၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီးကို စီစဉ်ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ ၅ ဦးကို အမေရိကန် ပိုင် Guantanamo ပင်လယ်အော် အခြေစိုက်စခန်းမှာ စစ်ခုံရုံးတရားသူကြီး က စတင်စစ်ဆေးဖို့ မေလ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။
စစ်တရားသူကြီး James Pohl က စက်တင်ဘာ ၁၁ အကြမ်းဖက်မှု လုပ်ကြံမှုကို အကွက်ချ စီစဉ်ညွန်ကြားတယ်လို့ ယူဆရသူ Al-Qaida စစ်သွေးကြွအဖွဲ့ဝင် ၅ ဦးကို ထူးထူးခြားခြား စနေနေ့မှာ စတင် စစ်ဆေးဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဉ္စဂံဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ဒီ ၅ ဦးမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကို ကိုယ်တိုင် ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed နဲ့ ကြံရာပါ ၄ ဦးတို့ ပါဝင်ပါတယ်။ သူတို့ကို အကြမ်းဖက်၊ လေယာဉ်အပိုင်စီး မှု၊ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် သေဒဏ် ကျခံကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)