ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ အနှေးယာဉ်ဆိုက်ကားသမားတချို့နဲ့ စည်ပင်သာယာရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဆိုက်ကားသမားတွေကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
“ရန်ကုန် ဗိုလ်တထောင်က ဝန်ကြီးများရုံးရဲ့ လမ်းထောင့်မှာ ရန်ကုန်မြို့စည်ပင်က လမ်းပေါ်မှာ ပြေးဆွဲနေတဲ့ ဆိုက်ကားတွေကို အတင်းအဓမ္မသိမ်းဆည်းတဲ့အခါကျတော့ ပြည်သူလူထုက လက်မခံဘူး။ လက်မခံတဲ့အခါကျတော့ စည်ပင်ရဲတွေနဲ့ ဆိုက်ကားသမားတွေနဲ့ ပတ်သက်ပြီးတော့ ဘေးကလူတွေနဲ့ ရိုက်ကြပုတ်ကြဖြစ်တယ်ဗျာ။ လူတွေလည်း ဖမ်းသွားတယ်။ ဆိုက်ကား အစီးနှစ်ဆယ်လောက် ဖမ်းသွားတယ်။”
ဒီနှစ်ဆန်း ကစပြီး ရန်ကုန်မြို့တွင်း အနှေးယာဉ် ဆိုက်ကားနင်းခွင့် ပိတ်ပင်သလို လူကူးမျဉ်းကြားက မကူးရင် ငွေဒဏ်သတ်မှတ်ပြီး စည်ပင်သာယာက ကိုင်တွယ်နေတာပါ။ လက်လုပ်လက်စား ဆိုက်ကားသမားတွေက ညွှန်ကြားချက် ရုတ်တရက်ထွက်လာတဲ့အခါ တခြားအလုပ်အကိုင် အဆင်မပြေတာကြောင့် ဆိုက်ကားဆက်နင်းတာလို့ ဆိုပါတယ်။
စည်ပင်သာယာရဲကလည်း တာဝန်အရဆိုပြီး ဖမ်းဆီးတဲ့အခါ အရပ်သားတွေကပါ ဆိုက်ကားသမားတွေဘက်က ရပ်တည်ပြောဆိုလာကြပြီး ရဲတွေပါ ဝင်ရောက်ထိန်းသိမ်းရတဲ့ အခြေအနေ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment