Saturday, January 28, 2012

အကယ်ဒမီပေးပွဲတွင် ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးခွင့်အား MRTV -4 မှ အပိုင်သိမ်း

ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲတွင် လွတ်လပ်စွာ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့်ကို MRTV-4 သာ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များတွင် ကျင်းပသည့် ဆုပေးပွဲများလို အကယ်ဒမီဆုရရှိသူကို ကြေငြာသည့်အခါ ယင်းထိုင်နေသည့် ထိုင်ခုံသို့ သွားရောက် ရိုက်ကူး ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ၊ အားလုံးစုံ၍ ဆုယူမည့်အခါမှသာ စင်မြင့်ရှေ့မှနေ၍ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်ကို ရရှိမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောကြားသည်။
“ကျွန်တော်တို့က အကယ်ဒမီရတဲ့သူတွေရဲ့ အပျော်တွေကို ပရိတ်သတ်တွေ မြင်စေချင်လို့ အက်ရှင်တွေယူပြီး ရိုက်ရတာ၊ ဒီလိုမှ မရိုက်ရဘဲ၊ ဆုယူမှသာရိုက်ရမယ်ဆိုရင် အဆင်မပြေဘူး။ ပုံကောင်းကောင်းလည်း မရနိုင်ဘူး”ဟု ပြည်တွင်း ဓာတ်ပုံသတင်းထောက်တစ်ဦးက ဆိုသည်။
အဆိုပါ ဆုပေးပွဲသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအနေဖြင့် သတ်မှတ်နေရာတွင်သာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့် ရမည်ဖြစ်ကာ ဆုပေးပွဲပြီးမှသာ MRTV-4 မှရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထည့်သွင်းထားသည့် စီဒီတစ်ချပ်ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ မကြိုက်ဘူး။ ဒီလိုလုပ်တော့ ပုံကောင်းမရဘူး။ ဒါကြောင့် သွားမရိုက်ဘူး။ အဲဒီနေ့ ရန်ကုန်မှာပဲ ရှိမယ်”ဟု ပြည်တွင်းဂျာနယ် တစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
အဆိုပါ အစီအစဉ်အား လုံခြုံရေး အခြေအနေများကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခရော်နီကယ်၏ ဖုန်းဆက်မေးမြန်းခြင်းကို  ပြန်လည်ဖြေကြားသည်။
အကယ်ဒမီဆုပေးပွဲတွင် ဒရမ်မာ လေးကားပါဝင်သည့် ရုပ်ရှင်ဇာတ်ကား ၁၅ ကား စာရင်းဝင်ပြီး အများစုမှာ ဟာသကားများသာဖြစ်ကာ စိုင်းစိုင်း ခမ်းလှိုင်၊ ပြေတီဦးနှင့် သက်မွန်မြင့်တို့ သရုပ်ဆောင်ထားသည့် အာဒမ်ရယ် ဧဝရယ် ဒဿရယ်ဇာတ်ကားမှာ အကယ်ဒမီဆုရရှိမည်ဟု ထင်ကြေးအများဆုံး ပေးခံရသည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။
Unknown at 9:18 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.