http://www.bawacheyar.com/2012/09/blog-post_8.html
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပြီးပြည့်စုံသော အပြောင်းအလဲ (သို့မဟုတ်) အချိုးအကွေ့မဟုတ်သည့်တိုင် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းရာမှာ လုပ်သာ ကိုင်သာရှိသော အခြေအနေ တရပ်ဖြစ်ကြောင်း ရေးသားဟောပြောခဲ့သော နိုင်ငံရေးခွဲခြမ်းစိပ်ဖြာသူတချို့ ရှိသည်။
ထိုသို့ရေးသားပြောဆိုခဲ့သူတွေကို ပက်ပက်စက်စက် ဆဲရေးဝေဖန်၍ စစ်အစိုးရနှင့်ပေးစားတုပ်ကာ စစ်အစိုးရ အလိုကျ အကြိုက်ဆောင်သူ၊ အတွေးအခေါ်ဖောက်ပြန်ပြီး အချောင်သမားဖြစ်သွားသူများအဖြစ် အမနာပ ပြောဆိုရေးသားကြသူတွေလည်း အများကြီး ရှိသည်။ စစ်အစိုးရအပေါ် သုံးနှုန်းဝေဖန်မှုများထက် အဆတရာ ပြင်းထန်သော စကားလုံးများဖြင့် ရေးသားပြောဆိုကြခြင်း ဖြစ်သည်။
ထိုကာလမှာ သိပ်တော့မကြာလှသေး။ လွန်ခဲ့သော ၁ နှစ်ကျော် ၂ နှစ်ခန့်လောက်က ဖြစ်ပေသည်။
ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ Road Map (၇) ချက်ကို အဆင့်တိုင်းတိုက်ဖျက်မည်ဟု ကြုံးဝါးကြုံးဝါး စစ်အစိုးရကတော့ သူ့စီမံချက်အတိုင်း တထစ်ချင်းနင်းတက်သွားခဲ့သည်။ သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီး ကျရောက်နေသည့်ကာလ၊ အတိုက်အခံတို့ Vote No, No Vote အငြင်းပွားနေသည့်အချိန်မှာ အစိုးရက သတ်မှတ်ထားသည့်ရက် အတိအကျ ဆန္ဒမဲကောက်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့သည်။ မဲပေးနိုင်သူစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ပင် ကျေညာလိုက်သေးသည်။ ဘယ်သူ ဟန့်တားနိုင်ခဲ့ ပါသနည်း။
ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကာလသို့ရောက်လာသည်။ ရွေးကောက်ပွဲပါဝင်ဖို့ နှိုးဆော်သူတွေ၊ ရွေးကောက်ပွဲ ဝင်ရေးလမ်းကြောင်း ရွေးချယ်ခဲ့သူတွေ ဆော်ပလော်တီးခံရပြန်သည်။ အစိုးရဆင်ထားသည့်ကစားဝိုင်းမှာ ပွဲဖြစ်အောင် ပါရမီဖြည့်ပေးရသူတွေ၊ အာဏာရှင်ထံမှ အရိုးအရင်းမျှော်လင့်သူတွေအဖြစ် ထောပနာပြုကြပြန် လေသည်။ သည်တခါလည်း မဲမပေးရေးလှုပ်ရှားမှုတွေ သဲသဲမဲမဲ ပြုလုပ်နေသည့်အကြားပင် လွှတ်တော်အမတ် စာရင်းတွေကျေညာ၊ လွှတ်တော်ခေါ်၊ အစိုးရဖွဲ့ဖြစ်သွားကြသည်။ တက်လာသည့်အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုရေး ဆက်လက်လှုပ်ရှားသွားမည်ဟု အသံတိမ်တိမ်လေး ကြားလိုက်ရရုံမှတပါး ဘာမျှထူးခြား မလာပြန်။
ဦးသိန်းစိန်အစိုးရစတင်ဖွဲ့စည်းချိန်မှာ ပြောကြားလိုက်သော သမ္မတ၏ပွဲဦးထွက်မိန့်ခွန်းနှင့် မရှေးမနှောင်း လုပ်ဆောင်လာသော ပြုပြင်ပြောင်းလဲရေးခြေလှမ်းအစကို မြင်လာရချိန်မှာ အကွက်မြင် လူလည်လူနပ်တချို့ လေသံပြောင်းစပြုလာသည်။ အခြေအနေကို အကဲခတ်ချင်သလိုလို၊ အစိုးရနှင့် ဆွေးနွေးကြည့်ချင်သလိုလို လေသံပစ်လာသော်လည်း အများစုကတော့ မျက်နှာမာကြီးများဖြင့် ရန်လိုနေကြတုန်းပင် ဖြစ်သည်။
ထိုသို့အခြေအနေတွေ ဝေခွဲရခက်နေချိန်မှာ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး မှု နောက်ပိုင်း အပြောင်းအလဲတွေ မြန်ဆန်လာ၏။ ဒေါ်စုဦးဆောင်သော NLD လွှတ်တော်တွင်းဝင်ရန် လမ်းပွင့် လာသည်။ အစဉ်တစိုက်ဆန့်ကျင်ရေးလမ်းကို လျှောက်လာခဲ့သူများအဖို့ အိမ်ဦးနတ်ကိုပင် မချန်နိုင်တော့သည့် အခြေအနေဖြစ်လာသည်။ ဒေါ်စု၏ လုပ်ရပ်ကို ဗြောင်မဆန့်ကျင်ရဲသူတို့က ထိကပါးရိကပါး ကလိသည်။ NLD ကို လက်တွဲဖြုတ်ရတော့မည့် ဒီမိုကရေစီ အင်အားစုတရပ်အဖြစ် စိတ်မကောင်းလေဟန် ခနဲ့သည်။ NLD ၏ ရွေးကောက်ပွဲဝင် ကြွေးကြော်ထားချက်တွေကို ပြက်ရယ်ပြုကာ ဒေါ်စုဘာများတတ်နိုင်မည်နည်း ဟု ရယ်သွမ်းသွေး ကြသည်။
နောက်ပိုင်းတော့ အခြေအနေတွေက သူတို့ခန့်မှန်းချက်ပေးခဲ့သည်များနှင့် ကံမကောင်းအကြောင်းမလှစွာ ဆန့်ကျင်ဘက် ဖြစ်ပေါ်လာ၏။ အဓိကအရေးပါသော နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်လာသည်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နေရာတိုင်းလိုလို အနိုင်ရလိုက်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာသည်။ သည်လောက်နှင့်တော့ မျက်နှာမာ ကြီးတွေ အာရုံမကျနိုင်သေး။
ဖြစ်ပေါ်လာသော အပြောင်းအလဲတွေအပေါ် နိုင်ငံတကာကပါ အကောင်းမြင် သုံးသပ်ရှုမြင်လာပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် ကူညီပံ့ပိုးရန် ကတိကဝတ်တွေ ပြုလာကြသည့်အခါ ဖြစ်စဉ်တလျှောက်လုံး ခါးခါးသီးသီး ခေါင်းခါငြင်းဆန်ဟန်ပြုလာခဲ့သူတွေ အခက်တွေ့လာတော့သည်။ အသက်ရှူကျပ် နှလုံးသွေးရပ် တန့်မလိုလို ဖြစ်လာကြသည်။ အောက်စီဂျင်ပြတ်တော့မည့် လူမမာလို ကမူးရှူးထိုးရုန်းထလာသည်။ သူတို့ အသက်ရှင်ရေးလမ်းကြောင်းတွေ တဖြည်းဖြည်းကျဉ်းမြောင်း ပိတ်ဆို့လာကာ ရေစီးကြောင်း ပြောင်းသွားသော ကြောင့် ဖြစ်ပေသည်။
သူတို့အဖို့ ရွေးစရာလမ်းက များများမရှိတော့ပြီ။ သိက္ခာရှိရှိအရေးဆိုဖို့လည်း မတတ်နိုင်တော့ပြီ။ တဘက် အင်အားစုက သူတို့ကိုတန်းတူအရာမသွင်း။ တဦးချင်း ခေါင်းလျှိုဝင်ခွင့်လေးသာ ဖွင့်ပေးထားသည်။ သူတို့ ဘာလုပ်ကြမည်နည်း။ တကယ်မေးသင့်သည့်သည်မှာ သူတို့ဘာလုပ်ခဲ့ကြသနည်း။ သူတို့နှင့်တန်သော နေရာကို ရွေးချယ်ကြရုံမှတပါး ဘာမျှမတတ်နိုင်ကြတော့ပါ။
သည်ပွဲမှာ သူတို့ကျန်ခဲ့၍မရတော့။ “ဝလည်းလိုက်မယ် ချန်မထားနဲ့” ဟစ်ကြွေးကာ “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” အမြန်နှုန်းမြှင့်၍ အမီပြေးလိုက်ရတော့မည်။ သို့မဟုတ်ပါက ကျန်ခဲ့သည့် ‘ဝ’ ဝါးဒုတ်နှင့်ညားမည်။ နောက်ကျတဲ့ ခြေထောက် ထောင်ချောက်စူး မည်ကို သူတို့သေချာသိထားကြ၏။
အံတုတိုက်ခိုက်ရေး ကြွေးကြော်ခဲ့သူ အံစွယ်ကျွတ်ကျသွားသည်။ ရေဒီယိုကြီးလေးလုံးကို အားကိုးသူလည်း ရေဒီယိုအစုတ်လေးတောင် ဆောင်မသွားနိုင်တော့။ တချိန်က ဖောက်ခွဲရေးနာမည်ကြီးတွေလည်း သူတို့ မြှုပ်နှံထားသော ပြည်တွင်း၊ နယ်စပ်ယူဂျီတွေနှင့် အချိန်းအချက်လုပ်ကာ အသံတိတ် ခြေရာဖျောက် ဝင်လာသည်။
ဆရာဦးတင်မိုးရေးစပ်ခဲ့သော ကဗျာတပုဒ်ထဲကလို “ နေရာတခု၊ ရလိုမှုတွက်၊ အလုအယက်၊ ခြေကိုဖက်” ဟု ပြောရမလိုဖြစ်နေတော့သည်။ ပြည်ဝင်ခွင့်ဗီဇာရသည် နှင့် သူ့ထက်ငါ တိုးဝှေ့ဝင်ကြတော့သည်။
သူတို့အနှစ် ၂၀ ကျော် အသံကုန်ဟစ် ကြွေးကြော်ခဲ့သော နိုင်ငံရေးရည်မှန်းချက်က ကိုယ်ဆန့်ကျင်နေသော အစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေးလားဟု မေးခွန်းထုတ်ရပေတော့မည်။
သူတို့၏ ရန်သူတော်ဟောင်းကြီးများရှေ့ကို အူယားဖားယား အရောက်သွားကာ စပ်ဖြီးဖြီးမျက်နှာထားနှင့် ကလေးဆိုးကြီးများနှယ် နွဲ့ဆိုးဆိုးနေကြတော့သည်။ ‘ဝန်ကြီးတို့များဗျာ အပြောင်းအလဲလုပ်ချက်တွေက မြန်မှမြန်သနဲ့ ကျနော်တို့တွေးလို့လိုက်မမီနိုင်တော့ဘူး’ ဟု အလွန်အကျူးချီးမွမ်းခန်း ဖွင့်သည်။ လွန်ခဲ့သည့် ၁ လကျော် ၂ လလောက်က သူတို့ပြောခဲ့ သော စကားတွေကို အတင်းမေ့လျော့ထားလိုက်ကြပြီ။
ကိုယ့်စကား ကိုယ်တာဝန်မယူရဲသူတွေကို ဘယ်ပြည်သူက အားကိုးအားထားပြုနိုင်ပါမည်နည်း။ သူတို့တတွေ ပြည်ပကိုပြန်ရောက်လျှင်တော့ မည်သို့ပြောကြဦးမည် မသိ။
ယခုမှ လုပ်ပွဲကြီးစတင်ပြီဟု ဆိုချင်ပါသည်။ နှစ်ဘက်လုံး စင်းလုံးချော ရိုးသားပါသည်ဟု သေချာမဆိုနိုင်။ သို့သော် အင်အားရှိသူနဲ့ အင်အားမဲ့သူ၊ အကွက်ကျစီစဉ်တတ်သူနဲ့ မီးစင်ကြည့်၍ ကတတ်သူ အခြေအနေ အတက်အကျချင်းတော့ ကွာနိုင်သည်။ မည်သူတွေ ထောင်လွှားမော်ကြွားပြီး မည်သူတွေ ပြားပြားဝပ် ကျဆုံးမည် ကိုတော့ သူတို့ပြောလေ့ရှိသည့် စကားအတိုင်း “စောင့်ကြည့်ရဦးမည်” ပင်…..။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤစာရေးနေတုန်း မနေ့ညက VOA တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်းမှာ ‘မြန်မာ့ အပြောင်းအလဲနှင့် ပြည်ပရောက်တို့၏ အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားသည်ကို နားထောင်လိုက်ရ သည်။ နိုင်/ကျဉ်းပွဲစား အရက်သမားတဦးမှလွဲ၍ ကျန်ဆွေးနွေးသူအားလုံးက ပြည်ပမှ ပြည်တွင်းသို့ စားကျက် ပြောင်းရွှေ့သွားသော လူစဉ်းလဲတို့၏ အန္တရာယ်ကို မီးမောင်းထိုးပြ သတိပေးကြလေသည်။
ဗိုလ်ချုပ်တို့ခေတ်က လွတ်လပ်ရေးအတွက် ပြည်ပထွက် အကူအညီရှာတာ ရှင်းသည်။ လက်နက်အကူအညီ ပေးနိုင်မည့်သူထံမှ လက်နက်အကူအညီယူပြီး နှိပ်စက်ညှင်းပမ်းခံ၊ အပင်ပမ်း အဆင်းရဲခံ၍ စစ်ပညာ သင်ယူခဲ့ သည်။ ၁ နှစ် ၂ နှစ် အတွင်းမှာပင် တပ်မတော်ဖွဲ့စည်းကာ မြန်မာ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်နိုင်ခဲ့သည်။
၁၉၈၈ နောက်ပိုင်း ပြည်ပထွက်လာကြသူတွေထဲမှ လူလည်တစုကသာ အဖွဲ့အစည်းအားလုံးလိုလိုမှာ ချုပ်ကိုင် ချယ်လှယ်လွှမ်းမိုးထားပြီး ရိုးသားဖြူစင်သူတို့ ဘေးရောက်ကြရသည်။ ထိုလူလည်တို့ကား တော်လှန်ရေး၊ ဒီမိုကရေစီရေးကိုခုတုံးလုပ်၍ ပြည်ပမှာ အနှစ် ၂၀ ကျော် အခြေချနေထိုင် ဥစ္စာစုဆောင်းပြီး၊ ယခုအခါ ဆက်လက်၍ စားပေါက်မချောင်မှန်းသိသဖြင့် သိက္ခာမဲ့စွာ ပြည်တော်ဝင်ခဲ့ရသည်။ ဒါတောင် ပြည်တွင်း ရောက်တော့ မြန်မာပြည်သူလူထုကို သနားစဖွယ် အထင်သေးအမြင်သေး သဘောထားကာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင် များသဖွယ် ဟိတ်ဟန် ထုတ်ကြပြန် သည်။ ဘိုးဘိုးအောင်နှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ပုံ ရသည်။
ပြောရလျှင် မျိုးစေ့မမှန်၍ အပင်မသန်ခြင်းဟု ဆိုရပေလိမ့်မည်။ ပရိုပိုဆယ်နိုင်ငံရေး၊ ခွက်စောင်းခုတ်နိုင်ငံရေး ဖြင့် သူတို့ဘဝရှင်သန်ခဲ့သည်ကို မြန်မာပြည်သူတွေ နောကျေအောင် သိထားပြီးဖြစ်သည်။ ပြည်ပနိုင်ငံရေးမှာ ထိုသူတွေပင် အသံအကျယ်ဆုံး၊ ပွဲအဆူဆုံးလုပ်သူတွေ ဖြစ်ကြသည်။ ခုချိန်မှာ အရှက်သိက္ခာအမဲ့ဆုံး ခေါင်းလျှိုဝင် တာလည်း သူတို့ပင်ဖြစ်သည်။ သူတို့ အမြင့်ဆုံးလွှင့်ထူထားသော အလံများကို သူတို့ကိုယ်တိုင် ချနင်းပစ်လိုက် ကြလေသည်။ အတုယူဖွယ် ကောင်းလေစွ…။
အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးအတွက် အယူအဆမတူသူများနှင့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း ဖိတ်ခေါ်တာကို ကြိုဆိုပါသည်။ သို့ရာတွင် ပြည်သူ့အရေးဘန်းပြပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်သူ လူလည်တစု နှင့် လက်ဝါးချင်းရိုက် ပေါင်းစည်းရေးလုပ်နေတာကိုတော့ ဘယ်လိုမှ ဘဝင်မကျနိုင်ပါ။
မြန်မာပြည်နိုင်ငံရေးတွင် အစိုးရရော အတိုက်အခံပါ နှစ်ဘက်စလုံးကို လက်တဆုပ်စာ လူယုတ်မာတို့က ချုပ်ကိုင်ချယ်လှယ်ထားနိုင်သဖြင့် ပြည်သူလူထုဘဝ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရပေသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သတိပေးသုံးနှုန်းပြောဆိုလေ့ရှိခဲ့သည့် စကားအတိုင်း နိဂုံးချုပ် ပါတော့မည်…
“စားဖားချင်းညီညွှတ်တာ မလိုမရှိ”
ဝေမော်
၉ စက်တင်ဘာ ၂၀၁၂
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment