မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ... "အာဏာရှင် ဖြုတ်ချရေး၊"
"စစ်အာဏာရှင် အလိုမရှိ"၊ " မတရားတဲ့ အစိုးရ အလိုမရှိ" လို့
ကြွေးကြော်သံတွေက မြန်မာ့နိုင်ငံရေးရဲ့ ၂၀၁၂ ခုနှစ် စာမျက်နှာမှာ
မရှိသလောက် နည်းသွားတာကတော့ သိသာတဲ့ အချက်ပါပဲ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး
အကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုသံတွေက ဟိုတစ်စ ဒီတစ်စ ရှိနေသေးပေမယ့်
အရင်လို ပြင်းထန် စူးရှပြီး အားပါမှုကတော့ နည်းနည်း အားပျော့လာတာလည်း
တွေ့ရပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဝမ်းနည်းဖို့
ကောင်းပါတယ်။
တိုင်းပြည်အတွက် ဘုံရန်သူ စစ်အာဏာရှင်ဆိုတာကြီးက မှေးမှိန်လာသလို
ရှိလာတာကတော့ .. လက်ရှိ အရပ်ဝတ် စစ်ခေါင်းဆောင်တွေအတွက် ရည်မှန်းချက်
အောင်မြင်တယ်လို့ ပြောလို့ ရနိုင်သလောက် ရှိပါတယ်။
ဒါပေမယ့် စစ်သားတွေဘက်မှာလည်း အရင်က ရာနှုန်းပြည့်
ချုပ်ကိုင်ခွင့်ကနေ အာဏာအချို့ လက်လွှတ်လိုက်ရတာကို မကြေနပ်တဲ့ သူတွေလည်း
ရှိမှာ မလွဲပါဘူး။ .. နိုင်ငံရေးကို ကိုယ်ပိုင် အခွင့်အရေးနဲ့ တွဲကြည့်ပြီး
အရှုံးအမြတ် တွက်ချက်နေမှုကနေ အဲဒီလို အရှုံးဆိုတဲ့ တွက်ချက်မှု ပေါ်လာတယ်လို့
မြင်လို့ရပါတယ်။ တဖက်ကလည်း အတိုက်အခံတွေဘက်မှာ တိုင်းပြည်ရဲ့ အဓိက အာဏာကို
အရပ်ဝတ် စစ်ခေါင်းဆောင်တွေ ဆက်လက်နေရာယူထားတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အပေါ်မှာ
တိုင်းပြည်က လည်ပတ်နေရတာကို ကြည့်ပြီး .. နိုင်ငံရေး အပြောင်းအလဲ ဘာမှ
မရှိသေးဘဲ .. ကိုယ့်ဘက်က ပေးလိုက်ရတဲ့ အရှုံးက ... အာဏာရှင်အပေါ်
အလျော့ပေးလိုက်ရတယ် ဆိုပြီး ... အရှုံးတွက် တွက်သူတွေလည်း ရှိပါတယ်။
တသက်လုံး စကားမတည်တတ်တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လိမ်ညာတာကို ခံရမှုအပေါ် ..
အခြေခံပြီး တွက်ချက်တဲ့ အရှုံးလို့ မြင်ရပါတယ်။
အရှုံးပဲ ပြောပြော၊ အနိုင်ပဲ ထင်ထင် .. မြန်မာပြည်ရဲ့ နိုင်ငံရေး
လမ်းကြောင်းကတော့ ...ဖိနှိပ်ရေး (စစ်သားတွေ အမြင် လုံခြုံရေး)နဲ့
တော်လှန်ရေး လမ်းကြောင်းကနေ ... နိုင်ငံရေး လမ်းကြောင်းဖက်ကို ခြေလှမ်း
ယောင်ယောင်လေး လှမ်းလာတာကတော့ အထင်အရှားပါပဲ။ အသိသာဆုံး အပြောင်းအလဲကတော့
တချိန်က စကားမပြောဘဲ ရန်သူလို ထင်မြင်ပြီး မျက်နှာခြင်းဆိုင်လို့တောင်
မရတဲ့ .. ဘက် နှစ်ဘက်က လူတွေ ... အခုတော့ မကြာခဏ မျက်နှာခြင်းဆိုင်
စကားပြောနေကြတာဟာ ကောင်းမွန်တဲ့ တိုးတတ်မှုပါပဲ။ လူဆိုတာ .. အခြားသော
သတ္တဝါတွေနဲ့ ယှဉ်ရင် ... သာလွန်တဲ့ အချက်က "စကား" ဆိုတဲ့ အရာကို သုံးပြီး
အချင်းချင်း နားလည်မှု တည်ဆောက်ပြီး တိုးတတ်မှုကို ရှာဖွေကြတာ .. လူသားသဘာဝပဲ
မဟုတ်ပါလား။ ဒီအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရလာမယ်လို့ ..
မျှော်လင့်ပါတယ်။ အရင်လို တဖက်ကပြော တဖက်က နားထောင်ဆိုတဲ့ .. အထက်အောက်
ဆက်ဆံမှုမျိုးကနေ ဖယ်ခွာပြီး .. ဘေးတိုက် ညှိနှိုင်းဆောင်ရွက်မှုဟာ ...
တိုးတတ်တဲ့ ဆက်ဆံမှုလို့ အမှတ်ပေးစရာ ရှိပါတယ်။ ကောင်းမွန်တဲ့
ပြောင်းလဲမှုလို့ သတ်မှတ်ပါတယ်။ ဒီတော့ နိုင်ငံရေး အခင်းအကျင်းဟာ
ပြောင်းလာပါတယ်။ (နိုင်ငံရေး ဖြစ်စဉ် ပြောင်းလဲလာတယ်ဆိုတာကို
ထောက်ပြတာဖြစ်ပါတယ်။ ကောင်း၊ မကောင်းဆိုတဲ့ ရလဒ်ကို တိုင်းတာခြင်း
မဟုတ်ပါ။) အဲဒီကနေ တဆင့် ပြည်သူအများစုရဲ့ နိုင်ငံရေးအပေါ် တုန့်ပြန်
စဉ်းစားမှုဟာလဲ ပြောင်းလာပါတယ်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးကို အဓိက ထားရမယ်လို့
ပြောပြီးတဲ့ နောက်ပိုင်းမှာ ... မြန်မာ့လူထုရဲ့ နိုင်ငံရေး အတွက်
ပြောဆိုလာကြတဲ့ ဖြစ်စဉ် အာရုံစိုက်မှုဟာ ... အာဏာရှင်ဖြုတ်ချရေးထက် ...
တရားဥပဒေ စိုးမိုးရေး ... တရားမျှတရေး ဆိုတဲ့ ဘက်ကို တဖြည်းဖြည်း
ဦးတည်ပြောဆိုလာကြတာကို တွေ့ရတယ်။ အစိုးရကလည်း အရင်လို တင်းတင်းမာမာ မဟုတ်ဘဲ
နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတချို့မှာ ပျော့ပြောင်းလာတာကလည်း အာဏာရှင်
ဖြုတ်ချရေးဆိုတဲ့ အသံတချို့ကိုပြောင်းလာစေတဲ့ အချက် တစ်ချက်အဖြစ်
ထည့်စဉ်းစားလို့ရပါတယ်။
ဒီတော့ ပြည်သူတွေရဲ့ အဓိက ပြောဆိုလာချက်က တရားဥပဒေဖြစ်လာပါတယ်။ မျှတမှု
ဖြစ်လာပါတယ်။ ဒီနေရာမှာ တရားဥပဒေနဲ့ မျှတမှု ဆိုတာလည်း တူသလိုလိုနဲ့
ကွဲတယ်ဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုအပ်လာပါတယ်။ ဥပဒေတိုင်းဟာ မျှတမှု
ရှိချင်မှ ရှိပါလိမ့်မယ်။ မျှတမှုတိုင်းဟာလည်း ဥပဒေလို့ သတ်မှတ်ထားချင်မှာ
သတ်မှတ်ပါလိမ့်မယ်။ ဥပမာ .. ၂၀၀၈ အခြေခံဥပဒေမှာ မျှတမှု မရှိတာတွေ ရှိပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ၂၅ % ကို ကာကွယ်ရေး ဦးစီးချုပ်က ရွေးရတယ်ဆိုတာ ...
မျှတမှု လုံးဝ မရှိပါဘူး။ ပြည်သူ တစ်ယောက်ချင်းစီးက လွှတ်တော်
ကိုယ်စားလှယ်ရွေးဖို့ မဲ တမဲပဲ ရှိနေတဲ့အချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်က
လူဦးရေ သန်း ၅၀ မှာ မဲပေးနိုင်သူ သန်း ၂၅ သန်း ရှိတယ်ထား .. ၂၅ % ဆိုတော့
... မဲ အရေအတွက်ပေါင်း ၆.၂၅ သန်းကို တစ်ယောက်ထည်းက ပေးနေသလို ဖြစ်နေတယ်။
ဒါဟာ မျှတမှု လုံးဝ မရှိပါဘူး .. ဒါပေမယ့် ဥပဒေ ဖြစ်နေတာကြောင့် ...
မျှတမှုနဲ့ ဥပဒေဆိုတာကို ခွဲခြား မြင်နိုင်ဖို့ အရေးကြီးလာပါတယ်။
ဥပဒေစိုးမိုးမှုဟာ နိုင်ငံတနိုင်ငံအတွက် အဆုံးစွန်သော ရလဒ် မဟုတ်ပါဘူး။
မျှတတဲ့ တရားဥပဒေတွေ ပေါ်ထွက်ရေးနဲ့ မျှတတဲ့ တရားဥပဒေ စိုးမိုးရေးကသာ
အဆုံးစွန်သော ရလဒ် ဖြစ်ရမှာ ဖြစ်တယ်ဆိုတာကို သတိမှုမိစေလို့ လိုပါတယ်။ ဥပဒေ
စိုးမိုးရေးဆိုတာ တောင်းဆိုလို .. ဥပဒေ စိုးမိုးရေး လုပ်နေတယ်ဆိုပြီး
မမျှတမှုတွေကို လုပ်နေတယ်ဆိုရင် ... မမျှတတဲ့ ဥပဒေတွေကို ပြည်သူ့တာဝန်အရ
တားမြစ်ဖို့ လိုပါတယ်။ ဒါကြောင့် .. ဥပဒေစိုးမိုးရေးကို တောင်းဆိုနေတာနဲ့
တပြိုင်နက်မှာ ..တရားမျှတတဲ့ ဥပဒေ ရှိနေဖို့ သတိထားဖို့ လိုနေပါသေးတယ်။
တရားဥပဒေ စိုးမိုးရေးကို ပြောလာကြတယ်ဆိုတာနဲ့ တပြိုင်နက်မှာ နောက်ထပ် ပြဿနာ
အဖြစ် ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဥပဒေ စိုးမိုးဖို့
တောင်းဆိုမှုတိုင်းမှာ .. ဥပဒေစိုးမိုးရေးအတွက် ... အစိုးရ (သို့) တရားရေးရာ
ဌာနတွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးလိုက်ရတတ်ပါတယ်။ ဥပဒေစိုးမိုးရေး
ဖေါ်ဆောင်နိုင်ဖို့ လုပ်ဆာင်လာရတဲ့ ဌာနတွေ ဖြစ်တဲ့ .. ရဲ၊ စစ်တပ်၊
တရားရုံး၊ ထောင် ... စတဲ့ နေရာတွေ အားလုံးရဲ့ လုပ်ပိုင်ခွင့်ကို
တိုးပေးလာရတော့မှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာဆိုရင် .. ရခိုင်ပြည်မှာ
တရားဥပဒေ စိုးမိုးဖို့ စစ်တပ်က လူထုကို ထိန်းချုပ်နိုင်ဖို့ အာဏာတစုံတရာကို
စစ်တပ်ကို ပေးနေရပါတယ်။ အရင်က အသက်မဝင်သလို ဖြစ်တဲ့ ဓါး၊ လှံ၊
လက်နက်တွေကို ရှာဖွေ သိမ်းစည်းခွင့် ပေးလိုက်ရပါတော့တယ်။ ရွာမှာ
ထင်းခုတ်မယ့် ဓါးလည်း စစ်တပ်နဲ့ ရဲက လူကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့
ဆုံးဖြတ်ချက်ဖြစ်လာရင် ... သိမ်းသွားမှာ ဖြစ်ပါတယ်။ အလားတူ ထောင်တွေမှာလည်း
သတ်သတ်မှတ်မှတ် ထောင်ဝန်ထမ်းတွေ လိုက်နာရမယ့် တိကျတဲ့ ဥပဒေ မရှိပါဘူး။
အင်္ဂလိပ်ခေတ်က အကျဉ်းထောင် လက်စွဲကို စံထားပြီး လုပ်နေကြတာပဲ ရှိပါတယ်။
ဒီလို ကိစ္စတွေအတွက် ... မျှတမှုကို မရှာဖွေနိုင်သေးခင်၊ မျှတ သင့်လျှော်တဲ့
ဥပဒေ ပြဌာန်းမှု မရှိသေးခင်မှာ .. အကျဉ်းသာတွေရဲ့ အခွင့်အရေးတွေဟာ ပြဿနာ
ရှိလာနိုင်ပါတယ်။
ဒါ့အပြင် ရေရှည်မှာလည်း ဥပဒေ စိုးမိုးဖို့ ပြောလာတာကို .. တရားဥပဒေ
ချိုးဖေါက်သူတွေကို ထောင်ချဖို့ ဆိုတာနဲ့ လွဲမှား ယူဆတတ်တဲ့ အကျင့်တွေ၊
စိတ်ခံစားမှုတွေ ရှိနေသေးတာကြောင့် အကျဉ်းသား အရေအတွက် တိုးလာနိုင်ပါတယ်။
တရားသူကြီးတွေက ဥပဒေ ချိုးဖေါက်သူတွေကို စာရိတ္တပြုပြင်ရေးထက်
အပြစ်ဒဏ်ပေးရေးဘက်ကို ဦးတည်ပြီး ထောင်ချမှု ပိုများလာနိုင်ပါတယ်။ ဒီအခါ
အကျဉ်းသား အရည်အတွက် ပိုများလာနိုင်ပါတယ်။ အဲဒီအခါ အကျဉ်းဦးစီးဌာန ဝန်ထမ်း
တိုးမြှင့်မှု၊ အကျဉ်းကျသူ ပိုများလာလို့ အကျဉ်းထောင်တွေထဲ လူဦးရေ ထူထပ်မှု၊
နိုင်ငံတော်က အကျဉ်းထောင်တွေအတွက် စရိတ်ကျခံရမှုတွေ ပိုများလာနိုင်ပါတယ်။
အဲဒီလို များလာရင် .. အခြားသော ကဏ္ဍတွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးမှာ
အသုံးပြုရမယ့် နိုင်ငံရဲ့ ငွေတွေဟာ အကျဉ်းသားတွေအတွက် အသုံးပြုရမယ့်ဘက်
ရောက်သွားရင် နှမြောစရာပါ။ နောက်ပြီး နိုင်ငံအတွက် အလုပ်လုပ်နိုင်မယ့်
လုပ်သားအင်အားဟာ အကျဉ်းသား အဖြစ် ပိုများပြီး ရောက်သွားရင် ...
လုပ်သားအင်အား အလေ့အလွင့် ဖြစ်သွားနိုင်ပါတယ်။ တကယ် ပြင်မရအောင်
ဆိုးသွမ်းတာမျိုး မဟုတ်ဘဲ သာမန် ချဲထီမှုလောက်နဲ့ အကျဉ်းကျသွားလို့ ..
အကျဉ်းထောင်က ထွက်လာရင်လည်း ပတ်ဝန်းကျင်က ထောင်ထွက်ဆိုပြီး လူမှု
အသိုင်းအဝိုင်းက ဖယ်ကျဉ်တာတွေ ရှိလာရင်လည်း အဲဒီလူနဲ့ သူ့မိသားစု အပါအဝင်
.. လူမှု အသိုင်းအဝိုင်းအတွက်လည်း ဆိုးကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။
ဥပဒေ စိုးမိုးရေးကို ပြောလာတာနဲ့ ... နိုင်ငံအတော်များများမှာ ရှိတဲ့
တရားဥပဒေတွေရဲ့ အားနည်းချက် ဖြစ်တဲ့ ... လမ်းပေါ်မှာ ဖြစ်တတ်တဲ့
ဥပဒေချိုးဖေါက်မှုကို ဦးစားပေးပြီး .. အခြား ဥပဒေ ချိုးဖေါက်နေမှုတွေကို
လျှစ်လှူရှု ခံရတတ်ပါတယ်။ အဲဒါတွေကတော့ လူချမ်းသာတွေနဲ့ သြဇာအာဏာရှိသူတွေ
ချိုးဖေါက်လေ့ရှိတဲ ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ သာမန် .. ခိုးမှု၊ လုယက်မှု၊
ရိုက်နှက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ လိမ်လည်မှု၊ ပြည်သူပိုင် ပစ္စည်း
ဖျက်စီးမှု၊ မုဒိန်းမှု၊ လောင်းကစားမှု .. စတဲ့ အမူတွေကို
ကိုင်တွယ်ဖြေရှင်းတာကို ဦးစားပေး ဖြေရှင်းတဲ့ ဥပဒေတွေ၊ ပြစ်ဒဏ်တွေဟာ
ရှိနေပြီးသား ဖြစ်ပြီး ... အခြားသော ပြဿနာတွေ ဖြစ်တဲ့ .. လူချမ်းသာတွေ၊
သြဇာအာဏာရှိသူတွေ ကျူးလွန်လေ့ရှိတဲ့ အမှုတွေအတွက် မျှတတဲ့ ဥပဒေတွေ မရှိတာတာ
တွေ့ရပါတယ်။ ဒီအတွက် ... ဆင်းရဲသားတွေသာ ထောင်မှာ များပြီး .. လူချမ်းသာနဲ့
သြဇာရှိသူတွေ ကျူးလွန်တဲ့ အမှုတွေဟာ လွတ်နေတတ်တာကြောင့် ...
ဆင်းရဲသားတွေကို ရွေးပြီး ထောင်ချဖို့အတွက် တောင်းဆိုနေသလို
ဖြစ်နေတတ်ပါတယ်။ ဥပမာ .. သူတပါး ပစ္စည်း ခိုးမှုအတွက် ခိုးသူဟာ
ထောင်ကျနိုင်ပေမယ့် ... လယ်ယာမြေ အဓမ္မသိမ်းတဲ့ လုပ်ငန်းရှင်ဟာ သူများ ပစ္စည်
ခိုးမှုနဲ့ ထောင်မကျနိုင်ပါဘူး။ အများဆုံး လျှော်ကြေး၊ ... အနည်းဆုံး
နိုင်ငံတော်က ခိုင်းလို့ လုပ်ရတာပါဆိုတာနဲ့ ပြီးသွားနိုင်ပါတယ်။ အထက်ပါ
အချက်တွေက ဥပဒေစိုးမိုးရေး တောင်းဆိုမှုရဲ့ နောက်က ဖြစ်လာနိုင်တဲ့ ဘေးထွက်
ဆိုးကျိုးတွေ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် .. တရားဥပဒေစိုးမိုးရေးကို တောင်းဆိုနေတာနဲ့
တပြိုင်နက်မှာ တရားဥပဒေဆိုတာ မျှတမှု၊ ကိုယ့်ကျင့်တရားကို အခြေခံပြီး
သဘာဝနဲ့ မဆန်ကျင့်သော ပြဌာန်းချက်၊ အားနည်းသူတွေ ဆင်းရဲသူတွေကို ဖိနှိပ်မှု
မရှိသော ဥပဒေ၊ .. အပြစ်ဒဏ်ပေးဖို့ဆိုတာကို အဓိက မရည်ရွယ်ဘဲ ..
စာရိတ္တပြုပြင်ရေး .. မျှတတဲ့ တရားဥပဒေ ပေါ်ပေါက်ရေး ... တင်းကြပ်တဲ့ ဥပဒေတွေ
မပေါ်ပေါက်ရေး စတာတွေကိုပါ တပြိုင်နက် တောင်းဆိုနိုင်တဲ့ ကောင်းမွန်ပြီး
အဆင့်အတန်းမြင့်တဲ့ လူမှု အဖွဲ့အစည်း ဖြစ်လာအောင် သတိတရားထားပြီး ..
လုပ်ကိုင်ကြဖို့ဟာ နိုင်ငံရေး အပြောင်းအလဲအတွက် ပဲ့ထိမ်းမှုအဖြစ်
လိုအပ်နေပါသေးကြောင်း .... ။
လေးစားစွာဖြင့်
ကိုထိုက်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment