Saturday, January 28, 2012
သဘာဝ ဓါတ်ငွေ့ကို ပြည်တွင်းမှာဘဲ သုံးမယ်လို့ စွမ်းအင် ဝန်ကြီးပြော
 မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် နောက်ပိုင်း ဆောင်ရွက်မယ့် သဘာဝဓါတ်ငွေ့ စီမံကိန်းတွေက ထွက်လာတဲ့ ဓါတ်ငွေ့တွေကို ပြည်တွင်းမှာဘဲ သုံးစွဲမှာ ဖြစ်တယ်လို့ ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်း တခုမှာ ပြောလိုက်ပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ လက်ရှိ သဘောတူထားတဲ့ စွမ်းအင် ရောင်းချမှုတွေကိုလည်း ဆက် လုပ်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
BP ရေနံကုမ္ဗဏီကြီး ရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့ ကုဗပေ ၁၂ ထရီလီယံ နီးပါးရှိပြီး မြန်မာ စွမ်းအင် ဝန်ကြီး ကတော့ ဒီထက်နှစ်ဆလောက် ပိုထွက် နိုင်တယ်လို့ ဆိုပါတယ်။
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
CDMA 450MHz ဖုန်းလိုင်းများ ထပ်မံတိုးချဲ့
 ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် CDMA 450MHz ဖုန်းလိုင်းများ ထပ်မံတိုးချဲ့လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းတွင် အဆိုပါ CDMA ဖုန်းလိုင်းများ လည်းပါဝင်မည်ဖြစ်ပြီး ယခုအခါ၎င်းစီမံချက်အတွက် လိုင်းများတိုးချဲ့နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကလည်း CDMA 450MHz လိုင်းများတိုးချဲ့ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလ ၆ ရက် နေ့မှစတင်ကာ ငဖဲ(နတ်ရေကန်) တွင် လိုင်းအင်အား (၁၂၅၀)ကို လည်းကောင်း၊ ဇန်န၀ါရီ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်း (စဉ့်ကူး)တွင်လိုင်းအင်အား (၁၂၅၀) ကိုလည်းကောင်း၊ ဇန်န၀ါရီ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ (၂) တွင် လိုင်းအင်အား (၁၇၅၀)နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းငေါ့တွင် လိုင်းအင်အား (၃၀၀) ကိုလည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု ရတနာပုံဝက်ဘ်ပေါ်တယ်လ်တွင် သတင်းထုတ်ပြန်သည်။ ပြည်တွင်း၌ CDMA 450MHz, CDMA 800MHz, GSM အစရှိသည့်ဖုန်းများကို အသုံးပြုလျက်ရှိပြီး CMDA 450MHz ဖုန်းများမှာ အင်တာနက်အသုံးပြုနိုင်ခြင်းမရှိသော ဖုန်းအမျိုးအစားဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အဆိုပါဖုန်းများကို အင်တာနက်စနစ်တပ်ဆင်ချထားပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းပထမနှစ်တွင် CDMA ဖုန်းအလုံးရေတစ်သိန်း ပါဝင်မည်ဟုသိရသည်။
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ချိပ်ပိတ်ခံဘုန်းကြီးကျောင်းတွေ မှာသံဃာတွေ ပြန်သီတင်းသုံး ခွင့်ရမယ်
ရွှေဝါရောင်လှုပ်ရှားမှု အပြီး ချိပ်ပိတ်ခံခဲ့ရတဲ့ မဂ္ဂကျောင်း။
BBC — ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီး ဌာနက ချိပ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်း တွေကို မိမိသဘောနဲ့ ပြန်ဖွင့် သီတင်းသုံး နေထိုင်ကြတဲ့ သံဃာတော်တွေဟာ အဲဒီကျောင်းတိုက်တွေမှာ ဆက်လက် သီတင်းသုံး နေထိုင်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ ပြန်လွတ်လာခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား သံဃာတော်တွေက ချိပ်ပိတ် ထားတဲ့ ဘုန်းကြီးကျောင်း တွေကို ပြန်ဖွင့် နေခဲ့ကြလို့ သူတို့ကို အာဏာပိုင် တွေဘက်က တရားစွဲ အရေးယူဖို့ ပြင်ဆင်နေ တယ်လို့ ဆိုပါတယ်။
ဒီအတွက် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ကြားဝင် ဆောင်ရွက် ပေးခဲ့တာကြောင့် အရေးယူ ခံရနိုင်တဲ့ အခြေအနေ ကနေ ကင်းလွတ် သွားကြတာ ဖြစ်တယ်လို့ ရွှေတောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဏာဝံသက မိန့်ပါတယ်။
သံဃာတော်တွေရဲ့ အရေးကိစ္စကို အာဏာစက်နဲ့ မဖြေရှင်းဘဲ အခုလို ဓမ္မစက်နဲ့ ဖြေရှင်းတာ ဖြစ်တာကြောင့် ကျေနပ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
တလအတွင်း ကျောင်းတိုက်ကနေ ထွက်ခွာသွားရမယ့် ရွှေညဝါဆရာတော်ကိစ္စနဲ့ တရား ဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော်တို့ ကိစ္စတွေလည်း မကြာခင် ပြေလည် လာမယ်လို့ သိရကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
၂၀၀၇ ခုနှစ်သံဃာ့ လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ချိပ်ပိတ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းတွေကတော့ မဂ္ဂင်ကျောင်း၊ ရွှေတောင်ကျောင်း၊ သာသနာ့ဗိမာန်ကျောင်း၊ သာသနာ့ဂုဏ်ရည်ကျောင်းနဲ့ သန်လျင်မြို့နယ်ထဲက အောင်ဗောဓိကျောင်းတို့ဖြစ်ကြပါတယ်။
BBC
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လာမည့် ၄ နှစ်အတွင်း ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် အင်တာနက်သုံးကြမည်ဟုဆို
 Google က ဦးဆောင်ပြုလုပ်ခဲ့သည့် လေ့လာမှု စစ်တမ်းတစ်ခုအရ လာမည့် ၄ နှစ်အတွင်း ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၃ ဘီလီယံမှာ အင်တာနက် အသုံးပြုလာကြမည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုသူဦးရေသည် နှစ်စဉ် သန်း ၂၀၀ ခန့် တိုးတက်လာနေကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုသူများ၏ ၈၀ ရာခိုင်နှုန်းမှာ အင်တာနက်ကို ၄င်းတို့၏ မိုဘိုင်းဖုန်းပေါ်မှ အသုံးပြုနေကြလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့အတူ ၂၀၁၆ ခုနှစ်တွင် G20 နိုင်ငံများ၌ ဝက်ဘ်ဆိုက်အခြေပြု စီးပွားရေးတန်ဖိုးမှာ နှစ်ဆနီးပါး မြင့်တက်လာမည်ဖြစ်ကြောင်း Boston Consulting အုပ်စု၏ စစ်တမ်းအရ သိရှိရသည်။
လက်ရှိတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံမှ လာမည့် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံအထိ မြင့်တက်လာနိုင်သည်ဟုဆိုသည်။ ထိုသို့ မြင့်တက်လာခြင်းမှာ မိုဘိုင်းအင်တာနက် အသုံးပြုမှု လျင်မြန်စွာ တိုးတက်လာခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။ ဗြိတိန်နိုင်ငံသည် e-commerce ကဏ္ဍတွင် အအောင်မြင်ဆုံး ဖြစ်လာမည်ဟု ထိုလေ့လာမှုကဆိုသည်။
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒုတိယအကြိမ် တွေ့ဆုံပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ၈၈ မျိုးဆက်ကျောင်းသားကိုကိုကြီးအား တွေ့ရစဉ်။ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် တွေ့ဆုံခဲ့ကြပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့ ကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း သိရပါသည်။
“ကျွန်တော်ရယ်၊ ကိုဌေးကြွယ်ရယ်၊ ကိုကိုကြီး ရယ် ဒီသုံးဦးက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စားအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ဒီတစ်ခါ တွေ့ဆုံမှုမှာတော့ အလုပ်သဘောပါလာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့ ကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တာကတော့ ဒီအချက်သုံးချက်ပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာတွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး” ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေပိုင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အလွတ်သဘော တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံစဉ်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ ၊ ကိုအံ့ဘွယ်ကျော်၊ကိုအောင်သူနှင့်  ကိုပဏ္ဍိတ်ထွန်းတို့ ပါဝင်ခဲ့ကြပါသည်။
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန်ထုတ်လုပ်သူ ဖမ်းဆီးခံရ
 ပြင်သစ်နိုင်ငံမှ ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန် ထုတ်လုပ်သူ ကုမ္ပဏီပိုင်ရှင် တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဆိုသော အခြေအနေကြောင့် အဆိုပါ ဆီလီကွန် ထည့်သွင်းထားသူ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအတွက် သောကပွေစေခဲ့သည့် လုပ်ငန်းရှင်အား ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ကြာသပတေးနေ့က ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဂျင်းကလော့စ်မက်စ်သည် ထိုနေ့ နံနက် အစောပိုင်းက နေအိမ်တွင် ရှိနေစဉ် ရဲတပ်ဖွဲ့၏ စီးနင်း ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း TF 1ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။ မက်စ်၏ လက်ထောက်အရာရှိဟောင်း ကလောက်ဒ်ကူတီကိုလည်း ရဲများက ထိန်းသိမ်းထားလိုက်သည်။ မက်စ်သည် Poly Implants Prothesesကို ဖွင့်လှစ် ထူထောင်ခဲ့သော်လည်း (၂၀၁၀)ပြည့်နှစ်က စာရင်းဖျက်သိမ်းကာ ပိတ်ပစ်ခဲ့သည်။ နောက်ပိုင်း စစ်ဆေးမှုများအရ ၎င်းသည် ငွေကြေး သက်သာစေရန်အတွက် ထုတ်ကုန်များတွင် အရည်အသွေး မပြည့်မီသည့် ဆီလီကွန်များကို သုံးစွဲခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။
ထိုဆီလီကွန် ပစ္စည်းများမှ အဆီတစ်မျိုး ထွက်ပေါ်လာတတ်ကြောင်း သိရှိရပြီး ပြင်သစ် ကျန်းမာရေး အာဏာပိုင်များက ထိုအဆီသည် ကင်ဆာနှင့် ဆက်စပ်နေကြောင်း အထောက်အထား မတွေ့ရဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဆီလီကွန်များ ပေါက်ကွဲမှုသည် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်သဖြင့် အဆိုပါ ကုမ္ပဏီမှ ထုတ်ကုန်များကို ထည့်သွင်းထားသည့် အမျိုးသမီးတိုင်း ပြန်လည် ခွဲထုတ်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ဗြိတိန်နှင့် အချို့သော နိုင်ငံများကမူ ထိုရင်သားတွင်း ထည့်သွင်းပစ္စည်း သိုမှီးထားသူ အမျိုးသမီးများကို စောင့်ကြည့်နေရုံသာ လိုအပ်ပြီး အရေးတကြီး ခွဲထုတ်ရန် စိုးရိမ်စရာ မရှိကြောင်း ယူဆထားသည်။
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကွန်ကရစ် ဘလောက်တုံးသုံး နည်းပညာဖြင့် တည်ဆောက် မှုတွင် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းထိ သက်သာနိုင်
 မြို့ပြထူထောင်ရေးမှာ လူမှုရေးနှင့် ပတ်ဝန်းကျင် စဉ်ဆက်မပြတ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံကို နည်းပညာ ဖြန့်ဝေ သွားမယ့် ကွန်ကရစ် ဘလောက်တုံးသုံး နည်းပညာ တစ်ခုဖြစ်တဲ့ Habitech Building System နည်းပညာဟာ သမားရိုးကျ ဆောက်လုပ်ရေးစနစ် ကုန်ကျစရိတ်ထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ သက်သာနိုင်တယ်လို့ UN-Habitat (Myanmar) မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရပါ တယ်။
Habitech Building System ဆိုတာကတော့ ကွန်ကရစ် ဘလောက်တုံးကို အသုံးပြုကာ အဆောက်အဦများ တည်ဆောက်ခြင်း နည်းပညာ ဖြစ်တဲ့အတွက် သစ်အသုံးပြုကာ တည်ဆောက်ရ တဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ နေရာမှာ အစားထိုး တည်ဆောက်နိုင်တာကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် မှုတွေမှာ  အထောက်အကူတစ်ခု ဖြစ်စေတဲ့ နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်။
ဒီလို ကောင်းမွန်တဲ့ နည်းပညာကို မြန်မာနိုင်ငံ သို့ ဖြန့်ဝေေ ပးခြင်းဟာ ဆောက် လုပ်ရေးဝန်ကြီး ဌာနနဲ့ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်တို့ရဲ့ ပူးပေါင်းရွက်မှုမှာ ပထမဆုံးသော အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာဟာ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အာရှနည်းပညာ တက္ကသိုလ်တို့က ၁၉၉၀ ခုနှစ်မှ စတင်ကာ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများနဲ့ စွမ်းအင်များကို ထိထိရောက်ရောက် အသုံးချကာ ငလျင်ဒဏ်ခံ နိုင်ပြီး ကုန်ကျစရိတ် သက်သာမယ့် နည်းပညာကို ပူးပေါင်း ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ နည်းပညာကို အာရှတိုက်ရှိ နိုင်ငံများနှင့် အခြားသော နိုင်ငံများမှ အိုးအိမ်နှင့်အခြား တည်ဆောက်ရေး စီမံကိန်းများမှာ အောင်မြင်စွာ စမ်းသပ်တည်ဆောက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ နည်းပညာကို အသုံးပြုကာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက် အဦများကို ဖျာပုံနဲ့ ဘိုကလေးမြို့များမှာ စာသင်ကျောင်း များကိုပါ ထည့်သွင်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီ နည်းပညာကို ပိုမိုပြန့်ပွား စေဖို့အတွက် လက်ရှိ သုဝဏ္ဏမှာ တည်ဆောက်မယ့် စင်တာကဲ့သို့ပင် နေပြည်တော်နှင့် တာလေ တို့မှာ လည်း မကြာမီ ကာလများမှာ တည်ဆောက်သွားမှာ ဖြစ်ပါသည်။ ဒီလို ဆောင်ရွက်မှုတွေအပြင် UN-Habitat မှ ဆောက်လုပ်ရေး ၀န်ကြီး ဌာနသို့ Habitech အုတ်ရိုက်စက် အလုံး ၄၀ ၊ Hydraulic ၁၀ ခုလွှဲပြောင်းပေးခြင်းနဲ့ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ သုတေသနဌာန URDI တို့ကိုလည်း ကနဦး ဖွင့်လှစ်ခြင်း များကိုပါ ဆောင်ရွက်ပေးခဲ့ ကြတယ်လို့ သတင်းရရှိပါသည်။
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဝိုင်မက်စ်ကို အဆင့်မြင့် ဈေးလျှော့ ရောင်းမယ်
“လက်ရှိ ပုံမှန်ရောင်းဈေးက ကျပ် ခြောက်သိန်းသုံးသောင်းပေါ့။ ဒါပေမဲ့ နောက်လ ၂ ရက်နေ့ ချက်ထရီယမ်ဟိုတယ်မှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိကိုတော့ ကျပ် သုံးသိန်းခြောက်သောင်းနဲ့ တစ်ရက်တည်းရောင်းပေးမှာပါ ”လို့ ရက်ဒ်လင့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဝိုင်မက်စ်(Wimax) နည်းပညာကို ပိုအဆင့်မြှင့်ထားတဲ့အပြင် အသုံးပြုသူတွေ လွယ်ကူစေဖို့ ကော်နက်ရှင်ကောင်းအောင် လုပ်ထားတယ်လို့ လည်းဆိုတယ်။ အခုစနစ်က အင်တာနက်သုံးဖို့ အင်စတောလ်လုပ်စရာမလိုတဲ့အပြင် ကြိုးဖိုး ကုန်ကျစရိတ်လည်းမရှိဘူးလို့ သိရတယ်။
သည်နည်းပညာမှာ usage က   Limit လုပ်တာရှိသလို unlimited လုပ်တာလည်းရှိပါတယ်။ လစဉ်ကြေးကတော့ ကိုယ်ယူတဲ့ (speed)
မြန်နှုန်းပေါ်မူတည်ပြီးဈေးကွာတယ်လို့သိရတယ်။
အမြန်နှုန်းနဲ့ လစဉ်ကြေး
Speed( မြန်နှုန်း)                  လစဉ်ကြေး
၅၁၂ Kbs                             ဒေါ်လာ ၃၀
၁ Mbs                                 ဒေါ်လာ ၅၅
၂     ။                                   ဒေါ်လာ ၉၀
၂     ။                                   ဒေါ်လာ ၁၂၀
၃     ။                                   ဒေါ်လာ ၁၅၅
စုမြတ်လှိုင်( မော်ဒန် သတင်းဂျာနယ်)
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အကယ်ဒမီပေးပွဲတွင် ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးခွင့်အား MRTV -4 မှ အပိုင်သိမ်း
ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲတွင် လွတ်လပ်စွာ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့်ကို MRTV-4 သာ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များတွင် ကျင်းပသည့် ဆုပေးပွဲများလို အကယ်ဒမီဆုရရှိသူကို ကြေငြာသည့်အခါ ယင်းထိုင်နေသည့် ထိုင်ခုံသို့ သွားရောက် ရိုက်ကူး ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ၊ အားလုံးစုံ၍ ဆုယူမည့်အခါမှသာ စင်မြင့်ရှေ့မှနေ၍ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်ကို ရရှိမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောကြားသည်။
“ကျွန်တော်တို့က အကယ်ဒမီရတဲ့သူတွေရဲ့ အပျော်တွေကို ပရိတ်သတ်တွေ မြင်စေချင်လို့ အက်ရှင်တွေယူပြီး ရိုက်ရတာ၊ ဒီလိုမှ မရိုက်ရဘဲ၊ ဆုယူမှသာရိုက်ရမယ်ဆိုရင် အဆင်မပြေဘူး။ ပုံကောင်းကောင်းလည်း မရနိုင်ဘူး”ဟု ပြည်တွင်း ဓာတ်ပုံသတင်းထောက်တစ်ဦးက ဆိုသည်။
အဆိုပါ ဆုပေးပွဲသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအနေဖြင့် သတ်မှတ်နေရာတွင်သာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့် ရမည်ဖြစ်ကာ ဆုပေးပွဲပြီးမှသာ MRTV-4 မှရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထည့်သွင်းထားသည့် စီဒီတစ်ချပ်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ မကြိုက်ဘူး။ ဒီလိုလုပ်တော့ ပုံကောင်းမရဘူး။ ဒါကြောင့် သွားမရိုက်ဘူး။ အဲဒီနေ့ ရန်ကုန်မှာပဲ ရှိမယ်”ဟု ပြည်တွင်းဂျာနယ် တစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
အဆိုပါ အစီအစဉ်အား လုံခြုံရေး အခြေအနေများကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခရော်နီကယ်၏ ဖုန်းဆက်မေးမြန်းခြင်းကို  ပြန်လည်ဖြေကြားသည်။
အကယ်ဒမီဆုပေးပွဲတွင် ဒရမ်မာ လေးကားပါဝင်သည့် ရုပ်ရှင်ဇာတ်ကား ၁၅ ကား စာရင်းဝင်ပြီး အများစုမှာ ဟာသကားများသာဖြစ်ကာ စိုင်းစိုင်း ခမ်းလှိုင်၊ ပြေတီဦးနှင့် သက်မွန်မြင့်တို့ သရုပ်ဆောင်ထားသည့် အာဒမ်ရယ် ဧဝရယ် ဒဿရယ်ဇာတ်ကားမှာ အကယ်ဒမီဆုရရှိမည်ဟု ထင်ကြေးအများဆုံး ပေးခံရသည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။
Unknown at 9:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိုင်ငံ​တော်သံဃမဟာနာယက ​ရွှေဝါ​ရောင်သံဃာ​တော်များ​ကိစ္စ ကြား​ဝင်​ဖြေရှင်း
ရွှေဝါ​ရောင်​ တော်လှန်​ရေး​မှာ ဖမ်း​ဆီး​ ထိန်း​သိမ်း​ခံခဲ့​ရပြီး​ အခုလ ၁၃ ရက်​နေ့​မှာ ပြန်လွတ်လာကြတဲ့​ သံဃာငါး​ပါး​ကို ပိတ်ထား​တဲ့​ ​ကျောင်း​တွေမှာ ဝင်​ရောက် သီတင်း​သုံး​တဲ့​ အ​ပေါ် ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က တရား​စွဲဆိုတဲ့​ကိစ္စကို နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ကြား​ဝင်​ဖြေရှင်း​ပေး​လိုက်တဲ့​အတွက် တရား​စွဲဆိုမှုကို ပြန်လည်ရုပ်သိမ်း​သွား​ပါတယ်။
သံဃာငါး​ပါး​က ​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ သံဃာတပ်​ပေါင်း​စု ​ခေါင်း​ဆောင် အရှင်ဂမ္ဘီရနဲ့​ ​ဂျောင်း​ဂျောင်း​လို့​ လူသိများ​တဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေ​တောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည် ​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ ဆရာ​တော် ဦး​ပညာသီဟ တို့​ ဖြစ်ပါတယ်။
ရွှေဝါ​ရောင်​ တော်လှန်​ရေး​အပြီး​ ချိတ်ပိတ်တဲ့​ ဘုန်း​ကြီး​ကျောင်း​တွေကို ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ သံဃာ​တွေက ကိုယ့်​ကျောင်း​ ကိုယ်ပြန်သီတင်း​သုံး​တာကို တရား​စွဲဖို့​လုပ်တာပါ။
ဒါ​ကြောင့်​ နိုင်ငံ​တော် သံဃမဟာနာယက ဆရာ​တော်​တွေက အဲဒီ့​ သံဃာ​တွေကို နိုင်ငံ​တော်သံဃမဟာနာယကရုံး​ကို ဒီက​နေ့​ ​ခေါ်ယူ​မေး​မြန်း​ ဩဝါဒ ​ပေး​တဲ့​အတွက် ​ပြေလည်ခဲ့​ပါတယ်။
ဒီက​နေ့​ နိုင်ငံ​တော်သံဃမဟာနာယက ဆရာ​တော်​တွေထံကို ကြွခဲ့​တဲ့​ ဦး​ပဏ္ဍဝံသက အစိုး​ရက တရား​စွဲတာ ပြန်ရုပ်သိမ်း​တဲ့​အပြင် ​ကျောင်း​ဖွင့်​ပွဲကို နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​က ဦး​စီး​ကျင်း​ပ​ပေး​မယ် ဆိုတာကိုပါ သ​ဘောတူညီချက်ရခဲ့​တယ်လို့​ ခုလို မိန့်​ကြား​ပါတယ်။
“နိုင်ငံ​ တော်ဗဟို သံဃနာယက ဥက္ကဋ္ဌ ဆရာ​တော်ကြီး​ကိုယ်တိုင်က ပါတယ်။ မင်း​တို့​ဒီလိုလုပ်ရမှာ မဟုတ်ဘူး​။ အခုပဲ လွတ်တယ်။ အခုပဲ ​ထောင်ထဲပြန်ထည့်​တယ် ဆိုရင် တိုင်း​ပြည် သိက္ခာကျတယ်။ သံဃာ​တော်​တွေကိစ္စ ငါတို့​ သံဃမဟာနာယက က တာဝန်ယူ ​ဖြေရှင်း​ပေး​မယ်ဆိုပြီး​တော့​ ဦး​ဇင်း​တို့​ကို ​ခေါ်​မေး​တယ်။ ဆုံး​မဩဝါဒ​ပေး​တယ်။ ​နောက်ပြီး​တော့​ လိုအပ်တာ​တွေကို ​ဆောင်ရွက်​ပေး​တယ်။ ဦး​ဇင်း​တို့​လည်း​ အဲဒါ​တွေကို ​သေချာနား​ထောင်ပြီး​တော့​ ကိုယ်​မေး​စရာရှိတာ​တွေကို ​မေး​တယ်။ ​မေး​ပြီး​တော့​မှ နှစ်ဖက်သ​ဘောတူ၊​ မဟာသံဃမဟာနာယက က ချမှတ်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​အတိုင်း​ လိုက်နာ​နေထိုင် ကျင့်​သုံး​ပါမယ်ဆိုပြီး​ ဒီ​ကျောင်း​တွေကို ဦး​ဇင်း​တို့​လက်ထဲ​တွေကို တရား​ဝင်ပြန်ချ​ပေး​မယ်ဆိုတာကို သူတို့​ဆီက ကတိရခဲ့​တယ်။ အဲ့​လို သ​ဘောတူညီပြီး​ ပြန်လာတာပဲ။ ”
ခေါ်ယူခံရတဲ့​ သံဃာငါး​ပါး​အနက် အရှင်ဂမ္ဘီရ၊​ အရှင်ဦး​ဣဿရိယနဲ့
ဦး​ဝိသုဒ္ဒတို့​က ခရီး​လွန်​နေတဲ့​အတွက် ဒီက​နေ့​ ဦး​ပဏ္ဍဝံသနဲ့​ ဦး​ပညာစာရ ၂ ပါး​ပဲ သွား​ရောက် ဩဝါဒခံယူပါတယ်။
နိုင်ငံ​တော် သံဃမဟာနာယကရဲ့​ ခုလို ​ဆောင်ရွက်ချက်အ​ပေါ် ဝမ်း​မြောက်မိတယ်လို့​ ဦး​ပဏ္ဍဝံသက မိန့်​ကြား​သွား​ပါတယ်။
“ဦး​ဇင်း​တို့ ​ လိုချင်တာက အဲဒါပဲ​လေ။ လွန်ခဲ့​တဲ့​ အနှစ် ၂၀ ​လောက်က ​ပျောက်သွား​တဲ့​ သံဃနာယက အဖွဲ့​အစည်း​က သံဃာဘက်က ရပ်တည်မှု မရှိဘဲနဲ့​ နှစ်​ပေါင်း​ ၂၀ ​လောက် ငုတ်​နေပြီး​တော့​ အစိုး​ရဘက်မှာပဲ ဖြစ်​နေတာကိုး​။ အခု​တော့​ အဲဒီလို မဟုတ်ဘဲနဲ့​ ပြည်သူ​တွေဘက်က​ရော၊​ သံဃာ​တော်​တွေဘက်က​ရော မား​မား​မတ်မတ် ရပ်တည်တဲ့​ အ​နေအထား​လေး​ပေါ့​နော်။ အစ​လေး​ ​တွေ့​တဲ့​အခါကျ​တော့​ နည်း​နည်း​ ဝမ်း​သာတာ​ပေါ့​။ ​ကျေလည်း​ကျေနပ်တာ​ပေါ့​နော်။ ဒီထက်မက အကုန်လုံး​ အစအဆုံး​ ဒီ အ​ခြေခံ သံဃစည်း​မျဉ်း​ စည်း​ကမ်း​တွေအတိုင်း​ ဆရာ​တော်ကြီး​တွေက​နေပြီး​တော့​ ​ရှေ့​က​နေ မား​မား​မတ်မတ် ဓမ္မစက်က ​ရှေ့​သွား​၊​ အာဏာစက်က ​နောက်ကလိုက် ပုံစံကို မား​မား​မတ်မတ် ရပ်တည်​ပေး​မယ် ဆိုရင်​တော့​ ခြွင်း​ချက်မရှိ အလွန်ပဲ ရာခိုင်နှုန်း​ပြည့်​ ဝမ်း​သာရမှာပဲ။”
မကြာခင်မှာပဲ ဒီကိစ္စကို နိုင်ငံ​တော်သံဃမဟာနာယက က အများ​ပြည်သူသိ​အောင် စာထုတ်မယ်လို့​ ဆရာ​တော်က မိန့်​သွား​ပါတယ်။ 
အေးနိုင် (ဒီဗွီဘီ)
Unknown at 9:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒုတိယအကြိမ် တွေ့ဆုံပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့
ပထမအကြိမ်တွေ့ ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် တွေ့ဆုံခဲ့ကြပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့ ကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း သိရပါသည်။
"ကျွန်တော်ရယ်၊ ကိုဌေးကြွယ်ရယ်၊ ကိုကိုကြီး ရယ် ဒီသုံးဦးက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စားအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ဒီတစ်ခါ တွေ့ဆုံမှုမှာတော့ အလုပ်သဘောပါလာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့ ကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တာကတော့ ဒီအချက်သုံးချက်ပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာတွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး" ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေပိုင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အလွတ်သဘော တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံစဉ်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ ၊ ကိုအံ့ဘွယ်ကျော်၊ကိုအောင်သူနှင့်  ကိုပဏ္ဍိတ်ထွန်းတို့ ပါဝင်ခဲ့ကြပါသည်။
EMG
Unknown at 9:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျပ် ၅ထောင်တန် ဖုန်းဆင်းကဒ်ရောင်းချနိုင်ရေးအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားပြီးကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက ပြောဆို
တယ်လီဖုန်းဆင်းမ်ကဒ်တစ်ခုကို ကျပ် ၅,၀၀၀ နှင့်အများပြည်သူကို ရောင်းချနိုင်ရေးအတွက် ရွှေပြည်တံခွန်ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေး စာတိုက်၊ ကြေးနန်း ဝန်ကြီးဌာနသို့ တရားဝင် လျှောက်လွှာတင်လိုက်ပြီဖြစ်ကြောင်း  ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
`ပြည်သူတွေ စရိတ် သက်သက်သာသာနဲ့ တယ်လီဖုန်းတွေ ကိုင်နိုင်ဖို့ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့”ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ  ဦးလွင်နိုင်ဦးက ဆိုသည်။
၎င်းငါးထောင်ကျပ်တန်ဖုန်းဆင်းမ်ကဒ် အတွက် ကြိုတင်ငွေပေးကတ်တန်ဖိုးနှုန်းထား သတ်မှတ်ချက်မှာ ငါးထောင်၊ တစ်သောင်း၊ ငါးသောင်းဟု အကြမ်းဖျဉ်းသတ်မှတ်ထားကြောင်း အဆိုပါ ဆင်းမ်ကတ်တခုရဲ့ မူလတန်ဖိုးသည် မြန်မာကျပ်ငွေ ၃၀၀ ပတ်ဝန်းကျင်ခန့်ရှိကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ သိရှိရသည်။
 မြန်မာနိုင်ငံသားမှန်ပါက မည်သူမဆိုဝယ်ယူနိုင်မည်ဖြစ်ပြီး အစုရှယ်ယာအတွက် လည်း လျာထားမှုများရှိနေကြောင်း သိရှိရသည်။
ရွှေပြည်တံခွန်ကုမ္ပဏီသည် ငါးထောင်တန်ဖုန်းစီမံကိန်းကို နိုင်ငံတော်သို့တင်ပြထားရာ အဆိုပါစီမံကိန်းဆောင်ရွက်ပါက တာဝါတိုင်ပေါင်း ၂၈၀၀ ၀န်းကျင်ခန့် တည်ဆောက်ရန် စီမံထားကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ကပြောသည်။
လက်ရှိကာလတွင် ဖုန်းခေါ်ဆိုခအားမြို့တွင်း ၂၅ကျပ် သတ်မှတ်ထားသည့်နည်းတူ စာတိုပို့စနစ်တစ်စောင်အတွက် အကြမ်းဖျဉ်းသတ်မှတ်နှုန်းထား ၂၅ ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပွဲမတိုင်မီ ဆက်သွယ်ရေးကဏ္ဍကိုဖွံ့ဖြိုးစေရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ်(ရွှေမြစ်မခ)
Unknown at 9:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.