အပြောင်းအလဲ (Change) ဆိုတာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောပြီ ။
ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့်
အပြောင်းအလဲ (Change) ကို လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား။
ဆိုတာလေးဖတ်ရလို့ ဒီ အိပ်ဖွင့်ပေးစာ ရေးလိုက်ရပါတယ်...။
သမ္မတကြီး ခင်ဗျား....
တိုင်းဒေသကြီးများမှာ ရှိတဲ့ အောက်ခြေက သူတွေ က အမိန့်ကြေငြာစာ တစုံတရာဆိုတာကို လက်ကိုင် ထားပြီး ရဟန်းရှင်လူ ပြည်သူ ကျောင်းသား အလုပ်သမား လယ်သမားနှင့်လက်လုပ်လက်စားတွေကို ဆက်ဆံနေသ၍ သမ္မတကြီးက လက်နဲ့ရေး ၊ သူတို့က ခြေနဲ့ ဖျက် အဲလိုသူ အချို့ ရှိနေသရွေ့ နိုင်ငံတော်က စာမျက်နှာ အသစ်တွေ ထွက်လာမှာ မဟုတ်ပဲ ဆွေးနေတဲ့ စာမျက်နှာတွေ ဆက်ဖတ်နေရမှာ သေချာပါတယ်။
စကားထဲ ထည့်ထည့်ပြောမယ့် အစား အမိန့် ကြေငြာချက်သာ ထုတ်ပေးပါလားဗျာ။ နှုတ်တစ်ရာ စာတစ်လုံးကိုး ခင် ဗျ ...။
ဒီကနေ့ ကျောင်းသားတွေ သမဂ္ဂတွေ ဖွဲ့စည်းကြတာကို တရားမဝင်ဘူးလို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ပုဂ္ဂိုလ်တွေက ဆိုပါတယ် ။ ဆောင်ရွက်ရင် တားဆီး ဖြိုခွဲခံရမယ် ၊ အရေးယူခံရမယ်လို့ ခြိမ်းခြောက်လာပါတယ်။
ရခိုင်ကိစ္စတွေ ဖြစ်ပြီးမကြာခင်က သမ္မတကြိးပြောသွားတဲ့ မိန့်ခွန်းထဲမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် အကြောင်း ပါတာကို သူတို့ ရုပ်မြင်သံကြား မကြည့်ကြဘူး ၊ သတင်းစာ မဖတ်ကြဘူး တူပါတယ်။
ကျောင်းသားတွေက ကျောင်းပုရဝဏ်ထဲမှာ ကျောင်းသားတွေ စုစုစည်းစည်း နဲ့ ကျောင်းသား အရေးကိစ္စတွေ နဲ့ တိုင်းပြည်နှင့် လူမျိုး အတွက် အမျိုးသားရေးတာဝန် တွေ ထမ်းရွက်လိုကြတာ မင်္ဂလာရှိတဲ့ ကိစ္စ ကို လက်မခံဘူး ဖြစ်နေပါတယ်။
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ အရ မှတ်ပုံတင်ထားခြင်း မရှိလျှင် တရားမဝင်ဘူးလို့ ဆိုပါတယ်။
ဒီနေရာမှာ စဉ်းစားဖို့လိုတာက ဒီဥပဒေဟာ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကို စနစ်ကျကျ ထိန်းကျောင်းနိုင်အောင် မလိုလားတာတွေ တားဆီးနိုင်အောင် ထုတ်ပြန်ခဲ့တာ ကို လက်သင့်ခံပါတယ်။ ၈၈ ခုက ဒီ ဥပဒေပါ အကြောင်းအရာတွေ ကိုတော့ ခေတ် နဲ့ လျော်ညီအောင် ပြင်ဆင်ရဦးမှာပါ။ ကျောင်းသားဆိုတာ မူလတန်းကနေ အထက်တန်း အထိ ကျန်စစ်သားဘုရင်နောင် အလောင်းဘုရား စတဲ့ အသင်းတွေ ဖွဲ့ပြီး မိမိကျောင်းရဲ့ ဝေယျာဝစ္စတွေ နဲ့ ကျောင်းအကျိုး ကို ဆောင်ရွက်ခဲ့ကြတာပါ။ နောက်တစ်ခုက ကျောင်းအာဏာပိုင်ပါတဲ့ ကျောင်းကောင်စီ ၊ မိဘဆရာ အသင်း စတာတွေကို ယနေ့ ကျောင်းတိုင်းမှာ မြင်တွေ နိုင်ပါတယ်။ ဒီသဘော အတိုင်းရှိတဲ့ ကျောင်းသားတွေ ဖွဲ့စည်းတဲ့ သမဂ္ဂကို ဘာကြောင့် လိုက်လံ ခြိမ်းခြောက် ပိတ်ပင် တားဆီးနေတာလဲ ဆိုတာ နားမလည် နိုင်အောင် ဖြစ်နေပါတယ်။ ဖော်ပြပါ ကျောင်းတွင်းမှာ လက်ရှိ ရှိနေတဲ့ အသင်းတွေ၊ ကောင်စိတွေ ကို ဘာကြောင့် မှတ်ပုံတင်ဖို့ မလိုအပ်တာလဲ ၊ မတားဆီးတာပါလဲ။ ထိုသို့ လုပ်ခွင့်ရလျှင် ကျောင်းသားသမဂ္ဂ ဆိုတာလည်း တန်းတူ အခွင့်အရေး ရှိရပါမယ်။ ကျောင်းတွင်းက ကျောင်းသားတွေ ကျောင်းထဲမှာ ဖွဲ့တာခြင်း အတူတူပါပဲလေ ။
သူရဦးရွှေမန်းက ၈၈ ကျောင်းသားခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြိး အနာဂါတ်ဖော်ဆောင်ရေးတွေ အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ လုပ်ရပ်ကို တွေ့မြင်တာ မကြာသေးခင်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နှင့်အတူ ဗကသ၏ ခရိုင်တွေ ၊ ကျောင်းတွေက သမဂ္ဂတွေ ကို အားခြင်း ဒေသ အသီးသိး မှာ ခေါ်ယူဖိအား ပေးလာတယ်။ ၈၈ကျောင်းသားတွေကိုတော့ မှတ်ပုံမတင်ရသေးလို့ ဆိုပြီး ပိတ်ပင်တာ မတွေ့ရသေး ပါဘူး ။ အောက်ခြေရဲံ ဒီလုပ်ရပ်တွေကတော့ မီးစတဖက်၊ ရေမုတ်တဖက် လားလို့ အစိုးရကို အကြည်ညိုပျက်စေပါတယ်။
ဒီသဘောတရား ခပ်နိမ့ိနမ့်လေးတောင် အချို့ ဒေသအာဏာပိုင်တွေက မသိဘူးဆိုတော့ သမ္မတကြိးရဲ့ တိုင်းပြည် အပေါ်ထားတဲ့ စေတနာတွေဟာ တိုးတတိမှု မြန်ဖို့ မလွယ်ပါဘူး ။
ဒီနေ့ ကျောင်းသားတွေဟာ သမိုင်းမှာ နယ်ချဲ့ အပါအဝင် အာဏာရှင် အစိုးရ အဆက်ဆက် ကို တွန်းလှန်တိုက်ပွဲ ဝင်ခဲ့ကြတယ်။ မရိုးသားတဲ့ အစိုးရ ဟူသမျှရဲ့ မျက်နှာဖုံးကို ပြည်သူသိအောင် သာ မက ကမ္ဘာက သိအောင်ပါ ခွာချပြခဲ့ ကြတယ် ။ အဲဒီအတွက် အစိုးရ အဟောင်းတွေ ဟာ ကျောင်းသားတွေကို ကြည့်မရပါဘူး ။ နယ်ချဲ့အစိုးရ လက်ထက် (၁၉၃၀-၃၁ ခု) မှာ စတင်ခဲ့တာကိုကြည့်ရင် တိုင်းတပါးသားကတောင် ကြည်ဖြူခဲ့ပါလျက် ယနေ့ အချို့သော အစိုးရ လက်အောက်ခံ ပုဂ္ဂိုလ်များက မရှုစိမ့်နိုင်စွာ ခွင့်မပြုနိုင်ဘူး လို့ ခါးခါးသီးသီး ဖြစ်နေတာ ထောက်ရင်... သမ္မတကြီး ခင်ဗျား... လူကြီးမင်း၏ အုပ်ချုပ်ရေး ယန္တရားကြီးထဲမှာ အခွာမခံရဲတဲ့ မျက်နှာဖုံးမင်းသားတွေ ရှိနေပါတယ်လို့ သက်သေ ပြနေတာပါပဲ။
ဒီကနေ့ ကျောင်းသားတွေဟာ သူတို့ ပိုင်တဲ့ ဆိုင်တဲ့ ကျောင်းသားသမဂ္ဂ နှင့် သမဂ္ဂ အဆောက်အဦ ကို ပြန်လည်ရရှိရေး ဆောင်ရွက် နေတာတွေဟာ ၁၉၆၂ ခုမတ်လ(၇)ရက်(၈)ရက်မှာ ဖြစ်ပွားခဲ့တဲ့ တပါတီ အာဏာရှင်လို့ နာမည်ပျက်ခဲ့တဲ့ ဥိးနေဝင်းရဲ့ မဆလပါတီက ကျောင်းသားတွေကို နိမ်နှင်းပြီး အဆောက်အဦ ကို ဖြိုခွဲခဲ့တာ ကြောင့် ဖြစ်ပါတယ်။ ယခုဆိုရင် နှစ်(၅၀)တင်းတင်း ပြည့်ပါပြီ ။ သမိုင်းတရားခံလို့ ပြောထားတဲ့ သမိုင်းအကြွေး ဆပ်ရမယ့် တာဝန်ရှိသူတွေထဲက ဦးနေဝင်း၊ဦးစိန်လွင် တို့ ဆိုတာတွေလည်း လူ့လောကက ထွက်သွားကြပါပြီ ။
၁၉၃၀-၃၁ ကနေ ၈-၇-၁၉၆၂ ထိ ကျောင်းသားတွေဟာ နယ်ချဲ့ ခေတ်မှ တပါတီအာဏာရှင်စနစ်ထိ ပြည်သူ့အတွက် ဘာမှ ခံစားခွင့်မရပဲ အသက်ပေါင်းများစွာနှင့်အတူ ပညာရေး၊လူမှုရေးတွေ ဆုံးရှုံးခဲ့ပြီး ထောင်တွေထဲမှာလဲ လူဘဝကို အရင်းအနှီးကြီးစွာ ပေးဆပ်ခဲ့ကြပါတယ်။ ယနေ့ တပ်မတော်သားတွေ နိုင်ငံတာဝန် ထမ်းဆောင်ရာမှာ စွန့်လွတ် အနာခံနေတာကို ဗိုလ်ချုပ်ကြီးထိ ထမ်းဆောင်ခဲ့တဲ့ သမ္မတကြီး သိပြီးသားပါ... သို့သော် တပ်မတော်သားတွေ ဟာ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ ခံစားရပါတယ်... ပင်စင်အထိပေါ့ ခင်ဗျာ..။ (စော်ကားခြင်းမဟုတ်ပါဘူး၊ နှိုင်းယှဉ်ပြတာပါ)
ကျောင်းသားတွေဟာ ငွေကုန်ကြေးကြခံပြီး ကျောင်းတတ်ရတာပါ။ဒီကြားထဲ သမိုင်းကပေးလာတဲ့ တာဝန်တွေ ထမ်းဆောင်ပေးဆပ်တဲ့အခါမှာ ဘယ်သူကမှ လစာမပေး ၊ ရာထူးမပေး ၊ ခံစားခွင့်မပေးပါဘူး။ အဲဒီအစား နံပါတ်တုတ်တွေ၊ စက်သေမတ် ကျည်ဆံတွေ ၊ အကျဉ်းထောင်တွေ ပဲ ရရှိခဲ့ပြိး ခုတော့ သမဂ္ဂအဆောက်အဥိကို ပါ ဖြိုချခံခဲရပါတယ်...။
ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နိုင်ငံဖခင်၊ တပ်မတော်ရဲ့ ဖခင်တစ်ဦးကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်သားသမဂ္ဂ နှင့်အတူ ထိုထို ခေါင်းဆောင် ကျောင်းသားကြီးတွေ ရဲ့ ကြိုးပမ်းမှု အဆင့်ဆင့်ကြောင့် ယခုလို အချုပ်အချာအာဏာနှင့်တစ်ကွ ယနေ့ ပြည်ထောင်စု အစိုးရ နှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် ကျွန်ပ်တို့ ရပ်တည်ခွင့် ရနေတာကို ကြည့်ရင်း ခေတ်အဆက်ဆက်က သမဂ္ဂကြိးရဲ့ သမိုင်းကျေးဇူး မကင်းဘူးဆိုတာ သိသာထင်ရှားပါတယ်။
ယနေ့ကြုံကြိုက်ခဲမျှ နှစ်(၅၀)ပြည့်ချိန်ပါမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ ကျောင်းသားခေါင်းဆောင် မျိုးဆက် အဆင့်ဆင့် ရဲ့ သွေးတွေ၊ ချွေးတွေ၊ အသက်တွေ ကို လစ်လျုရှု ၊ မျက်ကွယ်ပြုပြီး မသိကျိုးကျွံပြုနေရမယ် ဆိုရင် အလွန်ကို ရိုင်းပြတဲ့ မျိုးဆက် အဖြစ် သမိုင်း အမည်းစက်ကြီး ထင်ကျန်ရစ်ခဲ့ပါမယ်။ ဒါကို ယနေ့ အသိတရား ရှိတဲ့ ကျောင်းသားတွေ ဟာ ကျေးဇူးတရားသိသိ တာဝန်သိသိ နှင့် ဆဲဗင်းဂျုလိုင် နှစ်(၅၀)ပြည့်ကို ကျင်းပလို ကျတာဖြစ်ပါတယ်။
သို့ပါသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ဒီအစီအစဉ်ကို ခါးခါးသီးသီး ပိတ်ပင်တားဆီး ငြင်းပယ်နေပါတယ်။ ဒီသမိုင်း အကြွေ့းကြီးက သူတို့ နှင့်ဆိုင်ပါသလား ၊ ဒီရက်ကြိးမှာ ကျောင်းသားတွေကို (လူသတ်) သတ်ခဲ့တဲ့ အထဲ ပါဝင်ဘူးလို့လား၊ အဆောက်အဦ ကြီးဖြိုခဲ့တာ သူတို့လား တွေးယူချင်စရာ ထင်မှရလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖိအားပေး ပိတ်ပင် ခြိမ်းခြောက်နေပါတယ်။
ယနေ့ ကျောင်းသားတွေ အနေနဲ့ သမိုင်းတာဝန် ထမ်းဆောင်ရတဲ့ အခါမှာ သမိုင်းမှာ ရှိခဲ့တဲ့ နောင်တော်ကျောင်းသား ကြိးတွေရဲ့ ကျေးဇူးကို သော်လည်းကောင်း ၊ မြင့်မြတ်လှသော ပေးဆပ်စွန့်စားမှု များကို ဂုဏ်ပြုခြင်းသော် လည်းကောင်း ၊ မမေ့မလျော့ ကျင်းပရမည်မှာ အမှန်ပင် ဖြစ်ပါသည်။ မလိုလားအပ်သောလမ်းပေါ်ထွက်ခြင်း၊ ဆူပူ ဆန္ဒပြခြင်း ၊ မင်းမဲ့စရိုက် ဆန်ခြင်း များ မဟုတ်ပဲ သိမ်မွေ့စွာ ကျင်းပကြမယ့် ခန်းမတွင်း အခမ်းအနား ကို ခွင့်ပြုပေးစေချင်တာ အများစု ဆန္ဒဖြစ်သည့်အတွက် သတ်မှတ်သော စည်းကမ်းနှင့် အညီ ကျင်းပခွင့်ကို နေပြည်တော်ထိ သွားရောက်လျက် နိုင်ငံတော်သမ္မတကြီး အားလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးအား လည်းကောင်း၊ သက်ဆိုင်ရာ ဌာနအသီးသီး၏ အကြိးအကဲ များထံ ကျင်းပခွင့်ကို တာဝန်သိသိ လေးလေးစားစား တရားဝင် စာ တင်ခဲ့ပါတယ်။
(သမ္မတကြိးနှင့် ပြည်ထောင်စုဝန်ကြီးထံ ရောက်မရောက်၊ အောက်ခြေက ဖျောက် မဖျောက် မသိပါ ခင်ဗျား)
သို့ပါသော်လည်း တင်ပြထားခဲ့သော ပုဂ္ဂိုလ်ကြီးများ၊ ဌာနများမှ လေးစားစွာစာဖြင့် တရားဝင်ပြန်ကြားချက် မရရှိသေးခင် ဒေသဆိုင်ရာများက တားဆီးပိတ်ပင် ခွင့်မပြုခြင်းသည် သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြိးများထက် အာဏာပိုရှိနေသလား ထင်မှတ်မှား၍ အစိုးရသိက္ခာကို ထိခိုက်စေပါကြောင်း လေးစားစွာ အသိပေးအပ်ရင်း သမိုင်းကျေးဇူးသိတတ်စွာ ကျင်းပသော ဆဲဗင်းဂျုလိုင် နှစ်(၅၀)ပြည့် အခမ်းအနား နှင့် စပ်လျဉ်း၍ အများသိရှိနိုင်ရန် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
နိုင်ကိုဇော်
မန္တလေးခရိုင် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦး
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)(၁၉၉၀-၉၁)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment