“ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား”ကို သာရလင်းက အဓိပ္ပာယ်ဖွင့်ဆိုသွားတာ ဖတ်လိုက်ရပါတယ်။ ဒီမိုကရေစီကို အများပြည်သူ သိအောင် ကူညီပေးသူ၊ ဒီမိုကရေစီကို ထိန်းသိမ်းပေးနိုင်သူတဦး ထွက်ပေါ်လာပြန်ပြီလို့ တကယ်ပဲ ဝမ်းသာအားရ ဖြစ်မိပါတယ်။ ကျနော့်ဆီကို Tag ပေးတဲ့ သိုးကလေးကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောလိုက်ပါတယ်။
သာရလင်းက “ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား”ကို “တူညီမျှတဲ့ စိတ်ထား (တနည်းအားဖြင့်) ညီညွှတ်တဲ့ စိတ်ထား” လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး ဥပမာပေး ရှင်းပြသွားတာ အတော်ကောင်းလှပါတယ်။
မှန်လည်း မှန်ပါတယ်။ ကျနော်အနေနဲ့ ပိုပြီး ပြည့်စုံအောင် ဖြည့်ဆည်းပေးချင်တာ ရှိပါတယ်။
ဒီမိုကရေစီကို လူတိုင်း ခံစားခွင့် ရှိတဲ့အတိုင်း လူတိုင်းမှာ တန်းတူညီမျှမှု ရှိနေရတာကလည်း ဒီမိုကရေစီရဲ့ တန်ဖိုးတခု ဖြစ်ပါတယ်။ နောက်ပြီးတော့ လွတ်လပ်မှုလည်း ရှိရပါမယ်။ လွတ်လပ်စွာ ဆုံးဖြတ် ရွေးချယ် ပြုမူနိုင်တာဟာလည်း ဒီမိုကရေစီရဲ့ နောက်ထပ် တန်ဖိုးတခု ဖြစ်ပါတယ်။
ဒီမိုကရေစီ တန်ဖိုးတွေကို ထိန်းသိမ်း ကာကွယ်နိုင်ဖို့ Rule of Law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးရေးက ခိုင်ခိုင်မာမာနဲ့ မှန်မှန်ကန်ကန် ရှိနေရပါမယ်။ ပြီးရင် ကိုယ်လုပ်သမျှ ကိုယ်တိုင် တာဝန်ခံယူနိုင်ရမှာ ဖြစ်တဲ့အပြင် ပွင့်လင်းမြင်သာအောင်လည်း ပြုမူနိုင်ရမှာ ဖြစ်ပါတယ်။
ဒါတွေနဲ့တင် မကသေးပါဘူး။ ကွဲပြားခြားနားတတ်တဲ့ လူ့သဘောကို လက်ခံပေးရပါသေးတယ်။ တနည်းအားဖြင့် အခြားသူတဦးရဲ့ လွတ်လပ်ပိုင်ခွင့်ကို လေးစားတာ ဖြစ်ပါတယ်။ ကိုယ်ကချည်း (လူ့) အခွင့်အရေး မှန်သမျှ လိုချင်နေလို့ မရပါဘူး။ အခြားသူ ရတာ ပိုင်ဆိုင်တာကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း တန်းတူညီမျှမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီဟာ လူအများနဲ့ စုစည်းနေထိုင်ကြတဲ့ လူ့ဘောင်အသိုင်းအဝိုင်းမှာ ကျင့်သုံးရတဲ့ အလေ့အထတွေသာ ဖြစ်ပါတယ်။ အများနဲ့ ပတ်သက်လာတဲ့အတွက် ကိုယ်တဦးတည်းထက်စာရင် အများအတွက် ဖြစ်လာမှာကို ဦးစားပေးရပါတယ်။ ဒါကြောင့် အများသဘောကို လိုက်လျောရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အများသဘောကို မလိုက်နိုင်ကြသေးတဲ့ အနည်းစုရဲ့ သဘောကိုလည်း အသိအမှတ်ပြု တန်ဖိုးထားရပါဦးမယ်။
ဒါကြောင့် “ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား” ဆိုတာ “ လူတိုင်း လူတိုင်းမှာ ထားရှိအပ်တဲ့ တန်းတူညီမျှမှုနဲ့ လွတ်လပ်ခွင့်ကို ဖော်ဆောင်နိုင်သလောက် အခြားတဖက်မှာ တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာရင်း ကိုယ်တိုင်ကိုယ်ကျ တာဝန်ခံပြီး ပွင့်လင်းမြင်သာစွာ ပြုမူတဲ့အခါမှာ ကွဲပြားခြားနားမှုကို လက်ခံပေးရရုံမက အများသဘောကိုလည်း လိုက်လျောပေးရတဲ့ စိတ်ထားဖြစ်တယ် ” လို့ ကျနော် ပြောချင်ပါတယ်။
လွင်အောင်စိုး
၁၇-၃-၂ဝ၁၂
Source - သာရလင်းရဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment