နှစ်ဆယ်ရာစု ကျော်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၂)နှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက် လာပါပြီ။
ကမ္ဘာ့နှိင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊လူမှုဆက်ဆံရေး၊အတွေးအခေါ်၊အယူအဆတို့သည်လည်း လွန်စွာ ကွဲပြားခြားနားနေပြီဖြစ်ပါသည်။
၁၉ရာစုနှင့်၂၀ရာစုတွင် ကျင့်သုံးခဲ့သောခေါင်းဆောင်မှု ပုံသဏ္ဍာန် သည်လည်း ၂၁ရာစုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလျက် ရှိနေသည်။
ယနေ့ခေတ်လို အခါသမယနှင့် သမားရိုးကျခေါင်းဆောင်များသည် အံဝင်ဂွင်ကျခြင်း မရှိတော့ချေ။
ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေရှိနိုင်မည့် စစ်မှန်သောခေါင်းဆောင်၊ ထက်မြက်သောခေါင်းဆောင်များပေါ်ထွန်းရန်သည် လွန်စွာ အရေးကြီးပေသည်။
နိုင်ငံတစ်နိုင်ငံတွင် ထက်မြက်သော ခေါင်းဆောင်များ ပေါ်ထွက် လာသည်နှင့်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ ပြောင်းလဲလာရသည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
ယနေ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးစသည့်နိုင်ငံများကို ကြည့်ပါက ထက်ထက်မြက်မြက်နှင့် တက်ကြွသော လူလတ်ပိုင်း ပညာတတ်များ၊ နည်းပညာရှင်များ၊ လှုပ်ရှား တက်ကြွသူ များနှင့် လူလတ်တန်းစား လုပ်ငန်းရှင်များ ဝန်းရံထားသည်ကို တွေ့ရှိရ မည်ဖြစ်သည်။
မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွင် မင်္ဂလာနှင့် အ,မင်္ဂလာ ဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးရှိပါသည်။
ကလေးမွေးဖွားလာသည်မှစတင်ကာ ကင်ပွန်းတပ် မင်္ဂလာ၊ရှင်ပြုမင်္ဂလာ၊ အိမ်ထောင်ပြုတော့မည် ဆိုပါက စေ့စပ်မင်္ဂလာ၊ အိမ်ထောင်ပြု ပါက ထိမ်းမြားမင်္ဂလာများဟူ၍ ဓနဂုဏ် အလျောက်၊ ရာထူးဂုဏ်သိမ် အလျောက် ကျင်းပပြုလုပ် လေ့ရှိပါသည်။
အ,မင်္ဂလာ ဟုသတ်မှတ်သည့် နာရေးကိစ္စများတွင်ပင် အသုဘ အခန်းအနားကို စည်စည် ကားကားနှင့် သိုက်သိုက်ဝန်းဝန်း ရှိအောင် ကြိုးစား ပြုလုပ်လေ့ရှိပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်အညာဒေသတို့တွင်ဆိုင်းဝိုင်းများနှင့်ပင် အသုဘပို့ဆောင်လေ့ ရှိပါသည်။
နာမည်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်သောအခါ ကွယ်လွန်သူ၏ ဂုဏ်သတင်း၊ ကျေးဇူးတရားနှင့် အရည်အချင်း များကို ဖော်ကျူးလျက် အထူးပင် နှမြောတသ၊ဝမ်းနည်းခြင်း ကြီးစွာ ဖြစ်ကြရ ပါသည်။
သာမန်လူများ၏နာရေးသည် အသုဘအဖြစ်နှင့်ပင်ပြီးဆုံးရပါသည်။
စာပေလောက၊ ဂီတလောက၊ ရုပ်ရှင်လောကများမှ နိုင်ငံကျော် ပုဂ္ဂိုလ်များ၊ပြည်သူချစ်သော အနုပညာရှင်များ၏ နာရေးသည် အသုဘ မဟုတ်တော့ပဲ ‘ဈာပန’ အဖြစ် ခမ်းနားစွာ ကျင်းပပြုလုပ်ပြီး ဂူသွင်း ဂုဏ်ပြုကြပါသည်။
ထိုမှတဆင့် နိုင်ငံခေါင်းဆောင်များ၊ အဓိပတိများ၊ ကမ္ဘာကလေးစားရသော ပုဂ္ဂိုလ်ကြီးများ၏ နာရေးကို ‘နိုင်ငံတော်ဈာပန’ အဖြစ် ခမ်းနားကြီး ကျယ်စွာ ပြုလုပ်လျက် အမှတ်တရ အောက်မေ့ဖွယ် ဂူဗိမာန်များ တည်ဆောက်ကာ နှောင်းလူတို့အတွက် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ဦးညွှတ်ရန် တခမ်းတနား ထားရှိပါသည်။
ကမ္ဘာသိ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏ နာရေးကို ‘နိုင်ငံတော်ဈာပန’ အဖြစ်ကျင်းပ ပြုလုပ်ရန် နေနေ သာသာ ၊သာမန်လူများကဲ့သို့ပင် အသုဘချရန် ထိုစဉ်က ဥက္ကဌ၊တနည်းအားဖြင့် သမတ၊ နောက်တစ်မျိုးခေါ်သော် ဗိုလ်ချုပ်ကြီး နေဝင်း၏ ညွှန်ကြားချက်ကြောင့် ကျောင်းသား လူငယ်များက ‘ပြည်သူ့ဈာပန’ အဖြစ် ပြုလုပ်ခဲ့သည်မှာ မြန်မာ့သမိုင်းတွင် စံနမူနာတင်စရာ သမိုင်းဖြစ်ရပ် တစ်ခုဖြစ်ပါသည်။
ပဒေသရာဇ်ခေတ်တွင် မျိုးရိုးခေါင်းဆောင်မှုကို တည်ဆောက်ခဲ့သည့်အတွက် မင်းစိုးရာဇာ ခေါင်းဆောင်များ သာပေါ်ထွက်ခဲ့သည်။
အကျိုးဆက်အားဖြင့် မြန်မာ့သမိုင်း၌ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါ ဘုရင်မင်းမြတ်သည် ၁၉၁၆ခုနှစ်၊ဒီဇင်ဘာလ (၁၆)ရက်နေ့၊အသက်(၅၈)နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့နှင့် မိုင်(၁၂၀)ကွာဝေးသော အုန်းတောကြီးများ ထူထပ်စွာ ပေါက်ရောက် နေသည့် ရတနာဂီရိစံနန်းတော်၌ မထင်မရှားကွယ်လွန်ခဲ့ရပါသည်။
၁၉၄၈-၁၉၆၂ ပါလီမန်ဒီမိုကရေစီခေတ်တွင် ရာထူးဌာနန္တရခေါင်းဆောင်မှုကို တည်ဆောက်ခဲ့သည့်အတွက် ဗျူရိုကရက်တစ်တစ်ပိုင်း ဖားလောင်း ကောင်တစ်ပိုင်း ခေါင်းဆောင်မှုသာ ပေါ်ထွက်ခဲ့သည်။
ထို့ကြောင့်လည်း တစ်ပါတီအာဏာရှင်စနစ်အတွက် အုတ်မြစ်ချပေးသကဲ့သို့ ဖြစ်ခဲ့သည်မှာ မငြင်းနိုင်ပါ။
နောက်ဆုံးတွင် လွတ်လပ်ရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သော နိုင်ငံရေး ခေါင်းဆောင်များသည် ပြည်သူတို့၏ ကျောခိုင်းမူကို ခံယူခဲ့ရပြီး ‘ဈာပန’ ပြုလုပ်ရန် အသာထား ‘အသုဘ’ နှင့်သာ နိဂုံးချုပ်ခဲ့ရပါသည်။
၁၉၆၂နောက်ပိုင်းမှ ၂၀၁၀ ခုနှစ်အထိ တပည့်သားမြေး၊စားကျေးစားလက် ခေါင်းဆောင်မှုကို တည်ဆောက် ခဲ့သည့်အတွက် နွားငတ်ရေချ ခေါင်းဆောင်မှုသာ ပေါ်ထွက်ခဲ့သည်။
(၂၆)နှစ်တိုင်တိုင် မတရားအုပ်ချုပ်သွားသူ ဗိုလ်နေဝင်းသည် အသက်(၉၁)နှစ်အရွယ်၊၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်သွားရာ သူ၏ ‘အသုဘ’ ကိုလိုက်ပါပို့ဆောင်ခွင့်ရသူမှာ အယောက်(၅၀)တောင် မပြည့်ဟု သိရပါသည်။
ဆိုလိုသည်မှာ သာမန်လူတစ်ယောက်၏ အသုဘလောက်တောင်စည်ကားခြင်း မရှိပဲ ဘဝနိဂုံးချုပ်ခဲ့ရပါသည်။
ဗိုလ်နေဝင်းပြီးနောက် သမတရာထူးဆက်ခံခဲ့သူ ဦးစန်းယု ဆိုလျှင်လည်း နှမြောတသမှု ဝေးစွ၊သူ၏ ‘အသုဘ’ ကိုပြည်သူများ သိတောင် မသိလိုက်ချေ။
၁၉၆၂-၁၉၈၈ နိဂုံးချုပ်ပြီးနောက် နဝတဥက္ကဌကြီး၊စစ်အင်အားများလွန်မင်းစွာ တိုးချဲ့ကာ ဗိုလ်ချုပ်မှူးကြီး ဟူသော ရာထူးကို တပ်ဆင်ခဲ့သူ ဗိုလ်စောမောင်လည်း ရူးကြောင်ကြောင်ဖြစ်ကာ လူ့လောကမှ အပြီးတိုင် စွန့်ခွာသွားပေပြီ။၊
‘သမိုင်းဖြစ်ရပ်များကို နားလည်သဘောပေါက်ခြင်းမရှိသူ မည်သူမဆိုသည် ကံကြမ္မာဆိုးများကို ထပ်ခါတလဲလဲ ပြုလုပ်သည်’ ဟူသော အဆိုသည် ခေါင်းဆောင်မှုလောကကို ကြံ့ခိုင်အောင် ရှောင်ကြဉ်ရမည့် အဆိုအမိန့်အဖြစ် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပါသည်။
သို့အတွက် ယနေ့မြန်မာ နိုင်ငံတော်သစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေကြသူများသည် ယင်းအဆိုအမိန့််ကို ရင်ထဲ အသည်းထဲ စွဲ၍ မှတ် သားပြီး လိုက်နာဆောင်ရွက်ကြရပါလိမ့်မည်။
‘နိုင်ငံတော်ကို ကျောက်များ၊သစ်များဖြင့် တည်ဆောက်၍ မရနိုင်၊ နိုင်ငံသားတို့၏ အကျင့်စာရိတ္တ တို့ဖြင့်သာ တည်ဆောင်နိုင်ပါသည်’ ဟု အရစ္စတိုတယ်က ပြောခဲ့ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည်မှ ယခုအချိန်အထိ နိုင်ငံသားတို့၏ိ အကျင့်စာရိတ္တများ ချွတ်ချုံကျနေသည်မှာ ငြင်းစရာမရှိပါ။
သို့အတွက် ယင်းကိစ္စကို တဖြေးဖြေးနှင့် မဖြစ်မနေ တည်ဆောက်ပေးရပါမည်။
နိုင်ငံခေါင်းဆောင်၊ပါတီခေါင်းဆောင်၊လူမျိုးစုခေါင်းဆောင်၊ဒေသခေါင်းဆောင်၊မြို့နယ်ခေါင်းဆောင်၊ ရပ်ကွက် ခေါင်းဆောင်၊ကျေးရွာ ခေါင်းဆောင်၊ အိမ်ထောင်ဦးစီး တနည်း ဆိုရသော် အိမ်ထောင့် ခေါင်းဆောင် အားလုံးတို့သည် လူသားတို့အသက်ရှင် နေနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော စားရေး၊နေရေး၊ ဝတ်ရေးတို့ကို အဆင်ပြေစေရန် ကြိုးစားပေး ရမည် ဖြစ်သည်။
ခေါင်းဆောင်ဆိုသည်မှာ မိမိ ဦးဆောင်တာဝန်ယူသော လူ့အဖွဲ့အစည်း၏ ရည်မှန်းချက်၊ လိုရင်းဆိုရသော် ကျေးရွာ၊ ရပ်ကွက်၊မြို့နယ်၊တိုင်း၊ လူမျိုး၊ လူမျိုးစုတို့၏ ရည်မှန်းချက် သို့မဟုတ် အကျိုးလိုလားချက်ကို ပြီးမြောက်အောင် ရပ်ကွက်သူ၊ ရပ်ကွက်သား၊ မြို့နယ်သူ မြို့နယ်သား၊ မိမိတို့လူမျိုး၊ မိမိတို့လူမျိုး စုများကို ဦးဆောင်လျက် ဖြစ်ပေါ်လာမည့် အကျိုးအပြစ် အားလုံးကို တာဝန်ခံရ သူဖြစ်ပါသည်။
၁၉၄၄ခုနှစ်တွင် အမေရိကန်သမတဖြစ်သူ ထရူးမင်းသည် သူ၏အလုပ်စားပွဲ၌ ‘သမင် ဤတာမှထွက်သည်’ ဟူသော စာတန်ုးကလေးကို ရေးကာတင်ထားပါသည်။ ‘ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်’ ဆိုသော စကားအတိုင်း ခေါင်းဆောင်လုပ်သူက အပြစ်မှန်သမျှကို တာဝန်ယူသည် ဟုဆိုလိုသောစကားဖြစ်ပါသည်။
၂၁ရာစု ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အမိန့်ပေးစေခိုင်းခြင်း မဟုတ်တော့ပဲ ပူးပေါင်း ဆောင်ရွက်ခြင်း၊ မျှဝေခံစားခြင်း သာဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏အယောက်(၄၀)မြောက် သမတ ဖြစ်သူ ရော်နယ်ရီဂင်က ‘သင်ရှာတွေ့တဲ့ အကောင်းဆုံးလူတွေနဲ့ သင့်ကို ဝန်းရံ ထားပြီး အာဏာတွေကို ပေးဝေတာမှာ သင် ဘာမှ ဝင်ရောက် စွက်ဖက်မှု မလုပ်ပါန’ဲ့ တဲ့။
ဂျူးလူမျိုးများ၏ ကံကြမ္မာကို ကောင်းမွန်အောင် ဖန်တည်းပေးခဲ့သော အစ္စရေးနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန်က ရှင်းရှင်းပြတ်ပြတ် ပြောခဲ့တာက ‘ကျွမ်းကျင်သူတစ်ယောက်က မပြီးနိုင်၊ မလုပ်နိုင်ဟုပြောလျှင် အခြားကျွမ်းကျင်သူကို ခိုင်းပါ’ တဲ့။
ကျွန်တော်တို့၏ မြန်မာနိုင်ငံ၌ နေရာတစ်နေရာတွင် ခေါင်းဆောင်ဖြစ်ပြီ ဆိုသည်နှင့် တိုးတက်သောအမြင်၊ ပြောင်းလဲမှု စွမ်းရည်မရှိပဲနှင့် အမြဲတမ်းခေါင်းဆောင်အဖြစ် ကိုယ့်ကိုယ်ကို ခန့်ထားကြခြင်းသည် လွန်စွာဆိုး ရွားသော ကိစ္စဖြစ်ပါသည်။
သို့အတွက် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ဆင်ခြင်ပြီး စွမ်းဆောင်ရည် လျော့နည်းနေပြီဟု ယူဆသည်နှင့်တပြိုင်နက် အစွမ်းအစရှိသူ၊ ပြောင်းလဲမှု စွမ်းရည်နှင့် ပြည့်စုံသူများထံ ခေါင်းဆောင် တာဝန်ကို လက်ပြောင်းပေး စေချင်ပါသည်။
သို့မှသာမြန်မာ့နိုင်ငံရေး ရေစီးကြောင်း သစ်တွင် လိုက်ပါဆောင်ရွက်ကြမည့်သူများ အတွက် နောင်တချိန်၌ ‘အသုဘ’ မဟုတ်တော့ပဲ ‘ဈာပန’အဆင့် တက်လှမ်းနိုင်မည့် နိုင်ငံပြုသုခမိန်များ၊ ခေါင်းဆောင်များ ဖြစ်လာမည်ဟု မျှော်လင့်လျှက် ဤဆောင်းပါးကို ရေးသား အပ်ပါသည်။
သန့်စင်အောင်(ရန်ကင်း)
-22-1-2012
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျ မှ ကူးယူဖော်ပြပါသည်။ (ဟစ်တိုင်)

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment