Saturday, March 10, 2012

ဗီယက်နမ် ကုမ္ပဏီ ၆၀ ကျော် မြန်မာပြည် လာမည်


ချင်းမိုင် (မဇ္ဈိမ) ။        ။ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၆၀ ကျော်သည် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပြော သည်။

၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှ
လေ့လာစရာများ ရှိနေသည်ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က မဇ္ဈိမကို
ပြောသည်။

"လာမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ Schedules တွေ မရှိသေးပါဘူး။ သူတို့ဆီ ကလည်း ကျနော်တို့က We have to learn from them လေ။ သူတို့က ကျနော်တို့ရှေ့က အရင်သွားနေပြီးတော့
ပြုပြင်ပြောင်းလဲမှု လုပ်ထားတာကိုး။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုက အခုမှလုပ်တော့ သူတို့ထက် နောက်ကျနေပြီ။ သူတို့ဆီက ယူစရာလေးတွေ အများကြီးရှိပါတယ်" ဟု ပြောသည်။

အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိသည်။

ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။

ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိသည်ဟု ဒေါက်တာ မောင်မောင်လေးက
ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။


Unknown at 10:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟင်္သာတ ဗုံးပေါက်ကွဲမှု မင်္သာကာသူများကို ခေါ်ယူစစ်ဆေးနေ

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ က ဟင်္သာတမြို့  ရုံးကြီးရပ်ကွက် ရွှေစေတီလမ်းရှိ စွယ်တော်ရိပ် ကွန်ပျူတာဆိုင် အနောက်ဘက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ရေမြောင်းအတွင်း မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော လက်ပစ်ဗုံး တစ်လုံးနှင့် ယမ်းထုပ် သုံးထပ်ကို ထပ်မံတွေ့ရှိ ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ မှာလည်း ဟင်္သာတမြို့ ဆယ်လူလာလ္ဘက်ရည်ဆိုင်နောက် စာတိုက်အိမ်သာဘေးမှာ
ဗုံးတစ်ထပ်မံတွေ့ ရှိခဲ့ပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေ ဗုံးထပ်မံတွေ့ ရှိမှုတွေနဲ့ ပါတ်သတ်လို့ စာတိုက်မှူးဦးကျော်ဆွေ နဲ့ သူ့ ဇနီးအပါအ၀င် ဆက်သွယ်ရေးနဲ့ စာတိုက်ဝန်ထမ်းတွေအားလုံးကို ခေါ်ယူစစ်ဆေးနေ
တယ်လို့ သိရပါတယ်။

စာတိုက်ဝန်ထမ်းတွေဖြစ်တဲ့ ကိုကျော်စွာလင်း နဲ့ မတူးမာ ကိုတော့ မတ်လ(၉)မှာ မသင်္ကာမှုနဲ့ ဖမ်းဆီးထားပြီး၊ဆည်မြောင်းရိပ်သာထဲမှာ စစ်ဆေးနေကြောင်း ဟင်္သာတမြို့ ခံတွေက Myanmar News Now ကိုပြောပါတယ်။
ကိုကျော်စွာလင်း ရဲ့ မှတ်စုစာအုပ်ထဲမှာ ဗုံးထောင်နည်းနဲ့ ဗုံးလုပ်နည်း စာတွေ တွေ့ ရှိရာကနေ
 ဖမ်းဆီးစစ်ဆေးနေတာဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၇ ရက်နေ့ က စာတိုက်အိမ်သာဘေးက ဗုံးကို ပထမဆုံးတွေ့ ရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင်
က (၁၃)အရွယ် စားပွဲထိုးခလေးငယ်တဦးနဲ့ လက်ဖက်ရည်ဆိုင်က အကြော်ဆရာတဦးလည်း ခေါ်ယူစစ်
ဆေးခံရပါတယ်။ အခုချိန်ထိတော့ တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးကြောင်း Myanmar News 
Now မှ စုံစမ်းသိရှိရပါတယ်။
သစ်ထူးလွင်
Unknown at 10:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်

မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်

by Moenge Aung on Saturday, March 10, 2012 at 9:56am ·
 
မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်
အတွဲ(၁၃) အမှတ်(၁၀) အင်တာနက်ဂျာနယ်
Thursday, 08 March 2012 22:56

မြန်မာနိုင်ငံသည် Hacker များစိတ်ဝင်စား၍ တိုက်ခိုက်လာနိုင်သည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြန်မာအင်ဖိုတက်ခ်တွင် M.S.T Computer Centre မှဦးစီးကျင်းပသည့် Why Cyber Threads are becoming Global Issuse and to acquire Valued ICT Security Skill ဆွေးနွေးပွဲမှ သိရှိရသည်။

“မြန်မာနိုင်ငံအနေနဲ့ အခုချိန်မှာ တိုးတက်နေတဲ့နိုင်ငံဖြစ်တယ်။ လုပ်ငန်းဆိုင်ရာတွေမှာ ICT နည်းပညာအသုံးပြုမှုတွေလည်း များလာတယ်။ Network အသုံးပြုမှုလည်း တွင်ကျယ်လာတယ်။ အဲဒီတော့ Network လုံခြုံရေးကို အလေးထားပြုလုပ်သင့်ပြီ။ အခုနောက်ပိုင်း ပြည်တွင်းကဘဏ်လုပ်ငန်းပိုင်းတွေမှာ Network တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေပြီ။ အဲဒီ့ဘဏ်လုပ်ငန်းတွေကို Hacker တွေက စိတ်ဝင်စားလာနိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက Hacker တွေစိတ်ဝင်စားပြီး တိုက်ခိုက်လာနိုင်တဲ့နိုင်ငံ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ဘဏ်လုပ်ငန်းတွေ အရေးကြီးတဲ့ရုံးဌာနတွေမှာ Network နဲ့ပတ်သက်တဲ့ကာကွယ်ရေးတွေ၊ လုံခြုံရေးတွေ ပြုလုပ်သင့်တယ်” ဟု MHR မှဦးအေးကျော်ကပြောသည်။ “Hacking လုပ်ခံရတာက မိမိကလက်ခံမှလုပ်လို့ရတာ။ မိမိကလက်မခံရင် Hack လို့မရဘူး။ အရေးကြီးတဲ့နေရာတွေ Network Security နဲ့ပတ်သက်ပြီး တကယ်ကျွမ်းကျင်တဲ့လူတွေကို ခန့်ထားဖို့လိုအပ်နေပြီ” ဟု M.S.T Computer Center မှဦးအောင်ဇော်မြင့်ကပြောသည်။ မြန်မာနိုင်ငံမှ ထိုသို့ Cyber Attack များကို ပြည်ပက Hacker များထက် ပြည်တွင်းရှိ Hacker များကသာ အများဆုံးတိုက်ခိုက်နိုင်သည်ဟုလည်း သိရသည်။

ရေးသားသူ -ကိုဟိန်း
Unknown at 10:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ…


၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ်လုပ်ကိုင်လျက်ရှိပါသည်။
၂. ၂၀၀၉ ခုနှစ်တွင် ကျွန်တော့် ပတ်(စ)ပို့ သက်တမ်းတိုးရန် လိုအပ်သည့် အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ တစ်လကို စင်ကာပူဒေါ်လာ (၈၀) နှုန်းဖြင့် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အခွန်ပေးဆောင်ခဲ့ပါသည်။
၃. ထိုသို့အခွန်ပေးဆောင်ရခြင်းမှာ (ကျွန်တော် နားလည်သလောက်) တကယ်တမ်း ဥပဒေအရ ပေးဆောင်စရာမလိုအပ်သော်လည်း ပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် ပေးဆောင်ခဲ့ရခြင်းသာဖြစ်ပါသည်။
(မှတ်ချက်။ ။ ပူးတွဲပါဖိုင် ၁ …. ၁၉၉၉ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာပြည် နှင့် စင်ကာပူနိုင်ငံတို့ နှစ်ထပ်အခွန်မပေးဆောင်ရေး သဘောတူစာချုပ်တွင် ကြည့်နိုင်ပါသည်။ ထိုစဉ်က မြန်မာပြည်ဘက်မှ လက်မှတ်ရေးထိုးသူမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး (ဦး) ခင်မောင်သိန်း ဖြစ်ပါသည်။)
၎. ထိုကိစ္စများသည် အရင် စစ်အုပ်ချုပ်ရေး အစိုးရအုပ်ချုပ်နေစဉ်ဖြစ်သောကြောင့် လုပ်ဆောင်မှု မမှန်ကန်မှန်း သိသော်လည်း မိမိတို့ စင်ကာနိုင်ငံတွင် အလုပ်ဆက်လက်လုပ်နိုင်ရေးအတွက် ပတ်(စ)ပို့ သက်တမ်းတိုးရန် အခွန်ပေးခဲ့ကြရပါသည်။ (ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးရေးအတွက် စင်ကာပူနိုင်ငံရှိ မြန်မာများ ဥပဒေကြောင်းအရ တောင်းဆိုခဲ့ကြသော်လည်း ထိုစဉ်က မြန်မာ စစ်အစိုးရသည် မသိကျိုးကျွန်ပြုခဲ့ကြပါသည်။ ထိုသတင်းများကို စင်ကာပူနိုင်ငံထုတ် Straits Times ၊ Today သတင်းစာများမှ သတင်းဟောင်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။)
၅. ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးဆောင်ရေးကို မလေးရှားနိုင်ငံ၊ အခြားနိုင်ငံများနှင့်လည်း မြန်မာအစိုးရမှ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ သို့သော် မြန်မာအစိုးရဘက်မှ နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ အခွန်တောင်းခဲ့ပါသည်။ အခွန်တောင်းပုံမှာလည်း အများသိပြီးသားဖြစ်တဲ့အတိုင်း အခွန်မပေးလျင် ပတ်(စ)ပို့ သက်တမ်းတိုးမပေးဘူးဆိုတဲ့နည်းဖြင့် ဖြစ်ပါသည်။
၆. ယခုလက်ရှိ မြန်မာအစိုးရသစ်လက်ထက်တွင် ပြည်ပရောက်သူများ အခွန်ပေးဆောင်ရမှုကို ၁၀%မှ ၂ %သို့ ပထမအဆင့်အနေဖြင့် လျော့ချပေးလိုက်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လက သတင်းကြေငြာခဲ့ပါသည်။
ထိုမှတဆင့် ပြည်ပရောက်နိုင်ငံသားများ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ အခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း ကြေငြာခဲ့ပါသည်။
(တကယ်တမ်းပြောရရင်မည်ဆိုလျင် လက်ရှိမြန်မာအစိုးရမှ မိမိတို့ ထုတ်ပြန်ထားသော၊ ချမှတ်ထားသော ဥပဒေကို တိတိကျကျ လိုက်နာမည်ဆိုလျင်၊ အခြားနိုင်ငံများဖြင့်ချုပ်ဆိုထားသော စာချုပ်များကို လေးစားလိုက်နာမည်ဆိုလျင်၊ နိုင်ငံသားများကို မိမိနှလုံးဝမ်းကဲ့သို့ သဘောထားမည်ဆိုလျင် အစကတည်းက ကို ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် အခွန်ပေးဆောင်စရာ မလိုအပ်ပါ။)
၇. သို့သော် ယခုပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် ၂၀၁၂ ဇန်န၀ါရီ မတိုင်ခင် ၂၀၁၁ ဒီဇင်ဘာလ အထိ ပေးဆောင်နေရပါသည်။ (ဥပမာ… ကျွန်တော်သည် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ ဆောင်ပြီးသားဖြစ်၍ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ (၃၁ လစာ) တစ်လကို စင်ကာပူဒေါ်လာ ၈၀ ဖြင့် ၊ ၂၀၁၁ စက်တင်ဘာမှ ၂၀၁၁ ဒီဇင်ဘာအထိ (၄ လစာ) တစ်လကို စင်ကာပူဒေါ်လာ ၁၆ ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။)
ထိုသို့မပေးဆောင်လျင် ပတ်(စ)ပို့သက်တမ်းတိုးပေးမည် မဟုတ်ပါ။ မည်သည့်အကြောင့်ပြချက်မှ လက်ခံစဉ်းစားမဟုတ်ကြောင်း သံရုံးမှ လမ်းညွန်စာတွင် ဖတ်ရှုရပါသည်။
ကြိုတင်အခွန်ဆောင်ထားအနေဖြင့်လည်း ဥပဒေသည် နောက်ပြန်သက်ရောက်ခြင်း မရှိသောကြောင့် ပေးအပ်ထားသော ငွေများကို ပြန်လည်ပေးအပ်မည် မဟုတ်ပါဟုလည်း ဖတ်ရှုရပါသည်။
သို့သော်လည်း ၂၀၁၂ ဇန်န၀ါရီ နောက်ပိုင်း စာအုပ်သက်တမ်းလာတိုးသူများကို အခွန်ပေးဆောင်ခိုင်းသည်မှာ ဥပဒေကို နောက်ပြန်ရိုက်သည်လားဟု အတွေးပွားစေမိပါသည်။
၈. မည်သို့ပင်ဆိုစေ … ဘယ်လိုမှ ပြောလို့လည်းမရနိုင်တော့ မပေးသင့် မပေးဆောင်ထိုက် မပေးပိုင်ခွင့်ရှိသော်လည်း ပတ်(စ)ပို့ သက်တမ်းတိုးရေးအတွက် မြန်မာသံရုံးသို့ အခွန်ပေးဆောင်ရန် လုပ်ငန်းစဉ်များကို မေးမြန်းစုံစမ်းကြည့်ရန်အတွက် မြန်မာသံရုံးသို့ ဖုန်းဆက်သွယ်ခဲ့ပါသည်။
ဤနေရာတွင် ပြောရမည်ဆိုလျင် နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းသည် သံရုံးတွေကို ဖုန်းဆက်ကြည့်လျင် သိနိုင်ပါသည်။
ကျွန်တော် မြန်မာသံရုံးသို့ ပတ်(စ)ပို့ သက်တမ်းတိုးရန် လုပ်ငန်းစဉ်များ သိလိုစေသောကြောင့် ဖုန်းဆက်ခဲ့သည့် အရေအတွက်မှာ အကြိမ် ၃၀၀ ကျော်ရှိပါသည်။
ကျွန်တော် ၃ ၄ ၅ ခါလောက်ခေါ်မှ တစ်ခါလောက် ဖုန်းဖြေပါသည်။ ကျွန်တော် ပိုပြောသည် မဟုတ်ပါ။ မယုံလျင် သမ္မကြီးကိုယ်တိုင် မြန်မာပြည်မှ နေ၍ ခေါ်ကြည့်စေလိုပါသည်။
မြန်မာ မဟုတ်သော နိုင်ငံခြားသူ တစ်ဦးမှ ဖြေကြားပါသည်။ ကျွန်တော် သိလိုသည်များမေးမြန်းသောအခါ သူ့တွင် လုံလောက်သော သတင်းအချက်အလက်များ မရှိပါ။ မြန်မာသံရုံးသို့လာခဲ့ပါဟုသာ ပြောပါသည်။ ကျွန်တော်က တာဝန်ရှိသူ တစ်ဦးဦးနှင့် ပြောပါစေ ဆိုသောအခါ သူ ဖုန်းလွဲပေးပါသည်။ သူ ဖုန်းလွဲပေးတိုင်း မည်သည့် တာဝန်ရှိသူမှ ဖြေကြားခြင်း မရှိပါ။ ထိုအခါ သူပြန်ဖြေတတ်သည်မှာ ထမင်းစားထွက်နေသည်၊ နေ့လည် ၂ နာရီကျော်မှ ပြန်ခေါ်ပါ၊ ၃ နာရီလောက်ပြန်ခေါ်ပြန်လျင်လည်း တာဝန်ရှိသူများ မအားပါ၊ မနက် ၁၀ နာရီလောက် ခေါ်လျင်လည်း မရောက်သေးပါ သို့မဟုတ် ဖြေကြားခြင်း မရှိပါဆိုတာများသာ ကြုံတွေ့ရပါသည်။
ကျွန်တော်တို့ သိချင်တဲ့ သတင်းအချက်အလက်လေးသိရဖို့အတွက် ခွင့်ယူပြီ သံရုံးလာရမယ်ဆိုတာတော့ မဖြစ်စေချင်ပါ။
ထိုသို့ သတင်းအချက်အလက်များကို အော်တိုဖြေ စနစ်အနေဖြင့် ပြုလုပ်ထားလျင်ရပါသည်။
ကျွန်တော် (၈.၃.၂၀၁၂) က ဖုန်းဆက်မေးသောအခါ အဆိုပါ ဖုန်းဖြေသူ အမျိုးသမီးမှ စာအုပ်သက်တမ်းတိုး (စာအုပ်အသစ်လဲ) ၊ အခွန်ဆောင်ရန်အတွက် လုပ်ဆောင်ရန်အချက်များကို ပြောပြပါသည်။
မနက် ၉ နာရီမထိုးခင် တန်းစီပြီး Q နံပါတ်လာယူရန်၊ ပြီးလျင် စသည်ဖြင့် အခွန်တွက် နေ့ခင်းပြန်လာ ပြန်စောင့် အခွန်ပေး ၊ စာအုပ်ယူရန် နောက်ထပ် ရက်ချိန်း အဲဒီကျရင် စာအုပ်အသစ်ယူ။
၉. ကျွန်တော် ၉.၃.၂၀၁၂ မနက် အိပ်ရာထ နောက်ကျနေသောကြောင့် ၉ နာရီမတိုင်ခင်မှီအောင် တက္ကစီငှား၍ သံရုံးသို့သွားခဲ့ပါသည်။ ကျွန်တော်ရောက်သော အခါ လူတော်တော်များများ သံရုံးသို့ ရောက်ရှိနေကြပါသည်။ ကျွန်တော်လည်း တန်းစီနေကြသော အယောက် ၃၀ ကျော်လောက်ရှိ လူတန်းကြီးနောက်တွင်အပြေးအလွား ၀င်တန်းစီလိုက်ပါသည်။
သိပ်မကြာခင် ကျွန်တော်နောက်မှ ရောက်လာသူများလည်း ကျွန်တော့် နောက်တွင် တန်းစီကြပါသည်။
မြန်မာသံရုံးကလည်း ယခင်ကနဲ့ မတူဘဲ သပ်သပ်ရပ်ရပ် ပြုပြင်ပြောင်းလဲထားပါသည်။
ပတ်(စ)ပို့ သက်တမ်းတိုးရန်၊ အခွန်ဆောင်ရန်များ၊ ဗီဇာလျောက်ခြင်းများ..စသည့်လုပ်ငန်းစဉ် အသေးစိတ်ကို သေသေချာချာရေးသားထားရှိပါသည်။ ထိုအချက်များကိုလည်း တန်းစီနေသူများ တန်းစီနေရင်း ဖတ်ရှုနိုင်စေရန် အယ်စီဒီ ဖန်သားပြင်မှ နေ၍ တစ်ပိုဒ်ချင်း တဖြည်းဖြည်း ပြသလျက်ရှိပါသည်။ ကျွန်တော်လည်း တန်းစီနေရင်း ထိုစာသားများကို ဖတ်ရှုနေမိပါသည်။
လုပ်ငန်းစဉ်များ ဖြစ်တဲ့ မနက်တွင် လာ၍ Q နံပါတ်ယူရန်၊ ပြီးရင် ဘာလုပ်…စတဲ့ စာသားတွေအားလုံးကိုဖတ်ပြီးတော့ ..ကျွန်တော် တန်းစီနေတဲ့ လူတန်းကြီးက မိနစ် ၂၀ ကျော်လောက် ကြာသော်လည်း တစ်ယောက်မှ မရွေ့သည်ကို သတိထားမိတော့ပါသည်။
ကျွန်တော်စိတ်ထဲတွင် တစ်ခုခုတော့ မှားနေပြီဆိုတာ သဘောပေါက်လိုက်ပြီး ရှေ့မှ နောက်မှ လူများကို မေးကြည့်ပါသည်။. သူတို့လည်း မပြောတတ်ဖူးဟုဆိုသည်ကြောင့်..ကျွန်တော် ကောင်တာသို့ သွားရောက်ခဲ့ပါသည်။ ထိုအခါ မေးမြန်းကြည့်မှ ဒီလို Q မပေးတော့ဘူး..။ အွန်လိုင်းကနေပဲ appointment လုပ်ရမယ်ဟု သိရပါသည်။
ဤနေရာတွင် ပြောရမည်ဆိုလျင်
(က) သံရုံးမှ တာဝန်ရှိသူက ဒီလောက် တန်းစီနေတဲ့လူတန်းကြီးကို တိတိတင်တင် အသိပေး ပြောကြားပြီး ဆက်လက်မတန်းစီရန် တိကျသော သတင်းအချက်များကို ပေးသင့်ပါသည်။
(ခ) ရေးသားထားသော လုပ်ငန်းစဉ်များ၊ အယ်စီဒီမှ ပြသနေသည်များကို ပြောင်းလဲသွားလျင် update လုပ်ရမည်ဖြစ်ပါသည်။
(ဂ) ကျွန်တော် တာဝန်ရှိသူတစ်ဦးနဲ့ သွားတွေ့ပြီး ကျွန်တော့် အကြံပြုချက်ကိုပြောသောအခါ “ခင်ဗျား အကြံပြုမနေပါနဲ့..ကျွန်တော်တို့သိပြီးသာပါ..ကျွန်တော်တို့မှာလည်း လုပ်စရာ အများကြီးရှိတယ်ဗျ” ဟုသာပြောကြားပါသည်။ သံရုံးဝန်ထမ်းများလည်း တစ်နေကုန် မအားလပ်ဘဲ အလုပ်လုပ်ကိုင်နေကြသည်ကို နားလည်ပါသည်။ လူ မလောက်လျင် စာရင်းရှိပြီး လစာယူပြီး အလုပ် မလုပ်ကြသော လူများနေရာတွင် အခြားလူများဖြင့် အစားထိုးနိုင်ပါသည်။
(ဃ) ကျွန်တော်တို့ သံရုံးကို လာရောက်ကြသူများမှာ လုပ်ငန်းခွင်မှ နေ၍ ခွင့်ယူလာကြသူများဖြစ်ပါသည်။
(င) ကျွန်တော် မလာခင် ဖုန်းဆက်မေးကြည့်တာကို ဖုန်းဖြေကြားသူက သတင်းအချက်အလက် အမှန်ကို ဖြေကြားရမည်ဖြစ်ပါသည်။ ထိုသတင်းအချက်အလက်သစ်များကို သံရုံးမှ တာဝန်ရှိသူများမှ ဖုန်းဖြေကြားသူထံ ပြောင်းလဲမှုများကို အသိပေးပြောကြားထားရမည်ဖြစ်ပါသည်။
(စ) ပြီးတော့ သံရုံးတွင် ဖုန်းတစ်လုံးသာရှိသည်ဟု သံရုံးဝန်ထမ်းမှ ပြောကြားပါသည်။ လိုင်းခွဲများ ထားရှိရမည် ဖြစ်ပါသည်။
(ဆ) မြန်မာပြည်သည် ယခုအချိန် နိုင်ငံခြားသားများ စိတ်ဝင်စားပြီး ခရီးသွားရောက်ရန် စိုင်းပြင်းနေကြချိန်တွင် သံရုံး၏ လုပ်ငန်းဆောင်တာများ၊ ပေးအပ်သော သတင်းအချက်အလက်မျာ၊ ဆက်သွယ်မှုကောင်းမွန်အောင် ဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါသည်။
၁၀. မြန်မာ ပတ်(စ)ပို့ စာအုပ်အသစ်တွင်လည်း နိုင်ငံတကာ (အာစီယံ) အဆင့်မီ အနည်းဆုံး ၅ နှစ်ထားရှိသင့်ပါသည်။
၁၁. စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်း၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံများရှိ မြန်မာသံရုံးများသည်လည်း မြန်မာနိုင်ငံသားများထံမှ အခွန်တောင်းခြင်းတွင်မကဘဲ ထိုနိုင်ငံများတွင်ရောက်ရှိနေကြသော မိမိတို့နိုင်ငံသားများ၏ အထွေအထွေအရေးကိစ္စရပ်များကို ကူညီဖြေရှင်းပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။
ထိုအချက်သည် အဆင့်အတန်းရှိသော၊ မိမိနိုင်ငံသားများကို တန်ဖိုးထားသောနိုင်ငံကြီးများ ပြုကျင့်ကြသော အလေ့အထကောင်းများ ဖြစ်ပါသည်။
၁၂. ယခုကဲ့သို့ မိဝေး၊ ဖဝေး၊ မိသားစုနှင့် ဝေး၊ တိုင်းခြား ပြည်ခြားတွင် အလုပ်လုပ်ကိုင်နေကြရသော နိုင်ငံသားများ၏ ချွေးနဲစာကို မရ မက အတင်းယူနေသော နိုင်ငံအစိုးရမျိုးကို ကမ္ဘာပေါ်တွင် ကျွန်တော်သိရသလောက် မတွေ့ရှိဘူးပါ။
၁၃. စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ရရှိသော ၀င်ငွေအကြမ်းဖျင်းကို တွက်ချက်ပြချင်ပါသည်။
EP နှင့် PR ကို တစ်လ စင်ကာပူဒေါ်လာ (၁၂၀)
S Pass ကို တစ်လ စင်ကာပူဒေါ်လာ (၈၀)
WP ကို တစ်လ စင်ကာပူဒေါ်လာ (၄၀)
Nursing ၊ Maid နှင့် မိဘနဲ့ အတူပါလာပြီး ကျောင်းတက်နေသော PR ကလေးများပင် အသက် (၁၈)နှစ်ကျော်လျင်တောင်းပါသည်။
ပျမ်းမျှ တစ်ဦးလျင် တစ်လကို စင်ကာပူ ဒေါ်လာ (၆၀) ပေးဆောင်ရသည်ဆိုပါစို့..။
၂၀၀၇ ခုနှစ် Straits Times သတင်းစာတွင် ဖော်ပြချက်အရ စင်ကာပူရောက် မြန်မာဦးရေ ၁ သိန်းရှိသည်ဟုဆိုပါသည်။ ယခုအချိန်ဆိုလျင် အကြမ်းဖျင်း ၂ သိန်းဝန်းကျင်ခန့် ရှိပါသည်။
စင်ကာပူရှိ မြန်မာ ၁ သိန်း အလုပ်လုပ်နေပြီး အခွန်ပေးဆောင်နေရသည်ဆိုလျင် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသည် တစ်လအတွက် မြန်မာနိုင်ငံသားများထံမှ စင်ကာပူဒေါ်လာ ၆ သန်းရရှိနေပါသည်။ ထိုငွေများ ဘယ်သို့ရောက်သွားသနည်း..။ နိုင်ငံတော် ဘဏ္ဍာထဲသို့ အမှန်တကယ်ရော ရောက်သွားပါသလားဆိုသည်မှာ စဉ်းစားစရာကောင်းပါသည်။
(မှတ်ချက်။ ။ မှားယွင်းနေသော အချက်အလက်များရှိပါက မည်သူမဆို ဝေဖန်အကြံပြု ပြင်ဆင်ပေးစေလိုပါသည်။)

ဟိန်းထိုက်ဈာန်
(ခ)
ကျော်ကျော်အောင်
BE (Aeronautical)
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝိဉာဉ်များ မဲပေးနိုင်တော့မည် ဆိုဘဲ ဗျာ...




ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်တို့ သွားတွေ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်။
ဒီကော်မရှင်က ကွယ်လွန်သူတို့အတွက် အထူး အစီအစဉ် ရှိနေပါတယ် တဲ့။

သေရင်ပြီးပြီလို့ တချို့ ဆိုကြတယ်။ မြန်မာပြည်မှာတော့ သေရင် မပြီးသေးပါဘူး။ ဆက်ရန် ရှိပါသေးတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတောင် မဲပေးနိုင်တဲ့ အခွင့်အရေး ရှိအောင်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားပါတယ်။

(ဒီလို ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ မြန်မာပြည်မှာ ရှိနေတာကြောင့် တိုးရစ်တွေ ပိုပြီး ရောက်လာကြတာ ဖြစ်ပါလိမ့်မယ်။)

ကွယ်လွန်သူများဟာ လာမယ့် ဧပြီဖူးနေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်ပြီပေါ့။

"သေဆုံးထားပြီးတဲ့သူ စာရင်းတွေပါဝင်နေပြီး သူတို့တွေက လာမယ့် ဧပြီ ၁ ရက်နေ့ ရွေးကောက်ပွဲတွေမှာ မဲပေးရမလို ဖြစ်နေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောတဲ့အကြောင်း ဧရာဝတီ ပင်မစာမျက်နှာ http://burma.irrawaddy.org/archives/7001 မှာ ဖော်ပြထားတဲ့ "မဲပေးနိုင်သူစာရင်း မူမမှန်ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်" သတင်းမှာ ဖတ်နိုင်ပါပြီ။
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။
RFA
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး တက်ရောက်နေကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။
အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
RFA
Unknown at 9:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူငယ်နဲ့ ပညာရေးအကြောင်း အဓိက ဟောပြောခဲ့တဲ့ တောင်ငူမြို့မဲဆွယ်ခရီးစဉ်

တောင်ငူမြို့မိုင်ဒါကွင်းအတွင်း မဲဆွယ်စည်းရုံး ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်
မတ်လ ၆ ရက်နေ့က တောင်ငူမြို့ကို မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
တောင်ငူမြို့မိုင်ဒါကွင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မဲဆွယ်စည်းရုံး ဟောပြောပွဲကို သောင်းနဲ့ချီ တက်ရောက်လာတဲ့ တောင်ငူမြို့ခံ ပြည်သူလူထုတွေကို
လူငယ်နဲ့ ပညာရေးအကြောင်း အဓိက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ‘လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့အနာဂတ်ဖြစ်တယ်၊
ကျမတို့ လူငယ်တွေ ပညာမတတ်လို့၊ အရည်အချင်း မပြည့်ဝလို့တော့ ဒီနိုင်ငံဟာ တိုးတက်နိုင်မှာ မဟုတ်ပါဘူး၊ အဲ့တာကြောင့်မို့လို့ လူငယ်တွေ ပညာတတ်ရေး
အတွက်ကို အားလုံးက တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းပြီးတော့ ကူညီကြပါ၊ ကျမတို့ နိုင်ငံရဲ့ပညာရေးစနစ်ဟာ ဘာတွေ လွဲချော်နေလို့ လူငယ်တွေ ဘွဲ့ရပြီးတော့ အလုပ်
မရတာလဲဆိုတာ အများကြီး စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်’လို့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြား သွားပါတယ်။
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်နက်ဆိုရင်အပ်တောင်မကိုင်စေချင်တော့ဘူး


·
ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်နှင့်တွေ့ဆုံခြင်း


ကချင်ပြည်နယ်အတွင်း မြန်မာ အစိုးရနှင့်ကချင် လွတ်မြောက်ရေး တပ်မတော်တို့အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ အချိန်ကာလ အားဖြင့်၉လရှိခဲ့ပြီဖြစ်သည်။ အစိုးရအနေနှင့် လည်း ကေအိုင်အိုမှတာဝန်ရှိ သူများနှင့် နှစ်ကြိမ်တိုင်

ငြိမ်းချမ်း ရေးအတွက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးထိုသို့တွေ့ဆုံဆွေးနွေး နိုင်ရန်ကြားမှာအကျိုးဆောင်ကူညီ ပေးသည်မှာကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ ဖွဲ့စည်းထားခဲ့ သော ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဖြစ်သည်။
ထို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ ( Peace Talk Creation Group ) မှ အဖွဲ့ဝင်တစ်ဦး လည်းဖြစ်သူ Jade Land ကုမ္ပဏီ ၏အကြီးအကဲလည်းဖြစ်သူဦးယွပ် ဇော်ခေါင်နှင့်ဖေဖ၀ါရီ၂၅ရက်တွင် မြစ်ကြီးနားမြို့ရှိသူ၏နေအိမ်တွင်
ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကိစ္စများ၊ ကချင်ပြည် နယ်တွင်းမှ အခြေအနေများကို တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
(နောက်ဆုံးသိရသောသတင်းအရ အစိုးရနှင့်ကေအိုင်အို တာဝန်ရှိသူများသည် တရုတ်နိုင်ငံ၊ရွှေလီမြို့တွင် မတ်လ ၈ရက်နေ့မှစတင်ကာ ၃ရက်ကြာငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေကြပြီဖြစ်သည်။)

- ပထမဆုံးအနေနဲ့ အစိုးရနဲ့ ကေအိုင်အိုကြား တွေ့ဆုံဆွေးနွေးရေးတွေမှာ ဦးယွပ်ဇော်ခေါင်တို့ ငြိမ်းချမ်းရေး ဆွေး နွေးရေးအကျိုးဆောင်အဖွဲ့အနေနဲ့ဘယ်လိုမျိုးပါဝင်ကူညီ နေလဲဆိုတာသိချင်ပါတယ်။


ခေတ်အဆက်ဆက်က အကျိုးဆောင်လုပ်ငန်းလုပ်ခဲ့တဲ့ ကျွန် တော်တို့အစ်ကိုတွေ၊ဆရာတွေအမိအဖ တွေအများကြီးရှိခဲ့တယ်။၁၉၆၁ ခုနှစ်မှာ ကေအိုင်အိုစတင်တည် ထောင်ခဲ့တယ်။

ကေအိုင်အိုကို စတင်တည်ထောင်ခဲ့တဲ့နောက် ပိုင်းမှာ ၁၉၆၃ မှာတစ်ကြိမ်၊ အခု လိုငြိမ်းချမ်းရေးဆွေး နွေးပွဲ တွေလုပ်ခဲ့တယ်။ ၁၉၇၁-၇၂ မှာ တစ်ကြိမ်။ နောက်ပြီး ၁၉၈၁ မှာတစ်ကြိမ်။
အဲဒီအချိန်မှာ ငြိမ်း ချမ်းရေးရရှိဖို့ သဘောတူညီ ချက်တွေအားလုံးဖြစ်ဖို့နည်းနည်း လေးလိုတဲ့အချိန်မှာ (အရင်တုန်း ကလုပ်ခဲ့တဲ့လူတွေ အပြောပေါ့လေ) အစိုးရကစိတ်မရှည်လို့ပျက်ခဲ့တာ။
၁၉၉၄ ဖေဖော်ဝါရီ ၂၄ မှာ တစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီအကြိမ်ကျတော့ သူတို့က အပစ်အခတ်ရပ်စဲပြီးတော့ ၁၇ နှစ်တိုင်တိုင်ကြာအောင်ငြိမ်းချမ်း ရေး အသွင်ဆောင်ပြီးတော့
တစ် ယောက်နဲ့တစ်ယောက်၊တစ်ဦးနဲ့ တစ်ဦးအစိုးရနဲ့ကေအိုင်အေ အတူတူလက်တွဲပြီးတော့ ဒေသဖွံ့ဖြိုး ရေးတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုဒီမိုကရေစီအစိုးရသစ် ရွေး ကောက်ပွဲလုပ်ခါနီးအချိန်မှာ
နယ် ခြားစောင့်တပ်ကိစ္စမှာနည်းနည်းသဘောထားကွဲလွဲမှုရှိတယ်။တစ် ယောက်နဲ့တစ်ယောက်ညှိနှိုင်းမှုမှာ ပေါ့ဆမှုဖြစ်တယ်လို့မြင်တာ ပေါ့လေ။ အဲဒီအချိန်မှာ ကျွန် တော်တို့ကငြိမ်းချမ်းရေးမှာမပါဝင်သေးဘူး။
အခုဒီဘက်ပိုင်းမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲကဖြစ်နေပြီ။ ၂၀၁၁ ဇွန် ၉ ရက်နောက်ပိုင်းမှာစ ဖြစ်တယ်။နေ့စဉ်နဲ့အမျှစစ်ပြေး ဒုက္ခသည်တွေ၊ဖမ်းဆီးအရေးယူသတ်ဖြတ်မှုတွေ၊ အိုးပစ်အိမ်ပစ်စွန့်ခွာမှုတွေ၊အမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာ၊
ရွာမီးရှို့တာတွေ တိရစ္ဆာန်တွေကို သတ်ဖြတ်မှုတွေ၊ ကျောင်းနေ အရွယ်ကလေးတွေ ပညာရေးတွေလည်းကျောင်းတက် လို့မရတဲ့အခါ သက်ကြီး ရွယ်အိုတွေဒုက္ခတွေနဲ့ ကမ်းမမြင်လမ်းမမြင် နေ့စဉ်နဲ့အမျှ စစ်ပြေးဒုက္ခသည်
တွေများသထက်များလာ တော့ ကျွန်တော် တို့လည်းပြည် နယ်သူ ပြည်နယ်သားဖြစ်ပြီးတော့ နေ့စဉ် ကြားလည်းကြားနေရတယ်။သိလည်းသိနေရတယ် မြင်လည်းမြင် နေရတဲ့အရာကို ဘယ်သူမှကြား ၀င်မဆောင်ရွက်ရင်တော့
မရတဲ့ အခြေအနေဖြစ်သွားတော့ကျွန် တော်နဲ့ ဦးလမိုင်ဂွမ်ဂျာ၊ ဦးပရာစွန်းအောင်၊ ဦးအင်ရှန်းဆန် အောင်တို့လေးဦး နိုင်ငံတော်အစိုး ရနဲ့ ကေအိုင်အိုကြားထဲမှာ ညှိနှိုင်းမှုဆောင်ရွက်မှုရှိတယ် ဆိုရင် ကြားကနေ ဆောင်ရွက် ပေးဖို့ရည်ရွယ်ခဲ့တာ။
၂၀၁၁ နိုဝင် ဘာ ၅ ရက်က PCG (ငြိမ်းချမ်း ရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့)စတင်ခဲ့တာ။

- PCG အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာကြားထဲက ကူ ညီဆောင်ရွက်ပေးနေတာက ဘယ်လောက်ထိ ခရီးရောက် သွားပြီလဲ။


ကျွန်တော်တို့ နိုဝင်ဘာလ လဆန်းပိုင်းလောက်ကနေစပြီး ကေအိုင်အို ဗဟိုလူကြီးတွေ ရော နိုင်ငံတော်ဘက်က အခုဖွဲ့ စည်းထားတဲ့ ဦးအောင်သောင်းတို့ ဦးသိန်းဇော်တို့အဖွဲ့နဲ့ နှစ်ဦးနှစ် ဖက်ကိုဖုန်းနဲ့အရင်ညှိနှိုင်းတယ်။

ကေအိုင်အိုဘက်ကိုပဲစသွား ပြောရင်လက်နက်ကိုင်အဖွဲ့အစည်း နဲ့ဆက်သွယ်မှုဖြစ်နေတယ်လေ။နောက်ပြီး ဒီဖက်နဲ့ပဲပြောမယ် ဆိုရင်လည်းဟိုဖက်ကအစိုးရလူဖြစ် နေတယ်ဆိုပြီး ယုံကြည်မှုတည်ဆောက်ရခက်မှာပေါ့ ။
ဒါနဲ့ နှစ် ဖက်လုံးကို ဖုန်းနဲ့အရင်ဆက် သွယ်ခဲ့တယ်။ ဆက်သွယ်ခဲ့တဲ့ အချိန်မှာဘယ်လိုကဏ္ဍနဲ့ဆောင် ရွက်ပေးမလဲဆိုပြီးမေးတယ်။ ကျွန် တော်တို့ကပါတီအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။နိုင်ငံတော်အစိုးရရဲ့ဝန်
ထမ်းအနေနဲ့ပါဝင်ပတ်သက်ခြင်း မရှိဘူး။ ပြည်သူတစ်ဦးအနေနဲ့ ပြည်သူ့ကိုယ်စား ပြည်သူတစ် ယောက်အနေနဲ့ပဲ လူ့ကိုယ်ခန္ဓာ ဆိုတာနာတတ်တယ်၊ ကျင်တတ် တယ်၊၀မ်းနည်းတတ်တယ်၊ရယ်တတ် တယ်၊ ငိုတတ်တယ်။
ဒီအရာတွေ က ကျွန်တော်တို့အနေနဲ့ကိုယ်ချင်း စာပြီးလုပ်ဆောင်ပေးတယ်ဆိုပြီး စတင်ဆွေးနွေးခဲ့တာ။ နိုဝင်ဘာ ၅ မှာ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်က ထင်ကျန်းမြို့မှာ ကေအိုင်အိုနဲ့သွား တွေ့ပြီးဆွေးနွေးခဲ့တယ်။
ကေအိုင် အို ဒုဥက္ကဋ္ဌအဖွဲ့နဲ့ဆွေးနွေးတယ်။ ဒုဥက္ကဋ္ဌနဲ့ဆွေးနွေးပြီးတော့ဦးအောင် သောင်းတို့ ဦးသိန်းဇော်တို့နဲ့ ဒု ဥက္ကဋ္ဌကို အချိတ်အဆက်လုပ် ပေးတယ်။ အဲဒီအချိန်မှာ နှစ်ဦး နှစ်ဖက်စပီးဖုန်းပြောဖြစ်တာ ပထမဆုံးပါ။
၇ ရက်မှာ မြစ်ကြီး နားကိုပြန်လာတယ်။ ကျွန်တော် တို့က ၅ ရက်ကသွားတယ် ၆ ရက်မှာတပ်မ ၁၈ က ထိုးစစ်ဆင် တယ် တိုက်ပွဲဖြစ်နေပြီပေါ့။ ဖြစ်တဲ့ အခါ ၇ ရက်ပြန်လာတဲ့အချိန်မှာ သေနတ်သံတွေ၊ ဗုံးသံတွေလည်း ကြားရတယ်။
ကျွန်တော်တို့ရှေ့ မှာပဲ အိမ်တွေကိုမီးရှို့တာမြင်ရတယ်။ကျွန်တော်တို့လည်း အသက် နဲ့ရင်းပြီးသွားရတာပေါ့။ကန်ပိုက် တီးလမ်းကြောင်းက နေကားနဲ့သွားခဲ့ ရတာ။ဒီကိုရောက်တဲ့အချိန်မှာ ဦးအောင်သောင်းတို့အဖွဲ့နဲ့ဆွေး နွေးတယ်။
နေ့စဉ်နဲ့အမျှဒီလို တော့ဖြစ်နေပြီ စစ်မက်ဖြစ်ပွားမှုကြောင့်ဖြစ်ခဲ့တဲ့ မတော်မတရားမှုတွေလည်း အများကြီးရှိခဲ့ပြီ အနိဋ္ဌာရုံတွေဒီလောက်အထိဖြစ်ခဲ့ပြီ ဆိုတော့ မလွဲမသွေဆွေးနွေးရ မယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လည်းဆွေးနွေးဖို့တာဝန်ရှိတယ်လို့
ယူဆတယ်။ ကေအိုင်အိုဘက် ကလည်း ဆွေးနွေးဖို့တာဝန်ရှိ တယ်။ ကျွန်တော်တို့အဲလိုနဲ့ပဲစာအပြန်အ လှန်ပြန်ပို့ပြီးတော့ ဒီလိုနဲ့ ၂၀၁၁ နိုဝင်ဘာ ၁၉ မှာ တရုတ် နိုင်ငံ၊ရွှေလီမြို့မှာ နှစ်ဦးနှစ်ဖက် စတင် ပြီးတော့မျက်နှာချင်းဆိုင်ပြီး
စားပွဲဝိုင်းပေါ်ရောက်အောင် လုပ် ပေးခဲ့တာပေါ့။ တစ်ဦးနဲ့တစ်ဦး ဆွေးနွေးမှုအပေါ်မှာစစ်မက်ဖြစ် ပွားခြင်းနဲ့ လက်နက်မျိုးစုံနဲ့ တိုက် ခိုက်ခြင်းဟာ ဘယ်တော့မှတည် ငြိမ်မှုမရနိုင်ဘူး၊ ငြိမ်းချမ်းမှုမရနိုင်ဘူး
ဒါကြောင့်နိုင်ငံရေးအရ နိုင်ငံရေးသမိုင်းကြောင်း အရ ဆွေးနွေးဖို့ကိုနှစ်ဖက်စလုံးကိုတိုက် တွန်းခဲ့တယ်။ ၂၀၁၂ ဇန်န၀ါရီ ၁၈၊ ၁၉မှာဒုတိယအကြိမ်ဆွေးနွေးဖြစ် ခဲ့တယ်။ ဒုတိယအကြိမ် ဆွေးနွေးမှုမှာလည်း
နှစ်ဦးနှစ်ဖက်ဆွေး နွေးမှုတွေက နိုင်ငံရေးအရဆွေး နွေးမှုတွေ ပွင့်လင်းမြင်သာမှုရှိလာပြီလို့ မျှော်လင့်လို့ရပါတယ်။ အဲဒီအချိန်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတော့ ပထမအကြိမ်ဆွေးနွေး ပြီးနောက်ပိုင်းမှာ အစိုးရကို စာနဲ့
ဓာတ်ပုံအထောက်အထားနဲ့ပြည် သူ လူထုဒီလိုဖြစ်နေတယ်ဆိုတာတင်ပြခဲ့တယ်။ သမ္မတက ဒီဇင် ဘာ ၁ ရက်မှာ မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အားလုံးကထိုးစစ် မဆင်ဖို့ ရောက်တဲ့နေရာမှာ အား လုံးရပ်နားဖို့ထုတ်ပြန်တယ်။
ထုတ်ပြန်ပြီး နောက်မှာမှ နှစ်ဖက်လုံး စစ်ရှိန်ဖြစ်ပြီး တစ်ရက်မှာ တိုက် ပွဲပေါင်း၂၀၊၃၀၊၄၀ လောက်ဖြစ် နေတဲ့အခါကျတော့ ပိုဆိုးသွား တယ်။ ဒုက္ခသည်တွေပိုများလာတဲ့အခါကျတော့ စိတ်မကောင်း စရာချည်းပဲဖြစ်သွားတယ်။
အစိုးရနဲ့ ကေအိုင်အို နှစ်ဦး နှစ်ဖက်လုံးက စစ်ရှိန်ကိုလျှော့ပြီး စစ်ရေးကိုရှောင်ရှားပြီး နိုင်ငံရေးအရဖြေရှင်းဖို့အတွက် သဘောတူထားတာက နည်းနည်းအကျပ် တွေ့သွားတယ်။ နေ့စဉ်နဲ့အမျှ လည်း ကေအိုင်အေကတပ်ရင်း တပ်ဖွဲ့တွေ
ရှိတဲ့နေရာမှာဒီစခန်း တွေဆက်ရှိနေသေးတယ်ဆိုတော့ ယုံကြည်မှုတည်ဆောက်ရာမှာ သူ တို့လည်းအခက်တွေ့သလို ကျွန် တော်တို့လည်းအခက်တွေ့ပါတယ်။ဒီဟာကသမ္မတကြီးက နိုင်ငံတော် အစိုးရကအမိန့်ထုတ်ပြန်ထားတာ
ကို ဒီလိုလုပ်တယ်ဆိုတဲ့ အပိုင်းမှာ အစိုးရကတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရဲ့လက်အောက်ခံအစိုး ရလားမဟုတ်ရင် အစိုးရရဲ့လက် အောက်ခံ ကာကွယ်ရေးဝန်ကြီး ဌာနလားဆိုတဲ့မေးခွန်းတွေပေါ်လာ တယ်။ဆွေးနွေးရေး
ကိစ္စက ပြည်သူ လူထုရဲ့နေ့စဉ်နှင့်အမျှ အသက်ပေါင်း မြောက်မြားစွာ၊ ဥယျာဉ်ပေါင်း မြောက်မြားစွာဒီလို ဒုက္ခအပေါင်း နဲ့ဖြစ်နေတာကို ဆက်ပြီးတော့ဆွေးနွေးရမယ်ဆိုပြီး ကျွန်တော်တို့လည်းတော်တော်ကြိုး စားခဲ့ပါတယ်။

- တတိယအကြိမ်ဆွေး နွေးပွဲမှာ ဘယ်လောက်အထိဆွေးနွေးနိုင် မယ်လို့ မျှော်လင့်ထားလဲ။


အဲဒါကတော့ ဘယ်လောက် ထိဆွေးနွေးမယ်ဆိုတဲ့အပိုင်းကတော့ ကာယကံရှင်နှစ်ဦးနှစ်ဖက်အပေါ် မှာမူတည်တယ်။ ဒီမှာလည်း အ ခက်အခဲတစ်ခုက ကေအိုင်အို က ပင်လုံကတိက၀တ်နဲ့ ပင်လုံစာချုပ် ကို အခြေခံမယ်။

ပင်လုံကဲ့သို့သော အစည်းအဝေးမျိုးကို ပြန်ခေါ် မယ်ဆိုတဲ့အပိုင်းတွေမှာနည်းနည်း လေးတော့ ကွဲလွဲမှုရှိတယ်။ ကွဲလွဲ မှုရှိတဲ့အခါ ကေအိုင်အိုနဲ့ ကျွန် တော်တို့နဲ့ ဌာနချုပ်မှာ အစည်း အဝေးလုပ်တယ်။ သူတို့နေ့စဉ် အစည်းဝေးမှာ
ကျွန်တော်တို့ကို တစ်ပတ် ၃ ခါခေါ်တယ်။ ဒါ နှစ်ဦးနှစ်ဖက်ကိုပြောတာပေါ့လေ။အခုဖြစ်နေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ၊ ကရင်ဆိုလည်း နှစ် ၆၀ ကျော်ပြီဆိုတော့ ကျွန်တော်တို့ စိုးရကို နိုင်ငံရေးအရအဖြေရှာဖို့ တိုက်တွန်းထားတယ်။
ကေအိုင်အို ဗဟိုကော်မတီကိုလည်း နိုင်ငံရေး အရအဖြေရှာဖို့ တိုက်တွန်းဖြစ် တယ်။ကေအိုင်အိုဘက်ကပြော တာကတော့ ပင်လုံကတိက၀တ်နဲ့ ပင်လုံစာချုပ်ဆိုတာမပါရင် ပြည် ထောင်စုဆိုတာဖြစ်မလာဘူး။ပြည်
ထောင်စုဆိုတာအရင်းခံတာပင်လုံ ကတိက၀တ်နဲ့ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုဖြစ်လာတယ်။ပင်လုံ စာချုပ်ကိုအခြေမခံရင်ခြေထောက် မပါခေါင်းမပါ လက်မပါတဲ့နိုင်ငံ လိုဖြစ်သွားမယ်။ ကေအိုင်အိုတင် မဟုတ်ဘူး
ပြည်ထောင်စုထဲက လက်နက်ကိုင်အဖွဲ့အစည်းတွေအား လုံးတိုင်းရင်းသားအားလုံးပါဝင်ပြီး တော့ တိုင်းရင်းသားအရေးကို မလွဲမသွေဆွေးနွေးရမယ်ဆိုပြီး တော့သူတို့ကတော့ ဆွေးနွေးတာ ပေါ့လေ။သူတို့က ညီလာခံလိုချင်
တယ်။ ကျွန်တော်တို့ကလည်း ဒီ ကိစ္စက ကေအိုင်အိုဘက်က နိုင်ငံ ရေးအရ ဆွေးနွေးတယ်လို့မြင် တယ်လေ။ ဒါကြောင့်လည်း ဆွေး နွေးတဲ့အချိန်မှာ ကေအိုင်အိုဘက် ကလည်း ကျွန်တော်တို့ကိုစကား မမှာနဲ့အစိုးရကလည်း စကားမမှာ နဲ့။
ကျွန်တော်တို့က တွေ့ဆုံပေး တယ် ပွင့်ပွင့်လင်းလင်းပြောကြပါ။နှစ်ပေါင်း ၅၀ ကျော် ၆၀ ဆိုတဲ့ ဒီခရီးကစားပွဲပေါ်မှာပဲပြီးရမယ်။ပြည်သူအတွက်ဖွံ့ဖြိုး တိုးတက် ချင်တယ်ဆိုရင်ကာယကံရှင် နှစ်ဖက်လုံးကသဘောတူညီမှုရှိတယ်ဆိုရင
် ဒါကတစ်ရက်နဲ့ လည်းပြီးတယ်။ နှစ်ရက်နဲ့လည်း ပြီးတယ်။ တစ်လတည်းနဲ့လည်းပြီး တယ်။ ဘာမှ ရှည်ရှည်ဝေးဝေး တော့စဉ်းစားစရာမလိုဘူးလို့ ကျွန် တော်တို့ကလည်းမြင်တာပေါ့။ နိုင်ငံတော်ဆိုတာအင်မတန်မှ ကြီး ကျယ်ပါတယ်။
တစ်နိုင်ငံလုံးကို အုပ်ချုပ်တဲ့ အမိအဖဖြစ်ပါတယ်။ ကေအိုင်အိုဆိုတာသေးသေးလေး ပါ။ ကချင်ပြည်နယ်ဆိုတာ ထိပ် ဖျားမှာပဲရှိပါတယ်။ အမိနေရာမှာ ထားပြီးဆွေးနွေးပါလို့တိုက်တွန်း ထားတာပေါ့။
ဦးအောင်သောင်း တို့ဦးသိန်း ဇော်တို့ကိုလည်းအမြဲ ပြောတယ်သမ္မတကြီးကို ပြောပေး ပါ။ အခုမဆွေးနွေးလည်း နောင် တစ်ချိန် မှာဆွေးနွေးရမယ်။ ဒီနေ့ဒီလိုအချိန်မှာ ဆွေးနွေးရင် သမိုင်းဝင်လည်းဖြစ်တယ်။
နိုင်ငံ တကာအစိုးရတွေ၊ နိုင်ငံတကာက လိုချင်တဲ့ဒီမိုကရေစီ အစိုးရလည်း ဖြစ်သွားပြီဆိုတော့ ဒီအကြောင်း အရာက ခေတ်ရေစီးကြောင်း အရရောသမိုင်းကြောင်းအရဆွေး နွေးရမယ့်အချိန်ဖြစ်တယ်။

- ဒီတစ်ခေါက်ဖြစ်တဲ့ တိုက်ပွဲ တွေမှာ အရင့်အရင်ဖြစ်ခဲ့တာ တွေနဲ့ ဘာများကွာခြားတာတွေ ရှိပါလဲ။


ဒီတစ်ခေါက်စစ်ရေး ပဋိပက္ခမှာ ထူးခြားချက်တစ်ခုရှိ တယ်။ အင်မတန်မှကိုထူးခြား ပါတယ်။

အရင်နှစ်ပေါင်း ၅၀ အတွင်းမှာ တပ်မတော်နဲ့ကေအိုင် အေတိုက်ပွဲဖြစ်တယ် ဆိုတာ ပဲရှိတယ်။ စစ်ပြေးဒုက္ခသည် ဆိုတာမရှိခဲ့ဖူးဘူး။ ဒီတစ်ခေါက် ရှိလာတယ်။ နှိပ်စက်ညှင်းပန်းမှုတွေခံရတယ်။
ရပ်ရွာတွေကိုစွန့်ခွာ ခဲ့ရတယ်။ မီးရှို့ဖျက်ဆီးခံရတယ်။ တိရစာန်တွေကိုသတ်စားတယ်။ အမျိုးသမီးတွေကိုလည်း အဓမ္မ ပြုတယ်။ ပညာရေးတွေလည်း နှောင့်နှေးခဲ့ရတယ်။
အခုကြောက် စရာအကောင်းဆုံးအသံကဘာထွက် လာလဲဆိုတော့ဒီစစ်ပွဲဟာမျိုးတုန်း စစ်ဆင်ရေး၊ လူမျိုးတုန်းသတ်ဖြတ် ရေးဆိုပြီး အသံထွက်လာတယ်။ ထွက်လာတဲ့အခါ နိုင်ငံတစ်နိုင်ငံ မှာအတူနေပြီး ပြည်ထောင်စု
တစ်ခုမှာကြောက်စရာအကောင်းဆုံး အသံဖြစ်ပါတယ်ဆိုပြီး သမ္မတ ကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ပြည် ထောင်စုလွှတ်တော်နာယကတို့ ဆီကိုစာတွေပို့တယ်။ ဒီအသံတွေ ဟာပြည်သူလူထုဆီကလည်းထွက် လာတယ်။
ကေအိုင်အေဘက်က လည်းထွက်လာတယ်။

- ဒေါ်အောင်ဆန်းစုကြည်ကသူ့ရဲ့ ခရီးစဉ်မှာပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို အလေးပေးပြောသွား ပါတယ်။ သူမကိုရော ငြိမ်းချမ်း ရေးကိစ္စတွေမှာဘယ်လိုမျိုးပါဝင် ဆောင်ရွက်နိုင်မယ်လို့မျှော်လင့် ထားသလဲ။


ဒီတစ်ခါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးက အင်မတန်အထောက်အကူဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ်မြောက်မြားစွာသောပြည်သူလူထုကို ဒီလိုပွင့်ပွင့် လင်းလင်းမြင်သာမှုရှိအောင်ပြော

ကြားတဲ့အခါဒါကို ပဲလိုချင်တာ ပါ။ တစ်ကမ္ဘာလုံးကလည်းဒါပဲ လိုချင်တာ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောတယ် ဆိုတာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အနေနဲ့ရောနိုင်ငံရဲ့ဖွံ့ဖြိုးမှုအနေနဲ့ ရောသူ့ရဲ့ နှလုံးသားထဲကပြောတ
ဲ့ စကားလို့ ကျွန်တော်ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ်ဒါကလည်း နိုင်ငံရဲ့ထူးခြားတဲ့ ခေါင်းဆောင် တစ်ဦးပဲ။ ဒါကိုကြည့်ခြင်းအား ဖြင့် အခုနိုင်ငံတော်အစိုးရက လား။ နိုင်ငံရေးအဖွဲ့အစည်းအားလုံးကိုဖိတ်ခေါ်ပြီးအခွင့်အလမ်းပေး
တယ်ဆိုတာဒါလည်းမျှော်လင့်ချက် တစ်ခုပဲ။ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ အစိုးရက ငြိမ်းချမ်း ရေးဆွေးနွေးတယ်ဆိုတာလည်း ပွင့်လင်းမြင်သာမှုတစ်ခုပဲ။ ဒါ ပေမဲ့ငြိမ်းချမ်းရေးတစ်ခုတည်း တည်ဆောက်လို့မရဘူးနိုင်ငံရေးကို
လည်းတည်ဆောက်ရမယ်။ ငြိမ်း ချမ်းရေးဆိုတာကအခုလို တိုက်လိုက်ပြန်ဖျက် လိုက်ဆိုတော့ အုတ်မြစ်အခြေခံမရှိတဲ့ နိုင်ငံ ရေးက နောင်တစ်ချိန်မှာလည်း ပြန်ဖြစ်မှာပဲ။ ပြန်ဖြစ်ရင် ပြည် သူတွေပဲနစ်နာမယ်။ ခေတ် အဆက်ဆက် လက်နက်ကိုင်ပြီး
တော်လှန်ခဲ့ကြတာ အစိုးရတွေ လည်း အဖြေရှာပြီး ရှင်းခဲ့ကြ တယ်။ မဖြေရှင်းရင်ကျွန်တော်တို့ ဘယ်လိုမှဖွံ့ဖြိုးနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ လက်နက် ပေါင်းသိန်းချီရှိပြီးလူမျိုးတိုင်းလိုလို လက်နက်ကိုင်တယ်ဆိုတော့အစိုးရ
အနေနဲ့ ဒါကိုမလွှဲမရှောင်သာ အဖြေရှာဖို့လိုပြီလို့ ကျွန်တော် ယူဆတယ်။ အမြန်ဆုံးအဖြေရှာ နိုင်တာနဲ့အမျှစက္ကန့်တိုင်း မိနစ် တိုင်းမှာ လူ့အသက်တွေကို ကယ် တင်ဖို့အတွက်၊သေမင်းရဲ့နှုတ်ခမ်း ပေါ်ရောက်နေတဲ့ ပြည်သူလူထု ကိုကယ်တင်ဖို့
အမြန်အဖြေရှာ စေချင်တယ်။

- ဒီတွေ့ဆုံဆွေးနွေးမှုတွေဒီထက် ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်ဖို့ နှစ်ဖက်လုံးအနေနဲ့ ဘာ တွေကို ဦးစားပေးလုပ်ဆောင် သွားဖို့လိုတယ်လို့ ထင်ပါလဲ။


အဲဒါ ခုနကပြောသလို နိုင်ငံ ရေးသမိုင်းကြောင်းအရ ဆွေးနွေး မယ်ဆိုရင် ဘာမှအခက်အခဲမ ရှိဘူး။ ကျွန်တော်တို့အနေနဲ့က တော့ပြည်သူလူထုသာမက ရှေ့တန်း ရောက်နေတဲ့တပ်မတော်သားတွေ

နဲ့ကချင်စစ်သားတွေက ပထမဆုံး အနိဋ္ဌာရုံတွေ့ကြုံရသူတွေပါ။ ဒီ တပ်မတော်သား၊စစ်သားတွေရဲ့ အမိအဘတွေ မိသားစုဝင်တွေ ဟာပူဆွေးသောကရောက်ရတယ်။ ကျည်ဆန်မျိုးစုံနဲ့ ပစ်နေခတ် နေတော့
သေတဲ့သူလည်းရှိတာ ပေါ့။ခြေပြတ်လက်ပြတ် ဒုက္ခိတ တွေလည်းဖြစ်တယ်။ ဒါဟာ အနာဂတ်နိုင်ငံတော် အတွက် ၀န်လေးစရာဖြစ်နေပါတယ်။ ကချင်စစ်သားတွေကိုထိန်းချုပ်ဖို့ ကေအိုင်အိုဗဟိုဌာနမှာတာဝန်ရှိ သလို၊
မြန်မာ့တပ်မတော်ကို ထိန်း ချုပ်ဖို့လည်း နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်လို့ပြောချင်ပါတယ်။ ဒီလိုမဖြစ်အောင် နှစ်ဦးနှစ်ဖက် လုံးမှာတာဝန်ရှိပါတယ်။ ရှေ့တန်း ရောက်ရဲဘော်တွေကို အနိဋ္ဌာရုံ တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်မဆိုင်စေချင်တော့ပါဘူး။

- ဦးယွပ်ဇော်ခေါင်က ကိုယ်တိုင် လည်းစီးပွားရေးလုပ်ငန်းရှင်ဖြစ် တော့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ စီးပွားရေးအရ ဘာတွေဆုံးရှုံးနစ်နာ သွားတယ်လို့ပြောချင် ပါလဲ။


စီးပွားရေးဆိုတာမှာကျွန် တော်တို့ကတော့ ဘယ်မှာပဲလုပ် လုပ်ရတယ်။နယ်မှာမကောင်းရင် ရန်ကုန်၊ မန္တလေးမှာသွားလုပ် လို့ရတယ်။

ကျွန်တော်တို့အနေနဲ့ ဘယ်နိုင်ငံမှာဖြစ်ဖြစ်စီးပွားရှာလို့ ရတယ်။ ဒါပေမဲ့စီးပွားရေးဆိုတဲ့ စကားလုံးထက်ပြည်သူလူထုရဲ့ ဥယျာဉ်ခြံမြေတွေဆုံးရှုံးတာက နိုင်ငံတော်ရဲ့ အခြေခံပဲလေ။
ပြည်သူလူထုနေ့စဉ်လုပ်ကိုင်စား သောက်နေတဲ့ ဥယျာဉ်ခြံတွေ ပျက်စီးတော့သူတို့အခုဒုက္ခရောက် နေကြတယ်။ ကျွန်တော်စိုးရိမ် ပူပန်မိတာတစ်ခုရှိတယ်။နောက် လဆိုရင်မိုးရောက်တော့မယ်။
မိုးရောက်ရင်တော်တော်လေး ဒုက္ခရောက်မှာ။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေက စစ်ပြေးဒုက္ခသည် တွေစားစရာမရှိဘူး။ နေစရာအိမ် မရှိဘူး။အင်မတန်ဒုက္ခရောက် ပါတယ်။ အားလုံးမျက်ရည်နဲ့ မျက်ခွက်ပါဘဲ။
ကျွန်တော်တို့ လည်းသူတို့ကိုတွေ့ရင်စကားတောင် မပြောနိုင်အောင်ဆို့နင့်တယ်။နေ့စဉ်မြင်တွေ့နေရတော့ စိတ်မ ချမ်းသာဘူး။ ဒါကြောင့်အမြန်ဆုံး ဆွေးနွေးသင့်တယ်လို့ပဲကျွန်တော် ပြောချင်ပါတယ်။
ဆွေးနွေးမှု အပြင် လက်တွေ့အကောင်အ ထည်ဖော်ဖို့လည်းလိုပါတယ်။

- တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို သွားပြီးတွေ့ဆုံဆွေးနွေးမှုတွေလုပ် ရတဲ့အခါမှာ အစိုးရနဲ့ကေအိုင် အိုကြား ကြားဝင်ညှိနှိုင်းပေး တဲ့အခါ စိုးရိမ်ပူပန်မှုတွေရှိ လား။


စိုးရိမ်တာပေါ့။ အသက်က တစ်ချောင်းပဲရှိတာလေ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်းဒီလိုမစွန့်စား လို့မရဘူး။နိုင်ငံတော်ဘက်ကရော ကေအိုင်အေ၊ကေအိုင်အိုဘက် ကရော

ကျွန်တော်တို့ကိုလက်ညှိုး ထိုးတာရှိတယ်။ မယုံဘူးပေါ့ ကျွန် တော်တို့လုပ်တာလည်းကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုတည်ဆောက်ဖို့တောင် အင်မတန်ခက်တယ်။ ဒါကြောင့်
ကျွန်တော်တို့ အစိုးရကိုပြော တယ်။ပင်ပန်းတယ်ဆိုပြီးကျွန်တော် တို့ကို လက်ဆောင်ပေးဖို့ မလုပ်ပါ နဲ့။ ပြတ်ပြတ်သားသားပြော ထားတယ်။ ဒီလိုလုပ်တယ်ဆိုတဲ့ ငွေရေးကြေးရေးလည်း
ကေအိုင် အိုဘက်ကယူရင်လည်း အစိုးရ ဘက်က ယုံကြည်မှာမဟုတ်ဘူး။ အစိုးရဘက်ကယူရင်လည်း ကေ အိုင်အိုဘက်က အယုံကြည်ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ့် ငွေနဲ့ကိုယ်သွားရတာ
အခု နှစ်ခါ ပဲရှိသေးတယ် သိန်းတစ်ထောင် ကျော်ကုန်သွားပြီ။

- နောက်ဆုံးမေးခွန်းအနေနဲ့မေးချင် တာကဒီလိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကျိုးဆောင်ရာမှာ အဖွဲ့ရဲ့ နောက်ဆုံးပန်းတိုင် မျှော်လင့်ချက်ကဘာများဖြစ်မလဲ။


ခြုံပြောရရင် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာတစ်ဝန်းလုံး အတွက်၊ ပြည်သူတစ်ရပ်လုံး အ တွက် တည်ငြိမ်အေးချမ်းတဲ့ဒီမိုက ရေစီနိုင်ငံဖြစ်ဖို့ပဲ။ လက်နက်ဆို ရင်အပ်တောင်မကိုင်စေချင်တော့ ဘူး။

ပြည်နယ်သူပြည်နယ်သား၊ နိုင်ငံသူနိုင်ငံသားအားလုံးကို ကာ ကွယ်စောင့်ရှောက်ဖို့အတွက်အနိဋ္ဌာ ရုံဘေးကနေ လွတ်မြောက်ရင် ကျွန်တော်တို့ကတော့ကျေနပ်ပြီ။ ငွေက ဘယ်လောက်ကုန်ကုန်ပြန် ရှာလို့ရပါတယ်။
တည်ငြိမ်အေး ချမ်းမှုဆိုတာ ရှာနေတာ နှစ်ပေါင်း ၅၀၊ ၆၀ ရှိပြီ။ ဒီနေ့အထိ မ တည်မငြိမ်ဖြစ်ခဲ့တာတွေကို ကျွန် တော်တို့သားစဉ်မြေးဆက်အထိ ဖြစ်မနေစေချင်တော့ဘူး။အနိဋ္ဌာ ရုံကအင်မတန်ဆိုးရွားပါတယ်။
ဒါကြောင့်အနိဋ္ဌာရုံတွေကို ပြည် ထောင်စုတစ်ခုလုံး၊ နိုင်ငံသူနိုင်ငံ သားတွေသားစဉ်မြေးဆက်တစ် လျှောက်လုံးမတွေ့ပါစေနဲ့ မကြုံ ပါရစေနဲ့၊အေးချမ်းတဲ့နိုင်ငံဖြစ်ပါစေ လို့ဆုတောင်းပါတယ်။ဒါ ကျွန် တော့်ရဲ့နှလုံးသားကဖြစ်စေချင်တဲ့ ဆန္ဒပါ။

- ကျေးဇူးတင်ပါတယ်။

(အေးမြကျော်၊ အိဖြူလွင်)



ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးလမိုင်ဂွန်ဂျာ(ဘယ်) နှင့်အတူတွေ့ရသည့် ဦးယွပ်ဇော်ခေါင် (ညာ)
Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတ်မှတ် စည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်သော ထုတ်/တင် ခွင့်ရ စာနယ်ဇင်း အချို့အား နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေး


သတ်မှတ် စည်းကမ်းကို အကြိမ်ကြိမ် ချိုးဖောက်သော ထုတ်/တင်ခွင့်ရ စာနယ်ဇင်း အချို့အား ထုတ်ဝေခွင့် ပိတ်သိမ်းခံရမည် ဟု နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေး ခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ သိရသည်။
ထုတ်/တင်ခွင့်ရ စာနယ်ဇင်း ထဲတွင် အများဆုံး တွေ့ရသော စည်းကမ်း ချိုးဖောက်မှုမှာ ပုံနှိပ် မှတ်တမ်း မပြည့်စုံခြင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မညီသော ပုံနှင့် ကြော်ငြာ ထည့်သွင်းခြင်းနှင့် သတ်မှတ်ကဏ္ဍမှ ကျော်လွန်၍ ရေးသားထားခြင်း တို့ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ထုတ်/တင်ခွင့်ရ စာနယ်ဇင်းများ အနေဖြင့် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံ တရားတို့ အခြေခံပြီး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း မြန် မာ့ ယဉ်ကျေးမှုနှင့် မလျှော်ညီသော ပုံများကို မဖော်ပြရန် စာပေ စိစစ်ရေးဆိုင်ရာ မူဝါဒတွင် အတိ အလင်းဖော် ပြထားပြီး ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
”အားကစား ဂျာနယ်တွေမှာ လောင်းကစား ဆန်တဲ့ အသုံးအနှုန်း တွေဖော်ပြတာ၊ အားကစားသမား တွေရဲ့ အကြောင်း ဖော်ပြရာမှာ နိုင်ငံခြားသူတွေ ဆိုရင် မတော်တရော် ပုံတွေ  ဖော်ပြနေတာ မိမိထုတ်တဲ့ ဘာသာရပ် အမျိုးအစားမှာ ပါဝင်ရမယ့် ကဏ္ဍထက် ကျော်လွန်ပြီး ရေးသားနေတာ ခွင့်ပြုချက် မညီတဲ့ ကြော်ငြာတွေ ထည့်တာ အဲဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ၊ ထုတ် ဝေသူ၊ အယ်ဒီတာ အဖွဲ့တွေတင် မကပဲ၊  အုပ်စုလိုက် ခေါ်ယူဆွေးနွေး ပညာပေးနေ ရပါတယ်” ဟု စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနမှ ညွှန်ကြား ရေးမှူး ဦးမျိုးမြင့်မောင်က ပြော သည်။
စည်းကမ်း ချိုးဖောက်မှုနှင့် ပတ်သက်၍ မည်သူ့ကိုမျှ နာစေ၊ သာစေ မရှိဘဲ ချိုးဖောက်မှု အပေါ် မူတည်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက် နေသည်ဟု ဦးတင့်ဆွေ က ပြောသည်။
ထုတ်/တင်စနစ် စတင် ကျင့် သုံးချိန်မှ စ၍ အနုပညာ သုတ ရသ ဂျာနယ်အချို့ကို မသင့် လျှော်သောပုံများ ဖော်ပြခြင်းကြောင့် သတိပေး အရေးယူခဲ့ ရသလို စီးပွားရေး ဆိုင်ရာ ဂျာနယ် အချို့ကိုလည်း သတ်မှတ်သည့် ကဏ္ဍထက် ကျော်လွန်ရေးသား မှုအတွက် သတိပေး အရေးယူ မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် က ပြောသည်။

Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆေးဖိုးဖြစ်သွားတဲ့ အဖွားရဲ့ ပင်စင်လစာ

 1.3.2012 နေ့ ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ၌ ပါရှိသော မေးခွန်းများမေးမြန်းခြင်းကဏ္ဍ၌ လွတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဘဏ်လုပ်ငန်းဆိုင်ရာ မေးခွန်း (၂)ခု နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းကပြန်လည်ဖြေကြားခဲ့သည့် သတင်းစာပါအကြောင်းအရာကိုဖတ်ရှုမိပြီး တိုက်တိုက်ဆိုင်ဆိုင် ကျမသည်အဖွားနှင့်အတူ  မြို့ထဲ၇ှိ မြန်မာ့စီးပွားေ၇းဘဏ်ခွဲတစ်ခု သို့ ပင်စင်လစာငွေ သွားရောက်ထုပ်ယူရန်သွားခဲ့သည်နှင့်ပတ်သက်ပြီး ဖြစ်ရပ်မှန်လေးတစ်ခုကိုတင်ပြချင်ပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း

သတင်းစာတွင်ပါ၇ှိသည့်အတိုင်း ယခုအစိုးရသစ်လက်ထက်တွင် အငြိမ်းစားလစာထုတ်ယူရမည့်ရက်ကို 2012 ခုနှစ် ဖေဖော်ဝါရီလမှစ၍ လမကုန်မီ (10)ရက်ထုတ်ပေးရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းပါရှိ၍ အဖွားတစ်ယောက်ဝမ်းသာစွာနှင့် အရင်လိုငွေထုတ်ရင်လူအများကြီးကို စောင့်စရာမလိုတော့ပြီ ဆို၍ ကျောင်းဆရာမ ပင်စင်ငွေလေးအားထုတ်ယူရန်သွားရောက်ခဲ့ပါသည်။ 

သို့သော်ဘဏ်ဖွင့်ချိန်အမှီသွားရောက်ခဲ့သော်လည်း ရှေ့တွင်ရှိသော လူအုပ်ကြီးက ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိများစွာ ရှိနေခဲ့ပါသည်။ ထုံးစံအတိုင်း ရှေး၇ိုးမူအတိုင်းပင် လက်ရေးနှင့်ရေးးသွင်း ၊ တန်းစီစနစ်နှင့် ရုံး လုပ်ထုံးလုပ်နည်းအတိုင်းပင်ဘဏ်ဝန်ထမ်းများက လုပ်ပေးနေသော်ငြားလည်း များပြားလှသည့် ပင်စင်စား အသက်အ၇ွယ်ကြီးသူများက ပင်ပန်းစွာနှင့် စောင့်ဆိုင်းနေကြရပါသည်။အသက်အ၇ွယ်ကြီးရင့်သော လူကြီးများအတွက် အဆင်မပြေမှုများကို တွေ့၇ှိခဲ့ရပါသည်။ 

ဒီအထဲတွင်ကျမနှင့်အဖွားလည်းအပါအ၀င်ပါ။ လူငယ်တွေအတွက်တော့ခံနိုင်ရည်၇ှိနိုင်ပေမဲ့ လူကြီးများအတွက်တော့အဆင်မပြေနိုင်ခဲ့ပါဘူး။ များပြားလှတဲ့လူအုပ်ထဲမှာ အသက်ကြီးလှသည့်ကျမရဲ့အဖွား သူ့ရဲ့အလှည့်ကိုစောင့်ရင်းနှင့်မူးလဲခဲ့ရပါတယ်။ ပင်စင်ငွေကိုလဲမထုတ်နိုင်တော့ပဲ ဆေးခန်းကိုကားငှားပြီး တန်းပြေးရရော။ ဟော…ဆေးခန်းရောက် ဆေးသွင်းခ၊ အားဆေးဝယ်ခ၊ ဆရာဝန်ပြခ၊ ဆေးစာရင်း Bill လဲထွက်လာရော ကုန်ပါပြီ ပင်စင်လစာတစ်လစာလေး….အဲ့ဒီနောက်မှာတော့ ပိုတဲ့ငွေလေးကိုလက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့အဖွားကိုကြည့်ပြီး
ကျမလဲအဖွားကိုအိမ်သို့ပြန်ခေါ်လာခဲ့ရပါတယ်။ အပြန်လမ်းမှာ ကျမစဉ်းစားမိခဲ့တဲ့အကြောင်းအရာလေးတစ်ခု၇ှိခဲ့ပါတယ်။ 

လွတ်တော်ကိုယ်စားလှယ်ဒေါ်တင်နွယ်ဦးတင်ပြတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အငြိမ်းစားဝန်ထမ်းပေါင်း (ရ၄၂၅) ဦးရှိတယ်ပြောပါတယ်။ ၀န်ကြီးက (၁၀) ရက်ကြိုပြီးလုပ်ပေးတယ်ပြောတော့ တစ်ရက်ကို လူပေါင်း (၇၄၂) ဦးကိုပဲထုတ်ပေးတယ်ထားဦး…. တစ်ဦးကို (၂) မိနစ် ပဲ ကြာတယ်ထား…..              (တကယ်တော့သိတဲ့အတိုင်း ၅ မိနစ် ဆိုတဲ့အချိန်တောင် နည်းပါသေးတယ်။) စုစုပေါင်း ၂ x ရ၄၂ = ၁၄၈၄ မိနစ် (၂၄.၇ နာရီ) နေ့နဲ့တွက်ရင်တော့ တစ်ရက်လုံးလုံးကြာပါလိမ့်မယ် …..
ကျမတို့ရဲ့ပြည်ထောင်စုဝန်ကြီး အလီကြေညက်ခဲ့ရင်တော့ နားလည်နိုင်မှာပါ။ ဖြစ်နိုင်မဖြစ်နိုင်ကိုပေါ့။ ဒါမှမဟုတ် ကိုယ်တိုင်ဘဏ်ရှေ့မှာ လမ်းဘေး ပလက်ဖေါင်းဘေးမှာ၊ အုတ်ခုံလေးမှာ၊ ရေမြောင်းဘေးမှာ၊ လမ်းဘေးမှာ၊ ကောင်တာတွေရှေ့မှာ နာရီပေါင်းမြောက်များစွာ ထိုင်ဘူးရင်တော့ ကိုယ်ချင်း စာတတ်မယ်ထင်ပါတယ်။

ကျမတို့ရဲ့ပြည်ထောင်စုဝန်ကြီး ကတော့ထင်မှာဘဲ အရင်ကဘာမှမဖြစ်ဘဲ ဒီိလိုဘဲလုပ်လာတယ်လို့….
ကျမတို့ရဲ့ပြည်ထောင်စုဝန်ကြီးရေ… ပြောပြပါရစေ… အရင်က ပင်စင်လစာလေးက ရာဂဏန်း ထောင်ဂဏန်းလောက်ကို ကားခကုန်၊ အပင်ပန်းခံပြီး လတိုင်းသွားမထုတ်ကြပါဘူး။ ဒါပေမဲ့ အခုလို အမျှော်အမြင်ကြီးတဲ့ သမကြီးက ပင်စင်လစာတွေကို လောက်လောက်လားလား တိုးပေးလိုက်တော့ကျမရဲ့အဖွားအပါအ၀င် ပင်စင်စားအဖေတို့အမေတို့လဲ ၀မ်းသာအားရ လှူဖို့တန်းဖို့၊ သုံးစွဲဖို့ လတိုင်းတော့ထုတ်ချင်ကြတာပေါ့။ ဒါပေမဲ့ ထမင်းတစ်လုပ် ဒုတ်တစ်ချက် ဆိုသလို ပင်စင်လစာသွားထုတ်တိုင်း အသက်ကြီးပြီဖြစ်တဲ့၊ အားနည်းနေကြပြီဖြစ်တဲ့ ချွေရံသင်းပင်းနည်းပြီး ပို့ဆောင်ပေးသူမရှိတဲ့ အဖိုးတွေအဖွားတွေ အတွက်တော့ စောင့်ဆိုင်းရတဲ့အချိန်ကြာလွန်းတာကတော့ ပင်ပန်းလွန်းအားကြီးပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု ဘဏ်ကြီးရယ်… ဒီနေ့တိုးတက်နေတဲ့ နည်းပညာတွေနဲ့ computer  software  တွေသုံးသင့်တယ်လို့ယူဆမိပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကြီးတစ်ခုဖြစ်နေပါလျက် နိုင်ငံဝန်ထမ်းဟောင်းတွေကိုတောင်ပင်စင်လစာတိုးပေးနိုင်ပါလျက် ဒီလောက်တိုးတက်နေတဲ့ခေတ်ထဲမှာ ယခုထက်တိုင် လက်ေ၇းနှင့်ေ၇းသွင်းနေသော စာ၇င်းဇယားများကိုပြောင်းလဲသင့်ပြီလို့ထင်ပါတယ်။
အခုထိဘဏ်စာရင်းစာအုပ် လူနှစ်ရပ်စာလောက်မှာ လူတစ်ဦးချင်းစီရဲ့ စာရင်းကို ရှာပြီးလုပ်နေသ၍တော့ အဖိုးအဖွားတွေ ပိုက်ဆံမသုံးရဘဲ အားလုံး ဆေးဖိုးသာဖြစ်သွားတော့မှာဖြစ်လို့
အရပ်ကတို့ရဲ့…… ၀ိုင်းပြီးနားချကြပါဦး……….

နန်းကေခိုင်
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘားအံမြို့နယ်၊ မြိုင်ကလေး ဘိလက်မြေစက်ရုံမှ စက်ရုံမှူး ဒုတိဗိုလ်မှူးကြီး သန်းစိန်ထွန်းနှင့် ဖြန့်ဖြူးရေးဌာနဋ္ဌာနမှူး ဦးစံသိန်းတို့ရဲ့ မတရားမှုများအကြောင်း (တိုင်ကြားစာ)



သို့

ကျွန်တော်ကတော့ ဘားအံမြို့နယ်၊ မြိုင်ကလေး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ ဘိလပ်မြေစက်ရုံ ၊ တန်(၉၀၀)မှ အရာရှိတစ်ယောက်ဖြစ်ပါတယ်။

ဘိလပ်မြေစက်ရုံ၊တန်(၉၀၀)မှ စက်ရုံမှူး ဒုတိဗိုလ်မှူးကြီး သန်းစိန်ထွန်း လုပ်စားနေပုံတွေကို အထက်လူကြီး များသိအောင် တင်ပြပြောပြခြင်းဖြစ်ပါတယ်။ စက်ရုံမှူးမှာ စက်ရုံအတွက်လိုအပ်တဲ့ တန်ဘိုးကြီး ပစ္စည်းများကို သုံးလို့ရနေသေးသော်လည်း ၀ယ်ယူရန်အကြောင်း အမျိုးမျိုးပြပြီး တင်ပြနေပါတယ်...။ တချို့(၁)ခုပျက်တာကို၊ (၂)ခုပျက်ဆိုပြီး အထက်ကိုတင်ပြပြီး အထက်မှ ၀ယ်ယူခွင့်ပြုလိုက်လျှင် လိုသလောက် မ၀ယ်ဘဲ၊ တစ်ဝက်လောက်ပဲဝယ်ပြီး ပိုတာတွေကို သူ့အိတ်ထဲထည့်ပါတယ်။

ဘိလပ်မြေထုတ်လုပ်ရာတွင် အရေးပါသော ထုံးကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းမှာ လုပ်ကွက်အသစ်ဖော်ရန် ဆိုပြီး အလုပ်မလုပ်ဘဲ စက်ယန္တရားများအတွက် ကုန်ကျမည့်ဆီများ (၁)လကို ဂါလံ (၁၅၀၀)မှ(၂၀၀၀)လောက်ပြပြီး ရောင်းစားနေပါတယ်။ စက်ရုံ တန်(၉၀၀) မီးသင်းဖိုဌာနမှဘိလပ်မြေထုတ်လုပ်ရာတွင် အဓိကကျတဲ့ မီးသင်းကျောက်များမှာ အမှန်တကယ် တန်(၁၀၀၀)၀န်းကျင် လောက်ထွက်ပါတယ်။ဒါပေမယ့် အထက်ကို ပြရင်တော့ တန်(၉၀၀)နှင့်အောက်ပဲပြတာ များပါတယ်။ ပိုတဲ့မီးသင်းကျောက်တွေကို ဘိလပ်မြေအဖြစ် ကြိတ်ပြီး ပိုတဲ့ဘိလပ်မြေ တွေကို ဘိလပ်မြေဖြန့်ဖြူးရေးဌာနမှ ဌာနမှူး ဦးစံသိန်းနဲ့ ညှိနှိုင်းပြီးတစ်နေ့ကိုဘိလပ်မြေ တန်(၃၀)လောက် ရောင်းစားနေပါတယ်။ ယခုလည်း စက်ရုံမှာ အထက်မှမသိတဲ့ မီးသင်းကျောက်နဲ့ ဘိလပ်မြေအပို တွေအများကြီးရှိနေပါတယ်။

ဖြန့်ဖြူးရေးဌာနမှ ဦးစံသိန်းမှာ ယခင်က မြိုင်ကလေးဈေးထဲမှာ ငါးပိရောင်းစားနေရပြီး ယခုဆိုလျှင် မြိုင်ကလေးမှာ တိုက်(၃)လုံးပိုင်၊ ကားများပါပိုင်ပြီး အာဏာအရှိဆုံး ဖြစ်နေပါတယ်။ စက်ရုံအလယ်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများကိုလည်း ကောင်းကောင်း စာသင်ရင်သင် မသင်ရင် ဘယ်သူမှ မသိလိုက်ဘဲ အလုပ်ပြုတ်အောင် ငါလုပ်ပစ်နိုင်တယ်လို့လည်း ချိန်းခြောက် နေတာတွေကိုလည်း အထက်မှ သိစေချင်ပါတယ်။

ဖြန့်ဖြူးရေးဌာနမှ ဦးစံသိန်းကို ၀န်ထမ်းများအားလုံးက စက်ရုံမှူးထက် ဦးစံသိန်းကို ပိုကြောက်ရပါတယ်။ ဘာလို့လဲဆိုတော့ စက်ရုံမှူးက ဦးစံသိန်းကပြောလျှင် အကုန်လိုက်လုပ်လို့ဖြစ်ပါတယ်။ စက်ရုံမှူးမှာလည်း ၀န်ထမ်းများအား မကြားဝံ့ မနာသာအောင် ဆဲတတ်တဲ့ အုပ်ချုပ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ၀န်ထမ်းများကို အရင်းရှင်ဆန်ဆန် အုပ်ချုပ်နေကြပါတယ်။

ဒါ့ကြောင့် ၄င်းတို့နှစ်ဦး အာဏာသုံး၍ လုပ်စားနေကြတာတွေကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိ လူကြီးများသိစေရန် တင်ပြလိုက် ရပါတယ်ခင်ဗျား။

မြိုင်ကလေး ဘိလပ်မြေစက်ရုံ ဝန်ထမ်းများ....
 
 
 
ဒီမိုဝေယံ 
 
 
 

Unknown at 9:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိက ကြိုးဖုန်း ပြည်ပခေါ်နှုန်းထား လျှော့ ချ

ကြိုးဖုန်းများ ပြည်ပ ဖုန်းခေါ်ခနှုန်းထားကို စတင် လျှော့ချပေးလိုက် ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
''မတ်လ၁ရက်နေ့ကစပြီး လျှော့ချ ပေးလိုက်တာပါ။ လျှော့ချ ပေးတဲ့ အပိုင်းမှာ ခေါ်ဆိုတဲ့ နိုင်ငံ အလိုက် နှုန်းထားတွေ ချထားပေး ပါတယ်။ ဘယ်နိုင်ငံ ဖုန်းခေါ်ခေါ် အရင်နှုန်းထား ထက် လျှော့ချ ထား ပါတယ်''ဟု ၄င်းက ပြောသည်။
ယင်းသို့ ပြည်ပ ဖုန်းခေါ်ခများ လျှော့ချပေးရာတွင် ပုဂ္ဂလိက ဖုန်း ခေါ်ဆိုနှုန်းထား သာ လျှော့ချပေးခဲ့ ပြီး အစိုးရ ဌာနများမှ ဖုန်းခေါ်ဆိုခ နှုန်းထားများကို လျှော့ချခဲ့ခြင်း မရှိ ဘဲ ယခင် ကောက်ခံသည့် နှုန်းထား ထက်ပင် တိုးမြှင့်လိုက်သည်ဟု ၄င်း ကပြောသည်။ အာဆီယံနိုင်ငံ များသို့ ခေါ်ဆိုခ နှုန်းထားမှာ ယခင် တစ်မိနစ် လျှင် ၁ ဒသမ ၄ ဒေါ်လာအား ယခု ၁ ဒသမ ၂ ဒေါ်လာ သို့လည်း ကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၈ ဒေါ်လာ အား ယခု ဝ ဒသမ ၁၂ ဒေါ်လာသို့ လည်းကောင်း၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်း ရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ယခင် တစ်မိနစ်လျှင် ၂ ဒသမ ၂၅ ဒေါ်လာ အား ယခု ၁ ဒသမ ၄ ဒေါ်လာ သို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၉ ဒေါ်လာ အား ဝ ဒသမ ၁၄ ဒေါ်လာ သို့ လည်းကောင်း၊ အာရှတိုက် အလယ်ပိုင်း ခေါ်ဆိုခမှာ တစ်မိနစ် ၂ ဒသမ ၉ ဒေါ်လာ အား ၁ ဒသမ ၈ ဒေါ်လာသို့ လည်းကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ၂၉ ဒေါ်လာမှ ဝ ဒသမ ၁၈ ဒေါ်လာ သို့လည်းကောင်း၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိ က ခေါ်ဆိုခနှုန်းမှာ တစ်မိနစ်လျှင် ၄ ဒသမ ၅ ဒေါ်လာအား ၂ ဒသမ ၄ ဒေါ်လာသို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၄၅ ဒေါ်လာ အား ဝ ဒသမ ၂၄ ဒေါ်လာ သို့လည်းကောင်း လျှော့ချ ပေးခဲ့ပြီး ဂြိုဟ်တု ဆက်ကြောင်းမှ တစ်ဆင့် ဖုန်းခေါ်ဆို ခ နှုန်းများမှာမူ ယခင် နှုန်းအတိုင်း လျှော့ချခဲ့ခြင်း မရှိ ကြောင်း ဆက်သွယ်ရေးမှ သိရသည်။


ပေါ်ပြူလာဂျာနယ်
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.