စစ်တကောင်းဒေသဟာ ဟိုးရှေးရှေးကတည်းက ရခိုင်နဲ့ ဘင်္ဂလီတွေ သူအင်အားကြီးသူပိုင် ငါအင်အားကြီးငါပိုင် နယ်လုလာခဲ့တဲ့ ဒေသပဲ။
ဂင်္ဂါမြစ်ဝ မြစ်ဝကျွန်းပေါ်ကြီးနဲ့ကပ်နေတော့ ဆန်ရေစပါးစိုက်ပျိုးမှုအတွက်ရော ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အရေးပါတဲ့ဒေသမို့ အရေးကြီးတဲ့ နယ်မြေပါ။ အရေးကြီးဆုံးက ထူထဲတဲ့ လူဦးရေရှိတာပဲ။ အဲဒီခေတ်က ခေတ်စားတဲ့ အင်အားအခြေပြု နိုင်ငံရေးအရ လူများတဲ့ဒေသဟာ အရေးပါတယ်၊ အခွန်အကောက်လည်းများမယ် လိုအပ်လို့ စစ်သည်စုဆောင်းရမယ်ဆိုရင်လည်း အဆင်ပြေတယ်။
ဒေသခံတွေက ဘင်္ဂလီတွေလည်းရှိတယ် ရခိုင်လည်းရှိတယ်၊ ဘင်္ဂါလီတွေက များမှာပေါ့။
ရှေးတုန်းက ဟိန္ဒူတွေ ဗုဒ္ဓဘာသာတွေ များပါလိမ့်မယ်။ သမိုင်းသမားတွေက စစ်တကောင်းဟာ ဟိနယာန ဗုဒ္ဓဘာသာရဲ့အချက်အချာဇာတိလို့ ဆိုသလို၊ တိဘက်တွေကတော့ တန်တြစ်ဗုဒ္ဓဘာသာရဲ့မူလနေရာလို့ ဆိုတယ်။
ကျနော်တို့ဆီက ဘုရားရှေ့ ခြင်္သေ့ထားတဲ့ သီဟဗာဟုဇာတ်တော်ရယ် ဗုဒ္ဓဆင်းတုမှာ မင်းမြောက်တန်ဆာငါးပါး တပ်ပေးတဲ့ ဇဗုပတ္တိမင်းချွတ်ခန်း ဇာတ်တော်ရယ်ဟာ မူလဒီဒေသကလာတယ်လို့ ဆိုပါတယ်။
နောက်တော့ ပင်လယ်ကနေလာတဲ့ အာရပ်ကုန်သည်တွေနဲ့ အိန္ဒိယကိုဖြတ်ပြီး ဂင်္ဂါမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ အာဖဂန်အနွယ်တွေကြောင့် မွတ်ဆလင်တွေများလာတယ်။ နောက်တော့ ဘင်္ဂလားကို မွတ်ဆလင်တွေ လွှမ်းမိုးလာတာနဲ့အတူ စစ်တကောင်းနယ်ဟာ မွတ်ဆလင်အုပ်စိုးသူတွေလက်ထဲ ရောက်သွားတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၁၆ရာစု ရခိုင်ရွှေခေတ် မြောက်ဦးနိုင်ငံတော်လက်ထက်မှာ စစ်တကောင်းဟာ ရခိုင်မင်းတွေရဲ့ပိုင်နက်ပဲ။ နောက်တော့ ရခိုင်မင်းတွေရဲ့အင်အားယုတ်လျှော့ကျတာနဲ့အတူ မြောက်ဦးနဲ့ အလှမ်းဝေးတဲ့ စစ်တကောင်းမှာ ရခိုင်မင်းတွေရဲ့သြဇာ ကောင်းကောင်းမထူထောင်နိုင်တော့ပါဘူး။ ဒီတော့ စစ်တကောင်းနယ်ဟာ ပင်လယ်ဓါးပြတွေ ကျွန်ကုန်သည်တွေ စွန့်စားတဲ့ အနောက်တိုင်းသားတွေ အခြေချရာ ဒေသဖြစ်လာတယ်။
၁၇ ရာစုမှာ မဂိုတွေဟာ စစ်တကောင်းနယ်ကို ရခိုင်မင်းလက်ထဲက သိမ်းပိုက်လိုက်တယ်။ ဒါပေမဲ့ ၁၈ရာစုမှာဖြစ်တဲ့ ပရာရှီတိုက်ပွဲ အပြီးမှာ အင်္ဂလိပ်တွေက စစ်တကောင်းနယ်ကို မဂိုတွေလက်ထဲကနေ သိမ်းလိုက်နိုင်တယ်။
အဲဒီမှာ ရခိုင်တွေရဲ့မြောက်ဦးကိုသိမ်းထားတဲ့ မြန်မာတွေနဲ့ အင်္ဂလိပ်တို့ တိုက်ရိုက်ထိတွေ့ကြတာပဲ။
မြန်မာတွေ (ရခိုင်တွေ) က ရှင်မဖြူကျွန်းလို့ခေါ်တဲ့ ဒီကျွန်းဟာ နတ်မြစ်ကိုဝင်တဲ့ ပင်လယ်ဝမှာရှိတယ်။ ဘင်္ဂါလီတွေက ရှဟပူရီလို့ခေါ်တယ်၊ စစ်တွေဒေသခံ ရခိုင်တွေက အုန်းကျွန်းလို့ခေါ်တယ်။ ရှေးတုန်းက မြောက်ဦး-စစ်တကောင်း-ဂင်္ဂါမြစ်ဝကို ကုန်ကူးတဲ့ ကုန်သည်တွေ၊ အဲဒီကုန်သည်တွေကို ဓါးပြတိုက်တဲ့ ပင်လယ်ဓါးပြတွေ၊ ကုန်းပေါ်တက်ပြီး လူတွေဖမ်းတဲ့ ကျွန်ကုန်သည်တွေ၊ ပေါ်တူဂီတွေ ဒတ်ခ်ျတွေ ယာယီစခန်းချတဲ့ ကျွန်းကလေးပေါ့။ ပင်လယ်ကို သိပ်ပြီးစိတ်ဝင်စားလေ့မရှိတဲ့ မြန်မာ (ရခိုင်မင်းတွေ)တွေ သိပ်အလေးထားခဲ့ပုံမရဘူး၊ သူတို့လိုပဲ မဂိုမင်းတွေလည်း စိတ်ဝင်စားပုံမရဘူး၊ ဒါကြောင့် ဒီကျွန်းဟာ မြန်မာပိုင်လား မဂိုပိုင်လား မသိဘူး မကွဲပြားဘူး။
ဒါပေမဲ့ ရေတပ်ကိုအဓိကထားပြီး နယ်ချဲ့လေ့ရှိတဲ့ အင်္ဂလိပ်တွေကတော့ ဒီကျွန်းကနေ ရခိုင်ဒေသမြောက်ပိုင်းကို ထိန်းချုပ်လို့ ဒါမှမဟုတ် ပြဿနာပေးလို့ ရတာကို သဘောပေါက်တယ်၊ ဒီတော့ အရှေ့အိန္ဒိယကုမ္မဏီက သစ်တောဝန်ထမ်းတွေ အရေးနဲ့ပတ်သတ်ပြီး မြန်မာဘက်က နတ်မြစ်မှာ တပ်တွေတိုးချထားတဲ့အခါ ရှင်မဖြူခေါ် ရှဟပူရီခေါ် အုန်းကျွန်းကို စိန့်မာတင်လို့အမည်ပေးပြီး ရေတပ်ခွဲလေးတစ်ခွဲကို သွားချထားလိုက်တယ်။ စစ်ဗာရီတပ်ခွဲလေးပေါ့။
အဲဒီအချိန်က အင်္ဂလိပ်တွေဟာ ကုန်းဘောင်ဆက် မြန်မာ့အင်အားကို ကောင်းကောင်မတွက်ဆနိုင်သေးသလို မဏိပူရ်ကို ကောင်းကောင်းအနိုင်ယူခဲ့တဲ့ မြန်မာဘက်ကလည်း ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးနေချိန်ပေါ့။
အိန္ဒိယဘုရင်ခံချုပ် အင်းမတ်ဟာ အဲဒီအချိန်အထိ မြန်မာကိုမထိရဲသေးဘူး၊ မဏိပူးမှာ ရှမ်း(ကသည်း)မင်းတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်သွားတဲ့ မြန်မာတပ်တွေကိုသူလန့်နေပုံပဲ။
အဲဒီလို နှစ်ဖက်သူ့ခြေလှမ်းငါ့ခြေလှမ်းကြည့်နေချိန်မှာ ဘကြီးတော်မင်းရဲ့ချီးကျူးမှုကို ခံယူလိုတဲ့ စစ်တွေစားဟာ ၁၈၂၃ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရှင်မဖြူကျွန်းပေါ်မှာရှိတဲ့ စစ်ဗာရီတပ်ခွဲကို လျှပ်တပြတ်ဝင်တိုက်ပြီး အစောင့်စစ်သားအားလုံးသတ်လို့ စခန်းကိုသိမ်းလိုက်ပါတယ်။
အင်္ဂလိပ်ရေတပ်က ချက်ခြင်းပဲ တပ်ချီပြီး ကျွန်းကိုပြန်သိမ်းပါတယ်၊ ဒါပေမဲ့ ကျွန်းပေါ်မှာ ဘယ်သူမှမရှိတော့ပါဘူး။ အင်္ဂလိပ်ရေတပ်က ပိုကြီးမားတဲ့ ရေတပ်စခန်းကိုစိုက်ထူပါတယ်။
၁၈၂၄ နှစ်ဦးမှာ မဟာဗန္ဓုလဟာ တပ်ကြီးနဲ့ချီလာပြီး ကျွန်းကိုပြန်သိမ်းပါတယ်၊ မြန်မာမင်းရဲ့အလံတော်ကိုလည်း ကျွန်းမှာစိုက်ထူပါတယ်၊ အင်္ဂလိပ်ရေတပ်အရာရှိတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အိန္ဒိယဘုရင်ခံချုပ် အင်းမက်စ်က ကျွန်းကိုပြန်ပေးဖို့ မြန်မာအစိုးရကိုတောင်းပါတယ်၊ နယ်စပ်ကို သေသေချာချာ သတ်မှတ်ဖို့လည်းတောင်းဆိုပါတယ်၊ သူ့ဆီက နယ်ခြားသတ်မှတ်ရေးအဖွဲ့အဖြစ် စစ်အရာရှိ ချူးနဲ့ ရိုက်စ်ကို ဘူးသီးတောင်မောင်းတော်ဆီလွှတ်လိုက်တာကိုလည်း မြန်မာဘက်က ဖမ်းပြီး ဂုဏ်သိက္ခာမဲ့စွာ အင်းဝနေပြည်တော်ကို ခေါ်ဆောင်သွားတယ်လို့ အင်္ဂလိပ်တို့ဘက်က ဆိုပါတယ်။
နောက်တော့ သိတဲ့အတိုင်း အင်္ဂလိပ်နဲ့မြန်မာ စစ်ဖြစ်တော့တာပဲ။ မြန်မာနိုင်ငံကို သိမ်းပိုက်ထားတုန်းမှာ အင်္ဂလိပ်တို့က စိန့်မာတင်ကျွန်းပေါ်မှာ စခန်းချပြီး ကုလား တပ်တွေကို တပ်စွဲထားခဲ့ပါတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး ပေးချိန်မှာတော့ စိန့်မာတင်ကျွန်းက မြန်မာနိုင်ငံထဲမှာ မပါတော့ပါဘူး။ ၁၄ ရက်နေ့က ဆုံးရှုံးလိုက်ရတဲ့ ရေပိုင်နက်တွေ နဲ့ ဒီကနေ့ စိန့်မာတင်ကျွန်း မြန်မာတွေ ဆုံးရှုံးလိုက်ရတာ ဟာ ဗြိတိလျှ အင်္ဂလိပ်တို့ ပေးခဲ့တဲ့ အမွေဆိုးတွေပါပဲ။
ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ဘာသာ ကိုယ်သာသနာနဲ့ ဂုဏ်သိက္ခာရှိရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်တို့ ကြောင့် ဒီကနေ့ ထိ နောက်ဆက်တွဲ ပြဿနာတွေ ရှင်းလို့မကုန်နိုင်သေးပါဘူး။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အင်္ဂလိပ် လူမျိုးကို ယူထားပါတယ်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment