Mr. Jugger
ခါတိုင်းလိုပင် ထွေလီကာလီစကားဝိုင်းလေးကို
သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ လူစုံသည်နှင့်တပြိုင်နက် အစပြု
လိုက်ကြသည်။ မိုးကလည်း အလွန်စွေနေသည်မှာ ကြာပြီဖြစ်သောကြောင့်
အိမ်တွင်းအောင်းနေရင်း စကားဝိုင်းလေး ပြန်မစဖြစ်သည်မှာ
အချိန်အတော်နှောင်းသွားရသဖြင့် ပြောစရာထွေလီကာလီ အကြောင်းအရာတွေလည်း
အားလုံးတွင် ကိုယ်စီကိုယ်ငှ တပုံတပင် များပြား လှနေတော့မည်။
လူငယ်လေးတွေချည်းစုပြီး ဝိုင်းဖွဲ့နေကြသော စကားဝိုင်းမှ အသံများသည်
မိုးသံလေသံများအကြားတွင် တဝါးဝါး တဟားဟားဖြင့် မိုးမင်းနှင့်အပြိုင်
သူနိုင်ကိုယ်နိုင်ကျဲနေကြသည်။ ထိုသို့မိုးသံလေသံများအကြားမှ
တစ်ယောက်သောသူ၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။
“ငယ်ငယ်က မိုးရာသီကျောင်းဖွင့်ရက်တွေမှာ ကိုရွှေမိုးမင်းက
ညနေကျောင်းဆင်းချိန်တိုင်း အခုလို အုံးအုံးဒိုင်းဒိုင်းနဲ့ သည်းသည်းမဲမဲ
ကို ရွာသွန်းဖြိုးလေ့ရှိတယ်။ အိမ်ကိုပြန်တဲ့လမ်းနဘေး ကားလမ်းက
ဘယ်ညာမျက်စိတစ်ဆုံး လယ်ကွက်ကြီးတွေတစ်လျှောက်မှာ မိုးစက်
မိုးပေါက်တွေအကြား တေးတကြော်ကြော်နဲ့ လယ်ထွန်နေတဲ့ လယ်သမားကြီးတွေကို
အမြဲတွေ့ရလေ့ရှိတယ်။ ကိုယ်တွေကတော့ ထီးကလေးကိုဆောင်း လွယ်အိတ်ကလေးကို
ရင်မှာပိုက်လို့ ကွင်းပြင်ကြီးထဲမှာ အပေါ်ပိုင်းဗလာ ခါးတောင်းကျိုက်လေးနဲ့
မိုးတရွှဲရွဲ ရွှံ့ထဲ ဗွက်ထဲမှာ ခြေသလုံး ‘မျှော့’ အတွယ်ခံရင်း
လယ်ထွန်နေကြတဲ့ သူတို့တွေကိုကြည့်ရင်း အံသြမိတယ်။ ဒါတောင် “ထွေးညို
ထွေးညို” ဆိုတဲ့တေးချိုချိုအသံလေးတွေလည်း မိုးသံလေသံကို ထိုးဖောက်ပြီး
ကိုယ်တွေနားထဲရောက်အောင် တေးတကြော်ကြော်နဲ့ ဦးကြီးတွေသီဆို လယ်ထွန်ရင်း
ပျော်နေကြတယ်။ ပြောချင်တာက အခုလိုမိုးရာသီဟာ ဆန်ကိုသာအဓိကထားစားသုံး
စိုက်ပျိုးရောင်းချကြတဲ့ ကိုယ်တို့နိုင်ငံ အတွက် မိုးစပါးစိုက်ရတဲ့
အချိန်ပဲဖြစ်တယ်။ ဒီအချိန်မှာ တောင်သူဦးကြီးတွေဟာ မိုးထဲရေထဲ
မျှော့တွဲလွဲနဲ့ ပျော်တပြုံးပြုံး နွားနှင့်ဖက်ပြီး ရုန်းကြရလေ့ရှိတယ်။
အခုတော့…”
ဟုဆိုကာ
စကားကိုဆက်ပြောသေးဘဲ လက်ဖက်ရည်တစ်ခွက်ကို အသာယူမော့လိုက်ပါတယ်။ ပြီးမှ
သူ့စကားကို စိတ်ဝင်တစားအာရုံစူးစိုက်နားထောင်နေကြတဲ့ သူတွေကို
တစ်ချက်ဝှေ့ကြည့်ကာ သူကပဲဆက်ပြောပါတော့တယ်။
“ တကယ်တော့ ကိုယ်တို့နိုင်ငံရဲ့ အဓိကထွက်ကုန်ဟာ ဆန်စပါးဖြစ်တယ်။
ဒါကြောင့် တောင်သူဦးကြီးများကို နိုင်ငံဝင်ငွေ အတွက်ရော
တိုင်းပြည်စားနပ်ရိက္ခာအတွက်ပါ အားကိုးအားထားပြုရတယ်။ သူတို့တတွေဟာ
လက်မှုလယ်ယာတောင် မနည်းကုန်းရုန်း အားစိုက်ပြီး လုပ်နေကြရတဲ့
ကိုယ်တို့နိုင်ငံမှာ တစ်မိသားစုလုံး မိုးရွာနေပူမရှောင် ရွှံ့ထဲဗွက်ထဲမှာ
ထမင်းကြမ်းခဲစားပြီးတစ်နှစ်ပတ်လုံး ပါတ်ချာလည်နေကြရှာတယ်။ သူတို့တတွေဟာ
သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို ဘိုးဘွားပိုင်အဖြစ်
စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်ရင်း အခြားတိုးတက်ရာ လုပ်ငန်းတွေထက်
ပင်ပန်းဆင်းရဲတဲ့ လယ်ယာလုပ်ငန်းကိုပဲ မိရိုးဖလာအလုပ်အကိုင်အဖြစ်
ရိုးဂုဏ်မြောက်စွာ ဆက်လက်လုပ်ကိုင်ကြတယ်။ မြန်မာပြည်မှာရှိတဲ့ သန်း(၆၀)
သောလူထုဟာ သူတို့ချွေးနဲ့ ရင်းထားတဲ့ ဆန်ကိုချက်ပြီး ထမင်းအဖြစ်
အဟာရနေ့စဉ်မှီဝဲကြရတယ်။ ဒါကြောင့် တောင်သူဦးကြီးတွေဟာ လူထုရဲ့ ထမင်းရှင်၊
ကျေးဇူးရှင်ဖြစ်တယ်။ အခုလိုမိုးသည်းတဲ့ကာလမှာ မျက်ရည်ရွှဲနေရတဲ့
သူတို့ရဲ့အဖြစ်ကိုမြင်တော့ ရင်ထဲမချိအောင်ခံစားရတယ်။ အရင်က “ထွေးညို”
သံချိုနဲ့ ကောက်စိုက်တေးသံတွေ အစား ကိုယ့်ဘိုးဘွားပိုင် လယ်ယာမြေကို
အသာငေးကြည့်ရင်း တောင်သူဦးကြီးတွေ ရင်ထဲနှလုံးသားထဲ နှစ်လုံးသားထဲက
မချိတင်ကဲ ခံစားချက်တွေနဲ့ မတရားမှုအပေါ် မတရားမှန်းသိပေမယ့် အံကြိတ်ကာ
မျက်ရည်တလိပ်လိပ်ကျနေတဲ့ မျက်ဝန်းညို စိုစိုကြီးတွေနဲ့ ငိုရှိုက်သံတွေဟာ
မိုးသံလေသံကို လွှမ်းလို့ လယ်ကန်သင်းရိုးတစ်လျှောက် ပျံ့လွှင့်နေတယ်။”
“ ဘာကြောင့် ‘ထွေးညို’ အစား ‘ ဆွေးငို’ နေရတာလည်းဆိုတော့ အာဏာကို
တိုင်းပြည်ကောင်းစားရေးထက် မိမိကြီးပွားရေးကို သာ တလွဲသုံးတဲ့
အာဏာရူးတွေရယ်၊ “ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အာဏာရူးတွေနဲ့
ပေါင်းပြီး အကျင့်ပျက်ခြစားနေကြတဲ့ ခေတ်ပျက်စီးပွားရေးသမား
လောဘရူးတွေကြောင့် ပဲဖြစ်တယ်။ အဲဒီအာဏာရူး၊ လောဘရူးတွေဟာ လူထုတွေဖြစ်တဲ့
အလုပ်သမား လူတန်းစားအလွှာကို ဂုတ်သွေးစုတ်လို့ အားမရသေးတဲ့အပြင်
ကိုယ့်နိုင်ငံရဲ့ ကျေးဇူးရှင် ထမင်းရှင်ဖြစ်တဲ့ ရိုးသားတဲ့ စာပေမနှံစပ်၊
ဥပဒေမကျွမ်းကျင်တဲ့ တောင်သူဦးကြီးတွေကိုပါ ပါဝါပြပြီး ဥပဒေကိုင်ကာ
ခြောက်လိုခြောက်၊ ငွေထုတ်ကလေးတရမ်းရမ်းနဲ့ ဂုဏ်မောက်ကာ ငေါက်လိုငေါက်နဲ့
ယုတ်မာကောက်ကျစ်ကြတယ်။ နိုင်ငံတော်ကို နှစ်ပေါင်းများစွာ
အခွန်မပြတ်ပေးဆောင်လာတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧကပေါင်းများစွာကို
မတရားသဖြင့် သိမ်းတယ်။ ပြီးတော့သူတို့တွေ ကြီးပွားရာကြီးပွားကြောင်း
စက်ရုံကြီးတွေထောင်ဖို့ မြေကွက် ရိုက်ရောင်းစားကြတယ်။ လယ်သမားကြီးတွေဟာ
ဘာလို့ဘာကိုင်ရမှန်းမသိဘဲ အခွန်တော်ဖြတ်ပိုင်းလေးတွေ
လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျနေရတယ်။
အဲဒီမျက်ရည်တွေကို ခြေဆေးရေအဖြစ် အာဏာရူးတွေ လောဘရူးတွေက
ပျော်ပျော်ပါးပါးကြီး မျက်နှာပြောင်တိုက်ကာ
ဆေးကြောသန့်စင်နေကြတုန်းဖြစ်တယ်။”
“လယ်သမားကြီးတစ်ဦးရဲ့ ဆန္ဒထုတ်ဖေါ်နေတဲ့ ဓာတ်ပုံတစ်ခုကို
ဖေ့ဘုတ်စာမျက်နှာပေါ်မြင်ရတဲ့အခါ ရင်ထဲ သိပ်ကိုမွန်းကြပ်ခံစား သွားရတယ်။
လယ်သမားကြီးက မျက်ရည်တွေစိုရွှဲနေတဲ့ မျက်ဝန်းညိုညိုကြီးနဲ့အတူ လက်ထဲမှာ
ကိုင်ထားတဲ့ ကတ်ထူပြားလေးပေါ် “ကျွန်တော်တို့ စာမတတ်တဲ့အတွက်
စာတတ်တဲ့သူများ ကူညီပေးကြပါခင်ဗျား” ဆိုပြီး ရေးထားတယ်။ လှိုင်သာယာက
မတရား လယ်မြေအသိမ်းခံရတဲ့ လယ်သမားထုကြီးဆီက မြင်တွေ့လိုက်ရတဲ့
ပုံရိပ်လွှာတစ်ခုပဲဖြစ်တယ်။ တခြား တွံတေးမြို့နယ် ထော်ကူးဘက်က
မတရားအသိမ်းခံထားရတဲ့ လယ်မြေဧက(၈၀၀) ကျော်၊ နောက်ထပ်ပေါ်ပေါက်လာတဲ့
လှိုင်သာယာမြို့နယ် ပဒန်းကျေးရွာ၊ ကျွန်းကလေး၊ ကျွန်းကြီး၊ ကမ်းပြို
စတဲ့ရွာပေါင်းလေးရွာက လယ်မြေဧက (၆၈၀) ကျော်၊ မုံရွာခရိုင်
ကက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မတရားအသိမ်းခံရတဲ့
ဆားလင်းကြီးမြို့နယ်က လယ်ဧကပေါင်း(၇၈၀၀) ကျော်စသဖြင့်
နိုင်ငံတော်တဝှမ်းမှာ မတရားသဖြင့် အမြတ်ထုတ် မှုတွေ ဖုံးလွှမ်းနေတယ်။
အမှန်တရားနဲ့ တရားဥပဒေဆိုတာ ဘာလဲလို့ တောင်သူဦးကြီးတွေအဖို့ ဘယ်သူမှ
အဖြေမထုတ်ပေးနိုင်ကြတော့ ဘူးလားလို့ တွေးမိတယ်။”
“မတရားအသိမ်းခံရတဲ့ နိုင်ငံတော်တဝှမ်းသတင်းတွေထဲက မောင်းစည်သံလွှမ်းပြီး
မေတ္တာပို့သံနဲ့အတူ ညာချီသံ နံပါတ်တုတ်နဲ့ ဒိုင်းကို
တဘုန်းဘုန်းခြောက်လှန့်ရိုက်မြည်သံ လွှမ်းတဲ့ရမ်းချင်တိုင်းရမ်းနေကြတဲ့
မုံရွာ ဆားလင်းကြီးမြို့ အဖြစ်အပျက်တစ်ခုကိုပဲ ထုတ်ပြီးပြောပြရမယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က တောင်သူဦးကြီးတွေကို စီမံကိန်းအတွက်
လယ်ကွင်းတွေကို ကားကြီးတွေဖြတ်ပြီးမောင်း သွားမှာ ဖြစ်တာကြောင့်
ဆိုပြီးသီးနှံတွေအတွက်လျော်ကြေးအဖြစ် သုံးနှစ်စာ ကျပ်ငွေငါးသိန်းနဲ့
နှစ်သောင်းလောက်ပေးခဲ့တယ်။ တောင်သူဦးကြီးတွေခမျာ
မိမိတို့စိုက်ပျိုးထွန်ယက်ထားတဲ့ လယ်ယာမြေတွေအပေါ်
ကားကြီးတွေဖြတ်မောင်းသွားမှာကို မကြိုက်ပေမယ့် လည်း
မပြောဝံ့မပြောရဲတာတွေကြောင့် တစ်နှစ်စာ သီးနှံအထွက်ဖိုးလောက်တောင်မရှိတဲ့
ငွေကိုသုံးနှစ်စာလျော်ကြေးအဖြစ် ကြောက်ကြောက်နဲ့ ရိုးသားစွာ
လက်ခံလိုက်ရတယ်။ အခုလိုသုံးနှစ်အကြာ ၂၀၁၂ ခုနှစ်လည်းရောက်ရော
“စည်းကျော်လျှင် ပစ်မည်” ဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး
အပြီးတိုင်သိမ်းပိုက်လိုက်ကြတယ်။ တစ်ထောင်ကျော်ခန့်သော လယ်သမားထုကြီးဟာ ‘
ကျေးရွာပိုင် ယာမြေများအပေါ် မည်သူမျှ မကျူးကျော်ရ’
ဆိုတဲ့ဆိုင်းဘုတ်ကလေးတွေကို ကိုင်ပြီး သူတို့လယ်ယာမြေတွေဆီ
ငြိမ်းချမ်းစွာ ချီတက်လာကြတယ်။ ‘ ပြည်သူ့အသက်ဦးအိမ်စည်းစိမ်ကို
ကာကွယ်စောင့်ရှောက်ပါမည်’ ဆိုတဲ့ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေက
ကားကြီးတွေတဝူးဝူးမောင်းလို့ ဒိုင်းကို ရာဘာတုတ်နဲ့ ရိုက်ပြီး
ညာသံချီချောက်လို့ ဘာလက်နက်မှမပါတဲ့ တောင်သူဦးကြီးတွေကို
သူပုန်သူကန်တွေလို သေနတ်ကြီး တွေထောင်လို့ တောမောင်းသလို ခြောက်ကြ
လှန့်ကြတယ်”
“ ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက်နှစ်ပေါင်းများစွာ စိုက်ပျိုးထွန်ယက်လာကြတဲ့
ဘိုးဘွားပိုင်မြေကို မည်သူမဆိုမြတ်နိုးကြမှာဖြစ်တယ်။ အခုလို
မတရားအသိမ်းခံရတဲ့အခါ ‘ ငါတို့က စာမတတ်ဘူး၊ တရားရုံးတက်ပြီးရှင်းရင်လည်း
ရှုံးမှာပဲ၊ ဒါကြောင့်သေရင်သေပါစေ၊ တို့မြေကို
အဆုံးရှုံးမခံနိုင်ဘူး၊’ဆိုတဲ့ မတရားမှုကို တော်လှန်တဲ့ ရိုးမာန်နဲ့
ညာချီသံတွေကို လွှမ်းအောင် မောင်းကိုထုပြီးချီတက်ကြတယ်။
အရင်ရိုးရိုးသားသား လယ်ယာစိုက်ပြိုးဖို့အတွက် အသုံးပြုတဲ့ ပေါက်တူး၊
တံစဉ်၊ ဝါးချွန်တွေကို ကိုယ်စီကိုင်လို့ ‘ ရန်ပြုရင် လှန်မဟယ်’ ဆိုပြီး
မဝံ့မရဲ လက်နက်သဖွယ် ကိုင်ဆောင်ထားကြတယ်။ ပြည်သူထဲက ပေါက်ဖွားလာတဲ့
သကောင့်သား ပြည်သူ့ရတပ်ဖွဲ့တွေရှေ့မှာ ငုတ်တုတ်ကလေးတွေထိုင်ပြီး
တောင်သူဦးကြီးတွေ၊ ကောက်စိုက်သမလေးတွေ အချို့ဟာ
ငိုယိုရှိခိုးတောင်းပန်ကြတယ်။ “စည်းကျော်ရင် ပစ်မည်”
ဆိုတဲ့ဆိုင်းဘုတ်ရှေ့မှာ “ ကျေးရွာပိုင်ယာမြေ မည်သူမျှ မကျူးကျော်ရ”
ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ရဲဝံ့စွာစိုက်ထူကြတယ်။
“ကိုယ်စိုက်ပျိုးတဲ့အပင်၊ ကိုယ်ပြန်ရိတ်သိမ်းရတယ်” ဆိုတဲ့စကားဟာ
သူတို့အတွက်တော့ အမှား၊ နားခါးစရာပဲဖြစ်တယ်။ တကယ်တော့ တောင်သူဦးကြီးတွေဟာ
့ပြန်ရိတ်သိမ်းဖို့နေသာသာ စိုက်ပျိုးစရာမြေတောင် မရှိဖြစ်နေရရှာတယ်။
မတရားအသိမ်းပိုက်ခံထားရတယ်။ သူတို့တတွေပြောလေ့ရှိတဲ့ ‘မင်းမဲ့စရိုက်’
ဆိုတာဥပဒေကို နားရွက် တံတွေးစွတ်နေကြတဲ့ သူတို့ဆီမှာသာလျှင် ရှိနေတယ်။
လယ်သမား ကြီးတွေဟာ လယ်ယာမြေကို မှီခိုအားထားပြီး အသက်ဆက်နေရသူတွေဖြစ်တယ်။
သူတို့ရဲ့ မိသားစုတွေဟာ လယ်ယာမြေမရှိတော့တဲ့ အတွက် ဘာကိုလုပ်လို့
ဘာနဲ့စားပြီး အသက်ဆက်ရမလဲဆိုတာ မသိနိုင်တော့ကြအောင်ကို ဖြစ်နေတယ်။အခုလို
မိုးရာသီကျောင်းဖွင့်ချိန် တောင်သူဦးကြီးတွေရဲ့ ကလေးတွေ ဘယ်ကငွေနဲ့
ကျောင်းဆက်ထားရမလဲဆိုတာ သူတို့မတွေးတတ်တော့ကြရအောင် ဖြစ်နေတယ်။
အရင်လိုမိုးရာသီမှာ တေးတကြော်ကြော်အော်ရင်းးထွန်တုံးနဲ့ ပျော်နေကြရတဲ့
တောင်သူဦးကြီးတွေဟာ သောကအပူမီးတွေ ရင်မှာပိုက်ပြီး မျက်ရည်စက်လက်နဲ့
စိုက်ပျိုးစရာ လယ်ယာမဲ့ဘဝဟာ အနာဂတ်မဲ့နေသလို ခံစားနေကြရရှာတယ်”
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က ပုဂံပြည်ကြီးမှာ
အရည်းကြီးတွေဟာ “ပန်းဦးလွှတ်” ပွဲတော်ကို ကျင်းပလေ့ရှိတယ်။ “
ပန်းဦးလွှတ်ပွဲ” လို့ဘာကြောင့်ခေါ်ရသလဲဆိုတော့ ပန်းကလေးတစ်ပွင့်လို
လှပဖြူစင်တဲ့ အပျိုစင်အမျိုးသမီးငယ်လေးကို ဦးဦးဖျားဖျား
တစ်ညတာအိပ်စက်ဖို့ အရည်းကြီးတွေဆီပို့လွှတ်ရတဲ့အတွက်ဖြစ်တယ်။ မိဘတွေဟာ
သူတို့သမီးပျို အိမ်ထောင်ပြု မင်္ဂလာဆောင်တော့ မယ်ဆိုရင် အရည်းကြီးတွေရဲ့
ကျောင်းတော်ကြီးဆီ ပန်းဦးလွှတ်ပွဲလုပ်ပြီး တစ်ညသွားပိုရလေ့ရှိတယ်။
အရည်းကြီးဆိုသူ လူယုတ်မာတွေ ရဲ့ အုပ်စုလိုက် အပျိုရည်ဖျက်တာခံပြီးတော့မှ
သတို့သမီးဟာ သတို့သားလောင်းကို လက်ထပ်ခွင့်ရှိတယ်။ ဘုရင်က
အရည်းကြီးဆိုသူတွေ ကို ကိုးကွယ်ထားလေတော့ ပြည်သူတွေဟာ
ကိုယ်သမီးပျိုလေးကို မျက်ရည်စက်လက်ကနဲ့ အဖျက်အဆီးခံရမယ့်ဆီ
ပွဲတော်ကျင်းပလို့ ပို့ဆောင်ခဲ့ရတယ်။ အရည်းကြီးတွေဟာ
ဘာသာရေးမှိုင်းတိုက်ပြီး မသိနားမလည်တဲ့ ပြည်သူနဲ့
ဘုရင်ကိုမျက်လှည့်ပြလိမ်လည်လှည့်ဖျားပြီး မိဘတွေရဲ့ သောကအပူမီး
မျက်ရည်ပူတွေနဲ့ ခြေဆေးလို့ သမီးပျိုလေးတွေကို ဖျက်ဆီးတဲ့
ကိုယ်ကြိုးသက်သက်သမား လူယုတ်မာတွေ သာဖြစ်တယ်။ တောင်သူကြီးတွေဟာ
သူတို့စိုက်ပျိုးနေတဲ့လယ်ယာမြေကို သားသမီးသဖွယ်
စောင့်ရှောက်ထိန်းသိမ်းမြတ်နိုးကြတယ်။ အခုတော့ မုံရွာဆားလင်းကြီးက
တောင်သူဦးကြီးတွေဟာ မသက်သာတဲ့အဆုံး ခေတ်သစ်အရည်းကြီးလက်သစ်တွေထဲ ကို
ပန်းဦးလွှတ်သလို သုံးနှစ်စာလောက် ကားလမ်းအဖြစ် မိမိတို့ရဲ့လယ်ယာမြေကို
အပျိုရည်အဖျက်ခံရတယ်။ အရည်းကြီးတွေကမှ ပန်းဦးလွှတ်ပွဲတစ်ညပြီးရင်
သမီးပျိုကို ပြန်အပ်ပေမယ့် ခေတ်သစ်အရည်းကြီးတွေကတော့
အပိုင်သိမ်းလိုက်ကြတော့တယ်။ အခုလို မိုးသည်းတွေအတိုင်း
ငယ်ငယ်ကျောင်းသားဘဝက ညနေကျောင်းပြန်ချိန်တိုင်း မြင်ခဲ့ရတဲ့
လယ်ကွင်းထဲမှာ တေးတကြော်ကြော်နဲ့ မိုးထဲရေထဲက နွားနဲ့အတူ လယ်ထွန်နေကြတဲ့
တောင်သူကြီးတွေရဲ့ ကောက်စိုက်သေးသံကို နားထဲပြန်ကြားနေမိတယ်။ ပြီးတော့
မိုးရေထဲမှာ အရင်လိုစိုက်ပျိုးခွင့်မရှိတော့တဲ့ မတရားအသိမ်းခံလိုက်ရတဲ့
ကိုယ်ပိုင်ယာမြေလေးတွေကို ကြည့်ရင်းနားထဲမှာ နိုင်ငံရဲ့ ရိုးသားလှတဲ့
ကျေးဇူးရှင်တောင်သူဦးကြီးတွေရဲ့ ငိုရှိုက်သံတွေကို သဲ့သဲ့
ကြားယောင်နေမိတယ်..။”
ဟုပြောကာ သူ့မျက်ဝန်းတွင်းမှလည်း မျက်ရည်စလေးများ စီးကျလာပါတော့တယ်။
သူ၏စကားအဆုံးတွင် ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခုကို ပင်ပန်းကြီးစွာ
မှုတ်ထုတ်မိလိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ‘စာတတ်သူများ ကူညီကြပါ’ ဆိုတဲ့
တောင်သူဦးကြီးတွေအတွက် စာတတ်ပညာတတ်သော ကျွန်တော်တို့တတွေရော ဘာများ
လုပ်နိုင်ဦးမည်နည်းဟု စဉ်းစားကာ သူပြောသလို “ခေတ်သစ်
ပန်းဦးလွှတ်ပွဲ”တွေကို အရသာရှိရှိခြေတော်တင်နေကြတဲ့ မျက်ရည်ပူတွေနဲ့
ခြေဆေးနေကြတဲ့ ခေတ်သစ်အရည်းကြီးများသည် ယနေ့လွှတ်တော်ထဲသို့ ရောက်ရှိနေသော
အမတ်လောင်းကြီးများ ဖြစ်နေသည်ရှိသော် ဟုတွေးမိကာ ရင်ထဲမွန်းကြပ်စွာ
ခံစားမိသွားသောကြောင့်ပါတည်း။
မောင်ပြည်သိမ်း
ခေတ်လူများ၏မှတ်စု ဂျာနယ်၊ အမှတ်(၈)
ထွေလီကာလီစကားဝိုင်း ကဏ္ဍမှ

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment