Monday, May 21, 2012

နာဂစ် စစ်တမ်း အပိုင်း (၁)



လွန်ခဲ့တဲ့ ၄နှစ် မေလ ၂ရက်နေ့မှာ စပြီး တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းရဲ့ ဒဏ်ကို မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီအချိန်တုန်းက မိုးလေ၀ဿနဲ့ ဇလဗေဒဌာန မှာ ညွှန်ကြားရေးမှုးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး အခု မြန်မာနိုင်ငံမှာ  သဘာဝဘေး အန္တရာယ် ကျရောက်မှု ဆိုင်ရာ အသိပညာပေးတဲ့ ထွန်းလွင် ဖေါင်ဒေးရှင်း ဖွဲ့ပြီး ဦးဆောင် ဆောင်ရွက်နေသူ ဒေါက်တာ ဦးထွန်းလွင် ရဲ့ နာဂစ်မုန်တိုင်း နဲ့ ပါတ်သက်တဲ့ အမြင်ကို ဒီတပါတ်မှာ တင်ပြပေးမှာပါ။

နာဂစ်ဒဏ်ကို ဘယ်လို ခံခဲ့ရတယ်။ ဘယ်လောက် အတိုင်းအတာထိ ဆုံးရှုံးမှုတွေရှိတယ်။ ဘယ်လောက် အန္တရာယ် ရှိတယ် ဆိုတာပြောပြပေးပါဆရာ

နာဂစ်ကတော့ အပျက်အစီး အလွန်များတဲ့ မုန်တိုင်းပေါ့။ မြန်မာနိုင်ငံ သမိုင်းမှာ ဒီလောက်ပျက်စီးတာ မရှိပါဘူး။  ကမ္ဘာနဲ့ ကြည့်ရင်လည်း  အပျက်အစီး  အဆုံးအရှုံး အများဆုံး နံပါတ် ၈ အဆင့်မှာ ရှိပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်တဲ့   effected သက်ရောက်မှု ခံရတဲ့ လူက ၁၁သန်း ရှိပါတယ်။
အဲဒီတုန်းက ပျက်စီးသွားတဲ့ အိမ်ယာက  ၇၄၅,၇၆၄ အိမ် ဆိုတော့ အကြမ်းဖျင်းပြောရရင် ၇သိန်း ခွဲလောက် ရှိပါတယ်။ သေဆုံးမှုကတော့ အလောင်းပြန်ပြီးရတာ ၈သောင်း ၄ထောင် ရှိတယ်။ နောက် ရေထဲပါသွားလို့ အလောင်းမရတော့တဲ့  ပျောက်ဆုံးတဲ့ သူက ၅သောင်း ၄ထောင် ရှိတယ်။  ဒါလည်း သေဆုံးပါပဲ။  ၂ရပ်ပေါင်း လိုက်တော့ တသိန်းသုံးသောင်းရှစ်ထောင် ရှိပါတယ်။  ထိခိုက် ဒဏ်ရာရတဲ့သူကတော့ ၂သောင်း ကျော်လောက်တော့ ရှိတယ် ပေါ့လေ။
အိမ်မွေးတိရိစ္ဆာန် ကျွဲတွေ နွားတွေ ဆုံးတာက တသိန်းခွဲလောက်ရှိတယ်။ အဲ အဆိုးဆုံးကတော့ အပျက်စီး ပါပဲ။ နိုင်ငံပိုင် ပျက်စီးဆုံးရှုံးမှုက ၃.၃ ထရီလီယံ၊ ပုဂ္ဂလိက ကတော့ ၈.၃ ထရီလီယံ လောက် ရှိတယ်။ ၂ရပ်ပေါင်း လိုက်တော့ ၁၁.ရလောက် ရှိပါတယ်။ သန်းပေါင်း တသန်းပေါ့လေ။ အလွန် အပျက်အစီးများတဲ့ မုန်တိုင်း ဖြစ်ပါတယ်။

မြန်မာ့ သမိုင်းမှာ မရှိဘူးပါဘူးတခါမှ
ဒီလောက် ပျက်စီး ဆုံးရှုံးရတာဟာ လူတွေ အသိပညာ နဲပါးလို့ ဒါမှမဟုတ် အစိုးရက ကြိုတင်ပြီး သတိပေးချက်တွေ နဲလို့ လို့ ပြောကြတာ ရှိပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး ပြောပြပေးပါ။  ဘာကြောင့် ဒီလောက်တောင် ဆုံးရှုံးပျက်စီးမှုတွေ ရှိရတယ် ဆိုတာ။

ဒါကို ၂ပိုင်း ခွဲပြောရမှာပါ။ သဘာဝဘေးတွေမှာ component ၂ခုရှိတယ်။ တခုက Hazard ခေါ်တယ်။ နောက် တခုက vulnerability ခေါ်တယ်။  Hazard ဆိုတာက မုန်တိုင်းကိုပြောတာ။ အားကောင်းတဲ့ မုန်တိုင်း ကြီးလား။ အရွယ် ပမာဏကြီးတဲ့ မုန်တိုင်းကြီးလား။ မုန်တိုင်းအပိုင်းကို သပ်သပ် ကြည့်တာ။ နာဂစ် မုန်တိုင်းကိုကြည့်ရင် ထူးခြားချက် အဓိက ၃ချက် ရှိတယ်ပေါ့။ ပထမတခုက ကမ်းခြေကို ဖြတ်ခါနီးမှာ အားအကောင်းဆုံး အဆင့် ဖြစ်သွားတယ်။ ဟိုင်းကြီးကျွန်းကို မုန်တိုင်း အရှေ့ပိုင်းလေး မေးတင်နေတဲ့ ၂ရက်နေ့ ညနေပိုင်း မှာပဲ Catagory 4 လို့ ခေါ်တဲ့ တနာရီကို မိုင် ၁၅၀ နှုံးလောက် တိုက်တဲ့ အဆင့် ရောက်သွားတယ်။
နောက်တခါ ဒီမုန်တိုင်းက သမရိုးကျ အတိုင်း အရှေ့မြောက် ကို မသွားဘူး။  အရှေ့ဘက်ကို တည့်တည့် သွားတဲ့ အတွက် ထူးခြားတဲ့ လမ်းကြောင်း ရှိပြီးတော့ သူက ကမ်းလျှောက် မုန်တိုင်း   ဖြစ်သွား တယ်။   တော်တော်နဲ့ ကမ်းထဲကို မ၀င်ဘူးပေါ့။  အဲဒါကလည်း အပျက်အစီး များစေတဲ့ အထဲမှာ ပါတယ်။ နောက်ပြီးတော့ ဒီမုန်တိုင်းက ကမ်းကိုဖြတ်ခါနီးမှာ ၄နာရီလောက် မရွေ့ပဲနဲ့ ရပ်နေခဲ့တယ်။  အဲဒီလို ရပ်နေတဲ့ အတွက်လည်း  သူ့ရဲ့ စွမ်းပကားကို ကြီးစေပါတယ်။  ဒီ ၃ချက်က ဒီ မုန်တိုင်းနာဂစ်ကို  တော်တော်လေး ထူးခြားတဲ့ character ကျွန်တော်တို့ အတွက်ကတော့ ကံမကောင်းခြင်း ၃ရပ် ပေါ့ တွေ့ရပါတယ်။

နောက်တပိုင်းက အဓိကပြောရမယ့် အချက်ကတော့ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ပါပဲ။ ဒီ မြစ်ဝကျွန်းပေါ်မှာ အားနဲချက် ၁၀ချက် ရှိတယ်။
နာဂစ် မုန်တိုင်းဖြစ်တဲ့အချိန်မှာ ၀င်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်  ဒေသဟာ  မြေနိမ့်ဒေသ  ဖြစ်နေတယ်။  ကုန်းမြင့်ကို သိပ်မရှိဘူး။  နောက်ပိုင်း ကျွန်တော်တို့ လေ့လာကြည့်တဲ့ အခါမှာ ရေ ၅မီတာလောက် တက်လို့ ရှိရင်   မြစ်ဝကျွန်းပေါ်ဒေသရဲ့  ၄၂% ဟာရေမြုပ်ပါတယ်။  နောက်တခါ  မြစ်လက်တက်တွေ အလွန်ပေါတယ်။ very complex river system လို့ခေါ်ပါတယ်။  မြစ်ကြောင်းစံနစ်က အလွန် ရှုပ်ထွေးပါတယ်။
မြစ်ဝကျွန်းပေါ်ရဲ့  ကမ်းရိုးတန်းဟာ ဘယ်လို သဘာဝ ရှိနေလဲ ဆိုတော့  ကမ်းခြေက ရေတိမ်တယ်။  ရှိတဲ့ ပင်လယ်ရေလှိုင်းရဲ့ အတက်အကျ အလွန်များတဲ့ ဒေသဖြစ်ပါတယ်။ ဒါတွေက မြစ်ဝကျွန်းပေါ်ဒေသရဲ့  သဘာဝ အခံကိုက တစုံတခုဖြစ်ရင် အန္တရာယ် ကြီးစေနိုင်တဲ့  အချက်တွေ ဖြစ်ပါတယ်။

နောက်ပြီးတော့ မြစ်ဝကျွန်းပေါ်ကို ကြည့်လို့ရှိရင် နောက်တွေ့ရတဲ့ အချက်တွေကတော့  လူဦးရေ ထူထပ်တယ်။ အဲဒီနာဂစ် ဖြစ်တုန်းက ကျွန်တော်တို့မှာ သက်ကယ်ကုန်းတို့ shelter တို့ဆိုတာ မရှိဘူး။ 
နောက်ပြီး မြစ်ဝကျွန်းပေါ်ကြီးမှာ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း တွေမှာ အခြေခံအားဖြင့် လိုအပ်တဲ့ အန္တရာယ် အခြေနေပြတဲ့ မြေပုံ၊  အန္တရာယ် ကျရောက်နိုင်မှု အခြေနေပြတဲ့ မြေပုံ Risk နဲ့ Hazards Maps  လို့ခေါ်တယ်။ ဒီမြေပုံတွေလည်း ကျွန်တော်တို့မှာ မရှိဘူးပေါ့။

အဆိုးဆုံးကတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်တဲ့သူတွေက ပင်လယ်နဲ့သာ နီးတယ် ပြောတာ ဘယ်တုန်းကမှ  မုန်တိုင်းတွေက မြစ်ဝကျွန်းပေါ်ကို မ၀င်ခဲ့တော့  ၁၃၅ နှစ်လောက် မှတ်တမ်း ရှိပါတယ်။ အဲတော့ မြစ်ဝကျွန်းပေါ်သားတွေဟာ  မုန်တိုင်း ဆိုတာ ဘာမှန်းမသိပါဘူး။  မုန်တိုင်း ဒီရေ ဆိုတာကိုလည်း ဘာမှန်းမသိပါဘူး။ တနည်း အားဖြင့်ပြောရရင် public education လူထုအသိပညာ အလွန်နဲတာ  ကျွန်တော်တို့ တွေ့ရပါတယ်။ 

နောက်ပြီးတော့ အရေးပေါ် အခြေနေရောက်လို့ ကျွန်တော်တို့  အသက်လုပြီး ပြေးရတဲ့ အခါမှာ မြစ်ဝကျွန်းပေါ်ဒေသ ရဲ့ အနေထားဟာ  လမ်းပမ်း ဆက်သွယ်ရေး အလွန်  မကောင်းတဲ့ အနေထားမှာ ရှိပါတယ်။  ပြေးနိုင်တာကတော့ မြစ်ချောင်းတွေ ကနေပြီးတော့ လှေတွေ သင်္ဘောတွေ မော်တော်တွေ နဲ့ပဲ ပြေးနိုင် တယ်ပေါ့။ အလွယ်တကူ ပြေးနိုင်တဲ့ ကားလမ်း  ကုန်းလမ်း အလွန်နဲတယ်။ ဆိုတော့ လမ်းပမ်း ဆက်သွယ်ရေး အလွန်ညံ့တယ် ဆိုတာလည်း  အချက် တချက် အနေနဲ့ တွေ့ရပါတယ်။
အဆိုးဆုံးကတော့ လူတွေရဲ့ အသိနဲပါးမှုကြောင့်ပေါ့နော်။  အကြောင်း အမျိုးမျိုးနဲ့ မြစ်ဝကျွန်းပေါ်မှာ  သဘာဝ အရ ကာကွယ် စောင့်ရှောက်တဲ့ နေရာမှာ  အလွန် အရေးပါတဲ့ ဒီရေတောတွေ  ကို ခုတ်ပြီးတော့  လုပ်ငန်းအမျိုးမျိုး သုံးကြတာ ပေါ့လေ။ ထင်းအဖြစ်ခုတ်တယ်။ မီးသွေးဖိုအတွက် ခုတ်တယ်။  အိမ်ဆောက်ဖို့ ခုတ်တယ်။ လယ်ယာလုပ်ငန်း လုပ်ဖို့ ခုတ်တယ်။ ကုန်ကုန်ပြောရရင် ရွာတည်ဖို့ ခုတ်တယ်၊ စားအုံးဆီပင် စိုက်ဖို့ ခုတ်တယ်။ ပုဇွန်ကန် ဆောက်ဖို့ ခုတ်တယ်။ ဒီလို အကြောင်း အမျိုးမျိုးနဲ့ ခုတ်လိုက်တာ နောက်ဆုံး  ဒီရေတော တွေဟာ တော်တော်ကို ပြုန်းကုန်ပြီး မရှိတော့ဘူး။  

ဒီရေတောတွေ နေရာမှာ  ရွာတွေ တည်ပြီးနေကြတဲ့ အခါကျတော့ ပင်လယ်က ရေလှိုင်းတွေ တက်လာတဲ့ အခါကျတော့ အကာအကွယ် မရှိတော့ဘူးပေါ့လေ။ အဲ နောက်ဆုံး အချက်ကတော့  စောစောကပြောသလို ဒီဒေသမှာ မုန်တိုင်း  နဲ့ ပါတ်သက်တဲ့ အတွေ့အကြုံက  နဲကြတော့  နေထိုင်တဲ့ ပြည်သူရော အပေါ်က  အုပ်ချုပ်တဲ့ စီမံ ခန့်ခွဲသူမှာရော  ၂ဘက်စလုံးမှာ  ဒီအတွေ့အကြုံမရှိကြတဲ့ အတွက်  စီမံခန့်ခွဲတဲ့ နေရာမှာ အချိတ်အဆက် မမိပဲနဲ့  အတော်လေး အားနဲတယ် ဆိုတာ  တွေ့ရပါတယ်။
အဲဒီ ကျွန်တော် ပြောခဲ့တဲ့ အချက်  ၁၀ချက်ဟာ မြစ်ဝကျွန်းပေါ်  ဒေသရဲ့ အားနဲချက်  ၁၀ခု လို့ပဲ ခေါ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် မကြာမကြာတွေးပါတယ်။ ဟိုင်းကြီးကျွန်းကို မ၀င်မီ  ၄နာရီလောက် ရပ်နေတဲ့  အချိန်တုန်းက  ဘယ်လိုများ ဒီနာဂစ် မုန်တိုင်း ဟာ ဒီအားနဲ့ပဲ  ဒီလေတိုက် နှုံးနဲ့ပဲ  ရခိုင်ကို ၀င်ခဲ့ရင် ဒီလိုနေမလား။ ဒီမေးခွန်းကို ကျွန်တော် မကြာမကြာမေးပါတယ်။  ကျွန်တော့် ကိုယ် ကျွန်တော် မေးတာပါ။
အဲတော့ အဖြေက တကယ်လို့  ဒီနာဂစ်မုန်တိုင်း တနာရီကို  မိုင် ၁၅၀နဲ့ တိုက်တဲ့  မုန်တိုင်း ရခိုင်ကို ၀င်ရင်  ဒီလို မသေဘူး ဆိုတာ သေချာပေါက် ပြောရဲပါတယ်။  အဲဒါကြောင့် ဒီအသေ အပျောက် များတဲ့ နာဂစ် မုန်တိုင်း အဓိက ပြဿနာက  မုန်တိုင်းမှာ မရှိပါဘူး။ 
မြစ်ဝကျွန်းပေါ် ဒေသမှာ ရှိနေတယ်။ ဒါကို မြစ်ဝကျွန်းပေါ်မှာ နေတဲ့သူတွေ  အုပ်ချုပ်တဲ့သူတွေ အားလုံး  သိသင့်တယ်။  အဲဒါကို သဘာဝ ဘေးအန္တရာယ်  ကာကွယ်ရေးမှာ ဆုံးရှုံး နစ်နာနိုင်ချေ   vulnerability ဟာ မြစ်ဝကျွန်းပေါ်ဒေသရဲ့   vulnerabilityဟာ အလွန်မြင့်မား ပါတယ်။ ဒါ့ကြောင့် မုန်တိုင်း တလုံး ၀င်လိုက်ရင်  အလွယ်တကူ disaster တခု  ဖြစ်နိုင်တဲ့ အနေထား ရှိ နေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။

ဒေါက်တာ ဦးထွန်းလွင်ပါ။ အခုလို အားနဲချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသအတွက်   နာဂစ်ဆို အဖြစ်ဆိုးမျိုး  ထပ်မကြုံရအောင် ဘာတွေကို  ဘယ်လို ပြုပြင် နိုင်မယ် ဆိုတာကို  နောက်တပါတ်မှာ ဆက်ပြီး ပြောပြပေးမှာပါ။

ခင်မျိုးသက်
သိပ္ပံ နဲ့ နည်းပညာ
 သောကြာ, 04 မေ 2012

http://www.voanews.com/burmese/news/science-technology/SicTec_Nagis_Analysis_05-04-12MT-150961805.html
Unknown at 11:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်ဂျင်ပါဝါ ၁၃၅၀ CC အောက် ယာဉ်တင်သွင်းမှု အတွက် CIF တန်ဖိုး အမေရိကန် ဒေါ်လာ ငါးထောင် သတ်မှတ်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက်အလက် အရ အင်ဂျင်ပါဝါ ၁၃၅၀ စီစီ အောက်ယာဉ်တွေ တင်သွင်းပါက ဆိပ်ကမ်း
အရောက် CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ယာဉ်တွေကို တင်သွင်းပါက ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်မော်ဒယ်အထိ မော်ဒယ်နှစ် မခွဲခြားဘဲ CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၂ မော်ဒယ်ကို တင်သွင်းမယ် ဆိုရင်တော့ အင်တာနက် အထောက်အထားနဲ့ လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ကားဈေးကွက် အတွင်းမှာ ထွက်ပေါ်နေတဲ့ ၁၃၅၀ စီစီအောက် ယာဉ်တင်သွင်းမှုအတွက် CIF တန်ဖိုး သတ်မှတ်ချက်မှာ မှားယွင်းပြီး အရင်က သတ်မှတ်ထားတဲ့ CIF တန်ဖိုး နှုန်းထား များသာ သတ်မှတ် ထားကာ အပြောင်းအလဲ မရှိဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။


၁၃၅၀ စီစီယာဉ်တွေကို တင်သွင်းပါက ပေးဆောင် ရမယ့် အခွန်နှုန်းထားကတော့ က.ည.န သို့ ပေးဆောင်ရမယ့် အခွန်မှာ ၅၀ ရာခိုင်နှုန်း ၊ အကောက်ခွန် ၅၀ ရာခိုင်နှုန်းနဲ့ ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၁၁၅ ရာခိုင်နှုန်းသာ အခွန်ပေး သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 MRTV-4
သစ်ထူးလွင်
Unknown at 10:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကလေးအသေများ၏ သွေးသားကို အမှုန့်ကြိတ် ပြုလုပ်ထားသည့် ဆေးတောင့်များ တရုတ်မှ တောင်ကိုရီးယားသို့ တင်သွင်းမှုအား ဖမ်းဆီးရမိ



ကလေးအသေများ၏ သွေးသားကို အမှုန့်ကြိတ် ပြုလုပ်ထားသည့် ရောဂါမျိုးစုံ ကုသနိုင်သည်ဆိုသော ဆေးတောင့်များ တရုတ်မှ တောင်ကိုရီးယားသို့ တင်သွင်းလာမှုကို တောင်ကိုရီးယား အကောက်ခွန် အရာရှိများက ဖမ်းဆီးရမိခဲ့ကြောင်း မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းဆေးတောင့်များကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးအလောင်းများအား အစိတ်စိတ်ပိုင်းကာ အခြောက်ခံပြီး အမှုန့်ကြိတ်ထားခြင်းဖြစ်ကြောင်း ကိုရီးယား အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။

ဖျက်ချထားသော ကလေးငယ်များ၊ စွန့်ပစ်ခံရသော ကလေးငယ်များကို အကျင့်ပျက် ဆေးဝန်ထမ်းများနှင့် ပေါင်းကာ စုဆောင်းဝယ်ယူပြီး ဆေးအဖြစ် ထုတ်လုပ်ခြင်းဖြစ်သည်ဟု ယူဆရသည်။
ယင်းကလေးအသေများကို မည်သည့်နေရာမှ ရသည်၊ မည်သူတို့က ယင်းဆေးအဖြစ် လုပ်သည်ကိုမူ မသိရသေးပေ။ သန္ဓေသားလောင်းနှင့် မွေးစကလေးအသေများကို အသုံးပြုပြီး ဆေးဝါးထုတ်လုပ်ခြင်းအား စုံစမ်းစစ်ဆေးရန် ပြီးခဲ့သည့်နှစ်တွင် တရုတ်အာဏာပိုင်များက ညွှန် ကြားထားခဲ့ဖူးသည်။

အားတိုးဆေးအဖြစ် စာရင်းသွင်းကာ ကိုရီးယားသို့ တင်သွင်းလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လမှစကာ ယခုအချိန်အထိ ယင်းဆေးမျိုး တင်သွင်းမှုအကြိမ်ရေ ၃၅ ကြိမ်တိတိကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးတောင့် ၁၇၄၅၀ တောင့်မျှ သိမ်းဆည်းရမိခဲ့သည်ဟု အကောက်ခွန်ဌာနက ထုတ်ပြန်သည်။

ယင်းဆေးများကို အချို့က ရောဂါမျိုးစုံ ပျောက်ကင်းစေသော ဆေးဝါးများအဖြစ် ယုံကြည်မှုရှိနေသည်ဟု ဆိုသည်။ ဆေးများ ခိုးသွင်းလာခဲ့သူများကမူ ယင်းဆေးများကို ပုံမှန်အားတိုးဆေးများအဖြစ်သာ သိရှိထားပြီး မည်သည့်အမယ်များ ပါသည်၊ မည်သို့ ထုတ်လုပ်သည်ကို မသိကြောင်း ထွက်ဆိုထားသည်။ တရုတ်အရှေ့မြောက်ပိုင်းတွင် နေထိုင်ခဲ့ကြပြီး ယခုအခါ တောင်ကိုရီးယားတွင် ပြန်လည်အခြေချကြသည့် ကိုရီးယားလူမျိုးအချို့မှာ ယင်းဆေးကို သုံးစွဲကြခြင်း (သို့မဟုတ်) ကိုရီးယား-တရုတ်ကပြားများက သုံးစွဲကြခြင်းဖြစ်သည်ဟု ယူဆရကြောင်း အကောက်ခွန် အရာရှိများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ ကျန်းမာရေး ၀န်ကြီးဌာနတို့ကို မေးမြန်းခဲ့ရာ ချက်ချင်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ တရုတ်မီဒီယာများ၏ ဖော်ပြချက်အရမူ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော ကျင် လင်းပြည်နယ်မှာ ယင်းကဲ့သို့သော ပစ္စည်းများထွက်ရှိရာအရပ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

Ref;AP,Daily Mai
Unknown at 10:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပညာရေးသည် နိုင်ငံရေးဖြစ်သည်။

by Kyaw Thu Han on Friday, 15 April 2011 at 17:25

ကျွန်တော်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်သေးတဲ့ စစ်ပွဲအကြောင်းတွေ၊ အသေခံဗုံးခွဲမှု သတင်းတွေ၊ AIDS ရောဂါဟာ ခုချိန်ထိ ထိန်းချုပ်လို့မရနိုင်သေးပဲ နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့ နေတာတွေကို ဖတ်ရှုမိရင်း လူတွေဟာ ဒီပြဿနာတွေကို အမှန်တကယ်ပဲ မဖြေရှင်းနိုင်တော့ ဘူးလားလို့တွေးမိပါတယ်။

  တကယ်တော့ နိုင်ငံ့ခေါင်းဆောင်တွေ ၊ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူတွေနဲ့ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသူတွေ အများအပြား ရှိနေကြပါလျှက်နဲ့ ဘာကြောင့်ဒီပြဿနာတွေဟာ လျော့နည်းမသွားတဲ့အပြင် တိုးပွားနေရတာလဲလို့ တွေးကြည့်မိပါတယ်။ လူတွေဟာ အသိပညာ မပြည့်ဝကြသေးလို့ ဒီပြဿနာတွေရှိကြတာလားလို့ တွေးမိပါတယ်။ တကယ်တော့လူ တန်းစားအလွှာ တစ်ခုလောက်ပဲ ပညာတတ်နေလို့မရပါဘူး။ လူတန်းစားအလွှာ အသီးသီးက လူတွေ ပညာပြည့်ဝကြပါမှ ကမ္ဘာကြီးအတွက် အဆင်ပြေပါလိမ့်မယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အတွက်ပဲဖြစ်ဖြစ် ၊ H1N1 တုပ်ကွေးရောဂါကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် အခြေံခံ လူတန်းစားတွေကအစ အသိပညာပြည့်ဝကြပါမှ အောင်မြင်အောင်ပြုလုပ်နို်င်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံ့ခေါင်းဆောင်အများစု မှားယွင်းပြီးထင်မြင်နေတဲ့ အချက်တစ်ခုကတော့ ပညာရေးစနစ်ထဲကို ငွေအမြောက်အများပုံအော ပြီးထည့်လိုက်ရုံနဲ့ ကျောင်းသားတွေရဲ့ ပညာရေး အဆင့်အတန်းမြင့်တက်လာလိမ့်မယ်လို့ ထင်မြင်ယူဆနေခြင်းဖြစ်ပါတယ်။

အမေရိကန် ပညာရေးဝန်ကြီး အာနီဒန်ကန်က ကျွန်တော်တို့ အင်အားကောင်းတဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်ချင်တယ် ဆိုရင် ပညာတတ်လုပ်သမားထုတစ်ရပ် ရှိဖို့ပဲလိုပါတယ် လို့ ၀ါရှင်တန် အစိုးရကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်လဲ စီးပွားရေးနှိုးဆွစီမံကိန်းထဲမှာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်သွင်းရေးမှာ ငွေအများအပြားသုံးစွဲနေတာ အမေရိကန်တင်မဟုတ်ပါဘူး ဗြိတိန်၊ ဂျာမဏီ၊ ကနေဒါ၊ တရုတ်၊ယူအေအီးနဲ့ အခြားနိုင်ငံ အများအပြားဟာ ဒီလမ်းကြောင်းအတိုင်းပြုလုပ်နေကြပါတယ်။

ဒီငွေတွေအကုန်လုံး အမှတ်တကယ်လိုအပ်တဲ့ နေရာ၊ တစ်နည်းပြောရရင်လူ့အဖွဲ့အစည်းကို အကောင်းဆုံး ရလဒ်တွေ ပြန်ပေးနိုင်မယ့်နေရာတွေမှာ အသုံးချရဲ့လားဆိုတာ လေ့လာကြည့်ဖို့လိုပါတယ်။

ဥပမာအားဖြင့်ဂျာမဏီမှာဆိုရင် ပညာရေး အသုံးစရိတ်အတွက် အစိုးရထုတ်ပေးတဲ့ ငွေထဲက ယူရိုငွေ ကုဋေတစ်ထောင် ( ၁၀ ဘီလီယံ) လောက် ကျောင်းအဆောက်အအုံတွေ အသစ်ပြန်လည်မွမ်းမံတဲ့နေရာမှာ သုံးစွဲနေပါတယ်။ နောက်ဆုံးပေါ် ဗိသုကာ ဒီဇိုင်းအဆန်းများနဲ့ ကျောင်းအသစ်တွေတည်ဆောက်တဲ့ ပညာရေးစီိမံကိန်းမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက်တော့ ရတနာပုံဆိုက်သလို ပွပေါက်တိုးစေပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေလည်း စာသင်ခန်းအသစ်တွေမှာ စာသင်ရတော့ သဘောကျကျပါတယ်။ ဒါပေမဲ့ ဂျာမနီ ကျောင်းသားတွေရဲ့ပညာ အရည်အချင်းက      ထူးထူးခြားခြား တိုးတက်လာခြင်းမရှိလှပါဘူး။   

  ဗြိတိန်နိုင်ငံမှာလည်း ၀န်ကြီးချုပ်ဂေါ်ဒန်ဘရောင်း ကကျောင်းတွေမှာ ကွန်ပျူတာနဲ့ အင်တာနက်ဆက်သွယ်မှုတွေ တိုးပြီးထားရှိဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ပညာရှင် အများစုကတော့ သိပ်ပြီးထိရောက်မှာမဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

  ထိရောက်အောင်ဘယ်လိုသုံးစွဲမလဲ


ကမ္ဘာ့ဘဏ်ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေဟာ ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်အသစ်တွေ ဆောက်လုပ်ဖို့ ငွေတွေပုံအောသုံးနေတယ်လို့သိရပါတယ်။ ဒီလေ့လာမှုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျမေးဆမ်မီက ပညာရေးအတွက် ငွေသုံးစွဲရာမှာ ပိုပြီးထိရောက်အောင် ပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ အစိုးရတွေမှားပြီးလုပ်မိတဲ့ကိစ္စတစ်ခုကတော့ ကောင်းမွန်ပြည့်စုံပြီးသား နေရာတွေမှာ ငွေတွေအများကြီးသုံးစွဲနေတာပါပဲ။ ဥပမာ- ဆော်ဒီအာရေးဗီးယားဆိုရင် စာသင်ကျောင်းတစ်ခုထဲအတွက် ဒေါ်လာ ၁၃ ဘီလီယံခန့် သုံးစွဲနေပါတယ်။ ဒီသုံးစွဲမှုတွေက သင့်တော်ကောင်းမွန်တယ်လို့ထင်စရာရှိပါတယ်။

ဒါပေမဲ့ IFO အင်စတီကျူ့နဲ့ စတန်းဖို့ တက္ကသိုလ်တို့ကပြုလုပ်တဲ့လေ့လာမှုတွေအရ ငွေသုံးစွဲသလောက်ထိရောက်မှုမရှိလှဘူးလို့ သိရပါတယ်။ လွန်ခဲ့သောဆယ်စုနှစ်တွေမှာ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမဏီတို့ဟာ ပညာရေးအတွက် ငွေအမြောက်အများသုံးခဲ့သော်လည်း ပညာရေးစနစ်ကို အဓိကထား ပြောင်းလဲခဲ့တဲ့ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့လို ပညာအရည်အသွေးတွေ တိုးတက်လာမှုကို မတွေ့မြင်ရ ဟုသိရပါသည်။

တကယ်လိုအပ်တဲ့နေရာ


 အမေရိကန်အပါအ၀င် နိုင်ငံအတော်များများ အဓိကထား အာရုံစိုက်ကြတာက အဆင့်မြင့်ပညာရေး ၊ အီလိုက်တက္ကသိုလ်ပညာရေးဖြစ်ပါတယ်။ နိုင်ငံရဲ့ အီလိုက်တက္ကသိုလ်တွေ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ပိုင်းရောက်နေဖို့ကိုပဲ အလေးထားနေကြတယ်လို့ ပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။ တကယ်တမ်းလိုအပ်နေတဲ့နေရာကတော့ အခြေခံပညာရေးဖြစ်ပါတယ်။ အထူးသဖြင့် မူလတန်းနဲ့မူကြိုအဆင့်တွေမှာ ကလေးတွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။

ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးများနှင့် ကျောင်းစောစောထွက်ရမဲ့ကလေးတွေကို ပညာသင်ကြားစရိတ် ထောက်ပံ့ခြင်းဟာ ငွေကုန်ကြေးကျမများပဲ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စီးပွားရေးအဆင်မပြေတဲ့မိသားစုတွေက ကလေးများအတွက် မူကြိုပညာရေး ဖော်ဆောင်ပေးခြင်းဟာ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံ့စီးပွားရေးအတွက်ကောင်းကျိုးများစွာဖြစ်ထ ကောင်းကျိုးများစွာဖြစ်ထွန်းတဲ့ အပြင်၊ ရာဇ၀တ်မှုနှင့် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုဖြစ်စဉ်တွေကိုပါ လျော့ကျစေပါတယ် လို့နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျမ်းဟက်မန်က ပြောဆိုပါတယ်။

 လက်ရှိအချိန်မှာ မူကြိုပညာရေးကို အဓီကဆောင်ရွက်နေတဲ့ နိုင်ငံကတော့ ချီလီနိုင်ငံပဲဖြစ်ပါတယ်။ ကလေးသူငယ်တွေကို ဆေးကုသပေးရလေ့ရှိတဲ့ ဆရာဝန်မလေး မီရှဲဘတ်ချလက် ၂၀၀၆ ခုနှစ်မှာ ချီလီသမ္မတဖြစ်လာတဲ့အခါ နိုင်ငံအနှံ့ မူကြိုကျောင်း အမြောက်အများ ဆောက်လုပ်ခဲ့ပါတယ်။ ဒါဟာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်လို့ ပညာရေးသုတေသီ အောတစ်က ချီးကျုးပြောဆိုပါတယ်။

  ဆရာတွေရဲ့အရေးပါမှု


 နောက်ထပ်ပြုလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်း စမ်းသပ်စစ်ဆေးဖို့ဖြစ်ပါတယ်။ စာသင်ခန်းအရွယ်အစား၊ သင်ရိုးညွန်းတမ်း၊ ကျောင်းရဲ့ဘဏ္ဍာငွေ စတာတွေအားလုံးက ကျောင်းတစ်ခု အောင်မြင်ဖို့ သိပ်အရေးမပါလှပါ။ အရေးအကြီးဆုံးက ကျောင်းမှာ ဆရာ၊ ဆရာမကောင်းတွေရှိဖို့ ဖြစ်ပါတယ်။ ဖင်လန်နှင့် တောင်ကိုရီးယားတို့ မှာ ကမ္ဘာ့အတော်ဆုံး အထက်တန်းကျောင်းသားများရှိနေခြင်းက ဒီနို်င်ငံတွေက ဆရာ၊ ဆရာမတွေအပေါ် အဓိကအာရုံစိုက်လို့ ဖြစ်ပါတယ်။ ဖင်လန်မှာဆိုရင် ကျောင်းဆရာအလုပ်ဆိုတာ ဂုဏ်ယူစရာ အကောင်းဆုံးအလုပ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။

အဲဒီနိုင်ငံတွေမှာ ဆရာ ၊ ဆရာမများကို အရည်အသွေး ပြည့်မီမှုရှိမရှိ စစ်ဆေးကြည့်တယ်။ ပြီးတော့လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးတယ်။ ဒါဆိုရင် အခြားနိုင်ငံတွေက ဘာလို့သူတို့ရဲ့ နည်းလမ်းတွေကို အတုခိုးပြီး သူတို့ရဲ့ ပညာရေးအစီအစဉ်တွေချမှတ်တဲ့အခါမှာ ရေရှည်မှာ ကောင်းကျိုးရှိစေမယ့် စီမံကိန်း ထက်လတ်တလော ပေါ်ပြူလာဖြစ်နေတဲ့ ၊ ဒါမှမဟုတ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကျောင်းအဆောက်အအုံတွေဆောက်တာ၊ ဆရာ၊ ဆရာမအသစ်တွေ ခန့်ထားတာစတဲ့ ပြည်သူလူထုကို လက်တွေ့ပြနိုင်တဲ့နေရာတွေမှာ ပိုပြီးငွေကြေးထောက်ပံ့ချင်စိတ်ရှိကြပါတယ်။

 ကျောင်းကောင်းဆိုတာဘာလဲ


 ဗြိတိန်၊ နော်ဝေနဲ့ အမေရိကန်ပြည်နယ် အတော်များများမှာ ကျောင်းတွေရဲ့ အရည်အချင်းကို စမ်းသပ်စစ်ဆေးဖို့ ပြုလုပ်ကြပါတယ်။ သူတို့စမ်းသပ်တဲ့နည်းကတော့ ကျောင်းတစ်ခုဟာ ကျောင်းသားတစ်ဦးကို ဘယ်လောက်ထိ အရည်အသွေးတွေ၊ ပညာတွေ ထပ်ဖြည့်ပေးနိုင်မလဲဆိုတဲ့အချက်နဲ့ တိုင်းတာကြပါတယ်။

အရင်တုန်းက ယူဆခဲ့သလို ကျောင်းတစ်ကျောင်း ဟာတော်တဲ့ ၊ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်ရုံနဲ့ ကျောင်းကောင်းလို့မယူဆတော့ပါဘူး။ နာမည်ကြီးတက္ကသိုလ်တွေ ၊ ထိပ်ပိုင်းကကျောင်းကြီးတွေက ကျောင်းသားလက်ခံတဲ့နေရာမှာ အတော်ဆုံးဆိုတဲ့ ကျောင်းသားတွေကို ရွေးချယ်လက်ခံလေ့ရှိပါတယ်။

ဒီတော့နာမည်ကြီးတက္ကသိုလ်က ထွက်လာတဲ့ကျောင်းသားတွေ တော်ကြတာ ၊ အောင်မြင်ကြတာဟာ ကျောင်းသားတွေကကို နဂိုထဲက တော်ကြလို့၊ ကြိုးစားကြလို့ ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းကောင်းဆိုတာ နဂိုကအရည်အချင်းမရှိတဲ့သူကို အရည်အချင်းရှိလာအောင်ပြုလုပ်ပေးနိုင်တဲ့ ကျောင်းမျိုးကို ခေါ်တာပါ။ ဒါကြောင့် ကျောင်းတွေကို စမ်းသပ်တဲ့နည်းလမ်းသစ်ကတော့ ကျောင်းသားတစ်ဦးကျောင်းသို့မရောက်ခင် ရှိတဲ့ အရည်အချင်းနဲ့ ကျောင်းပြီးသွားတဲ့အခါ ရှိတဲ့အရည်အချင်း ကို နှိုင်းယှဉ်ကြည့်ဖို့ဖြစ်ပါတယ်။

ဒီနည်းလမ်းသစ်နဲ့စမ်းသပ်ကြည့်တဲ့အခါ အံ့သြစရာကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ယခင်က အကောင်းဆုံးကျောင်းတွေလို့သတ်မှတ်ခဲ့တဲ့ ကျောင်းတွေက ကျောင်းသားတွေအရည်အချင်းတက်အောင် မလုပ်နိုင်၊ သာမန်ကျောင်းကလေးတွေကတော့ ညံ့ဖျင်းတဲ့ ကျောင်းသားတွေကို အလယ်အလတ်အဆင့်လောက် ရောက်အောင်သင်ကြားပေးနိုင်တာကို တွေ့ရပါတယ်။ ဒါဆိုသာမန်ကျောင်းလေးတွေက ပိုပြီးတော့ ကျောင်းသားတွေကို အရည်အချင်း ထပ်ဖြည့်ပေးနိုင်တာကို ကြည့်ရင် ဒီကျောင်းတွေကို ပိုပြီးကောင်းတဲ့ ကျောင်းတွေလို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဟာ ပညာခေတ်ဖြစ်တယ်ဆိုတာ အစိုးရတွေ အတော်များများ နားလည် သဘောပေါက်လာကြပါပြီ။ ပညာရေးအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ဆောင်နေကြတာ ကမ္ဘာ့နေရာအနှံ့မှာ တွေ့နေရပါတယ်။

 အစဉ်အလာအားးဖြင့် ပညာရေးကို သိပ်အလေးမထားတဲ့ အရှေ့အလယ်ပိုင်း နို်င်ငံတွေတောင် ရေနံမှရတဲ့ ငွေအမြောက်အများကို ပညာရေးထဲကို ထည့်သွင်းမြှုပ်နှံ နေကြပါတယ်။ အဘူဒါဘီစော်ဘွား ရှိတ်ဇေယတ် ဦးဆောင်တဲ့ အာရပ်ပညာတတ် ခေါင်းဆောင်များဟာ အရှေ့အလယ်ပိုင်းရဲ့ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။

 ဒါပေမဲ့ တကယ်ထိရောက်မှုရှိဖို့ဆိုတာက ငွေကြေးတစ်ခုတည်းနဲ့ တက်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျောင်းကောင်းတွေ၊ ဆရာကောင်းအများကြီးရှိပါမှ ပညာရေးဟာ တိုးတက်မှုရှိမှာပါ။ ဒီလိုဖြစ်ဖို့ကလည်း ကျောင်းတွေ၊ဆရာဆရာမတွေကို အရည်အသွေး စမ်းသပ်စစ်ဆေးမှု ၊ သုတေသန ပြုလုပ်ချက်တွေ မရှိဘဲ မှန်ကန်ပြီး ထိရောက်တဲ့ ပညာရေးပေါ်လစီကို ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ တိုင်းပြည်အများအပြားမှာ ပညာအရည်အချင်း မပြည့်ဝမှုကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုက ဘဏ္ဍာရေး အကျပ်အတည်းကြောင့် နစ်နာရတာထက်တောင် ပိုပြီးများသေးတယ်လို့ OECD အဖွဲ့ရဲ့ လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။

ဒါကြောင့်ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ နိုင်ငံတွေဟာ စီးပွားရေးအရ နှစ်စဉ်နစ်နာနေမှာ ဖြစ်ပါတယ်။ တကယ်တော့နိုင်ငံသားတို့ရဲ့ ပညာရေးကို မြှင့်တင်ပေးခြင်းဟာ စီးပွားရေးအတွက် တင်ကောင်းတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံးပိုပြီး အဆင်ပြေချောမွေ့မှု ကို ဖြစ်စေနိုင်ပါတယ်။

ပညာရေးအတွက်ငွေလိုအပ်မှု  

ကျွန်တော် ပြောချင်တာက ပညာရေးအတွက် ငွေသုံးစွဲမှုဟာ ဘာအကျိုးမှ မရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျောင်းအဆောက်အအုံတွေ၊ သင်ထောက်ကူပစ္စည်းတွေ မလိုအပ်ဘူးလို့လည်း ပြောတာမဟုတ်ပါ။ ကမ္ဘာ့နေရာအများအပြားမှာ စာသင်ကျောင်းတွေမရှိသေးတဲ့ ရွာတွေ ၊ စားပွဲ၊ ကုလားထိုင်တွေ   မရှိတဲ့ကျောင်းတွေ စသဖြင့် ပညာကို ကောင်းစွာ သင်ကြားခွင့်မရတဲ့ နေရာတွေများစွာ ရှိပါသေးတယ်။

 တကယ်တော့ပညာရေးအတွက် အသုံးစရိတ်တွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်တောင် နည်းနေပါသေးတယ်။ ကမ္ဘာမှာ ပညာရေးအတွက် အသုံးစရိတ်အများဆုံးဖြစ်တဲ့ အမေရိကန်တောင် စစ်ရေးအသုံးစရိတ်ရဲ့ ထက်ဝက်ခန့်ကိုသာ ပညာရေးအတွက် သုံးစွဲပါသေးတယ်။ အမေရိကန်နိုင်ငံဟာ ဂျီဒီပီရဲ့ ၂.၉ ရာခို်င်နှုန်းခန့်ကို သုံးစွဲနေပါတယ်။ အရှေ့အလယ်ပိုင်းရှိ နိုင်ငံများကတော့ ပညာရေးကို စီးပွားရေးတစ်ခုသဖွယ် သဘောထားပြီး ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ်ပြုလုပ်နေကြပါတယ်။

 ထင်ရှားတဲ့သာဓက က အဘူဒါဘီ ဒေသရှိ မတ်(စ)ဒါ (Masdar) သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် ဖြစ်ပါတယ်။ မတ်(စ) ဒါတက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အစားထိုးစွမ်းအင်နှင့် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှုကို အဓိကအလေးထား လေ့လာတဲ့ တစ်ခုတည်းသော ဘွဲ့လွန်သုတေသန တက္ကသိုလ်ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့တက္ကသိုလ်ပတ်ဝန်းကျင်ရှိ အိမ်တွေအားလုံးမှာ နေရောင်ခြည်စွမ်းအင်မှရတဲ့ လျှပ်စစ်စွမ်းအင်ကိုသာ သုံးစွဲပြီး ကာဗွန်ထုတ်လွှတ်မှု မရှိစေရန် ကားသုံးပြုခွင့်ကိုတောင် ပိတ်ပင်ထားပါတယ်။ မတ်(စ) ဒါ တက္ကသိုလ်မှာ အဘူဒါဘီ အစိုးရရဲ့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

 ဒီတက္ကသိုလ်က မက်ဆာချူး ဆက်နည်းပညာ အင်စတီကျူ့(MIT) နှင့် အဓိကချိတ်ဆက်ထားပါတယ်။ MIT က ပါမောက္ခများနှင့် အတူတူ ကျောင်းသားတွေက သုတေသနပြုလုပ်ခွင့်တွေလည်း ရရှိထားပါတယ်။ အဘူဒါဘီရဲ့ ခေါင်းဆောင် ရှိတ်ဇေယတ်ရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့အလယ်ပိုင်းရှိ ပညာတတ်လူငယ်တွေ အဝေးကိုသွားပြီး ပညာသွားသင်စရာမလိုပဲ ကိုယ့်ဒေသမှာကိုယ် အဆင့်မြင့်နည်းပညာတွေ သင်ကြားနိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုတက္ကသိုလ်ကြီးကို ငွေကုန်ခံပြီး ဆောက်ခြင်းအားဖြင့် အခြားတိုင်းပြည်တွေက ပညာတတ်လူငယ်တွေကိုပါ လာရောက်သင်ကြားဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒီအာရပ်စော်ဘွားကတော့ရေရှည်မှာ ရေနံစီးပွားရေးကို အားကိုးတာထက် ပညာစီးပွားရေ (Knowledge economy) ကို အားကို တာက ပိုပြီး အကျိုးအမြတ် ရလိမ့်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် ငွေကြေးမဟုတ်ဘဲ အခြားအခက်အခဲတွေ ရှိပါသေးတယ်။
 အာရပ်ခေါင်းဆောင်တွေက မိမိပြည်သူတွေကို ပညာလည်းတတ်စေချင်တယ်။ ဒါပေမဲ့ပညာတတ်လာရင် ကိုယ့်ကို ပြန်ပြီးအာခံကြမှာကို လည်းစိုးရိမ်ကြပါတယ်။ အီရန်နိုင်ငံရှိ ရှရစ်(ဖ်) တက္ကသိုလ်ဆိုရင်လည်း ကမ္ဘာကျော် နည်းပညာတက္ကသိုလ် များဖြစ်တဲ့ MIT, Caltech, Standford စတဲ့ တက္ကသိုလ်တွေနဲ့တန်းတူလေးစားခံရတဲ့ ကျောင်းဖြစ်ပါတယ်။ ရှရစ်(ဖ်) ကျောင်းဆင်းဆိုရင် ကနေဒါတို့၊ သြစတြေးလျတို့က အလွယ်တကူ ဗီဇာထုတ်ပေးဖို့ အသင့်ပဲဖြစ်ပါတယ်။ ရှရစ်(ဖ်) တက္ကသိုလ်မှာလည်း အီရန်ရဲ့ အမြော်အမြင်ရှိသော ခေါင်းဆောင်ဖြစ်တဲ့ ရှားဘုရင်က တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း အီရန်ကျောင်းသားအများစုဟာ ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို ထွက်သွားလေ့ရှိပါတယ်။ ကျွန်မက ဒီမှာ ဘာမှလုပ်စရာ မရှိဘူးလေ။ဒီတော့ ကျွန်မကြိုးစားပြီး သင်ထားတာတွေ အလသဿမဖြစ်အောင် နိုင်ငံခြားပဲ သွားရတော့မှာပေါ့ ဟု ပ၀ါအနက်ကို ခေါင်းမှာခြုံလျှက် ကနေဒါသံရုံးရှေ့မှာ ဗီဇာလျှောက်ဖို့တန်းစီနေတဲ့ အီရန်အမျိုးသမီး ဒါနီဂျီက ပြောပြပါတယ်။
ကျောင်းသားအများစုရဲ့ ဆန္ဒက တော့ မိမိတို့ တသက်လုံး သင်ကြားလာခဲ့သမျှကို ဘာမှအသုံးမချပဲ မေ့မေ့ပျောက်ပျောက် နဲ့ပျောက်ကွယ်သွားမှာကို မလိုလားကြပါဘူး။ အီရန်ရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး အဘူဒါဘီ စော်ဘွားဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်အုံးမလား၊ မလုပ်နိုင်ဘူးလားဆိုတာတော့ စောင့်ကြရပါအုံးမယ်။ တကယ်တန်ဖိုးမရှိတဲ့ အခြေအနေမျိုး ဆိုက်မဲ့ပုံပဲ။ သိသာရှင်းလင်းတဲ့ ဖြေရှင်းမှုကတော့နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ မြင့်တာကို လွှတ်ထားနိုင်ဖို့ပဲ။ ဒါပေမဲ့ပို့ကုန်တွေဟာ ခုချိန်ထိ မနှစ်က အဆင့်ထက်နိမ့်မြဲနိမ့်နေတာမို့ အစိုးရတွေကတော့သူတို့နိုင်ငံတွေရဲ့ ငွေကြေးကို လုံးဝလွှတ်ထားဖို့အင်တင်တင်ဖြစ်နေကြတယ်။

အဆင့်မြင့် ပညာရေး(သို့မဟုတ်) အီလိုက်တက္ကသိုလ်များ

အမေရိကန်ရဲ့ အထက်တန်းကျောင်းသားတွေဟာ ကနေဒါ၊ ဖင်လန်နဲ့ တောင်ကိုရီးယားက ကျောင်းသားတွေရဲ့ ပျမ်းမျှအရည်အချင်းကို မီမယ်ဆိုရင် အမေရိကန် GDP ဟာ ၉ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းထ၊ တစ်နည်းပြောရရင် ၁.၃ ထရီလီယံကနေ ၂.၃ ထရီလီယံ ထိ မြင့်တက်နိုင်ပါတယ်လို့ မကကင်စီ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါဟာ အမေရိကန်ရဲ့ပြဿနာ ပါပဲ။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အခု ၂၉ မှာ အမေရိကန်တက္ကသိုလ်တွေ အများဆုံးပါပေမယ့်လို့ အခြေခံပညာအဆင့်မှာတော့ တောင်ကိုရီးယား က ကျောင်းသားတွေကို မမီပါဘူး။ ကိုရီးယားကျောင်းသားတွေဟာ ညလုံးပေါက်စာကြည့်နေတဲ့အချိန်မှာ အမေရိကန်လူငယ်တွေဟာ ဟောလီဝုဒ်ကားတွေကြည့်လိုက်၊ ဂိမ်းနှိပ်လိုက် လုပ်နေပါတယ် ယခင်ပညာရေးဝန်ကြီးဟောင်း ကိုယ်တိုင်က အမေရိကန်ကလေးတွေက စာသင်ဖို့ထက် အပျော်အပါးဘက်ကို ပိုပြီးစိတ်အားထက်သန်နေတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

 ဒါကလည်း အစိုးရနဲ့ ပြည်သူတွေက အီလိုက်တက္ကသိုလ်တွေကိုပဲ အာရုံစိုက်နေကြလို့ဖြစ်ပါတယ်။ အီလိုက်တက္ကသိုလ်ဆိုတာ အခွင့်ထူးခံ လူတန်းစားများသာ တတ်နိုင်တဲ့၊ အင်မတန်ကျောင်းစရိတ်ကြီးမားတဲ့ တက္ကသိုလ်တွေကို ဆိုလိုတာပါ။ ဥပမာအားဖြင့် ဟားဗတ်တက္ကသိုလ်က ကျောင်းသားများထံမှ ရတဲ့ ၀င်ကြေးနဲ့ ကျောင်းလခဟာ အမေရိကန်ဒေါ်လာ ကုဋေ ၃၅၀၀ ( ၃၅ ဘီလီယံ) ခန့် ရှိပါတယ်။ ဒါဟာနိုင်ငံငယ်တစ်ခုရဲ့ စုစုပေါင်း GDP ပမာဏ လောက်ရှိပါတယ်။ ယေး(Yale) တက္ကသိုလ်ဆိုရင်လည်း ကျောင်းသားထံမှရငွေ ဒေါ်လာကုဋေ ၂၂၅၀ ရှိပြီး ၊ ပရင်စတန်ဆိုလျှင် ကုဋေ ၁၄၈၀ ထိရှိကြပါတယ်။

 ဒီလို တက္ကသိုလ်တွေ ကို သာမန်လူတန်းစားတွေ တက်ရောက်ဖို့ဘယ်လိုမှ မလွယ်ကူလှပါ။ အခွင့်ထူးခံ လူမလိုင်အီလိုက်တွေပဲ တက်ရောက်နိုင်ကြပါတယ်။ ဒီတော့ဒီတက္ကသိုလ်တွေကို တက်နိုင်တဲ့ ကျောင်းသားတွေ မာန်တကြွကြွဖြစ်နေတာ ဘာဆန်းတော့လို့လဲ။ တစ်ချိန်မှာ ကျောင်းထဲက မိမိသူငယ်ချင်းဟာ သမ္မတကြီးလဲ ဖြစ်နိုင်တယ်။ ၀န်ကြီးချုပ်လည်းဖြစ်နိုင်တယ်ဆိုတဲ့ အသိစိတ်ဟာ ကျောင်းသားတွေကို ပိုပြီး ဘ၀င်မြင့်စေပါတယ်။ ကျောင်းသားတွေဟာ ပညာကို ကြိုးကြိုးစားစား သင်ယူလေ့လာဖို့ထက် ကျောင်းပြီးရင် အောင်မြင်မှုကို ရရှိဖို့ ပိုပြီး စိတ်အားသန်နေကြပါတယ်။ တကယ်တော့ အမေရိကန်မှာ အခြေခံ ပညာရေးကိုတောင် ဆုံးခန်းတိုင် အောင် မတက်နိုင်ဘဲ ကျောင်းထွက်သွားရတဲ့လူတွေ အများအပြား   ရှိပါသေးတယ်။ ဒီလူတွေဟာ ကုန်ထုတ်စွမ်းအားမရှိတဲ့ ၊ လစာဝင်ငွေနည်းတဲ့ အလုပ်တွေမှာ လုပ်နေရပါတယ်။ ဒီတော့ သူတို့ရဲ့သားသမီးတွေကိုလည်း ပညာအပြည့်အ၀ သင်ကြားပေးနိုင်ခြင်းမရှိတော့ပါဘူး။

 ဒီလိုနဲ့ဘဲ ဆင်းရဲမှုနဲ့ ပညာမပြည့်ဝမှုဟာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပြီး ဆင်းရဲသံသရာ လည်နေပါတယ်။ ဒီလိုလူတွေကို ငွေကြေးထောက်ပံ့ပြီး ပညာသင်ကြားခွင့်ရအောင် လုပ်ပေးနိုင်ရင် တိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမှာပါ။ ဒါကြောင့်ဆင်းရဲတဲ့ မိသားစုမှ ကလေးတွေကို ပညာသင်စရိတ် ထောက်ပံ့တာဟာ လူမှုဖူလုံရေး လုပ်ငန်းတစ်ခုမဟုတ်ပါဘူး။ တကယ်အကျိုးအမြတ်ရရှိမဲ့ စီးပွားရေးအလုပ်ကြီးပါ။ ဒီတော့ ပညာစီးပွားရေး (Knowledge economy ) ကိုပဲ နိုင်ငံရဲ့အဓိက စီးပွားရေးအဖြစ် ငွေကုဋေနဲ့ချီပြီး သုံးစွဲလို့ရတဲ့ နိုင်ငံတွေဟာ ဒီလိုနေရာမျိုးတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်က ကျောင်းဆရာများညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သလိုပါပဲ။ " ပညာရေးသည် နိုင်ငံရေးဖြစ်ပါသည်။"
lu bo
Unknown at 10:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်မည်




ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ ခွင့်ပြုချက်ဖြင့် ၈-၅-၂၀၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Kasikorn ထိုင်းဗဟိုဘဏ် ဌာနချုပ်တွင် မြန်မာနှင့်ထိုင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ငွေလွှဲခြင်း လုပ်ငန်းကို ထိုင်းနိုင်ငံ Kasikorn ဘဏ်နှင့် မြန်မာနိုင်ငံ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တရားဝင် ငွေလွှဲပို့နိုင်ရန် ဆောင်ရွက်ခြင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အန္တရာယ်ကင်းစွာဖြင့် မိမိ၏ နေအိမ်သို့ ငွေလွှဲပို့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ငွေလွှဲစံနှုန်းကိုလည်း ယူရိုငွေပေါ်တွင် မူတည်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် စာချုပ် ချုပ်ဆိုပြီးသော်လည်း လုပ်ငန်းစဉ် စနစ်တကျ ဖြစ်ရန်အတွက် ဇွန်လမှသာ မြန်မာအလုပ်သမား အများဆုံး တည်ရှိသည့် မဟာချိုင် ဒေသတွင်ရှိသည့် Kasikorn ဘဏ်ခွဲတွင် စတင်ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံရှိ Kasikorn ဘဏ်ခွဲများ အားလုံး၌ ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး ထိုဘဏ်များ၌ မြန်မာဘာသာပြန် ဝန်ထမ်းများလည်း ထားရှိသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ Kasikorn ဘဏ်သည် ထိုင်းနိုင်ငံအတွင်း အသုံးပြုနေသည့် အလိုအလျောက် ငွေထုတ်စက် (ATM) တွင် မြန်မာဘာသာကို ပထမဆုံး ထည့်သွင်းပေးထားသည့် ဘဏ်တစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

Myanmar Express
Unknown at 10:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂ သိန်းခွဲတန်ဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ပေး၍၀ယ်ယူ




From : Internet
မှုရင်းဈေးနှုန်း ၂ သိန်းခွဲသာရှိ သည့် WCDMA မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ဖြင့်အရောင်းအ၀ယ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းအကျိုးဆောင်လုပ်ငန်းတစ်ခုမှသိရသည်။ နံပါတ်အပူးများပါရှိသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးကြီးပေး၍ လိုက်လံဝယ်သူများကြောင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဂဏန်း ၅ လုံးပူး၍ ရှေ့ဆုံးဂဏန်း၌ ၂ လုံးစီပူးတွဲနေသည့် မိုဘိုင်းတယ်လီဖုန်းလိုင်းတစ်ခုကို ငွေကျပ် ၁၃ သိန်းဖြင့်ရောင်းဈေးသက်မှတ်ထားခဲ့သော်လည်း ငွေကျပ် ၁၁ ကျော်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ကျုံးမြို့ရိုးအနီးရှိ မိုဘိုင်းဟန်းဆက် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ ၀ယ်ယူသူများအနေဖြင့် နံပါတ်အလှဟုခေါ်ဆိုသည့် အပူးနံပါတ်များနှင့်စိတ်ကြိုက်နံပါတ်များကို ဈေးကြီးပေး၍ လိုက်လံဝယ်ယူနေသကဲ့သို့ အဆိုပါကဲ့သို့နံပါတ်များကို သိမ်းဆည်းသိုလှောင်၍ ဈေးကောင်းကောင်းဖြင့်ပြန်လည်ရောင်းချသူများလည်း ဈေးကွက်အတွင်းဖြစ်ပေါ်နေခဲ့ကြသည်။ ““ဖုန်းဆိုင်မှာ သုညတွေချည်းပဲ အများဆုံးပါတဲ့ WCDMA ကတ် တွေ့လို့မေးကြည့်တာ ဈေးက ၁၀ သိန်းကျော်နေတာတွေ့ရလို့ အံ့သြ ရတယ်””ဟု မုံရွာမြို့မှ မန္တလေးမြို့သို့ ဟန်းဆက်လာရောက်ဝယ်ယူသူတစ်ဦးကပြောသည်။ မိုဘိုင်းဖုန်း လိုင်းများသည် နံပါတ်များအပေါ်မှုတည်၍ ပြင်ပပေါက်ဈေးအမျိုးမျိုး ဖြစ်ပေါ်တက်ကြပြီး အမြင့်ဆုံးသော ပေါက်ဈေးမှာ ၁၃ သိန်းအထိ တည်ရှိနေကြောင်း မန္တလေးမြို့ရှိ ဒေသခံ မိုဘိုင်းဖုန်းအကျိုးဆောင်များကဆိုသည်။ မိုဘိုင်းဖုန်းဆိုင်များနှင့် အကျိုးဆောင်များ လက်ဝယ်၌သာ ဖုန်းလိုင်းတန်ဖိုးများမြင့်တက်နေခြင်း မဟုတ်ဘဲ မိမိကိုင်ဆောင်လိုသည့် နံပါတ်များသို့ ခေါ်ဆိုဆက်သွယ်ကာ ဈေးကောင်းပေး၍ ၀ယ်ယူနေသူများ လက်ရှိကာလ၌ များပြားလာခဲ့ကြကြောင်းသိရသည်။ ““ကျွန်တော် လက်ရှိကိုင်ထားတဲ့ဖုန်းရဲ့ နောက်က နံပါတ် ၄ လုံးတူတဲ့ဖုန်းကို လက်ရှိ ချပေးတဲ့ရှေ့ပိုင်းကုဒ်နံပါတ်တွေနဲ့ ပေါင်းပြီးခေါ်ကြည့်လိုက်တော့ လိုင်းပွင့်နေတယ်။ ရောင်းမလားလို့မေး ကြည့်တော့ ၄ သိန်းလောက်အထိ ဈေးခေါ်နေတာနဲ့ သွားမ၀ယ်ဖြစ် တော့တာ””ဟု ခရီးသွားဧဂျင့်တစ်ခုမှ လူငယ်တစ်ဦးကဆိုသည်။

Myanmar Express
Unknown at 10:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
 
မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
 
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

`` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။


အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်းလျှပ်စစ်ရုံးမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။


ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေမှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများ သွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။

 
မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက်ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီး သည့်နေရာများတွင် သာ  တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။
 
``ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ် ၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထား မယ် ၊ ကျမတို့လဲ ပေးချင်ပါတယ် ၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ ၊ လုပ်ငန်းပဲ သုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။ ကြိုးစားပြီးမျှတအောင်   ဆောင်ရွက်သွားပါမယ် ´´ဟု ဒေါ်အေးအေးမင်းက ပြောသည်။
 
၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေလူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်းခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။

 
ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး   ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။
 
`` မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီမီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ´´ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှု ကြောင့် လူအများ ရာသီဥတုဒဏ်ပိုမိုခံစားရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများ ကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲများ   ပေါ်ပေါက်လာခြင်းဖြစ်သည်။


`` အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ် တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံ သားတွေကြတော့ ကိုယ့်ရဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ´´ ဟု ရွှေလှံရပ်ကွက်တွင်   နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲတွင် ပြောပြသွားသည်။


မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော် တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်းသိရသည်။


ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရသည်။



Unknown at 10:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စာရင်းငှားတို့ ရွှေခေတ်ရောက်ပြီ



လယ်ယာလုပ်ငန်းက ၀င်ငွေ နည်းတယ်၊ ပင်ပန်းတယ်။ ဒါကြောင့် လယ်ယာလုပ်သား အများစုက ဒေသပြောင်းရွှေ့၊ လုပ်ငန်းပြောင်းလုပ်နေကြပြီ တဲ့။ လယ်ယာလုပ်ငန်းခွင်မှာ အင်အား အများအပြား လျော့နည်းသွားတယ်လို့ ဒီနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

ဟိုတုန်းကတော့ လယ်စာရင်းငှားကို ဆူပူငေါက်ငမ်းပြီး ခိုင်းခဲ့ပေမယ့် အခုတော့ ချော့ပြီး ခိုင်းနေရတယ်လို့ ဆိုပါတယ်။

ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvp9kquEpTSfL-zXibEq_SY1AbeTAKgHHM5N4hQSUcQ3Jzc_L8RbrLSYBr5bZVwqcSnMIVgRU5-WJI3ra28F1JnMN8JXxg0LJDopZvhTxYr8iJ-XxO851rWr0Vqdu-KUL8Klv-dUYN1WA/s1600/4.jpg ဖတ်နိုင်ပါပြီ။
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီးမလာတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

 ဘယ်သူ့မှာ တာဝန်ရှိသလဲ...
  1. ဘယ်သူက Decision Maker လဲ..။
  2. ဘယ်သူကို အပြစ်တင်ရမလဲ..။
  3. ဘယ်သူက ဘာလုပ်ပေးနိုင်သလဲ..။
  4. ဘယ်သူတွေက အခွင့်ထူးခံလဲ.....။
  5. ဘယ်သူတွေက စံစားနေသလဲ....။

ဒီမေးခွန်း ၆ ခုကတော့ ကိုရန်အောင်
က သူ့ပို့စ်မှာ
 မေးထားတာတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ဖြေသင့်တယ်လို့ ယူဆတဲ့အတွက် “ဒီမိုကရေစီ နိုင်ငံရေးစနစ် ရှုထောင့်ကနေ” အလေးအနက်ထား ဖြေပါရစေ။

မီးပြတ်တယ်.. မီးဖြတ်တယ်.. မီးမလာဘူး.. သာတူညီမျှ မီးရပိုင်ခွင့် မရှိဘူး… စတဲ့ ကိစ္စတွေအတွက် ပြည်သူမှာ တာဝန် ရှိပါတယ်။ ကနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ်က ဒီမိုကရေစီ နိုင်ငံရေးစနစ် ဖြစ်လို့ လူတိုင်းဟာ သာတူညီမျှ ခံစားပိုင်ခွင့် ရှိရပါမယ်။ ဘယ်သူတဦးတယောက်မှ ပိုပြီး ခံစားပိုင်ခွင့် သီးခြား ရှိမနေရပါဘူ။ မရှိရင် အားလုံးမှာ မရှိတာ ဖြစ်နေရသလို ရှိရင်လည်း အားလုံးက ညီတူညီမျှ ခွဲဝေထားတာပဲ ဖြစ်ရပါမယ်။

ယန္တရားက ကောင်းလျက်သားနဲ့ အလုပ်မတွင်တာ၊ မှားသွားတာဟာ ယန္တရားကြောင့် မဟုတ်ဘဲ မောင်းနှင်သူကြောင့်သာ ဖြစ်ရပါတယ်။ အဲဒီမောင်းနှင်သူကို ဘယ်သူက အလုပ်ခန့်သလဲ.. ခန့်တဲ့သူမှာသာ တာဝန်ရှိပါတယ်။

ဒီမိုကရေစီ ဖြစ်တဲ့အတိုင်း ပြည်သူကသာ အာဏာကို ပိုင်ဆိုင်ပါတယ်။ ပြည်သူရဲ့ အာဏာဟာ အလွဲသုံးစား လုပ်ခံရလို့ လုံးဝ မဖြစ်ပါဘူး။ အာဏာ အလွဲသုံးစား ခံရရင် အလွဲသုံးစားသူကို ပြည်သူတွေက ဖယ်ရှားပြီး အသင့်တော်ဆုံးသူကို ပြန်လည် အစားထိုးရပါမယ်။  

မီးမလာရတဲ့ ချို့ယွင်းချက်ကို လက်ပိုက်ကြည့်နေလို့ မရပါဘူး။ အချိန်မီ ပြင်ဆင်ယူနိုင်ရပါမယ်။ ပြင်ဆင်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ မီးလာအောင် လုပ်ယူဖို့ ပြည်သူတွေမှာ လုပ်ပိုင်ခွင့် ရှိပြီးသား ဖြစ်ပါတယ်။ “ဘယ်သူ့မှာ တာဝန်ရှိသလဲ” ဆိုတဲ့ မေးခွန်း (၁) ရဲ့ အဖြေကတော့ ပြည်သူတွေသာ ဖြစ်ပါတယ်။

ကျန်တဲ့မေးခွန်းတွေမှာလည်း ဒီသဘောအတိုင်း ဆက်ဖြေလို့ ရပါပြီ။

အဖြေ (၂) .. ဒီကိစ္စအပေါ် အဆုံးအဖြတ်ပေးသူ (Decision Maker) ဟာ ပြည်သူပဲ ဖြစ်ပါတယ်။ ပြည်သူကသာ အသင့်တော်ဆုံးသူကို ရွေးချယ် ခန့်ထားရပါမယ်။

အဖြေ (၃) .. အမှားအယွင်းတွေ၊ ချွတ်ယွင်းမှုတွေအပေါ်မှာ အပြစ်တင်ခံရမယ့်သူကတော့ ဒီစနစ်ကို အမီမလိုက်နိုင်သူသာ ဖြစ်ပါတယ်။

အဖြေ (၄) ..  ဒီလို အမှားအယွင်းတွေ၊ ချွတ်ယွင်းမှုတွေအတွက် ပြင်ဆင်ယူနိုင်ဖို့ သင့်တော်သူတွေကို ပြည်သူတွေကသာ ပြန်လည်ရွေးချယ် ပေးရပါမယ်။

အဖြေ (၅) .. အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ မှန်သမျှဟာ ပြည်သူတွေအတွက်သာ ဖြစ်ရပါမယ်။ ပြည်သူ့အကျိုးစီးပွားသာ ဖြစ်ရပါမယ်။ အားလုံးဟာ အေးတူ ပူအမျှ စိတ်ဓါတ်အရ သာတူညီမျှ ခံစားပိုင်ခွင့် ရှိနေရပါမယ်။ အခွင့်ထူးခံတဲ့ လုပ်ရပ်မျိုးကို ခွင့်ပြုလို့ မရပါဘူး။ အခွင့်ထူးခံနေသူ ရှိရင် စနစ်ရဲ့ အားနည်းချက်သာ ဖြစ်ရပါမယ်။

အဖြေ (၆) .. အထက်က အဖြေ (၅) လို မဟုတ်ဘဲ အခွင့်အရေးကို ယူနေရင် ပြည်သူကို သစ္စာမစောင့်သူသာ ဖြစ်ပါတယ်။

အခြားရှုထောင့်တွေကလည်း ကိုရန်အောင်ရဲ့ မေးခွန်းတွေကို ဖြေနိုင်ပါလိမ့်မယ်။ တံခါးတွေ ဖွင့်လိုက်တဲ့အခါ နေရောင်ခြည်အောက်မှာ မြင်နိုင်စွမ်းတွေ ပိုကောင်းလာသလို မြန်မာပြည်သူတွေ မျက်စိပွင့် နားပွင့်လာကြလို့ အရင်ထက်ပိုပြီး အတွေးအခေါ်တွေ ထက်သန်စူးရှလာရုံမက အရင်ထက်ပိုပြီး စိတ်ဓါတ်တွေ မှန်ကန် ရင့်သန်လာကြတာကိုလည်း သတိပြုမိပါတယ်။ တိုင်းပြည်တိုးတက်ဖို့ အလားအလာကောင်းတွေပဲ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂ဝ-၅-၂ဝ၁၂
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Form ရောင်းစားနေတာလား


အခုဆိုရင်..မြန်မာနိုင်ငံမှာအလုပ်တွေခေါ်တာများလာတော့
အလုပ်အကိုင်ရှာဖွေရေး Agent တွေလည်း တော်တော်အလုပ်ဖြစ် နေပါတယ်..။
အလုပ်အကိုင်ရှာဖွေရေး Agent တရားဝင်အမည်မခံဘဲ လုပ်စားနေတဲ့
အဖွဲအစည်းတွေလည်း ရှိနေပါတယ်..။ အလုပ်အကိုင်ရှာဖွေနေကြတဲ့
ဘွဲ့ရပညာတက်လေးတွေမှာ မရှိတဲ့ကြား က အချိန်ကုန်၊ လမ်းစရိတ်ကုန် ၊
စာရွတ်စာတမ်းကြေးတွေကုန်ဖြစ်ရတဲ့အပြင် အလုပ်ခေါ်တယ်ဆိုပြီး Form
ရောင်းစားနေတဲ့ ကုမ္ပဏီ တွေလည်း ရှိနေပါတယ်..။

စာရေးသူကိုယ်တိုင် အလုပ်တစ်ခုခေါ်တာကို သွားလျှောက်ကြည့်ပါတယ်..။
စဦးဆုံးသွားလျှောက်ရင် ကိုယ်တိုင်ခေါ်တဲ့ ကုမ္ပဏီ တွေဆိုရင်
ကျနော်တို့ပေးတဲ့ စာရွတ်စာတမ်းတွေကို စစ်ဆေးကြည့်ရှုပြီး
လက်ခံထားလိုက်ပါတယ်..။ လုပ်ငန်း တွင်းရှိ တာဝန်ခံများနဲ့ ဆွေးနွေးပြီး
အလုပ်ခေါ်ကြပါတယ်။ တချို့ ကုမ္ပဏီများကြတော့ သတ်မှတ်ထားတဲ့
အလုပ်လျှောက်လွှာများ ထုတ်ပေးကြပါတယ်..။
အဲ့ဒီအတွက် ငွေကြေးတစ်စုံတရာတောင်းခံတာမျိုးမရှိပါဘူး..။
ကျနော်တွေ့ခဲ့တဲ့ ကုမ္ပဏီကျတော့ အဲ့လိုမျိုး မဟုတ်ပါဘူး..။ ရောက်တာနဲ့
Form ဖြည့်ခိုင်းတော့တာပါပဲ..။ ပြီတော့ပြောပါတယ်..။ သူတို့က ကိုယ်စား
ရှာဖွေပေးတာလို့..။ ကိုယ်စားရှာဖွေပေးရင် Agent ပေါ့..။

လိုင်စင်တွေဘာတွေ ရေးထားတင်ထားတာလည်း မတွေ့ခဲ့ပါဘူး..။ ထားပါတော့..အဲ့ဒါတွေ..။
ကျနော်လည်း ဘွဲ့ရ အလုပ်လက်မဲ့ ဆိုတော့ ကျွမ်းကျင်မှုအလိုက်
အလုပ်ရှာရမယ်လေ..။ သူတို့ရောင်းတဲ့ Form လေးကိုဝယ်ပြီး ဖြည့်ရပါတယ်..။
ဖြည့်ပြီးတော့ သူတို့တောင်းတဲ့ ၀န်ဆောင်ခငွေကြေးကိုပေးရပါတယ်..။ တစ်ထောင်
ပေးရပါတယ်။ အလုပ်ရ /မရ တော့မသိပါဘူး။ ကျနော်တို့ဆီကနေ တစ်ထောင်တော့
ယူသွားပါပြီ။ အလုပ်မရှိအကိုင်မရှိတွေဆီကနေ တစ်ထောင်ရအောင်ယူသွားနိုင်တာ
သူတို့တော်ပါတယ်ဗျာ..။ အမှန်ဆို ကျနော်သွားတင်ကတည်းက
အလုပ်ကိုယ်စားရှာပေးတဲ့ကိုယ်စားလှယ်ကုမ္ပဏီ လို့ မထင်လို့သွားတင်မိတာပါ..။
ရောက်နေမှတော့ ဆိုတဲ့ (မထူးပါဘူး ဆိုတဲ့)စိတ်ကလေးနဲ့ တင်လိုက်တာပါ..။

နောက်နေ့ကျတော့ သူတို့အလုပ်ခေါ်စာထဲမှာ နောက်ထပ်ကျနော်ကျွမ်းကျင်တဲ့အလုပ်
(လိုချင်တဲ့အလုပ်) နောက်တစ်ခုတွေ့လို့ ဖုန်းဆက်ပြီးပြောပါတယ်..။
အဲ့ခါကျတော့ နောက်ထပ်တစ်ကြိမ် ၀န်ဆောင်ခ ထပ်ပေးရ မယ်တဲ့ဗျာ…။ တစ်ကယ့်
အလုပ်အကိုင်ရှာဖွေရေးAgent ကြီးတွေတောင် တစ်ကြိမ်မှတ်ပုံတင်ထားရင် ၆ လ
အတွင်း အလုပ်မရမချင်းရှာပေးပါတယ်..။ အလုပ်တစ်ခုမဟုတ်ပါဘူး။
အလုပ်ပေါင်းများစွာပါ..။
သူတို့ကျမှ ၂ခုလျှောက်လို့ ၂ခါပေးရမယ်ဆိုတော့
ကျွမ်းကျင်မှုအလိုက်ဖြစ်စေ..ဒီဘက်ခေတ်အခြေအနေအရ ရတဲ့အလုပ်လုပ်ရမယ်..။
၃/၄/၅ခုလျှောက်ထားမှ  တစ်ခုရမယ်ဆိုတဲ့ တစ်စုံတစ်ခုကို
သေချာစေလိုတဲ့စိတ်မျိုးနဲ့ အလုပ်လျှောက်လွှာတင်ထားချင်တဲ့သူတွေအတွက်ကတော့
ခုနက ပုံစံကြီးက လုပ်စားတာကြီးမှန်း သိသာ စေပါတယ်..။

တစ်ကယ်အလုပ်ရရင်လည်း တစ်ခုပဲလုပ်နိုင်မှာပါ..။ အချိန်ပြည့်အလုပ်ကို
ဘယ်သူမှ ၂ ခုမလုပ်နိုင်ပါဘူး။ သေချာတာကတော့ သူတို့အလုပ်မှာ လာလျှောက်ရင်
၁ခုလျှောက်ရင် ၁၀၀၀၊ ၂ခုလျှောက်ရင် ၂၀၀၀ ပေးရ မှာပါ။ Form တွေကိုလည်း
အကန့်အသတ်မရှိရောင်းနေပြီး အလုပ်ခေါ်နေမှာပါ..။ သေချာပေါက် အင်တာဗျူး
ဝင်ရမှာပါလို့လည်း ကတိစကားပေးလိုက်ကြပါသေးတယ်..။
မျှော်လင့်ချက်ပေးလိုက်တာပေါ့ဗျာ..။ ပိုက်ဆံ ယူထားတာကိုး…။ မကြိုက်လို့
မခေါ်ပါဘူးဆိုရင် ပြီးသွားပြီလေ..။ အလုပ်သမားတွေက အများကြီးကိုးဗျ..။
အဲ့ဒီလို ကုမ္ပဏီမျိုးတွေ မြန်မာနိုင်ငံမှာဘယ်လောက်ရှိနေလဲ
ဆိုတာမသိနိုင်ပေမယ့် အခုတော့ စာရေးသူက တစ်ခု တွေ့သွားပါပြီ။  ယခု Post
လေးကို ဖတ်နေတဲ့ မိတ်ဆွေများ သိလိုရင် စာရေးသူကပြောပြပါမယ်..။
ထီးလှိုင်ရှင် စီးပွားရေးအုပ်စုဖြစ်ပါတယ်။(Job Opportunities Journal
.No.337, Page 80) မှာ အလုပ်ခေါ်စာ ပါပါတယ်။ ဖောင်ပိတ်ရက်က ၂၀.၅.၂၀၁၂ ပါ။
မန်နေဂျာ (အရောင်း/စီမံ/အစားအစာ/ကူးသန်းရောင်းဝယ်/ အုပ်ချုပ်မှုနှင့်
လူ့စွမ်းအားအရင်းအမြစ်)
၊လက်ထောက်မန်နေဂျာ၊စာရင်းကိုင်၊လက်ထောက်စာရင်းကိုင်၊
စာရင်းစစ်၊စကားပြန်၊ရုံးဝန်ထမ်း၊အထည်ချုပ်၊ မော်တာစက်ချုပ်
ကျွမ်းကျင်၊ဒရိုက်ဘာ၊အထည်ချုပ်ဝန်ထမ်း
စသည့်အလုပ်အကိုင်ပေါင်းများစွာ(စုစုပေါင်း - 1301 ခု)ကို ၂၀.၅.၂၀၁၂ နေ့
နောက်ဆုံူံးထားပြီး လျှောက်ထားနိုင်ပါတယ်..။ ရန်ကုန်၊မန္တလေး၊နေပြည်တော်
(၃) ဒေသလုံးလျှောက်ထားနိုင်ပါတယ်..။

စိတ်ဝင်စားရင်သွားလျှောက်ထားနိုင်ပါတယ်။စာရေးသူလျှောက်ခဲ့ပါတယ်။ အလုပ် ၂
ခုလျှောက်ချင်တာ.. ၂ ခု စာ တောင်းလို့ ၁ ခုပဲ လျှောက်ထားပါတယ်။
အင်တာဗျုးဝင်ပြီးရင်လည်း အတွေ့အကြုံလေးတင်ပြပါဦးမယ်..။ အလုပ်ရရင်လည်း
တင်ပြပါဦးမယ်..။ မရရင်လည်း တင်ပြပါဦးမယ်။ တစ်ပတ်အတွင်း
အင်တာဗျူးဝင်ရမယ်လို့ ပြောပါတယ်..။ (Form Fee 1000 Ks × ???? = ×××××××
Kyat) အလုပ်နေရာ ၁၃၀၁ နေရာအတွက် ရောင်းချမယ့် ဖောင်တွေက
ဘယ်လောက်ဖြစ်မလဲ..စာရှုသူ စဉ်းစားကြည့်နိုင်ပါသည်။
စာရေးသူ မျှော်လင့်နေပါတယ်…။
နန်းညွန့် ဦး
Unknown at 8:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

HIV ကာကွယ်ဆေး တွေ့ပြီ





Truvada ဟု အမည်ပေးထားသည့် ဆေးဝါးကို အမေရိကန်နိုင်ငံ၏ ဆေးဝါးနှင့် အစားအသောက် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (FDA) မှ အသိအမှတ် ပြုပေးရန် ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုတစ်စုက တင်ပြခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း HIV/AIDS ဖြစ်နေသူများကို ကူညီစောင့်ရှောက်မှု  ပေးနေသော နယ်ပယ်ထဲမှ အဖွဲ့အစည်း အချို့မှလည်း ၄င်းဆေးကို ကာကွယ်ဆေး အဖြစ် အသိအမှတ် မပြုသင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြသည်။
သို့ရာတွင် သတင်းထောက် များ၏ အဆိုအရ HIV/AIDS တိုက်ဖျက်ရေး အတွက် သမိုင်းမှတ် တိုင်သစ်တစ်ခု အဖြစ် ရောက်ရှိ လာမည် ဖြစ်သည်ဟု ဖော်ပြခဲ့ကြ သည်။ ဂလက်စတုန်း တက္ကသိုလ် မှ ဒေါက်တာ ရောဘတ်ဂရန့်က လည်း HIV/AIDS ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည့် ခေတ်ကို ရောက် ရှိတော့မည် ဖြစ်ကြောင်း၊ ပထမဆုံး သမိုင်းဝင် မှတ်တိုင်ကြီး ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်က စတင် လေ့လာမှုများအရ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် ဂျီလတ်ဆိုင် ယင်ဝေ့က ထုတ်လုပ်ခဲ့သော Truvada ဆေးဝါးသည် ကျန်းမာ သန် စွမ်းသော လိင်တူ ဆက်ဆံသည့် အမျိုးသားများ အသုံးပြုသောအခါ HIV  ဖြစ်ပွားနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး HIV/AIDS ပိုးရှိနေပြီး လိင်ဆက်ဆံနေဆဲ ပိုး မရှိသေး သော သူများ အတွက် ၇၃ ရာခိုင် နှုန်းအထိ လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြ ရသည်ဟု ဆိုသည်။ HIV/AIDS အကြံပေးကော်မတီမှ FDAကို ၁၉ မဲ ၃ မဲဖြင့် အနိုင် ရတင်ပြထားသော အချက်မှာ ကူးစက်နိုင်ခြေ များသော လိင်ကွဲ၊ လိင်တူချင်း ဆက်ဆံမှု များသော ပိုးမရှိသေးသည့် အမျိုးသားများအား ၄င်းဆေးကို သုံးကြရန် အကြံပေး တင်ပြခဲ့ကြသည်။
၎င်းအဖွဲ့မှ လိင်ကျူးလွန်သူ များ၊ ပိုးရှိသူများနှင့် အတူ နေသူ များကိုလည်း ပိုးမကူးအောင် ကာ ကွယ်နိုင်သော ဆေးအဖြစ် ၄င်း ဆေးကို သေက်သုံးကြရန် ထောက် ခံမဲ အတော် များများ ပေးထားကြ သည်။ သို့ရာတွင် FDA က ၄င်း ဆေးဝါးကို သောက်သင့် မသင့် အတည်ပြုရန် ဇွန်လ ၁၅ ရက်နေ့ တွင် ချမှတ်သွားမည် ဖြစ်သည်။


 Myanmar Express
Unknown at 8:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်

လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက် စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထား
ကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့
ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက စတင်ပြီး အလုပ်သမားတွေနဲ့
စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ၃
ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘဲ၊ အရေးဆိုနေတဲ့
အလုပ်သမားတွေကို စက်ရုံက ဖိအားပေး အရေးယူတာတွေ ပြုလုပ်လာတယ်
လို့ အလုပ်သမားခေါင်းဆောင် တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ၀န်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ ဂရင်းရွိုင်ရယ် ရက်ချက်စက်ရုံက တာဝန်ရှိသူတွေ
ဆွေးနွေးခဲ့ပြီး လုပ်ခလစာ ၆၀၀၀ တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်က လုပ်ခလစာ ၃သောင်းလောက် တိုးပေးဖို့
တောင်းဆိုထားပါတယ်။

လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာ ညှိနိုင်းမှုတွေ စတင်တဲ့ ဧပြီ ၂၈
ရက်နေ့ ကတည်းက အလုပ်ဆင်းခွင့်မရဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်က လုပ်ခလစာ ၆၀၀၀ တိုးပေးတာကို လက်ခံတဲ့သူတွေ လက်မှတ်ထိုးရင်
စက်ရုံတွင်း ၀င်ခွင့်ပြုမယ်လို့ ဆိုင်းဘုတ်ကပ်ထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်ခလစာတိုး ၃ သောင်းတိုးပေးဖို့ တောင်းဆိုထားတာတဲ့အပေါ်မှာ ညှိနိုင်းတာကိုပဲ အလုပ်သမားတွေဘက်က လိုလားကြောင်း၊
အခုလို တစ်ဘက်သတ် ဆုံးဖြတ်ပြီး ၆၀၀၀ကျပ် ပဲပေးတာကို
လက်မခံနိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။
RFA-Burmese
Unknown at 8:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.