သိပြီးတဲ့သူတွေလည်းသိပြီးနေပြီ ဗျ မသိသေးတဲ့ ဘော်ဘော်တွေအတွက်......
ကျနော်တို့ မိတ်ဆွေတွေ ဗဟုသုတ တွေရှိလျှက်နဲ့ တချက်ပေါ့ဆ လိုက်တာနဲ့ ဆုံရှုံးမှုကကြီးထွားသွားနိုင်ပါတယ်။
ကျနော့်ဆီလာတဲ့ ပုံစံလေးက…ဒီလိုဗျ။
ကျနော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တယောက်နံမည်နဲ့ အဲဒီဆိုက်ဒ်ကိုဝင်ပြီး ဂျပန်ပြည်သူတွေအတွက် မီးထွန်းပါတဲ့၊ ကျနော်လည်း အေးလေ ထွန်းပေါ့ ဆိုပြီးကျနော် ထွန်းလိုက်ပါတယ်။ လူသားခြင်း စာနာထောက်ထားပြီး ဒီလောက်လေးတော့ ကိုယ်တတ်အားသမျှပါဝင်သင့်တယ်ဆိုပြီးပေါ့ဗျာ။
အွန်လိုင်းမှာ တချို့ Ads စာမျက်နှာတွေ မှာ click အလိုက် ဂူဂဲလ်က ရန်ပုံငွေပေးတာမျိုးရှိပါတယ်။
ဒါပေမယ့် ကိုယ်တော်ချောက မီးထွန်းရုံနဲ့ မပြီးဘူးဗျ သင့်အီးမေးလ် လိပ်စာပေးပါတဲ့ …သြော်…ဒါဆို သူနောက်ထပ် အကြောင်းအရာအသစ်တွေ ကြော်ငြာတွေ ပို့ဖို့ဆိုတာ ကိုယ်နားလည်ပြီ။ကိစ္စမရှိဘူး မကြိုက်ယင် ဖျက်ရုံပေါ့ ဒါမှမဟုတ်လည်း Filter တခုဆောက်ပြီး သတ်သတ်ခွဲထားတာ တို့ စပန်းမေးလ် အဖြစ်သတ်မှတ် တံဆိပ်ကပ်လိုက်ရုံပဲ ဆိုပြီး ကျနော်လည်းပေးလိုက်တယ်၊နောက်ပြီး အောက်ကနေထပ်ပြီး သင့်အီးမေးလ် ရဲ့ ပါ့စဝပ်ဒ် ပေးပါဦးတဲ့… ဟာ..ဒါကတော့ လွန်လာပြီ လို့ ကျနော် ထင်လိုက်တယ်..။ဒါမျိုးက ကိုယ့်ချစ်သူတောင် ကိုယ့်ကိုတောင်းတာမဟုတ်ဘူး ဟက်ကာတွေနဲ့ ထောက်လှမ်းရေးတွေပဲလုပ်တာလေ။ကျနော်လည်း နှာကောက်ပြီး ပိတ်လိုက်တယ်။အဲ… ပိတ်တာတောင်မှ မောက်စ်နဲ့ ကလစ်ပြီး မပိတ်ဘူး Alt ကီးနဲ့ F4 ကီးနဲ့ တွဲနှိပ် ပြီးပိတ်လိုက်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဗိုင်းရပ်စ် ထည့်ချင်တဲ့ ပရိုဂရမ်လေးတွေမှာ ကျနော်တို့ သာမန်နားလည်ထားတဲ့ ပိတ်ချင်ယင် နှိပ်ရတဲ့ X အမှတ်အသားကို နှိပ်လိုက်မှ လာပါ၊ဝင်ပါခင်ဗျ လို့ လက်ခံလိုက်တဲ့ ကွန်မန်း ထည့်ထားတတ်ပါတယ်။(တော်သေးတယ် ကိုပုရစ် ဆီမှာ သင်တန်းတက်ထားလို့)
ဒါနဲ့ ဒီလိုလုပ်တာ ဘယ်သူလဲ၊ဘာရည်ရွယ်ချက်လဲ ဆိုတာသိချင်လို့ အင်ဂျင် တခုကိုသုံးပြီး ရှာကြည့်လိုက်တော့ ကိုယ်တော်ချောက အိန္ဒိယ က Developer တယောက်ပါ။သူ့ကုပ္မဏီက ကြော်ငြာထည့်ချင်တာလောက်ပဲ လို့ ခန့်မှန်းရပါတယ်။သူ့အီးမေးလ်၊ဖုန်းနံပါတ်၊အင်တာနက် ကုပ္မဏီလိပ်စာ စတဲ့ အချက်တွေကို ကျနော်ကူးယူလိုက်ပြီး မသိသေးတဲ့သူတွေကို အသိပေးဖို့ ကျနော့် contact ထဲမှာ ရှိတဲ့ သူတွေကို ပို့လိုက်ပါတယ်။ဒါတင်မက ကျနော့် Face Book ကိုဖွင့်ပြီး ပို့စ် တင်လိုက်ပါတယ်။ဒီလိုဟာမျိုး ကကြော်ငြာထည့်တာလောက် မဟုတ်ပဲ ကိုယ့်အီးမေးလ် ပါ့စ်ဝပ်ဒ် ကိုပါတောင်းလာတယ် ဆိုယင် အန္တရာယ်ဟာ ငယ်ထိပ်ပေါ်ရောက်နေပြီ မဟုတ်လား။
မကြာပါဘူး ကျနော့်မိတ်ဆွေ တွေဆီက သူတို့လည်းတွေ့လို့ ကြိုတင်ကာကွယ်လိုက်ကြောင်းပြန်လာပါတယ်။တချို့လည်း ကျနော်မပြောခင်ကတည်းက ဒီလိုမာယာတွေနဲ့ နိုင်ငံရေး၊လူမှုရေး ဘန်းပြပြီး လူတွေကို သနားစိတ်၊ကိုယ်ချင်းစာစိတ်ဖြစ် စေတဲ့ ဆူနာမီလို ကိစ္စတွေ၊ကလေးငယ်တွေကိစ္စ၊စတာတွေနဲ့ လူ့စိတ်ကိုမြူဆွယ်ပြီး ဗိုင်းရပ်စ် တို့ ကြော်ငြာတို့ ထည့်ဝေတဲ့ ကိစ္စမှာ အတွေ့အကြုံရှိကြလို့ သိနေကြပါပြီ။
မကြာခင်တုန်းကလည်း အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ လှုံ့ဆော်ရေး စာလိုလို ဘာလိုလို စာတစောင်ရောက်လာပါ သေးတယ်။သူ့စာကဆိုတာကတော့ မြန်မာနိုင်ငံကို စစ်ရေးအရ ဝင်ရောက်ဖြေရှင်းမယ်ဆိုယင် မဲပေးပါတဲ့၊ကျနော် စစ်ကြည့်လိုက်တော့ သူက အမေရိကန်ကပါ။ တော်သေးတယ် ပြောရမှာက သူကတော့ အီးမေးလ်လိပ်စာတွေပဲ ယူပြီး ပါ့စဝပ်ဒ် မတောင်းပါ။ဒါပေမယ့် အီးမေးလ်လိပ်စာတွေ ရသွားခဲ့ယင်လည်း ကြော်ငြာပို့တဲ့ သူတွေကို ရောင်းစားလို့ရပါတယ။် ဒါကိုလည်း ကျနော်တို့ မိတ်ဆွေများ သတိပြုစေချင်ပါတယ်။ အခုဆို ဝက်ဘ်ဆိုက်ဒ်တွေ မှာ ရီဂျစ်စတာလုပ်ယင် သိက္ခာရှိ ကုပ္မဏီတွေက ဆိုယင် ကျနော်တို့ ကပ်စတမ်မာ ရဲ့အီးမေးလ် လိပ်စာကို တခြားသူဆီရောင်းမစားပါဘူး ဆိုတဲ့ ကတိကဝတ်လုပ်တာမျိုးတွေ ရှိပါတယ်။ဝက်ဘ်ဆိုက်ဒ်တွေရဲ့ Terms & Condition ကိုဖတ်ကြည့်နိုင်ပါတယ်။
ဒါကြောင့် မယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်ဒ်ဆိုယင် မိမိ ပါ့စဝပ်ဒ် မပြောနဲ့ အီးမေးလ် လိပ်စာကိုတောင် မပေးသင့်ပါဘူး။အချို့က လုပ်သေးတယ် ဒါက အပျော်မေးလ်လိပ်စာ ပျက်သွားလည်း အသစ်တခု ဖွင့်ရုံပဲလို့ ပြောတတ်ပါသေးတယ်။အခုနေအလကားပေးနေသေးတယ် ဆိုပေမယ့် ကိုယ့်ထဲမှာရှိတဲ့ မိမိ အဆက်အသွယ် တွေရဲ့ လိပ်စာတွေကကိုယ့် လိုအပျော်ဖွင့်ထားတဲ့ အကောင့်တွေ မဟုတ်ခဲ့ဘူး ဆိုယင် သင် ဘယ်လိုလုပ်မလဲ လို့ မေးစရာရှိပါတယ်။Spam အင်ဂျင်က အတည်နဲ့ ကိုယ်ပို့သလိုလို နဲ့ပို့တာကို သူတဖက်သားက ယုံပြီး လိုက်လုပ်လို့ ဆုံးရှုံးသွားခဲ့ယင် ကိုယ်လည်း စိတ်ကောင်းရမှာမဟုတ်ပါဘူး။
ကျနော့်ဆီကို လာတဲ့ မီးထွန်မေး ဆိုယင် ခေါင်းစဉ်တပ်လာတာကိုက အချင်းချင်းခေါ်တဲ့ လေသံနဲ့လာတာပါ လေသံလေးက ငြင်ငြင်သာသာရယ်။ ဆရာ….. တဲ့။
ဒါက ကိုယ့် Contact မှာ ရေးထားတဲ့အတိုင်း သူကအယောင်ဆောင်ပြီး ပို့တာပါ။သတိရှိလို့ ဘာမှမဖြစ်ခဲ့ဘူးဆိုပေမယ့်လည်း သတိဆိုတာ ပိုတယ်မရှိပါဘူး။
ဒါနဲ့ သတိပေးစာတွေကျနော်ပို့ပြီး ၂ ရက်လောက်ကြာတော့ ဒီကြားထဲမှာပဲ ကျနော့် အီးမေးလ် မရောက်လို့ပဲလား မသိလို့ပဲလား မပြောတတ်ဘူး ကျနော့် မိတ်ဆွေတွေထဲ ၂ ယောက် ၃ ယောက်လောက်က ကျနော့်ကို မီးထွန်းဖို့ စာတွေ ပြန်ဖြန့်ဖို့ စာတွေ ထပ်ပို့လာပြန်ပါတယ်။ကျနော်သိလိုက်ပါတယ်။ဒါသူတို့ပို့တာမဟုတ်ပါ။သူတို့အီးမေးလ် ပါ့စဝပ်ဒ် ပေးလိုက်ကြရပါပြီ။ဒါကြောင့် ပါ့စဝပ်ဒ် ပြောင်း ဖို့ စာတွေ ပို့၊လုပ်ပုံလုပ်နည်းတွေ ထပ်ပို့ပေးလိုက်ရပါတယ်။
အခုခေတ်က နည်းပညာသစ်တွေတိုးတက်လာသလို၊ဆက်သွယ်မှု နယ်ပယ်ကလည်း ကျယ်ပြန့်လာပါပြီ။ရုံးလုပ်ငန်းတွေကအစ လမ်းပေါ်မှာသွားနေယင်းနဲ့ လက်ပ်တော့ ဆိုတဲ့ခေတ်ကိုကျော်ပြီး အိုင်ပက် လို ဂဲလက်ဆီ လို မိုဘိုင်း ကိရိယာတွေနဲ့ လုပ်လို့ရနေပါပြီ။ အားလုံးဟာ အွန်လိုင်းပေါ်ရောက်ယင် ကွန်ယက်ထဲမှာ ရှိနေတာကြောင့် လွဲချော်မှု တခုခု ဖြစ်ခဲ့ယင် ဆက်တိုက်လွဲချော်မှုတွေ ဖြစ်လာပြီး ဆက်နွယ်နေတဲ့ လုပ်ငန်းစုတွေ အကုန်လုံးထိခိုက်နိုင်ပါတယ်။ဂျီမေးလ် တခုထိတာနဲ့ မိမိရဲ့ FaceBook,Twitter,Blogger,youtube,google document နဲ့ google Calendar စတဲ့ ကွန်ယက်တွေမှာပါသွားပြီး ထိခိုက်တတ်ပါတယ်။
ဒါနဲ့ တချို့က ကိုယ့်မေးလ် ပါ့စဝက်ဒ် မပြောင်းတတ်သူများလည်းရှိ၊လုံခြုံရေးကိုဘယ်လိုကာကွယ်မယ် မသိကြသူတွေလည်း ရှိကြသေးတာမို့ ရပ်ဝေးရပ်နီးမိတ်ဆွေ များ အတွက်စိုးရိမ်မိပါတယ်။နောက်ရက်များမှာတော့ အီးမေးလ်ကိုလုံးဝဖွင့်မရတဲ့ သူတွေရယ်၊ သူတို့မေးလ် အကောင့်ကနေ လင့်တွေလျှောက်ပို့တဲ့ ကိစ္စတွေ ဆက်တိုက်ဆိုသလိုများပြားလာပါတယ်။ တစ်ဦးချင်းစီ ပြောပြပေးရုံမက ကိုယ်တိုင်ဝင်ရောက်ပြီး ပြန်ဆယ်ပေးရတာလည်း များလာလို့ အားလုံးသိရအောင် ထပ်ပြီးရေး လိုက်ရပါတယ်။
ပထမဦးဆုံး အနေနဲ့ မေးလ်ကိုဖွင့်လို့ရသေးယင် အောက်ခြေနားက Detail ကိုနှိပ်ပြီး sign out all other section ဆိုတာကိုနှိပ်လိုက်ပါ။ဒီစာတမ်းကို မြင်ရတယ် ဆိုကတည်းက မိမိအီးမေးလ်ဟာ တနေရာရာ မှာ အကြောင်းတခုခုကြောင့် ပွင့်နေတာသေချာပါပြီ။အနည်းဆုံး Sign out မလုပ်မိပဲပိတ်ခဲ့တဲ့ မိမိစက်ရဲ့ Browser coockie ထဲမှာလည်းရှိနေနိုင်ပါတယ်။
အင်တာနက်ဆိုင်မှာ၊ရုံးမှာ၊အိမ်မှာ သို့မဟုတ် ကိုယ်မဟုတ်တဲ့ အခြားတနေရာမှာပေါ့။ဟက်ကာဆီမှာ ဆိုယင်တော့ ကိုယ်ကျိုးနဲ ပြီပေါ့။sign out all other section စာသားရဲ့အောက်မှာ ဇယားကွက်ကလေး တခုရှိပါတယ်။ဒီအီးမေးလ် ကိုဖွင့်ဝင်သွားတဲ့ နိုင်ငံအမည်၊အိုင်ပီ လိပ်စာ နဲ့ ရက်စွဲ၊အချိန်တွေကို ဖေါ်ပြပေးထားပါတယ်။ထူးခြားတဲ့ အိုင်ပီနဲ့ နိုင်ငံ တွေက ဖွင့်ဝင်လာခဲ့ယင် Googleက စာတန်းအနီနဲ့သတိပေးတတ်ပါတယ်။ ထူးခြားတဲ့၊မဖြစ်နိုင်တဲ့ အိုင်ပီဆိုတာက ခုပဲထိုင်းနိုင်ငံ အိုင်ပီ လိပ်စာ ကနေ ဖွင့်ပြီး လူကိုယ်တိုင် ချက်ချင်း မရောက်နိုင်တဲ့ အကန့်အသတ်ရှိတဲ့ မိနစ်ပိုင်း၊နာရီပိုင်းမှာ အမေရိကန်နိုင်ငံလိုအလှမ်းဝေးတဲ့ အိုင်ပီ တခုခု ကနေ ဖွင့်တယ် privacy setting တွေကိုလည်းဖွင့်တယ်၊ဝင်လာသမျှအီးမေးလ်တွေကို အခြားမေးလ် တခုထဲကို forward လုပ်ပစ်တာမျိုးလည်းရှိပါတယ်။
ဒါက ခိုးယူခံရတဲ့အီးမေးလ် တခုပါ။အမေရိကန် နိုင်ငံက အိုင်ပီလိပ်စာ အသစ်နဲ့ ၃ ကြိမ် ဝင်ထားပါတယ်။လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဝင်ထားတာကိုမသိဘူး၊နောက်ထပ်ဝင်တာတွေကိုလည်းမသိပဲ နောက်ဆုံး ဖွင့်လို့မရ တော့မှပဲ ကျနော့်ဆီ ရောက်လာပြီး ကျနော် ဖွင့်ကြည့်တော့မှ ဒါကိုတွေ့တာပါ။ ခက်ပြီပေါ့။ နောက်သူငယ်ချင်းတယောက်ရဲ့ အီးမေးလ် ကနေ လင့်တွေ ပို့လာပါတယ် ၂ ရက် ၃ရက်ကြာတော့ သူနဲ့ လမ်းမှာ တွေ့တော့ ဘာတွေ ပို့တာလဲ လို့ သူ့ကိုမေးတော့ မှ သူမပို့ကြောင်းပြောလို့ သူ့အကောင့်ကိုစစ်ကြည့်ပါတယ်။အလားတူပဲ ချီလီ နိုင်ငံ လိပ်စာနဲ့ တကြိမ် စပိန်နိုင်ငံ လိပ်စာနဲ့ တကြိမ်တွေ့ပါတယ်။
အဲဒီတော့ Change Your password ကိုနှိပ်ပေတော့။
အဲဒီနေရာမှာ password ပြောင်းရုံတင်မကပါဘူး၊တကယ်လို့ ကိုယ့်အီးမေးလ်ကို အခိုးခံရယင်ပြန်ပြီး recover လုပ်ဖို့ Option တွေရှိပါသေးတယ်။ Secondary Email address တခုခု ပေးထားလို့ရသလို၊ မိမိရဲ့ မိုဘိုင်းဖုန်းနံပါတ်ပေးထားမယ်ဆို verification code ပေးပိုတဲ့စနစ်လည်းရှိပါတယ်။Google ပြက္ခဒိန်သုံးယင်လည်း Alam ပေးတဲ့ မက်ဆေ့ခ်ျ ကို မိမိ မိုဘိုင်းဖုန်းထဲကို ပို့ပေးပါတယ်။အဲဒါတွေက ဂူဂဲလ် ကအခမဲ့ဝန်ဆောင်မှုပေးတာပါ။ပြီးတော့ two step verification ဆိုတဲ့နေရာမှာ မိမိရဲ့ ပထမပေးထားတဲ့ ဖုန်းကိုဆက်သွယ် လို့မရယင် ဒုတိယ ဆက်သွယ်ရမယ့် နံပါတ်ပေးလို့လည်းရပါတယ်။
ပထဦးဆုံး မိမိ ရဲ့ဖုန်းထဲကို Google ကပို့လိုက်တဲ့ မက်ဆေ့ခ်ျ မှာပါတဲ့ နံပါတ်ကို Verify လုပ်ဖို့ပေးထားတဲ့ အကွက်ထဲမှာ ရိုက်ထည့်ပြီး Verify ကိုနှိပ်ရပါမယ်။ဒါဆိုယင် ပြီးပြီလား၊မပြီးသေးပါဘူး။Inbox ထဲကမသင်္ကာတဲ့မေးလ် တွေကို Report Spam လုပ်ရမယ်။ဂူဂဲလ် products ဖြစ်တဲ့ ပြက္ခဒိန်တို့၊Google document တို့မှာ iPaper တို့ Scribd တို့လို ဆိုက်ဒ်တွေကနေ ကိုယ့်ရဲ့အီးမေးလ် ကို Access လုပ်ဖို့ ခွင့်ပြုထားလား၊ဖွင့်ထားလားဆိုတာကြည့်ရပါမယ်။
ဒီလို စစ်ဆေးမှုမျိုးကို တခါ တလေ အကြောင်းထူး ရှိခဲ့ယင်ပဲဖြစ်ဖြစ် ပုံမှန်အနေအထားမှာ ပဲလို့ ထင်ရတဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်အီးမေးလ် လုံခြုံရေး နဲ့ပါတ်သက်ပြီး အတတ်နိုင်ဆုံး တပါတ်တခါ လောက် နဲ့ ဖြစ်နိုင်ယင် အဖွင့် အပိတ်လုပ်တိုင်း အမြဲတမ်းစစ်ဆေးပါ။၊ mail setting – general မှာ Always use https ကိုသုံးဖို့ အမှတ်ထဲ့ပါ။ မသင်္ကာယင် ပါ့စဝပ်ဒ်ကို ချက်ချင်းပြောင်းပစ်ပါ။
လုံခြုံမှုရှိတဲ့ ပါ့စဝပ်ဘယ်လိုလုပ်ရမလဲ
တကယ်တော့ လုံခြုံရေး ဆိုတာ အွန်လိုင်းပေါ်မှာ မရှိဘူးလို့ပြောရမှာ ဖြစ်ပါတယ်။ဒါပေမယ့် မရှိဘူးဆိုတာက မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဆိုတဲ့ ပုံစံမျိုးလိုပါပဲ။ရနိုင် သလောက် လုံခြုံအောင် လုပ်ရပါတယ်။ လုံခြုံမှုအရှိဆုံးနဲ့စိတ်အချဆုံးပါ့စဝပ်ဒ် ရဲ့ လက္ခဏာရပ်တွေကတော့ …..ပါ့စဝပ်ဒ်ဆိုတာ ..
• ၁)စာလုံးရေ ၂၀ အထက်သုံးသင့်ပါတယ်။
• ၂)အဘိဓာန်ထဲမှာ တွေ့ရတတ်တဲ့ စကားလုံးမျိုး မဖြစ်သင့်ပါဘူး။
• ၃)မိမိ နံမည် မွေးနှစ်၊သက္ကရာဇ်၊မှတ်ပုံတင်နံပါတ် စတဲ့အချက်အလက်တွေလည်း မဖြစ်သင့်ပါဘူး
• ၄)စာလုံးကြီး၊စာလုံးသေး၊အက္ခရာနဲ့ ဂဏန်း တွေ သင့်တင်စွာ ရောထွေးပြီးပါသင့်တယ်။
• ၅)အထူးစာလုံးတွေ ဖြစ်တဲ့ !@#$%^&*+_ >(){}[] \?/= စတာတွေအပြင် space bar ကိုလည်းနှိပ်ပြီး ထည့်သင့်ပါတယ်။
• ၆)ပါ့စဝပ်ဒ် ကိုမကြာခဏပြောင်းသင့်ပါတယ်။
• ရ)ပါ့စဝပ်ဒ် ကိုရိုက်တဲ့ နေရာမှာ ရိုက်လိုက်၊ပြန်ဖျက်လိုက်၊ပြန်ရိုက်လိုက် လုပ်သင့်ပါတယ်။
• ၈)တချို့တဝက်ကိုသာရိုက်ပြီး၊တချို့တဝက်ကို ကော်ပီကူး၊ပြန်ချ လုပ်တဲ့စနစ်ကိုလည်းသုံးသင့်ပါတယ်။
• ၉) ၂ပြန် ၃ပြန် လုပ်တဲ့ စနစ်ကိုသုံးသင့်ပါတယ်။ဥပမာ။ qwert234$#@ qwert234$#@ qwert234$#@
ကဲဒီလောက်ဆို လုံခြုံလောက်ပြီ ထင်ပါရဲ့နော် အဲ..အဲ.. ဒါပေမယ့် အရေးအကြီးဆုံးအချက်က ကိုယ်ဘယ်လောက်ပဲ ပါ့စဝပ်ဒ် ကို လုံခြုံအောင် လုပ်ထားပါစေ သူများသိနိုင်တဲ့ အချက်တချက်ရှိပါသေးတယ်။
အဲဒါကတော့ မိမိကိုယ်တိုင်က ဖွင့်ပြောလိုက်တာ၊ပေးလိုက်တာမျိုး ဖြစ်ပါတယ်။သတိကြီးစွာနဲ့ အွန်လိုင်းမှာ ဖွန်ဖိုင်း…. အဲ..ဆောရီး….။ အွန်လိုင်းမှာ အတိုင်းထက်အလွန် လုံလုံခြုံခြုံသုံးစွဲနိုင်ပါစေ။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment