ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် သေချာသည့် အခြေအနေရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။
“ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ၀င်ပြိုင်ဖို့က ၇၅% လောက်ထိ သေချာသလောက်ရှိပါတယ်” ဟု အန်အယ်လ်ဒီရုံးချုပ်မှ ရန်ကုန်တိုင်း၊ဗဟိုကော်မတီဝင် မြောင်းမြ ဗဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။ ဇန်န၀ါရီလ ၅ ရက်နေ့က ပါတီမှတ်ပုံတင် အမှတ်၄၇/၂၀၁၂ ဖြင့် ပါတီ အလံ၊ တံဆိပ် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော အဖွဲ့ချုပ်နေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားကြောင်း သိရှိရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လူများစိစစ်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
“ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ သူတွေကို ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ကိုက်ညီတဲ့လူကို ယှဉ်ပြိုင်ခိုင်းမယ် နောက် မြို့နယ်နဲ့ တိုင်းတွေမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြုလုပ်နေကြပြီ ” ဟု အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မိမိကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအတွက် အဖွဲ့ဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင်များမှာ ၁။ ဦးနိုင်းနိုင်း ၂။ ဒေါက်တာမျိုးအောင်၃။ မြောင်းမြဗဆွေ ၄။ ဦးဝင်းသောင်း ၅။ ဦးအောင်ထူး ၆။ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း) ၊ ၇။ ဒေါ်ကြည်ကြည်ဝင်း(ကြည်မြင်တိုင်)၊၈။ဒေါ်တင်တင်ဝင်း (မင်္ဂလာတောင်ညွှန့်)တို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အောင်နိုင်ရေးကော်မတီအတွက် မြို့နယ်စည်းရုံးရေးကိစ္စများ၊ အဖွဲ့ဝင်ဖြစ်လာမည့် အဖွဲ့ဝင်များ အတွက် ကဒ်ပြား ထုတ်ပေးရေးကိစ္စများ ၊ လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းတို့ကို စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
“လုပ်ငန်းတွေကိုလဲ (၅)ခုခွဲထားတယ်၊ ဘဏ္ဍာရေး ၊ ဥပဒေရေး ၊ စည်းရုံးလှုံ့ဆော်ရေး ၊ သတင်းပြန်ကြားရေး နောက် ရုံးလုပ်ငန်းအဖွဲ့ဆိုပြီးတော့ စီစဉ်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အမာခံအဖွဲ့ဝင်တွေ ရှိပြီးသားပါ၊ အမျိုးသားဒိမိုကရေစီအဖွဲ့ ရုံးခန်းလည်း ရှိပြီးသားပါ”ဟု ဗဟိုလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် မြောင်းမြဗဆွေက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက် ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment