အိမ်စောင့်အစိုးရ အာဏာသိမ်းတာ ၁၉၅၈ ခုနှစ်တဲ့။ အမှန်တော့ အာဏာသိမ်းတယ်လို့လည်း မဆိုလိုနိုင်ဘူး။ ဦးနုက သူတို့ပါတီထဲအကွဲအပြဲတွေဖြစ်တာ မနိုင်တော့လို့ လွှဲပေးလိုက်တာတဲ့ဗျာ။ ကျွန်တော်တို့ လူမဖြစ်သေးတဲ့ အချိန်ကာလတွေကတည်းက မြန်မာပြည်မှာ ဖြစ်နေတဲ့ အကွဲအပြဲတွေကို တဆင့်စကားနဲ့ ကြားသိရတာပဲဗျာ။ မြန်မာပြည်ကြီးရဲ. ဇာတ်လမ်းက အကွဲအပြဲနဲ့စတယ် ဆိုတာ လူတိုင်းသိကြမှာပါ။
ကျပ်တည်းတဲ့ အခြေအနေ၊ အခွင့်အလမ်းနည်းပါးတဲ့ အခြေအနေမှာ အသက်ရှင်နေရတဲ့ လူတွေအတွက် တစ်ယောက်ခေါင်းပေါ် တစ်ယောက်တက်နင်းပြီး အသာစီးရတဲ့ နေရာမှာ နေချင်လာကြတယ်။ ရေထဲပြုတ်ကျတဲ့ ပုရွက်ဆိတ်အုံလိုပဲ၊ အပေါ်ရောက်အောင် နင်းရင်း တက်ရင်းနဲ့ အောက်ရောက်တဲ့ ပုရွက်ဆိတ်က ရေမွန်းပြီးသေ။
မသေချင်ရင် အပေါ်ရောက်အောင် နင်းနိုင်သမျှ ကြိုးစားနင်းတက်ရင်း သူမသာ ကိုယ်သာ (win/lose) ဂိမ်းကြီးကို ကစားတဲ့ အကျင့်ဆိုးကြီးတစ်ခု စွဲလာတာ အခုအထိပဲ ဖြစ်နေတယ်။ အဖွဲ.အစည်းနဲ့ အလုပ်တစ်ခုလုပ်မယ်ဆိုရင် အသာစီးလို့ ထင်ရတဲ့ ခေါင်းဆောင်ပိုင်းက ရာထူးတွေ၊ အခွင့်အာဏာ အသုံးပြုရတဲ့ အခြေအနေကို လိုချင်လာကြတယ်။ မြန်မာပြည်မှာက အဖွဲ့အစည်းတွေ ကြိုးနီစနစ်လိုမျိုး ရှိနေတာဖြစ်တော့ အထက်လူကြီးရာထူးရတာနဲ့ နေရထိုင်ရ သက်သာချောင်လည်တာရယ်၊ အဖွဲ့အစည်းကိုယ်တိုင်က စနစ်မကျတဲ့ ရပ်တည်မှု.ရယ် ပေါင်းစပ်ပြီး အခွင့်အာဏာကို မက်မောမှု.ဆိုတာ ဖြစ်လာတယ်။ အဖွဲ.အစည်းနဲ့ ပတ်သတ်တာရော တစ်ကိုယ်ရေ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တွေ ကျင့်ဝတ်ဆိုတာမျိုးတွေ မစဉ်းစား မသတ်မှတ် နိုင်ကြတော့ဘူး။ အာဏာရဖို့ ရာထူးရဖို့ အရင်းအနှီးတွေက အချင်းချင်း ချောက်ထဲတွန်းချ တရားခံရှာဖို့ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ.ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းကြားထဲမှာ လုပ်ကိုင်ပြောဆိုမှု.တွေ ဖြစ်မလာပါဘူး။
စိတ်ဓါတ်အခံ အကျင့်ဆိုးကြီးက မြန်မာပြည်သူတွေရဲ. အသက်ရှင်နေထိုင်စားသောက်မှု. နေ့တဓူဝ လှုပ်ရှားမှု.တွေအထိ ဖြစ်လာပါတယ်။ အစကနေ ပြောရရင် အနီးဆုံး ဆယ်တန်း ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေပဲ ကြည့်ပါ။ တချို.က ၀ါသနာအမှန်ကို ရွေးချယ်ဖို့ထက် အရှိန်အ၀ါ မြင့်မားတဲ့ အလုပ်အကိုင်လမ်းကြောင်း ပညာရေးဘက်ကိုဦးတည်ဖို့ ကြိုးစားကြတယ်။ ဒါလည်း ရာထူးအတွက် လူအထင်ကြီးဖို့အတွက် ငွေအတွက် ဆိုတဲ့ ရည်ရွယ်ချက် ပိုများပါတယ်။ အချို.သောကျောင်းသားတွေက ဘယ်နေရာ ဘယ်ဌာနနဲ့ ၀င်ငွေ ရပေါက်ရလမ်း ချောင်လည်တဲ့ အလုပ်ကို ၀င်ဖို့ စိတ်ကူးကြတယ်။
တိုင်းပြည်အတွက် ဆိုပြီး ခပ်ကြီးကြီးရည်မှန်းချက်ကို ထားဖို့ဝေးစွ၊ ကိုယ့်နေရာကိုယ့်ဌာန တိုးတက်ဖို့ အတွက်လည်း မရှိပါဘူး။ အဓိက အာဏာရမယ်၊ ရာထူးရမယ်၊ ငွေရမယ်။ အသိုင်းအ၀ိုင်းမှာ ဂုဏ်ရှိမယ်။ လုပ်ချင်ရာလုပ်ကိုင်နိုင်မယ် ဆိုတဲ့ စိတ်ထားတွေ ရွှေပြည်ကြီးတစ်ခုလုံး ရှိကြတယ် ဆိုပါစို့။ ဆယ်တန်းအောင်ပြီး ကျောင်းသား၊ ဘွဲရပြီးတဲ့ ကျောင်းသားတွေ တချိန်မှာ လူကြီးတွေ ဖြစ်လာတော့ သူတို့ဖြတ်သန်းလာခဲ့တဲ့ ရုန်းကန်မှု.တွေအတိုင်း နောက်လာတဲ့ လူငယ်တွေကို ဖြတ်သန်းစေချင်တဲ့ အစွဲကြီးဖြစ်လာတယ်။ ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ.အစည်းအတွက် တိုးတက်ဖို့ အကျိုးရှိဖို့ထက်ကို လေးစားခံချင်တယ်။ သူတို့ ကြောက်ရွံ.ခဲ.ရသလို တဖက်သားရဲ. ကြောက်ရွံ.ခြင်းကိုလည်း ခံချင်တယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက အထက်တန်းကျောင်းတွေမှာ လောကနီတိသင်ကြားရေးဆိုပြီး တကယ်ကြီး သင်ခဲ့ရပါတယ်။ အထက်တန်း ကျောင်းပြီးတဲ့အချိန် အပြင်လောကထဲ ရောက်လာတော့ နိုင်ရာစား လမ်းစဉ် အထက်ဖားအောက်ဖိ လမ်းစဉ်တွေ အလေ့အကျင့်စွဲမြဲလာရင်း ပုရွက်ဆိတ်အုံရေထဲကျ ဘ၀ထဲ ကူးခတ် ရတော့တာပါပဲ။ လုပ်ဖော်ကိုင်ဘက်တွေ အချင်းချင်း အမြဲတမ်း စောင့်ကြည့်ကြတယ်။ တစ်ကွက်မှားတာနဲ့ ခြေထိုးပြီး ခလုတ်တိုက်ကျ လဲပြိုအောင် လုပ်မယ်။ အထက်လူကြီးတွေရဲ. မျက်နှာတော်ပေး စောင့်ရှောက်မှု.ကိုခံယူရင်း တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတိုး ၀င်ငွေတိုး အခွင့်အာဏာရအောင် လုပ်မယ်ဆိုတဲ့ အိုင်ဒီယာတွေ အလိုလိုဝင်လာတာပါပဲ။
"လူကြီးသားနဲ့ ပေါင်းမလား၊ နိုင်ငံခြားညောင်းမလား" ဆိုတဲ့ စကားလည်း အလကားနေရင်း ထွက်လာတာ မဟုတ်ပါဘူး။ အထက်လူကြီးနဲ့ ဆွေမျိုးလို ဖြစ်အောင်နေရင်း အသက်ရှင်နိုင်မလား။ ဒါမှမဟုတ်ရင် ကိုယ့်အစွမ်းအစကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်တဲ့ နေရာကို ကူးပြောင်းမလား။ ဒီလိုနဲ့ ရေကြည်ရာ မြက်နုရာတွေ ထွက်ခွါသွားကြပါတော့တယ်။
မြန်မာပြည်က လူတွေရဲ. စိတ်အခံ အလေ့အကျင့်နဲ့က အစွမ်းအစ ဘယ်လောက်ရှိရှိ မနာလိုတဲ့လူ၊ အလကားထိုင်နေရင်း အပုတ်ချချင်တဲ့လူ အတော်များပါတယ်။ ငွေရော ရာထူးရော ဘာတစ်ခုမှမဟုတ်ပဲ အလကား ပရဟိတ အလုပ်တွေ လုပ်တဲ့နေရာမှာရော အတိုက်အခိုက်တွေ မနည်းပါဘူး။ တခါတုန်းက အင်ဖိုတက်ထဲမှာ Dev Con ပွဲတစ်ခု ရှိလို့ သွားနေရင်း ပရဟိတ အွန်လိုင်းဖိုရမ်တစ်ခုက ခေါင်းဆောင်သူ အက်ဒမင်နှစ်ယောက်နဲ့ စကားဝိုင်း ထိုင်ပြောဖြစ်ခဲ့တယ်။ တကယ့်ပရဟိတအလုပ်ဖြစ်တဲ့ မိဘမဲ့ကျောင်းတွေကို ငွေတွေကောက်ခံပြီးလှူ၊ စာအုပ်တွေလှူနေတဲ့ လူတွေပါ။
ဖိုရမ်ထဲမှာ အတိုက်အခိုက်တွေ အညှော်တိုက်တာတွေ အရမ်းများနေလို့ စိတ်ညစ်နေကြတယ်တဲ့ဗျာ။ လောကနီတိ သင်ခဲ့ရပေမယ့် မတတ်မြောက်ခဲ့တဲ့ အောက်တန်းကျ ကိုယ်တော်များ အွန်လိုင်းပေါ်မှာ ပရဟိတအလုပ်တွေကို အညှော်ဝင်တိုက်နေ တတ်ကြတာ ပြောပါတယ်။ ကျွန်တော့်သူငယ်ချင်းဖြစ်တဲ့ သီဟ(မြန်မာကျူတိုရီယာယ်)က ပရဟိတ ဆိုရင်နောက်မဆုတ်တမ်းလုပ်ပါ။ မြန်မာပြည်ရဲ. အောင်မြင်ဆုံးဖြစ်တဲ့ နာရေးကူညီမှု.အသင်းဆိုလည်း အစပိုင်းမှာ အတိုက်အခိုက်တွေ မနည်းမနော ခံခဲ့ရပြီး အခုအချိန်မှာ တည်ငြိမ်အောင်မြင်တဲ့ အဖွဲ.ဖြစ်နေပြီ .. စသည်ဖြင့် အားပေးခဲ့တာ ပြန်သတိရမိတယ်။
အကျင့်တွေ ဆိုးရွားပြီး ကူးစက်နေပုံက အများအကျိုးအတွက်လုပ်တဲ့ အလုပ်တွေတောင် ပိတ်ဆို့တားဆီးတာတွေ ထိတောင် ရှိနေတတ်ပြီ။ အွန်လိုင်းပေါ်မှာ ပရဟိတအကျိုး အသိတွေ အမြင်တွေ ဖြန့်ဝေတဲ့ နေရာတွေမှာတောင် ငါဆိုတဲ့ အတ္တတွေ ရှေ့တန်းတင်လာကြပြီ။ အွန်လိုင်းကို အသုံးပြု.သူတွေ ဆိုတာ လူငယ်တွေ အတော်များပါတယ်။ မျိုးဆက်သစ် လူငယ်တွေလို့ ဆိုရင် မမှားပါဘူး။ ဒါပေမယ့် မသစ်ပဲ ဟောင်းနွမ်းနေတဲ့ အကျင့်ဆိုးတွေနဲ့ ဖြစ်နေတာဆိုတော့ အဟောင်းသံသရာထဲမှာပဲ ရှိနေပါသေးတယ်ဗျာ။
မြန်မာပြည်က အစိုးရဌာနတွေမှာ အထက်လူကြီးတွေရဲ. အလေ့အကျင့်တွေထဲက တစ်ခုက ကိုယ့်ကို အောက်လက်ငယ်သားတွေရဲ. ကြောက်ရွံ.ခြင်းကို ခံယူတတ်ကြတာပဲဗျ။ နည်းစနစ်တစ်ခုခု အသုံးပြု.ပြီး ထိတ်လန့်အောင် လုပ်တတ်ကြတယ်။ သူ့ရာထူး သူ့လုပ်ပိုင်ခွင့်အပေါ် အမြတ်ထုတ်ချင်စိတ်၊ မရိုးသားတဲ့ စိတ်ဓါတ်နဲ့ ကိုယ့်ဌာန အကျိုးစီးပွါးအတွက် ဂုဏ်သိက္ခာအတွက် ထည့်မစဉ်းစားဖြစ်ကြဘူး။ တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်ဆိုတာမျိုးက စာရွက်စာတမ်းထဲမှာပဲ ချန်ထားရစ်ခဲ့ကြတယ်။
တစ်ခါက ကျွန်တော်အစိုးရ ရုံးတစ်ရုံးကို ခွင့်ပြုမိန့် ပါမစ်တစ်ခု လိုအပ်လို့ သွားတောင်းခဲ့ ပါသေးတယ်။ ရုံးရောက်တဲ့အခါ အထက်လူကြီးနဲ့ မတွေ့ရသေးခင် ရုံးကစာရေးမက စောင့်နေခိုင်းတယ်။ သူ့စားပွဲရှေ.မှာ ခုံနဲ့ထိုင်ခိုင်းထားပြီး ကျွန်တော့ကိုအကဲခတ်နေတယ်။ စာရွက်စာတမ်းကတော့ လူကြီးဆီကို ရောက်ပြီးသွားပြီ။ သူ့လူကြီးက အင်မတန် အလုပ်များကြောင်း မထင်ရင် မထင်သလို စိတ်တိုတတ်ကြောင်းတွေ လာပြောနေတယ်။ အမှန်က ကျွန်တော်နဲ့ သူ့အထက်လူကြီးရဲ.ဒေါသကြီးတဲ့ စရိုက်တွေ စိတ်တိုတဲ့စရိုက်တွေ ဘာမှမဆိုင်ပါ။ ပြည်သူ့တာဝန် ဌာနရဲ.တာဝန်တွေယူထားပြီး အလုပ်လုပ်နေရတဲ့ ၀န်ထမ်းဆိုတာ သူ့ဟာသူ ဒေါသဘယ်လောက်ပဲကြီးကြီး ဘယ်လောက်ပဲ စိတ်ခံစားမှု. ရှုတ်ထွေးနေပါစေ လုပ်စရာ အလုပ်တာဝန်ကို ကျေပွန်အောင် လုပ်ပေးရမှာပါပဲ။ သူ့စိတ်ခံစားမှု.ဘာဖြစ်တယ် ဘာရှိတယ်ဆိုတာ ကျွန်တော်သိအောင် သူ့စာရေးမက ပြောပြဖို့မလိုပါဘူး။ ဆိုင်မှမဆိုင်ပဲဗျာ။
လူတွေအနေနဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်နေပြီး တာဝန်ကျေအောင် လုပ်ဖို့မစဉ်းစားတတ်ကြတာပါပဲ။ သူ့လက်အောက်ငယ်သားတွေကို ဒေါသကြီးပြရတာမျိုး၊ မာနကြီးပြရတာမျိုး အကြောင်း တစ်ခုမဟုတ် တစ်ခုချပြတာမျိုးနဲ့ နေတတ်ကြတယ်။ အထက်စီးအနေအထားမှာ ကိုယ့်ကိုလူတွေ ကြောက်ရွံအောင် ဖန်တီးတတ်ကြတယ်။ သူတို့ထက် ရာထူးကြီးတဲ့လူကိုတွေ့ရင်တော့ ဘ၀ပျက်မတတ် ကြောက်ရွံ.တုန်လှုပ်ပြီး အကြိုက်ဆောင်ပေးတတ်ကြတယ်။
လူမှန် နေရာမှန် ဆိုတဲ.စကားဟာ အဖွဲ.အစည်းတွေနဲ့ လုပ်ကိုင်တဲ့နေရာမှာ မရှိမဖြစ် အနေအထားပါ။ မြန်မာပြည်အတွက်ကျတော့ နေရာမှန်၊ အလိုက်အထိုက်မှန် ဆိုတာ ပိုမှန်မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ တော်နေတတ်နေ အစွမ်းအစရှိပါစေ။ အလိုက်အထိုက် ဖော်လံဖား လုပ်နိုင်သမျှ နေရာကောင်းရမှာ ဖြစ်ပါတယ်။
အဖွဲ့အစည်းနဲ့ လုပ်ကိုင်တဲ့နေရာမှာ လူမှန်နေရာမှန် ရှိဖို့လိုအပ်ပါတယ်။ John C. Marvell ရဲ့ Equipping စာအုပ်ထဲမှာ လူမှားနေရာမှား မဖြစ်အောင် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့ အိုင်ဒီယာလေး ထည့်ရေးထားတယ်။ အဖွဲ့အစည်းတိုင်းမှာ တစ်နေရာစီ ကျွမ်းကျင်တဲ့ လူတွေရှိကြတယ်။ နေရာမှန်လူမှန် ဖြစ်အောင် စီစဉ်နိုင်ရင် ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ အဖွဲ.အစည်းဖြစ်လာမှာပါတဲ့။ အဖွဲ.အစည်း အုပ်ချုပ်မှု.က မှားယွင်းနေရင် ဒါမှမဟုတ် မှားမှားယွင်းယွင်းနဲ့ လူတွေကို နေရာချထားမိရင် စိတ်ပိုင်းဆိုင်ရာ တွေယိုယွင်းလာမယ်။ အဖွဲ.အစည်း အပေါ်မှာရော လုပ်ဖော်ကိုင်ဘက် အချင်းချင်း အပေါ်မှာရော ယုံကြည်မှု.တွေ ကျဆင်းလာမယ်။ စိတ်ညစ်လာမယ်။ ကျင့်ဝတ်တွေ မစောင့်ထိန်းနိုင်တော့ပဲ အထက်ဖား အောက်ဖိ နိုင်ရာစားတွေ ဖြစ်လာမယ်ဆိုတာ ပြောထားပါတယ်။
အခုလက်ရှိအခြေအနေကတော့ မြန်မာပြည်က ပြည်သူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းစပြု့နေတဲ့ အခြေအနေပါ။ လက်နက်မကိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ. နောက်ကနေ ပြည်သူတွေ လိုက်လာပြီး ပိတ်ထားတဲ့ တံခါးတွေ တစ်ခုပြီး တစ်ခုပွင့်အောင် ဖွင့်နိုင်တာ သဘောကျနှစ်သက် ထောက်ခံစရာပါ။ ကျွန်တော်တို့ ခေတ်ဟောင်းက လူကြီးတွေရဲ.အကျင့်ဆိုးတွေ ဆက်ပြီးလက်ခံနေဦးမှာလား။ မဖြစ်နိုင်ပါဘူး။ နောင်လာမယ့် ကျွန်တော်တို့ရဲ.မျိုးဆက်တွေအတွက် အမွေဆိုးတွေ အတိတ်အိမ်မက်ဆိုးတွေ ထပ်ပြီးမကျန်ရစ် စေချင်ပါဘူး။ ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ.အစည်းအတွက် အကျိုးစီးပွါးတိုးတက်နိုင်မှု. ကိုယ်တိုင်ပြဌာန်းထားတဲ့ ကျင့်ဝတ်တွေ စောင့်ထိန်းပြီး အဆင်ပြေပြေ ဖြစ်အောင် အားလုံး ကြိုးစားရမှာပါ။ အောက်တန်းကျတဲ့ ကိုယ်တော်ကြီးတွေ ကိုကန်ချဖို့ မကြိုးစားရင်တောင်မှ အကျင့်လေးတွေပြင်ဆင်ဖို့ လောကနီတိလို ကျင့်ဝတ်မျိုး နားလည်အောင် ဆွေးနွေးပေးရမှာပါ။
ရေးသူ - SOE HTET
11:10PM, TUESDAY, 24th, APRIL, 2012,
MYANMAR.
မူရင်း - http://myrisingforces.blogspot.com/
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment