"ပြည်တွင်းစစ်ကြီး ဖြစ်နေတာတောင်မှ ကြားက ဒီမိုကရေစီက ဘယ်လိုရသွားတယ် မသိဘူး" ဆိုတဲ့ ဆရာ ချစ်ဦးညိုရဲ့ စကားကို သေချာ တွေးပြီး အဓိပ္ပါယ်တွေ အများကြီး ပါတယ်လို့ ခံစားမိတယ်။
အရင် ဗိုလ်ခင်ညွန့် တန်ခိုးအာဏာ ထွားနေတုန်းက “လှေပွဲ၊ နွားပွဲ၊ မြင်းပွဲ၊ မာရသွန်၊ လမ်းဖေါက်၊ တံတားဆောက်၊ ဆည်တူး၊ စက်ရုံဖွင့်၊ ရထားလမ်းဖွင့်၊ လယ်ကွင်းတွေကြည့်” .. အဲဒါတွေ လုပ်ပြီး တိုင်းပြည်အေးချမ်းနေပါတယ်။ လာဘ်စားတဲ့ ဗိုလ်ချုပ်တွေကိုလည်း အရေးယူပြခဲ့ပါတယ်။ အဲဒီလို တိုးတတ်နေပါတယ်ဆိုပြီး အမျိုးမျိုး သက်သေပြ သတ်မှတ်ခဲ့တယ်။
ဒီလို တိုးတတ်နေပါတယ်၊ အေးချမ်းနေပါတယ် ပြောနေရင်းနဲ့ပဲ …. တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ … တချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ .. ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား.. ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်။ မြန်မာနိုင်ငံသားတွေ တခါမှ မစဉ်းစားဖူးတဲ့ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား စတဲ့ နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်သမား (တနည်း) ခေတ်သစ် ကျွန်ဇာတ်ကို မြန်မာနိုင်ငံသားတွေ “က” နေကြရတယ်။
အခုလည်း တိုင်းပြည်က ပြောင်းလဲ နေပါပြီ ဆိုပြီး လုပ်ပြနေပြန်တယ်။ ဒါပေမယ့် … မြန်မာပြည်ဟာ ဒီမိုကရေစီတိုင်းပြည် ဖြစ်နေပါတယ်ဆိုတာ ..
၁။ ရွေးကောက်ပွဲဆိုတာ ရှိရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၂။ စစ်ယူနီဖေါင်း ချွတ်ပြီး ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်းရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး
၃။ နိုင်ငံရေး အကျဉ်းသားတွေ အယောင်ပြ လွှတ်ပြရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၎။ အစကတည်းက မလုပ်သင့်တာတွေကို လုပ်ခဲ့ပြီး .. အဲဒီ မလုပ်သင့်တာတွေကို ခဏလောက် ရပ်ပေးလိုက်ရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၅။ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စကားပြောရုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၆။ ပါလီမာန်ဆိုတဲ့ အဆောက်အအုံထဲမှာ ဟိုမေး၊ ဒီဖြေလုပ်နေရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၇။ အစကတည်းက မတားသင့်တဲ့ သတင်းစီးဆင်းမှု လုပ်ငန်းတွေ၊ ပြည်သူတွေ ပြောဆိုခွင့် အခွင့်အရေးတွေကို စံချိန် မမှီတမှီ ခွင့်ပေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၈။ လူ့အခွင့်အရေး ကော်မရှင် နာမည်တပ်ပြီး လူတစ်စုကို အဲဒီကော်မရှင်မှာ လုပ်ကွာလို့ ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၉။ တရားမဝင် အတည်ပြုထားတဲ့ အခြေခံဥပဒေကို လိုက်နာပါတယ် ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့မရဘူး
၁၀။ အလုပ်သမား သမဂ္ဂ (သူတို့အဆို) အလုပ်သမား အဖွဲ့အစည်းဖွဲ့ခွင့် ပေးရုံနဲ့ သတ်မှတ်လို့မရဘူး
အဲဒါတွေ လုပ်ပြရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ရင်တော့ မြန်မာနိုင်ငံသားတွေဟာ မကြာခင်မှာ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ်၊ ဖီလစ်ပိုင် .. စတဲ့ နိုင်ငံတွေမှာ ကျွန်ဇာတ်ကဖို့ ဇာတ်တိုက်ထားကြရတော့မှာ သေချာတယ်။
ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ချင်ရင် …
၁။ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး
(တိုင်းပြည်လုံခြုံရေး အကြောင်းပြပေမယ့် လက်တွေ့မှာ သေချာတာက တိုင်းရင်းသား တပ်တွေက သူတို့ ခြေကုပ်ယူထားတဲ့ နေရာထက် ကျော်ပြီး စစ်လိုက်မတိုက်ဘူး)
၂။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ဖွင့်မနေဘဲ .. နိုင်ငံရေး အကျဉ်းသားလို့ သံသယ ရှိသူအားလုံးကို ချက်ခြင်းလွှတ်
၃။ မြန်မာနိုင်ငံသားအားလုံးကို ဒီမိုကရေးစီ ဖေါ်ဆောင်ခွင့်ထဲပါ လွတ်လပ်စွာ ပါဝင်နိုင်ခွင့် ဖန်တီးပေး၊ ပြီးနောက် ပါဝင်လာအောင် တိုက်တွန်း နှိုးဆော်ပေး။
(ဒီမိုကရေစီဆိုတာ .. ဒီလို၊ ဟိုလို ဆိုပြီး အုပ်ချုပ်သူက ဝင်ပြီး ဆရာလုပ်စရာ မလို၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ မိဘ မဟုတ်ဘူး။ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အသံတွေ တုံ့ပြန် ဆောက်ရွက်ရတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ပြည်သူတွေက လူညံ့တွေ မဟုတ်ဘူး။)
၎။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဖန်တီးပေး
(အဲဒီ အသင်းအပင်းတွေက အစိုးရနဲ့ ပြည်သူကြား ထိန်းညှိပေးနိုင်မှာ ဖြစ်ပြီး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံရေးတွေကိုလည်း ထိန်းကွပ်နိုင်မှာ ဖြစ်တယ်။)
ဒါတွေ လုပ်ဆောင်ပြီးမှသာ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ ရမှာဖြစ်တယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment