ဖေ့စ်ဘွတ်စာမျက်နှာ တခုပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတပုံကိုမြင်တွေ့လိုက်ရတာ ကျနော့်အတွက် အတိတ်က အရိပ်ဆိုးတွေကြားထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ်။
တပ်ပြေးစစ်သည် လေးတွေ ပြန်ဖမ်းမိလာတဲ့ပုံကို ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ရန်ကုန်မြို့ထဲ သွားရင်းလာရင်း အမှတ်မထင်တွေ့လိုက်ရတာနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပြီး သူ့ wall ပြန်တင်ပေးလိုက်တာပါ။ သူကိုယ်တိုင်တောင်မှ ဒီမြင်ကွင်းကို ပထမဆုံး မြင်ဖူးတွေ့ဖူးတာဖြစ်ပြီး ဘာရယ်လို့ အဓိပ္ပါယ်ကောက်ယူရမှန်း မသိနိုင်အောင် ဖြစ်ရပါ တယ်လို့ ဆိုထားပါတယ်။သူ့ wall ထဲမှာဝင်ပြီး comment ပေးသူတွေဟာလည်း မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်တကောင်ရဲ့ ပုံသဏ္ဍာန်ကို မှန်းဆကြည့်ကြသလို ကိုယ့်အထင်လေးတွေကိုယ်စီနဲ့ မရဲတရဲ ထင်ကြေးပေးထားကြတာ ဖတ်ရပါတယ်။ တပ်ပြေးလို့ ယူဆသူ တွေရှိပေမယ့် အဲဒီအတိုင်းဆို စစ်သားအချင်းချင်း ဒီလောက်အထိ ရက်စက်အညှာတာကင်းရသလား ဆိုတဲ့ ဝေဖန်အပြစ်တင်စရာလည်း ဖြစ်နေတာပေါ့။
ဒီဓာတ်ပုံလေးထဲမှာ တပ်မတော်ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတယ်။
အဲဒီဓာတ်ပုံထဲမှာ သံကြိုးတုပ်အဖမ်းခံထားရသူတွေဟာ တကယ့်တပ်ပြေးလေးတွေ အစစ်ပါဗျာ။
လူငယ်တွေဟာ တပ်မတော်ထဲကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြပြီး ပြဿနာအမျိုးမျိုးနဲ့ ပြန်ထွက်ပြေး နေကြတာ နေ့စဉ်မြင်ကွင်းတရပ်လို ဖြစ်နေပါပြီ။
တပ်မတော်ဆိုတာ လူငယ်တွေအတွက် အဖက်ဖက်က တိုးတက်ဖွံ့ဖြိုးအောင် လေ့ကျင့်သင်ကြားပေးရာ ဌာနကြီးတခုသာ အမှန်ဖြစ်နေခဲ့ရင် ခုလိုမြင်ကွင်းတွေ ပေါ်ပေါက်လာစရာအကြောင်းမရှိပါ။
အရင်တုန်းကဆိုရင် လူငယ်တယောက် တပ်ထဲရောက်သွားပြီး မိဘရပ်ထံခွင့်ပြန်လာတဲ့အခါ ရပ်ထဲရွာထဲက လူတွေ အလေးတယူ တန်ဖိုးထားဆက်ဆံကြ၊ အထင်ကြီး အားကျဂုဏ်ယူကြနဲ့ တော်တော်ကို ကျက်သရေ မင်္ဂလာ ရှိပါတယ်။ အနည်းဆုံး ပြောတာဆိုတာ နေတာထိုင်တာတွေဟာ အရင်နဲ့မတူ ပိပိရိရိ သေသေသပ်သပ် နဲ့ လောကဝတ်ကို နားလည်သိတတ်သူတွေ ဖြစ်လာတတ်ကြပါတယ်။
တချို့ဆို အရင်ရပ်ထဲရွာထဲမှာ နေတုန်းက ကိုယ်တဖက်သတ် ကျိတ်ပိုးပိုးခဲ့ရသူ၊ ကိုယ့်ကိုယောက်ျားတယောက် ရယ်လို့ အားကိုးသမှုမပြုချင်သူ ပျိုဖြူချောက ယူနီဖောင်းလေး သပ်သပ်ရပ်ရပ်ဝတ်ပြီး ခွင့်ပြန်လာတာကို တွေ့ရ တဲ့အခါမှ ဟန်ပန်တွေဖြေလျော့လို့ ကြည်ဖြူမေတ္တာမျှခဲ့တဲ့ အဖြစ်မျိုးတွေ ကြုံဖူးသူ မရှားပါ။
နောက် စစ်သည်တဦး တနယ်တကျေးမှာ အိမ်ထောင်ရက်သားကျတဲ့အခါမှာလည်း မျက်နှာမငယ်ရဘူးလေ။ တပ်ရင်းမှူးက မိဘနေရာမှာ တာဝန်ယူပြီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ပေးတာ။ အိမ်ထောင်ကျပြီး တော့လည်း တပ်မှာ နေစရာလိုင်းခန်းက အသင့်။ အဆင့်မီအထက်တန်းကျလှတယ် မဟုတ်သော်လည်း တူနှစ်ကိုယ် ဘဝခရီးအစမှာ ပူပင်ကြောင့်ကြ သိပ်မရောက်ရဘူး။ ခုချိန်မှာတော့ စစ်သည်က တပ်ထဲမှာ ဇနီးသည်က ယောက္ခအိမ်မှာ တကွဲတပြားစီဖြစ်နေသူတွေ မနည်းလှ။
ဟိုးအရင်တုန်းက တပ်ထဲဝင်ဖို့ ခုလောက်မလွယ်လှသေးဘူး။ စစ်သားစုဆောင်းရေးဌာနမှာ ရှိတဲ့တာဝန်ခံ ဆရာတွေက စစ်သည်လောင်းရဲ့ ကိုယ်ရေးရာဇဝင်ကို အမှန်သိရအောင် အပြန်ပြန်အလှန်လှန် စစ်မေးကြတာ။ ကျေနပ် အောင်မေးမြန်းပြီးတဲ့အခါမှာလည်း ကိုယ့်ဆုံးဖြတ်ချက် ခိုင်မခိုင် သေချာထိုင်ပြီး စဉ်းစားခိုင်းသေးတာ။ ဒါနဲ့လည်း မပြီးသေးဘူး။ ဆေးစစ်တာပါ အောင်အုံးမှ။ အိမ်ကနေ ကြုံးဝါးထွက်သွားပြီးကာမှ ဆေးမအောင်လို့ အိမ်ပြန် ရောက်လာသူတွေလည်း ရှိပါတယ်။
ကျနော် ၁၀ တန်းနှစ်မှာ အိမ်ကအစ်မနဲ့စိတ်ဆိုးပြီး တပ်ထဲဝင်ဖို့ အိမ်က ထွက်ပြေးဖူးတယ်။ အလွယ်တကူ လိုက်ရှာလို့မရအောင် ရန်ကုန်အထိသွားဝင်တာ။ မှော်ဘီ၊ မင်္ဂလာဒုံနဲ့ အလုံ စုဆောင်းရေးတွေအထိ ရောက်ခဲ့ပါတယ်။ ဘယ်စုဆောင်းရေးကမှ ကျနော့်ကို လက်မခံခဲ့ဘူး။ ကျနော်ကလည်း အတွေ့အကြုံမရှိ၊ ကျောင်းတက်မလိုလိုနဲ့ လွယ်အိတ်ထဲ အဝတ်ပို ၂ စုံထည့်ပြီး ပြေးလာတာဆိုတော့ ကျောင်းလွယ်အိတ်က ပါလာတယ်။ ဒီတော့ ကျောင်းသားဆိုတာ အလိုလိုပေါ်လွင်နေတာပေါ့။
အဲဒီအချိန်ထိ တပ်ဖွဲ့စည်းပုံ ပုံမှန်အနေအထားလောက်ပဲ ရှိဦးမယ်။ တပ်ကထွက်ခွင့်တင်တဲ့ကိစ္စလည်း ခုလောက် မခက်ခဲသေးဘူးထင်တယ်။ ဒီတော့ ရဲဘော်တွေဟာ ကိုယ်ချင်းစာတရား ထားနိုင်ကြသေးတယ်။
ခုနောက်ပိုင်း ထိပ်ပိုင်းခေါင်းဆောင်ကြီး ကြယ်ငါးပွင့်ရာထူးလိုချင်တာကစပြီး တပ်ထဲမှာ အခြေအနေတွေ ရစရာ မရှိအောင် ဆိုးသွားတော့တာ။ တပ်ဖွဲ့စည်းပုံတွေ အရမ်းကာရောချဲ့၊ တပ်သစ်တွေ အများကြီးတည်၊ လူအင်အား မမျှတနိုင်တော့ ရသမျှလူနည်းမျိုးစုံနဲ့ အဓမ္မစုဆောင်း၊ ရှိပြီးသားလူလည်း ထွက်ခွင့်မပေး၊ သက်သာချောင်ချိရေး ကျတော့ မယ်မယ်ရရမရှိ။
စစ်သည်တွေ တပ်နေပျော်ရေးကိစ္စ ဘယ်လောက်ထိ လစ်လျူရှုသလဲဆိုရင် ကျနော်နေခဲ့ဖူးတဲ့ တပ်မှာ အထက် ညွှန်ကြားချက်အရ တပ်နေပျော်ရေးစီမံချက် ရေးဆွဲကြတယ်။ စာမူကြမ်းရေးတာမှာ ဒုတပ်မှူး၊ ရေး/ထောက် အရာရှိ၊ ရုံးအုပ် စသူတွေက မရေးဘူး။ လက်အောက်ခံ စာရေးတယောက်ကို ရေးခိုင်းတယ်။ ပြီးတော့ စာမူကြမ်းကို တပ်မှူးဆီ မတင်ပြတော့ဘဲ ဒီအတိုင်းပဲ အချောသပ်ရိုက် ရေး/ထောက်အရာရှိက အပြင်အဆင် မရှိ လက်မှတ်ထိုးလိုက်ပြီး စားရိပ်သာ နံရံမှာ ချိတ်ဆွဲထားလိုက်တယ်။ (လူကြီးလာရင် ပြဖို့သက်သက်သာ)
အဲဒီလို စစ်သည်တွေကို ဖြစ်သလိုထားတော့ စစ်သည်တွေကလည်း တာဝန်မဲ့စိတ်တွေ ဝင်လာတာပေါ့။ ခိုင်းတဲ့ အလုပ်ကို တာဝန်ကျေရုံလုပ်တယ်။ အခွင့်သင့်တာနဲ့ အပြင်လစ်ဖို့ စဉ်းစားနေကြတယ်။ အနီးဝန်းကျင် ရပ်ထဲ ရွာထဲမှာ ပြဿနာတွေတက်ကြတယ်။ ခွင့်သွားပြီးရင် ပြန်မလာကြတော့ဘူး။ ဒီလိုနဲ့ တပ်ပြေးဘဝကို ရောက် ကုန်ကြတာ။
တပ်ပြေးပြန်ဖမ်းမိတယ်ဆိုတဲ့နေရာမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ကို ရဲက ရှောင်တခင် ဧည့်စာရင်း စစ်ရင်း ပြန်မိကြတာ၊ တချို့ကို သတင်းအရ သွားရောက်ရှာဖွေရင်း ပြန်မိတာ၊ တချို့ကျတော့ စစ်ပြေးဘဝနဲ့ ရပ်ကွက်ထဲမှာ ပြဿနာတက်၊ ရဲစခန်းရောက်၊ အမှုကြီးမယ်ထင်တော့ တပ်ပြေးကိုယ်တိုင်က ကျနော်တပ်ပြေးပါ ဆိုပြီး ဝန်ခံလို့ ပြန်မိတာ။ တပ်ထိန်းတပ်တွေမှာလည်း အခါအားလျော်စွာ တပ်ပြေးဖမ်းဆီးရေး စီမံချက်တွေ ရှိပါတယ်။
ဘယ်လိုနည်းနဲ့မိမိ ရဲက မိထားတဲ့ တပ်ပြေးစစ်သည်ကို နယ်မြေခံ တပ်ထိန်းဆီလွှဲပေးရပါတယ်။ တပ်ထိန်းက တဆင့် သူနဲ့သက်ဆိုင်တဲ့ တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းကို ကြေးနန်းထုတ်ပြီး အကြောင်းကြားရတာ။ ကြေးနန်း ရတဲ့အခါ သက်ဆိုင်ရာ တပ်က ကိုယ်စားလှယ်လွှတ်ပြီး ခေါ်ခိုင်းရပါတယ်။
ကိုယ်တိုင်အဖမ်းခံတာ မဟုတ်ဘဲ ဖမ်းလို့ပြန်မိလာတဲ့သူဟာ အချုပ်ကျထောင်ကျဖြစ်မှာကို အသာတကြည် ဘယ်လက်ခံချင်ပါ့မလဲ။ ဒါကြောင့် ရောက်လေရာမှာ လစ်ရင်လစ်သလို ထွက်ပြေးဖို့ အားထုတ်ကြတယ်။ ဒီတော့ ထွက်ပြေးရင် လူကြားထဲမှာ အလွယ်တကူပေါ်လွင်နေအောင် တပ်ထိန်းအချုပ်ရောက်တာနဲ့ ခေါင်းကို လေးကွက်ကြားရိတ်ပစ်လိုက်ကြတယ်။ အဲဒီကြားထဲကတောင် လွတ်အောင်ထွက်ပြေးနိုင်သူတွေ ရှိကြတယ်။
ဒီလိုလုပ်ကြတာက အမုန်းတရားနဲ့ အငြိုးအတေးထား လုပ်ကြတာ မဟုတ်ပါဘူး။ တပ်ထိန်းနဲ့ တပ်ပြေးစစ်သည် ဆိုတာ အရင်က သိကြဖူးသူတွေမှ မဟုတ်တာ။ ဒီတော့ အမုန်းမရှိ၊ သံယောဇဉ်လည်းမကြီး ပုံမှလူ့ဝတ္တရားအရ ဆက်ဆံကြတာ။ ဒါပေမဲ့ ကိုယ့်လက်ထဲက လွတ်ပြေးသွားရင် ကိုယ့်တာဝန်ပဲ မဟုတ်လား။ အဲလိုဖြစ်တဲ့အခါ သူထွက်ကိုယ်ဝင် ပေးဆပ်ကြရတာ။ ခံခဲ့ရဖူးတဲ့ သာဓကတွေလည်း မနည်းမနောရှိနေတော့ ကိုယ်ဒုက္ခကြုံရ မယ့်အဖြစ်ကို မရောက်အောင် ကာကွယ်ကြ ရတော့တယ်။
ဖမ်းဆီးခေါ်ဆောင်ရာမှာ ကိုယ့်ဘက်က အကာအကွယ်ယူလွန်းလို့၊ ပေါ့ဆလို့ မဖြစ်သင့်ဘဲ နစ်နာခဲ့ရတဲ့ ဖြစ်ရပ်မျိုးလည်း ရှိပါတယ်။ တခါက သင်တန်းကျောင်းက ထွက်ပြေးတဲ့ စစ်သည်တဦးပြန်မိထားတာကို သွားခေါ်သူက လက်ထိပ်နောက်ပြန်ခတ်ပြီး ခေါ်လာပါတယ်။ ချောင်းတခုကို ဖြတ်ကူးတဲ့အခါမှာတော့ ထွက်မပြေးနိုင်ဘူး အထင်နဲ့ ပေါ့ပေါ့ဆဆပဲ နေလိုက်ချိန်မှာ တပ်ပြေးစစ်သည် လှေပေါ်ကခုန်ချသွားပါတယ်။ လက်ထိပ် နောက်ပြန်ခတ်ထားတဲ့အပြင် ရေစီးလည်း သန်တာမို့ အသက်ရှင်လျက် ပြန်ပေါ်မလာတော့ပါဘူး။
ကျနော် ရေတပ်တပ်ထိန်းတပ်မှာ တာဝန်ထမ်းဆောင်ချိန်က ဒီမြင်ကွင်းတွေ နေ့တဓူဝ ကြုံတွေ့နေရတာပါ။ တခါတုန်းက တပ်ပြေးစစ်သည်က အသက်ကြီးကြီး၊ လာခေါ်တဲ့ တပ်ကိုယ်စားလှယ် ဒုတပ်ကြပ်က ငယ်ငယ် ရွယ်ရွယ်။ ဘူတာရုံခေါ်သွားဖို့ လက်ထိပ်ခတ်ကာနီးမှာ ဒုတပ်ကြပ်က အဖိုးကြီးကို လက်အုပ်ချီပြီး တောင်းပန် ပါတယ်။ “ဦးလေးက ကျနော့်အဖေအရွယ်မို့ လက်ထိပ်မခတ်ချင်ပါဘူး။ ဒါပေမဲ့ တာဝန်အရ လုပ်ရတာကို နားလည်ပေးပါ” တဲ့။ အဲလို ယဉ်ကျေးတဲ့ စစ်သည်မျိုးလည်း တွေ့ဖူးပါတယ်။
တပ်ထိန်းမှာ ရိတ်ပေးထားတဲ့ ဆံပင်လေးကွက်ကြား ကိစ္စကတော့ လာခေါ်တဲ့ တပ်ကိုယ်စားလှယ်နဲ့သာ ဆိုင်ပါတယ်။ တချို့က ကိုယ်ချင်းစာတတ်တယ်။ ဒီပုံစံကြီးနဲ့ လူကြားထဲသွားရတာ ဘယ်လောက် အရှက်ရမယ် ဆိုတာကို နားလည်စာနာပေးတယ်။ တပ်ထိန်းတပ်အနီးအနားက ဆံသဆိုင်မှာ ကတုံးရိတ်ပေးပြီးမှ ခေါ်သွား ကြတယ်။ ညှပ်ထားတဲ့ ဆံပင်ပုံကိုမမြင်ရအောင် ဦးထုပ်ခပ်ကြီးကြီး ဆောင်းပေးပြီး ခေါ်သွားသူ တွေလည်း ရှိပါတယ်။ “မင်းအပြစ်နဲ့မင်းပဲ” ဆိုပြီး ခပ်တင်းတင်း ဆက်ဆံသူတွေလည်း တွေ့ရတတ်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေလို့ပဲ ဆိုရမှာပေါ့။
ကျနော်ကတော့ ခုလို တပ်ပြေးနဲ့ တပ်ထိန်း၊ရဲတို့ လိုက်တမ်းပြေးတမ်းကစားနေတဲ့ ဖြစ်ရပ်မှာ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး။ ဒီအထဲမှာ လုပ်စားနေသူအချို့တော့ ရှိပါတယ်။ ဒါက သူ့အကြောင်းနဲ့သူပါ။ အများအားဖြင့်က ကိုယ့်ကိုပေးအပ်လာတဲ့ တာဝန်အရ မလွှဲမရှောင်သာ လုပ်ကိုင်နေကြရတာပါ။ အောက်ခြေစစ်မှုထမ်းဘဝက အထက်ကခိုင်းရင် မဖြစ်မနေလုပ်ပေးကြရတာ ထုံးစံပါပဲ။
တပ်မတော် ခေတ်မီတိုးတက်ရေးဆိုတာ အထက်ပိုင်းတာဝန်ရှိသူအဆင့်ဆင့်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကသာ အရေးကြီးပါတယ်။ စစ်သည်ဖျက်လို့ တပ်ပျက်မသွားပါဘူး။ စစ်သည်ဆိုတာ ကိုယ်နဲ့တန်ရာတန်ရာ လုပ်ငန်းတာဝန်တွေကို ထမ်းရွက်နိုင်ရင် တာဝန်ကျေပါပြီ။ သူတို့တတွေ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်နေနိုင် ဖို့က စီမံအုပ်ချုပ်သူတွေရဲ့ စေတနာနဲ့ စိတ်ဝင်စားမှုအပေါ် တည်မှီနေပါတယ်။
ပြီးတော့ စစ်မှုထမ်းတယ်ဆိုတာကလည်း လူတယောက်ရဲ့ လွတ်လပ်စွာရွေးချယ်မှုအရပဲ ဖြစ်သင့်ပါတယ်။ တပ်ထဲဝင်တဲ့အခါမှာ လွယ်လွယ်ကူကူဖြစ်သလို သတ်မှတ်နှစ်ပြည့်လို့ တပ်ကအနားယူခွင့်တင်တဲ့အချိန်မှာ လည်း မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှု မဖြစ်သင့်ပါဘူး။ တပ်မှာ မနေချင်တော့တဲ့ စစ်သည်တဦးကို အတင်း အကျပ်ဆက်ပြီး အမှုထမ်းခိုင်းတာဟာ စစ်သည်အတွက်သာမက တပ်အတွက်လည်း အကျိုးမရှိနိုင်ပါဘူး။ အခန့်မသင့်ရင် အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါသေးတယ်။
(ဓာတ်ပုံကိုhttp://www.facebook.com/#!/media/set/?set=a.213620095431398.46972.100003502285310&type=1 မှကူးယူဖော်ပြပါတယ်)
လေးစားစွာဖြင့်--
နေမင်းသူ
၁၀-၈-၂၀၁၂
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment