပြန်ရောက်လို့
နောက်တနေ့မှာ ရဲစခန်းက ရဲတွေရောက်လာပြီး ကျနော်အပါအဝင် စတင်လှုံ့ဆော်သူ ၎
ယောက်ကို ဖမ်းသွားတော့တယ်။
ထောင်တော့ မကျလိုက်ပါဘူး။ မြို့နယ်ရဲစခန်းအချုပ်မှာ ၂ ပတ်လောက်နေလိုက်ရတယ်။
ရွာက လူကြီးတွေ လိုက်လာပြီး လွတ်ရာလွတ်ကြောင်း
အမျိုးမျိုးကြံဆောင်ကြတာကြောင့် တနှစ်ခံဝန်ခြေချုပ်နဲ့ ပြန်လွတ်လာခဲ့
ရပါတယ်။
အချုပ်ကလွတ်ပြီးနောက်ပိုင်း ကျနော်နဲ့ ရပ်ကွက်အာဏာပိုင်တွေအကြား
မိတ်ကောင်းဆွေကောင်း ဆက်ဆံရေး ပျက်ပြားသွားတော့တယ်။ သူတို့က
ကျနော်မှာတင်နေတဲ့ တနှစ်ခံဝန်ချုပ်ကို ကိုင်ပြီး ဖိနင်းချင်တယ်။ ကျနော်
ကလည်း သူတို့ လုပ်သမျှ မဟုတ်မမှန်ကိစ္စတွေကို တခုချင်း ဖွင့်ချဖော်ထုတ်တယ်။
တိုက်နယ်ရဲစခန်းမှူးက ကျနော့်ကို မကြာခဏခေါ်တွေပြီး ကျစ်သလိုလို ရစ်သလိုလို
ခြိမ်းခြောက်သလိုလို စကားလုံးတွေနဲ့ ဖိအားပေး လာတယ်။ ကြာလာတော့ ကျနော်
ရွာမှာနေချင်စိတ်ကုန်လာမိရော။
ဒါနဲ့ ရှေ့ဘာဆက်လုပ်မလဲ အတွေးပလုံစီကြည့်ချိန်မှာ တပိုင်းတစပစ်ချထားတဲ့
ကျနော့်ပညာရေးကို သတိရ လာပြန်တယ်။ မြို့မှာ အလုပ်လုပ်ရင်း
စာပေးစာယူဆက်တက်ရင် ကောင်းမလား တွေးကြည့်တယ်။ အဲဒီကနေ ၆ လလောက်အကြာ
စာပေးစာယူဖြေဆိုဖို့ ပြင်ဆင်ချင်တာရယ်၊ အလုပ်တခုရှာချင်တာရယ်
အကြောင်းပြုပြီး ရန်ကုန်ကို ကျနော်ရောက်လာခိုက် ရေတပ်မှာ တကက/စာရေး
လျှောက်လွှာခေါ်တာနဲ့ ကြုံကြိုက်နေတုန်း ဒီသတင်းက နယ်မှာရှိတဲ့
ကျနော့်အိမ်ကို နေ့ချင်းပေါက် ရောက်သွားတော့ အဖေရယ် ကျနော့်ဇနီးရယ်
သမီးယောက္ခမ နှစ်ဦးသား ဒိုင်းခနဲ ရန်ကုန်ကို ပေါက်ချလာပြီး ကျနော့်ကို
ရေတပ်ထဲဝင်ဖို့ အမျိုးမျိုး စည်းရုံး နားချပါတော့တယ်။
ဇနီးသည်ဟာ အရင်တခါ ပြဿနာမှာကတည်းက ကျနော့်အတွက် ပူပင်သောက ရောက်ခဲ့ရတယ်။
နောင်ဆိုရင် အချုပ်ကနေ ထောင်တွေတန်းတွေအထိ ကူးသွားမှာကို
အထူးစိုးရိမ်နေပုံရပါတယ်။
အဖေကတော့ စီမံချက်နဲ့ကို ချပြတာ။ လုပ်ရမယ့်အလုပ်က စာရေးဆိုတော့
လက်နှိပ်စက်ရိုက်ရမယ်ဆိုတာ သေချာပေါက်အဖေသိတယ်။ ဒါဆို ပန်ကာအောက်မှာလို့
သူတွက်ပြီးသား။ နောက်တခု… သင်တန်းပြီးပြီးချင်း တပ်ကြပ်ကြီးရာထူး
ရအုံးမှာမို့ အောက်တန်းနောက်တန်းအကျဆုံးအဆင့် မဟုတ်နိုင်တာကိုလည်း
သူခန့်မှန်း ထားလေရဲ့။ အဲဒီအကြောင်းပြချက်တွေနဲ့ ကျနော့်ကို ကိုင်လှုပ်တာ။
အစတော့ ခပ်အေးအေး ။ ပြေလေထိုးလို့ မရမှန်းသိတဲ့အခါ ဇာတ်ရှိန်မြင့်လာပြီး
‘ဒီတခါ ငါ့စကားကို နားမထောင်ရင် မင်းနဲ့ငါ သေလမ်းရှင်လမ်း အပြတ်ပဲ’
ဆိုတဲ့အထိ ဖြစ်လာတယ်။ ရွာမှာတုန်းကလည်း ကျောင်းဆရာအလုပ် ဝင်မလုပ်လို့
ကျနော့်ကို အဖေ ဒေါသူပုန် ထခဲ့ဖူးသေးတယ်လေ..။ ဒီတော့….
ဘာပဲဖြစ်ဖြစ် အကြောက်အကန် ငြင်းဆန်နေတဲ့ကြားကပဲ နောက်ဆုံးမှာ
ဖခင်နဲ့ဇနီးသည် စိတ်ချမ်းသာအောင် ပန်ကာအောက်ကို
ကျနော်အရောက်ဝင်ပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ရွာမှာဆက်မနေချင်တော့
တာလည်း ပါတာပေါ့ဗျာ။

US-HAITI-QUAKE-AID-TASK FORCE US State Department staff work at a
task force room monitoring aid activities for Haiti's earthquake
victims in Washington, DC, on January 14, 2010. In Haiti, rescuers raced
against the clock to reach survivors among thousands of corpses in
quake-hit country, as planeloads of international aid swamped the main
airport. Officials have warned the overall death toll may top 100,000
and say three million people could have been affected by Tuesday's
powerful quake which ravaged the poorest nation in the Americas. AFP
PHOTO/Jewel SAMAD (Photo credit should read JEWEL SAMAD/AFP/Getty
Images) AFP/Getty Images
ပန်ကာအောက်ရောက်ရုံတင် ဘယ်ကပါ့မလဲ။ ပန်ကာရွက်လို ချာလပတ်လည်ခဲ့ရတာ၊
အထက်ဌာနက ပို့လာတဲ့ညွှန်ကြားစာထဲမှာ ကျနော်မမွေးမီကတည်းက ထုတ်ပြန်ထားတဲ့
စာတစောင်ကို ရည်ညွှန်းထား.. (ရုံးသမားတွေ ကြုံဖူးမှာပါ) အဲဒီစာကို
တပ်မှူးကရှာခိုင်းလို့ ဖိုင်ပုံအထပ်ထပ်လှန်လှောရင်း ချွေးဒီးဒီးကျ၊
ပန်ကာလေလေး ရမလားဆိုပြီး ခပ်နှေးနှေးဖွင့်ကြည့်တဲ့အခါ ပန်ကာရွက်က လေမပါ။
ခပ်မြန်မြန်တင်လိုက် ပြန်တော့ တဂျုတ်ဂျုတ်နဲ့ ပြုတ်ကျခမန်း လှုပ်ရမ်းလာလို့
အသာပြန်ပိတ်ထားရတဲ့ ရုံးခန်း၊ ပန်ကာအောက်မှာ တနေကုန် ခေါင်းစား
ခါးကိုက်အောင် တလှုပ်လှုပ်နဲ့ အရှုပ်တွေလုပ်ရလွန်းလို့
မျက်နှာကျက်မှာချိတ်ထားတဲ့ ပန်ကာ ငါ့ခေါင်းပေါ်တည့်တည့်သာ
ပြုတ်ကျလိုက်ပါတော့လို့ ဆုတောင်းမိတဲ့ရက်တွေ… ဒါတွေကို အဖေ
ဘယ်သိနိုင်ပါ့မလဲ….
ကျနော့်အဖို့တော့ ပန်ကာလေက အေးမြခြင်းကို မဆောင်တဲ့အပြင် ဇောချွေးတွေ အလိပ်လိုက် ပြန်စေပါ တော့တယ်။
တနှစ်တခါဆိုသလို မိန်းမနဲ့ကလေးတွေ လက်ဆွဲပြီး မိဘအိမ်ကို
အလည်အပတ်ခွင့်ပြန်ချိန်မှာ ကိုယ်ရတဲ့ ရိက္ခာထဲက ခြစ်ခြုတ်စုဆောင်းထားတဲ့
နို့ဆီ ဗူးလေးတွေရယ်၊ သကြားထုပ်လေးရယ် မိဘတွေရှေ့မှာ အသာချပြီး
ကန်တော့တဲ့အခါ အဖေ့မျက်နှာ လဝန်းပမာ.. ဆုတွေပေးလိုက်တာ အရှည်ကြီး။ ခဏနေတော့
မြေးတွေခေါ်ပြီး ရွာထဲထွက်သွားရော… တွေ့သမျှလူတွေကို … ‘ပန်ကာအောက်မှာ
အလုပ်လုပ်ရတဲ့ ငါ့သားမိသားစု အလည်ရောက်နေတယ်ကွ’ ဆိုပြီး အားရပါးရ
လိုက်ပြောနေပါတော့တယ်။
အိမ်မှလည်း ချွေးမဖြစ်သူကို မေးမေးနေသံ ကြားရတယ်။ ‘ဟဲ့ သမီး.. ညည်းယောက်ျား
အလုပ်လုပ်တဲ့ ရုံးကို လိုက်သွားဖူးလာ… အဲဒီမှာ ပန်ကာ
ဘယ်နှစ်လုံးတပ်ထားတာတွေ့လဲ’ တဲ့။
အမေကတော့ အမေမဟုတ်လား.. မိခင်ဆိုတာ သားသမီးမျက်နှာ
နှစ်ခါပြန်ကြည့်စရာမလိုဘဲကို အထာနပ်ပြီးသားလေ။ သားနဲ့ချွေးမ မျက်နှာတွေကို
တလှည့်စီတွေတွေကြီး ကြည့်နေရင်း ဆုပေးဖို့ တောင် မေ့နေတယ်။ သူ့ရင်ထဲက
သိနေမှာပေါ့…။ ချွေးမလေးရဲ့ နားရွက်ပေါ် ဖုံးအုပ်ရစ်ဝဲကျနေတဲ့ ဆံနွယ်စ
တွေကို အသာအယာ သပ်တင်ပေးရင်း ‘ဆောင်းဦးပေါက် စပါးပေါ်ရင် အမေလာခဲ့အုံးမယ်’
လို့ တိုးတိုးလေး နှစ်သိမ့်အားပေးရှာတယ်။
ခွင့်စေ့လို့တပ်ကိုအပြန်.. ပြောစရာမလိုအောင် အလိုက်သိတဲ့အမေက ဆန်တအိတ်၊ ဆီ ၂
ပိဿာ၊ ပဲမျိုးစုံ၊ ငြုပ်သီး၊ ကြက်သွန်၊ နနွင်းမှုန်ကအစ လိုလေသေးမရှိ
အသင့်ထုပ်ပြီးသား..။ ပြီးတော့ ပန်ကာအောက်မှာ အလုပ်လုပ်တဲ့သား
မျက်နှာမငယ်ရအောင် သူ့ချွေးခံအိတ်ထဲမှာ ကျစ်ကျစ်ပါလိပ်ထားတဲ့
ငွေစက္ကူတချို့ကို ကလေးမုန့်ဖိုး ဆိုပြီး တဖက်လှည့်နဲ့ လမ်းစရိတ်
ထုတ်ပေးခဲ့ရတာတွေ… ဒါတွေကို အဖေ တကယ်မသိခဲ့ တာလား… သိလျက်နဲ့
မသိယောင်ဆောင်နေခဲ့တာလား အဖေရယ်..။
သားသမီးအပေါ် ကျေနပ်ဂုဏ်ယူနေတဲ့ အဖေ့ပါးစပ်ဖျားမှာ နောက်ဆုံးချိန်ထိ
ဆုတောင်းအမှာစကားလေး ပါးခဲ့ပါတယ်.. ‘ပန်ကာအောက်မှာ အလုပ်လုပ်တဲ့ ငါ့သား…
ကြီးပွားပါစေ… ချမ်းသာပါစေ’ တဲ့..။

ခုချိန်မှာ အဖေမရှိတော့တာ ၁၀ နှစ်ကျော်သွားပြီ… ပန်ကာအောက်ကနေ
ကျနော်ရုန်းထွက်ခဲ့တာလည်း ၅ နှစ် ကျော်ပါပြီ။ ဒါပေမဲ့ အဖြစ်အပျက်တွေက
မနေ့တနေ့ကလိုပါပဲ။
တခါတလေတော့ ကြံကြီးစည်ရာ စိတ်ကူးကြည့်မိတယ်.. ပန်ကာအဟောင်းတလက်
ခေါင်းပေါ်ရွက်ပြီး အဖေ့အုတ်ဂူခြေရင်းနား အရောက်သွား ကန်တော့ချင်လိုက်တာ….
‘အဖေရေ… အဖေချစ်တဲ့ ပန်ကာအောက်က သားငယ်လေး အဖေ့ကို သတိတရ လာကန်တော့ပါတယ် ခင်ဗျ’ ဆိုပြီးတော့လေ…..။ ။
နေမင်းသူ
၁၃-၁၁-၂၀၁၂
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment