Monday, January 23, 2012

ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေရဲ့  အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။

ကျာက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။

ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (--- ) မှ န၀မတန်းကျောင်းသူလေး သုံးယောက်ဟာ  အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ------- ( Ph No. ------)   နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။
ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် လွယ်လွယ်လေးရယ်လေ၊  ကျောက်မဲကို နေ့လည် ၂ နာရီခွဲလောက်မှာ ဆိုက်တဲ့ လားရှိုး-ရန်ကုန် Bus ကားတွေနဲ့ လိုက်သွားရင် နောက်နေ့မနက် ၄ နာရီဆို ရန်ကုန်ရောက်ပြီပေါ့။ ကားခက တစ်သောင်းခွဲလောက် ပေးရတယ်လေ။ အဲဒါကို မချောတို့ အချင်းချင်း တိုင်ပင် ကြပြီး မိဘဆင်ထားတဲ့ ရွှေဆွဲကြိုးကို ရောင်းပြီး 15.1.2012  (တနင်္ဂနွေနေ့) က ရန်ကုန်ကို လိုက်သွားခဲ့ ကြပါတယ်။ လိပ်စာလည်း မသိပဲလိုက် သွားခဲ့ ကြတာနော်။ ရန်ကုန်ရောက်တော့ ကားဂိတ်ကနေပြီး- ကို ……….. ဆီကို  ဖုန်းဆက်ခေါ်ပြီး လဘက်ရည်ဆိုင်ကနေ စောင့်နေခဲ့ကြပါတယ်တဲ့။ အဲဒီကို ……... ဆိုတာက လူပျိုကြီး (over 30) တဲ့။ နောက်အဲဒီလူ- ကို ……… လည်းရောက်လာရော သူထင်ထားတာက အရွယ်ရောက်ပြီး မိန်းကလေး အခု တွေ့လိုက် ရတာက ၁၅ နှစ် ၀န်းကျင် ၉ တန်း ကျောင်းသူလေးတွေဆိုတော့ တွေ့တွေ့ပြီးချင်း သူပြောတဲ့စကားက " ကလေးတွေပဲ " တဲ့လေ။ အဲဒါနဲ့ ကို ……… လည်း ကောင်မလေးတွေကို အိမ်ကို ခေါ်သွားရတော့တာပေါ့လေ။
ကျောက်မဲမှာကလည်း မိဘတွေက ညရောက်လို့ ပြန်မလာတဲ့ သမီးတွေကို စိတ်ပူပြီး လိုက်ရှာကြတဲ့အခါ ရန်ကုန်ကားနဲ့ လိုက်သွားတဲ့ အကြောင်းသိရ ပါတယ်။ နောက်သူတို့ သုံးယောက်နဲ့ ရန်ကုန်လိုက်မယ် လုပ်ပြီးမှ မလိုက်ဖြစ်တဲ့ ကောင်မလေးဆီ သတင်းစုံစမ်းတဲ့အခါ ကောင်မလေးက ပထမပိုင်းမှာ သူမသိဘူး ပြောတာတဲ့။ အဲဒါဆိုရင် နင်အဖမ်းခံရမယ် ဘာညာပြောမှ ကို ………… ရဲ့ ဖုန်းနံပတ်ကိုရတာ။ အဲဒါ ကျောက်မဲ ရဲစခန်းကတဆင့် ရန်ကုန်  ရဲစခန်းကို လှမ်းကြောင်းကြားလို့ ရန်ကုန်ကရဲတွေ ကို………. ရဲ့ အိမ်ကို  ရောက်သွားတဲ့အခါ ကျောင်းသူလေး သုံးယောက်ကို အဲဒီအိမ်က ကလေးတွေနဲ့ ကစားနေတာတွေ့ ရတယ်တဲ့။ (ကလေးစိတ်မပျောက်၊ လူကြီးစိတ်မရောက်နဲ့ ဒါကြောင့် မနူးမနပ်အရွယ်လို့ ခေါ်တာထင်ပါရဲ့) ရန်ကုန် ရဲစခန်းရဲ့အကြောင်း ကြားချက်အရ  ကျောက်မဲက မိဘများက ရန်ကုန်ကို လိုက်သွားပြီး ပြန်ခေါ်လာခဲ့ကြတယ်တဲ့။
ဒီကျောင်းသူလေး သုံးယောက်ဟာ လူကောင်းတစ်ယောက်ဆီ ရောက်သွားလို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတာကို ခံခဲ့ရတာနော်။ မသူတော် စားဖားတွေနဲ့များ တွေ့သွားရင် ဘ၀ပျက် ရောင်းစားခံရမှာ။
ကဲ chatting မင်းသား/မင်းသမီး ကိုကိုQ ၊ မမQ တို့ရေ  Q တာလဲ Q ပါ၊  ဒါပေမယ့်။ တဘက်က သူဟာ ဘယ်အရွယ်လဲ၊ ဘယ်လိုလူများလဲ ဆိုတာ သေချာမသိရပဲနဲ့ တွေ့ဖို့ မကြိုးစားစေချင်ပါဘူး။ မိန်းကလေးတွေဆို ဘ၀ပျက်သွားနိုင်ပြီး၊ ယောက်ျားလေးတွေဆို  အရွယ်မရောက်သေးသူကို သွေးဆောင် ဖျားယောင်းမှုနဲ့ တရားစွဲခံရမှာက သေချာတယ်လေ။
Unknown at 4:48 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်ထောက်လှမ်းရေးချုပ်ဟောင်းဦးခင်ညွှန့်နှင့် စတုတ္ထမဏ္ဍိုင်လို့ပြောပြောနေတဲ့ သတင်းမီဒီယာသမားများအင်တာဗျူးမှာမတွေ့သေးတဲ့မေးခွန်းများ

Share
လျှပ်တပြတ်မှ မဟုတ်ပါဘူး။ ဂျာနယ်တော်တော်များများ ဗျူးထားတာတွေက သူ့ကို အရောင်ပြန်တင်ပေးနေတာတွေ ချည်းပါပဲ။ ကျနော်ဆို ဂျာနယ်ဆိုင်က ဦးခင်ညွှန့်ပုံတွေချည်း လာလာပြနေလို့ စိတ်ပေါက်ပေါက်နဲ့ အဲဒီလူ မျက်နှာ မျက်နှာဖုံးမတင်တဲ့ ဂျာနယ်ပဲ ပေးဗျာ ဆိုပြီး ရွတ်ခဲ့တာ....

တွေ့ရသမျှ အင်တာဗျူးတွေမှာ မပါသေးတဲ့ အကြောင်းလေး ဘယ်သူမှ မေးထားတာမတွေ့လို့ စတုတ္ထမဏ္ဍိုင် ဆိုပြီး ပြောပြောနေတဲ့ သတင်းမီဒီယာသမားတွေ တကယ်ကိုပဲ စတုတ္ထမဏ္ဍိုင် မစစ်သေးပါဘူးလို့ ကျနော်တော့ မှတ်ချက်ပေးချင်မိတယ်ဗျာ။

ကျနော်မတွေ့သေးတဲ့ အင်တာဗျူးကတော့....

၁။ ဦးခင်ညွှန့်ခင်ဗျား.... ဦးခင်ညွှန့်အနေနဲ့ အခုလို ပြန်လွတ်လာချိန်မှာ တစ်ချိန်က စစ်ထောက်လှမ်းရေးချုပ်အနေနဲ့ ဖမ်းဆီးခဲ့ရတဲ့ ၈၈မျိုးဆက်များ၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဟာ မှန်ကန်မှုရှိပါသလား။
သူတို့တွေဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် ဆူပူ အနှောက်အယှက်ပေးသူများလို့ အခုအချိန်မှာရော ယူဆပါသေးသလား။

၂။ ဖောက်ခွဲဖျက်ဆီးမှုပုဒ်မများနဲ့ ဆက်လက်ဖမ်းဆီးခံနေရတဲ့ သန်လျင်မှ ကိုသန့်ဇင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး စတဲ့ ပုဂ္ဂိုလ်များဟာ အမှန်တကယ် ဖောက်ခွဲမှုများနဲ့ ပတ်သက်နေပါသလား။

၃။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ရေကြည်အိုင်လို စစ်ကြောရေးစခန်းများမှာ နှိပ်စက်စစ်ဆေးခြင်းဟာ လူ့အခွင့်အရေးကို ထိခိုက်စေပါသလား။ အဲဒီလို နှိပ်စက်စစ်ဆေးခြင်းအတွက် တာဝန်အရှိဆုံးသူဟာ ဘယ်သူပါလဲ။

၎။ အကျဉ်းထောင်ထဲမှာ နှိပ်စက်ခံရပြီး သေဆုံးသွားရတဲ့သူများရဲ့ မိသားစုများကို ဘာများပြောချင်ပါသလဲ။

၅။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွှန့်အနေနဲ့ ထက်မြက်သူ၊ နိုင်ငံအတွက် အကျိုးရှိသူလို့ ဘယ်အချိန်မှာ စပြီး မြင်ခဲ့ပါသလဲ။ နအဖအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က အမြင်နဲ့ အခု လွတ်လာချိန်မှာ မြင်တဲ့ အမြင် တူညီပါလား။
....
မေးချင်တာတော့ အများကြီးပါ။ အဲဒီလိုမေးခွန်းမျိုးလေးများ ဘယ်စတုတ္ထမဏ္ဍိုင် ဂျာနယ်ကြီးက မေးမလဲလို့ပါ....

ကို ဂျီဂျီ၄၅၈(MMCP)


  

Unknown at 4:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ထား သော်လည်းနိုင်ငံခြားငွေလဲလှယ်ပေးခြင်း မရှိသောကြောင့်တရား မ၀င်ငွေလဲဈေးကွက်တွင်ကျယ်


 ကရင်ပြည်နယ် မြ၀တီမြို့၌ ပုဂ္ဂလိကဘဏ်အချို့ ဖွင့်လှစ်ထားသော်လည်းနိုင်ငံခြားငွေ(ဘဏ်)ကို တရားဝင် လဲလှယ်ပေးခြင်းမရှိသောကြောင့် ပြင်ပတွင်တရားမ၀င်နိုင်ငံခြားငွေလဲလှယ်မှုများ ရှိနေသည့်အပြင် ယင်းအပေါ်တည်မှီ၍ လိမ်လည်မှု များလည်းရှိနေကြောင်း မြို့ခံအသိုင်းအ၀ိုင်းမှ မြန်မာပို့စ်ဂျာနယ်သို့ ပြောကြားသည်။
မြ၀တီနယ်စပ်အတွင်း ချစ်ကြည်ရေးတံတားကြီးဖွင့်လှစ်ပြီးနောက်ပိုင်းကုန်စည်စီးဆင်းမှုနှင့်အတူ နိုင်ငံခြားငွေ သုံးစွဲမှုသည် ယခင်ကထက် မြင့်တက်လာ ကာ တရားမ၀င်ငွေလဲလှယ်မှုများက လက်ရှိပေါက်ဈေးထက်ပိုမိုနှိမ့်ချရောင်းဝယ်နေကြကြောင်း သိရသည်။
“ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာသာ နိုင်ငခြားငွေကို ပုဂ္ဂလိကဘဏ်တွေကပေါက်ဈေးနဲ့ချိန်ပြီး လဲလှယ်ယူနိုင်တဲ့ ဈေးတွေကို ဖော်ပြပြီးလဲပေးနေတယ်။ အခုလိုကုန်စည် စီးဆင်းတဲ့မြို့ဖြစ်တဲ့အပြင်နိုင်ငံခြားငွေ သုံးစွဲမှုအများဆုံးဖြစ်တာကြောင့် ဘဏ်တွေအနေနဲ့တရားဝင်လဲလှယ်ပေးရင် ပိုကောင်းမယ်။နိုင်ငံအတွက်လည်းတဖက်တလမ်းကနေ အခွန်ရမယ်။ အခုလိုနိုင်ငံခြားသားတွေနဲ့ ထိုင်းလူမျိုးတွေ နယ်စပ်ပေါက်က တစ်ဆင့် အလည်လာတယ်။ ဈေးဝယ်တယ်။ ငွေမလဲရဲဘူး၊ ငွေလဲပေးတဲ့သူရဲ့ ပါးစပ်ထဲကအတိုင်းဖြစ်နေလို့”ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ယခုလအတွင်း မြ၀တီနယ်စပ်ရှိ တရားမ၀င်ငွေလဲဈေးကွက်၌နိုင်ငခြားငွေ(ဘတ်)လဲလှယ်ပေးမှုနှုန်းမှာ ပထမပတ်အတွင်း ၃ ဒဿမ ၈၇ ပြား၊ ဒုတိယပတ် ၃ ဒဿမ ၉၀ ပြား ၊တတိယပတ်တွင်း ၄ ပြားအသီးသီး ဈေးကစားလျက်ရှိကြောင်းသိရသည်။ လတ်တလော မြ၀တီမြို့အတွင်း နိုင်ငံခြားငွေ(ဘတ်)လဲလှယ်မှုအနေဖြင့် မြန်မာငွေကျပ် တစ်သိန်းလျှင် ၃ဒဿမ ၈၇ ပြား၊ ဘတ် ၃၈၇၀ ၊ ၃ဒဿမ ၉၀ ပြား၊ ဘတ်၃၉၀၀ နှင့်၎ ပြား၊ ဘတ် ၄၀၀၀ အသီးသီးပြောင်းလဲ ရောင်းဝယ်နေကြကြောင်း သိရပါသည်။
ရဲဒွေး (မြ၀တီ) မြန်မာပို့စ် သတင်းဂျာနယ်
Unknown at 2:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်အတွင်းယူဆောင်ခွင့် ရှိသည့်ပစ္စည်းများ ပြင်ဆင်သတ် မှတ်


The Myanmar Post — ဇန်န၀ါရီလ ၂၆ ရက်တွင် ကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ်များယူဆောင်ခွင့်ရှိသည့် ပစ္စည်းများကို ပြင်ဆင်သတ်မှတ် လိုက်ကြောင်း လွှတ်တော်ကိုယ်စားများထံမှ သိရှိရသည်။
ယခင်သတ်မှတ်ထားသော ယူဆောင်ခွင့်မပြုသော အသုံးအဆောင်များစည်းကမ်းချက် ၁၁ ချက်သတ်မှတ်တားမြစ်ထားသော်လည်း ယခုကျင်းပမည့် လွှတ်တော်တွင်စည်းကမ်းချက်လေးချက်သာ သတ်မှတ်သားကြောင်း၊ သို့သော်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေး တက်ရောက်ရာတွင်တိုက်ပုံအနက်ဝတ်ဆင်ခြင်းမပြုရန် ထပ်မံထုတ်ပြန်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
“ယခင်အစည်းအဝေးတွေမှာတုန်းက စည်းကမ်းချက်တွေသိပ်များတော့လူတွေကစက်ရုပ်တွေလိုပဲ၊ အခုလို စည်းကမ်းချက်တွေကို လျော့လိုက် တာကောင်းပါတယ်။ ဒါပေမဲ့ တိုက်ပုံအနက်မ၀တ်ရဘူးဆိုတော့ ကိုယ်စားလှယ်တွေနဲ့ ဥက္ကဌတွေကို ခွဲခြားလိုက်တဲ့သဘောပဲ။ ဒီကို တက်ရောက်သူအားလုံးက လွှတ်တော်နိုင်ငံရေးကို ပြည်ထောင်စုအဆင့်လုပ်ကိုင်နေကြတဲ့သူတွေချည်းပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခိုင်မောင်ရည်က မြန်မာပို့စ်သို့ပြောကြားသည်။
လွှတ်တော်အစည်းအဝေးကျင်းပသည့်အချိန်တွင် လွှတ်တော်နာယက၊ ဥက္ကဌ နဲ့ဒုဥက္ကဌများသာ တိုက်ပုံအနက် ၀တ်ဆင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ရိုးရာဝတ်စုံများကို ၀တ်စုံပြည့်ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများအနေဖြင့် ယခင်ပုံစံဖြစ် သည့် ရင်ဖုံးအကျီင်္လက်ရှည်၊ အမျိုးသားများအနေဖြင့် တိုက်ပုံအနက်မှလွဲ၍ အခြားတိုက်ပုံ ၊ ခေါင်းပေါင်းများကို ၀တ်ဆင်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားသည့် ဖိတ်စာများတွင် ရေးသားဖော်ပြထားသည်။
ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် ကင်မရာ၊ လက်ကိုင်ဖုန်း၊အသံဖမ်စက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကို ယူဆောင်ခြင်းမပြုရန်ကန့်သတ်ထားပြီး၊ ယခင်ကန့်သတ်ချက်များမှ လိုအပ်သည့် စာရွက်စာတမ်းများ၊ခေါင်းပေါင်းထည့်ဘူး ၊ နာရီ စသည်တို့ကို
ယူဆောင်နိုင်ကြောင်းသိရသည်။ယခင်
လွှတ်တော်အစည်းအဝေးများတွင်တိုက်ပုံအနက်ဝတ်ဆင်သည့်လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိခဲ့သည်။ဇော်မင်းနိုင်( မြန်မာပို့စ် သတင်းဂျာနယ်)
Unknown at 2:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချင်းပြည်နယ်တွင် အစာရေစာ ပြတ်လပ်မှုကို ကူညီရန်လို


DVB — ချင်းပြည်နယ်မှာ ဒီနှစ် ကောက်ပဲသီးနှံတွေ အထွက်နှုန်း လျော့ကျခဲ့ပြီး နောက် သုံးလေးလ ဆိုရင် အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဗြိတိန်အခြေစိုက်အဖွဲ့တဖွဲ့က သတိပေးထားပါတယ်။
ဒါ့အပြင် မိုးများပြီး တောင်ယာပျက်စီးမှုကြောင့် အစာရေစာ ပြတ်လပ်ပြီး လူ ၁ သိန်းနီးပါး ထိခိုက်နိုင်တဲ့အကြောင်း ဗြိတိန် အခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (HART) ကလည်း ဒီတပတ်ထဲမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က “ဖြစ်သင့်တာကတော့ အန်ဂျီအိုတွေ၊ အစိုးရကိုင်တိုင် ဒီနေရာမှာ ဦးစားပေးပြီးတော့ ဖြေရှင်းဖို့ကောင်း ပါတယ်၊ အစိုးရဆိုတဲ့အခါမှာ ချင်းပြည်နယ် အစိုးရက အပြည်အ၀ တာဝန်ရှိပါတယ်။ ချင်းတွေ ဒုက္ခရောက်တယ်၊ ချင်းတောင်မှာ ဆန်ရေစပါး ရှားပါးတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ဒီလောက်ကျရောက်တယ် ဆိုရင်တော့ အနည်းဆုံး အန်ဂျီအိုတွေ လွတ်လွတ်လပ်လပ် ၀င်ထွက်ခွင့်ပြုရမှာ ဖြစ်ပါတယ်။”
ချင်းပြည်နယ်တောင်ပိုင်းဟာ ကောက်ပဲသီးနှံ အထွက်နှုန်း လျော့ကျခဲ့တဲ့ အတွက် ပိုထိခိုက်နိုင်တယ်လို့လည်း ဗြိတိန်အခြေစိုက် အဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်ဝ မြို့နယ်က လူတွေက အစာရေစာ ပြတ်လပ်မှုကြောင့် ပြောင်းရွှေ့နေထိုင် ရဖွယ်ရှိတယ်လို့လည်း ပါရှိပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တွေအနက် တခုဖြစ်ပြီး ပြည်နယ်တွင်းနဲ့ တခြား ပြည်နယ်တိုင်းတွေကို လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ပိုမိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ချင်းပြည်နယ်မှာ ကြွက်တွေ ကောက်ပဲသီးနှံကို ဖျက်ဆီးခဲ့တဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ ရွာတွေမှာ အစာရေစာပြတ်လပ်မှုကြောင့် သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
တပိုင်တနိုင် စေတနာရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကတော့ ဒေသခံတွေရဲ့ လိုအပ်ချက်ကို မဖြည့်တင်းနိုင်ပါဘူးလို့ ဦးဇိုဇမ်က ပြောပါတယ်။
“ကိုယ့်ပါတီနဲ့ ကိုယ်အသိုင်းအ၀န်းနဲ့ သွားပြီးတော့ ဆန်တို့ ဆားတို့ လှူတာ ပေါ့ဗျာ၊ အဲဒီအဆင့်ပဲရှိပါတယ်။ ဒုက္ခရောက်တာကတော့ အမှန်တကယ် ဒုက္ခရောက်ပါတယ်။”
ကို​ထွေး​ DVB
Unknown at 2:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

DJ သင်တန်းသို့အမျိုးသမီးများ လည်းတက်ရောက်သင်ယူလာ


  DJ သင်တန်းသို့အမျိုးသမီးများ လည်း တက်ရောက်သင်ယူမှုရှိလာကြောင်း DJ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါသည်။ DJ သင်တန်းများ စတင် ချိန်ကအမျိုးသားများသာတက် ရောက်မှုများပြားခဲ့ပြီးယခုအချိန်တွင် အမျိုးသမီးများလည်းတက်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
”DJ သင်တန်းက ကျွန်တော်တို့ဆီမှာနည်းပါတယ်။ အခုဖွင့်နေတဲ့ DJ သင်တန်းမှာ မိန်းကလေးတွေ လည်း လာတက်ကြတယ်။ အခု နောက်ပိုင်းက DJ ဆိုပေမယ့်သီချင်းတီးပေးရတာပိုများတယ်။ ဒါကြောင့်သီချင်းတီးတာကိုပါ သင်ပေးတယ်။ DJ ကိုစိတ်ဝင်စားတဲ့ မိန်းကလေး တွေအတွက် ပိုပြီးအဆင်ပြေသွား တယ်”ဟု သင်တန်းဆရာတစ်ဦးဖြစ် သည့် DJ ဝိုင်က ရှင်းပြခဲ့ပါသည်။
Unknown at 2:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စိတ်ဖောက်ပြန်၍ သုံးလအရွယ် ကလေးငယ်အားတိုက်ပေါ်မှ ပစ်ချရန်ကြိုးပမ်းမှုကြောင့် သက်ဆိုင်ရာမှ တားဆီး၍ စိတ်ကျန်းမာရေးဆေးရုံ သို့ပို့ဆောင်ပေးခဲ့ရ



 တာမွေမြို့နယ်ကျောက်မြောင်း အရှေ့ရပ်ကွက်ကျောက်ရေတွင်းလမ်း အမှတ်—-ရှိ တိုက်ခန်းတစ်ခန်း တွင်နေထိုင် သူကို—-အသက် ၂၉ နှစ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စိတ်ဖောက်ပြန်၍မိမိ၏သုံးလအရွယ် ကလေးငယ်အား ၎င်းနေထိုင်ရာ သုံး လွှာမှ ပစ်ချရန်ကြိုးပမ်းမှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ကျောက်ရေတွင်း လမ်း အမှတ် … ရှိတိုက်ခန်းတစ်ခန်း တွင် နေထိုင်သူကို… အသက် ၂၉ နှစ်မှာ မိမိ၏ သုံးလအရွယ်သမီးငယ်ကို သုံးလွှာမှ ပစ်ချရန် ကြိုးပမ်းနေခြင်းကြောင့် ရပ်ကွက်မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်
များက အချိန်မီတားဆီးနိုင်ခဲ့ပြီး ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ပေးခဲ့ရခြင်း ဖြစ်သည်။
”စိတ်ဖောက်ပြန်ပြီး ဇနီးသည်ဆီက ကလေးကိုလုပြီး တိုက်ပေါ်က ပစ်ချဖို့ လုပ်နေတုန်း သူ့ဇနီးရဲ့အော် သံကြောင့် ရပ်ကွက်လူတွေက ဝိုင်းတားထားပြီး ကျွန်တော်တို့ဆီကို အကြောင်းကြားပါတယ်။ ကျွန်တော်တို့လည်း နယ်မြေခံရဲတပ်ဖွဲ့နဲ့ မီးသတ်ကို အကူအညီတောင်းပြီး ကလေးကို ပြန်ယူနိုင်ခဲ့ပါတယ်။ ကို…က စိတ်ဝေဒနာရှင်တစ်ဦးပါ။ အရင်ကလည်း စိတ်ကျန်းမာရေး ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ပြန်ဆင်းလာတာပါ”ဟု ကျောက်မြောင်း အရှေ့ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပါသည်။
Weekly Eleven Journal
Unknown at 2:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သောကချစ်သူများ

 
စာနာမှုသည် လူမှုဝန်းကျင်ကို စိုးမိုးထားသောအခါ ထိုလောကသည် သာယာခြင်း ပျော်ရွှင်ခြင်း 
တို့ဖြင့် အလှဆင်ထားလေ၏။ စာနာခြင်းများ ပျောက်ဆုံးသွားသောအခါတွင်မူ လိမ်လည်ခြင်း
လှည့်ပတ်ခြင်းတို့က နေရာယူလာကြသောကြောင့် အကျည်းတန်သောလောကကို
ဖန်းတီးသလိုဖြစ်နေတတ်၏။

မန္တလေးမြို့တွင် ရတနာပုံဈေးကြီး မီးလောင်သောအခါ လူသားတို့၏ စာနာခြင်းတရား
ကိုဖော်ပြသော ပြကွက်တစ်ခု ထင်ရှားစွာတွေ့ရှိခဲ့ဘူးလေ၏။ မီးဘေးဒုက္ခသည် တို့သည်
ထိုမီးလောင်မှုကြောင့် ပျာယာခတ် ဒုက္ခပင်လယ်ဝေနေချိန်တွင် အခွင့်ရေးကိုစောင့်ပြီး
အမြတ်ထုတ်သူတစ်ချို့က ထိုအဖြစ်ပျက်သည်ပင် ထိုသူတို့၏ စားဝတ်နေရေးကို ဘုရား
သခင် ဖန်ဆင်းပေးသည့်အလား။

ခါတိုင်းတွင် ပုံမှန်ဈေး ( ဆိုက်ကားခ) ၂ ရာတန်ခရီးကိုပင် လူသားများဒုက္ခရောက်နေသော
ထိုအချိန်တွင် စာနာမှုကင်းစွာဖြင့်  ၂ ထောင် ၃ ထောင် စသည်  ပိုတောင်းကာ စီးပွားရှာ
နေကြသည်ကိုတွေ မြင်နေရပေ၏။

ဘုရားလောင်း ပညာရှိသူတော်ကောင်းတို့သည် ဒုက္ခရောက်နေသူများကို အသက်ပေးခါ
ကယ်တင်ခဲ့ဘူးကြောင်းကို နိပါတ်ဇာတ်တော်တို့တွင် ထင်ရှားစွာ တွေ့မြင်နိုင်လေ၏။
ကြည်ညိုဖွယ်ကောင်းလှပေ၏။

ဘုရားရှင်သာသနာတော် ထွန်းကာရာ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သော
မန္တလေးရွှေမြို့တော် သည် သင်္ကန်းရောင်တထိန်ထိန် ထွန်းရှိန်တောက်ပပြီး သာကီနွယ်ဖွား
ရဟန်းတော်များပေါးများလှသဖြင့် မြတ်ဘုရား၏ တရားတော်တို့ ပျံ့ပွားရာ ပင်မဌာနတစ်ခု
ဖြစ်လေ၏။

အံ့သြဖွယ်ကောင်းလေစွ။
ဒုက္ခရောက်သူများကိုမှီခိုပြီး ချမ်းသာကိုရှာဖွေတတ်သူတို့သည် ကိုယ်တိုင်ဒုက္ခနှင့်ကြုံတွေ့
လာသောအခါတွင် ထိုဒုက္ခသည်ပင် လောကမှာအကြီးဆုံးဟု ထင်တတ်ကြလေတော့၏။
လောက လူသားတိုင်း စာနာခြင်းတရားကို လက်ကိုင်ထားမည်ဆိုလျှင် ကမ္ဘာကြီးသည်ပင်
နားလည်မှုတစ်ခုဖြင့် လည်ပတ်နေမည် ဖြစ်သည့်အတွက် အေးချမ်းနွေးထွေးသောအရသာကို
လူသားတိုင်းခံစားကြရမည်မှာ မလွဲပေ။

ထို့ကြောင့် ယနေ့မှ စပြီး ဒုက္ခပေါ်တွင် တည်ရှိနေသော စိတ်မချမ်းမြေ့ဖွယ်ရာ သောကများကို
သုံးယူ စားသောက်ခြင်းမှရှောင်ကြဉ်ပြီးလျှင် စာနာခြင်းများကို ဖြန့်ဖြူးဝေငှ သုံးစွဲကြမည် ဆိုလျှင် သာယာလှပသော ဘ၀များကိုဖန်တီးနိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါလိမ့်မည်။

သာယာလှပသော ဘ၀တွင် ပျော်ရွှင်စွာ နေထိုင်လိုသူတိုင်း မရှိမဖြစ်လက်ကိုင်ထားရမည့်
အရာများထဲတွင် ``စာနာခြင်း တရား´´ သည်လည်း အဓိက နေရာတွင်ပါဝင်နေသည့်
အတွက် လက်ကိုင်ထားပြီး လက်တွေ့ကျင့်သုံးရန်လိုအပ်နေပါကြောင်း ရေးသားတင်
ပြလိုက်ပါတော့သည်။
Unknown at 2:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခေါင်းဆောင်မှုနှင့် အသုဘ

နှစ်ဆယ်ရာစု ကျော်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၂)နှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက် လာပါပြီ။
ကမ္ဘာ့နှိင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊လူမှုဆက်ဆံရေး၊အတွေးအခေါ်၊အယူအဆတို့သည်လည်း လွန်စွာ ကွဲပြားခြားနားနေပြီဖြစ်ပါသည်။

၁၉ရာစုနှင့်၂၀ရာစုတွင် ကျင့်သုံးခဲ့သောခေါင်းဆောင်မှု ပုံသဏ္ဍာန် သည်လည်း ၂၁ရာစုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလျက် ရှိနေသည်။

ယနေ့ခေတ်လို အခါသမယနှင့် သမားရိုးကျခေါင်းဆောင်များသည် အံဝင်ဂွင်ကျခြင်း မရှိတော့ချေ။
ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေရှိနိုင်မည့် စစ်မှန်သောခေါင်းဆောင်၊ ထက်မြက်သောခေါင်းဆောင်များပေါ်ထွန်းရန်သည် လွန်စွာ အရေးကြီးပေသည်။

နိုင်ငံတစ်နိုင်ငံတွင် ထက်မြက်သော ခေါင်းဆောင်များ ပေါ်ထွက် လာသည်နှင့်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ ပြောင်းလဲလာရသည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

ယနေ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးစသည့်နိုင်ငံများကို ကြည့်ပါက ထက်ထက်မြက်မြက်နှင့် တက်ကြွသော လူလတ်ပိုင်း ပညာတတ်များ၊ နည်းပညာရှင်များ၊ လှုပ်ရှား တက်ကြွသူ များနှင့် လူလတ်တန်းစား လုပ်ငန်းရှင်များ ဝန်းရံထားသည်ကို တွေ့ရှိရ မည်ဖြစ်သည်။

မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွင် မင်္ဂလာနှင့် အ,မင်္ဂလာ ဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးရှိပါသည်။
ကလေးမွေးဖွားလာသည်မှစတင်ကာ ကင်ပွန်းတပ် မင်္ဂလာ၊ရှင်ပြုမင်္ဂလာ၊ အိမ်ထောင်ပြုတော့မည် ဆိုပါက စေ့စပ်မင်္ဂလာ၊ အိမ်ထောင်ပြု ပါက ထိမ်းမြားမင်္ဂလာများဟူ၍ ဓနဂုဏ် အလျောက်၊ ရာထူးဂုဏ်သိမ် အလျောက် ကျင်းပပြုလုပ် လေ့ရှိပါသည်။

အ,မင်္ဂလာ ဟုသတ်မှတ်သည့် နာရေးကိစ္စများတွင်ပင် အသုဘ အခန်းအနားကို စည်စည် ကားကားနှင့် သိုက်သိုက်ဝန်းဝန်း ရှိအောင် ကြိုးစား ပြုလုပ်လေ့ရှိပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်အညာဒေသတို့တွင်ဆိုင်းဝိုင်းများနှင့်ပင် အသုဘပို့ဆောင်လေ့ ရှိပါသည်။
နာမည်ကြီးပုဂ္ဂိုလ်များ ကွယ်လွန်သောအခါ ကွယ်လွန်သူ၏ ဂုဏ်သတင်း၊ ကျေးဇူးတရားနှင့် အရည်အချင်း များကို ဖော်ကျူးလျက် အထူးပင် နှမြောတသ၊ဝမ်းနည်းခြင်း ကြီးစွာ ဖြစ်ကြရ ပါသည်။

သာမန်လူများ၏နာရေးသည် အသုဘအဖြစ်နှင့်ပင်ပြီးဆုံးရပါသည်။
စာပေလောက၊ ဂီတလောက၊ ရုပ်ရှင်လောကများမှ နိုင်ငံကျော် ပုဂ္ဂိုလ်များ၊ပြည်သူချစ်သော အနုပညာရှင်များ၏ နာရေးသည် အသုဘ မဟုတ်တော့ပဲ ‘ဈာပန’ အဖြစ် ခမ်းနားစွာ ကျင်းပပြုလုပ်ပြီး ဂူသွင်း ဂုဏ်ပြုကြပါသည်။

ထိုမှတဆင့် နိုင်ငံခေါင်းဆောင်များ၊ အဓိပတိများ၊ ကမ္ဘာကလေးစားရသော ပုဂ္ဂိုလ်ကြီးများ၏ နာရေးကို ‘နိုင်ငံတော်ဈာပန’ အဖြစ် ခမ်းနားကြီး ကျယ်စွာ ပြုလုပ်လျက် အမှတ်တရ အောက်မေ့ဖွယ် ဂူဗိမာန်များ တည်ဆောက်ကာ နှောင်းလူတို့အတွက် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ဦးညွှတ်ရန် တခမ်းတနား ထားရှိပါသည်။

ကမ္ဘာသိ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏ နာရေးကို ‘နိုင်ငံတော်ဈာပန’ အဖြစ်ကျင်းပ ပြုလုပ်ရန် နေနေ သာသာ ၊သာမန်လူများကဲ့သို့ပင် အသုဘချရန် ထိုစဉ်က ဥက္ကဌ၊တနည်းအားဖြင့် သမတ၊ နောက်တစ်မျိုးခေါ်သော် ဗိုလ်ချုပ်ကြီး နေဝင်း၏ ညွှန်ကြားချက်ကြောင့် ကျောင်းသား လူငယ်များက ‘ပြည်သူ့ဈာပန’ အဖြစ် ပြုလုပ်ခဲ့သည်မှာ မြန်မာ့သမိုင်းတွင် စံနမူနာတင်စရာ သမိုင်းဖြစ်ရပ် တစ်ခုဖြစ်ပါသည်။




ပဒေသရာဇ်ခေတ်တွင် မျိုးရိုးခေါင်းဆောင်မှုကို တည်ဆောက်ခဲ့သည့်အတွက် မင်းစိုးရာဇာ ခေါင်းဆောင်များ သာပေါ်ထွက်ခဲ့သည်။
အကျိုးဆက်အားဖြင့် မြန်မာ့သမိုင်း၌ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါ ဘုရင်မင်းမြတ်သည် ၁၉၁၆ခုနှစ်၊ဒီဇင်ဘာလ (၁၆)ရက်နေ့၊အသက်(၅၈)နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့နှင့် မိုင်(၁၂၀)ကွာဝေးသော အုန်းတောကြီးများ ထူထပ်စွာ ပေါက်ရောက် နေသည့် ရတနာဂီရိစံနန်းတော်၌ မထင်မရှားကွယ်လွန်ခဲ့ရပါသည်။

၁၉၄၈-၁၉၆၂ ပါလီမန်ဒီမိုကရေစီခေတ်တွင် ရာထူးဌာနန္တရခေါင်းဆောင်မှုကို တည်ဆောက်ခဲ့သည့်အတွက် ဗျူရိုကရက်တစ်တစ်ပိုင်း ဖားလောင်း ကောင်တစ်ပိုင်း ခေါင်းဆောင်မှုသာ ပေါ်ထွက်ခဲ့သည်။

ထို့ကြောင့်လည်း တစ်ပါတီအာဏာရှင်စနစ်အတွက် အုတ်မြစ်ချပေးသကဲ့သို့ ဖြစ်ခဲ့သည်မှာ မငြင်းနိုင်ပါ။
နောက်ဆုံးတွင် လွတ်လပ်ရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သော နိုင်ငံရေး ခေါင်းဆောင်များသည် ပြည်သူတို့၏ ကျောခိုင်းမူကို ခံယူခဲ့ရပြီး ‘ဈာပန’ ပြုလုပ်ရန် အသာထား ‘အသုဘ’ နှင့်သာ နိဂုံးချုပ်ခဲ့ရပါသည်။



၁၉၆၂နောက်ပိုင်းမှ ၂၀၁၀ ခုနှစ်အထိ တပည့်သားမြေး၊စားကျေးစားလက် ခေါင်းဆောင်မှုကို တည်ဆောက် ခဲ့သည့်အတွက် နွားငတ်ရေချ ခေါင်းဆောင်မှုသာ ပေါ်ထွက်ခဲ့သည်။

(၂၆)နှစ်တိုင်တိုင် မတရားအုပ်ချုပ်သွားသူ ဗိုလ်နေဝင်းသည် အသက်(၉၁)နှစ်အရွယ်၊၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်သွားရာ သူ၏ ‘အသုဘ’ ကိုလိုက်ပါပို့ဆောင်ခွင့်ရသူမှာ အယောက်(၅၀)တောင် မပြည့်ဟု သိရပါသည်။

ဆိုလိုသည်မှာ သာမန်လူတစ်ယောက်၏ အသုဘလောက်တောင်စည်ကားခြင်း မရှိပဲ ဘဝနိဂုံးချုပ်ခဲ့ရပါသည်။
ဗိုလ်နေဝင်းပြီးနောက် သမတရာထူးဆက်ခံခဲ့သူ ဦးစန်းယု ဆိုလျှင်လည်း နှမြောတသမှု ဝေးစွ၊သူ၏ ‘အသုဘ’ ကိုပြည်သူများ သိတောင် မသိလိုက်ချေ။

၁၉၆၂-၁၉၈၈ နိဂုံးချုပ်ပြီးနောက် နဝတဥက္ကဌကြီး၊စစ်အင်အားများလွန်မင်းစွာ တိုးချဲ့ကာ ဗိုလ်ချုပ်မှူးကြီး ဟူသော ရာထူးကို တပ်ဆင်ခဲ့သူ ဗိုလ်စောမောင်လည်း ရူးကြောင်ကြောင်ဖြစ်ကာ လူ့လောကမှ အပြီးတိုင် စွန့်ခွာသွားပေပြီ။၊

‘သမိုင်းဖြစ်ရပ်များကို နားလည်သဘောပေါက်ခြင်းမရှိသူ မည်သူမဆိုသည် ကံကြမ္မာဆိုးများကို ထပ်ခါတလဲလဲ ပြုလုပ်သည်’ ဟူသော အဆိုသည် ခေါင်းဆောင်မှုလောကကို ကြံ့ခိုင်အောင် ရှောင်ကြဉ်ရမည့် အဆိုအမိန့်အဖြစ် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပါသည်။

သို့အတွက် ယနေ့မြန်မာ နိုင်ငံတော်သစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေကြသူများသည် ယင်းအဆိုအမိန့််ကို ရင်ထဲ အသည်းထဲ စွဲ၍ မှတ် သားပြီး လိုက်နာဆောင်ရွက်ကြရပါလိမ့်မည်။

‘နိုင်ငံတော်ကို ကျောက်များ၊သစ်များဖြင့် တည်ဆောက်၍ မရနိုင်၊ နိုင်ငံသားတို့၏ အကျင့်စာရိတ္တ တို့ဖြင့်သာ တည်ဆောင်နိုင်ပါသည်’ ဟု အရစ္စတိုတယ်က ပြောခဲ့ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည်မှ ယခုအချိန်အထိ နိုင်ငံသားတို့၏ိ အကျင့်စာရိတ္တများ ချွတ်ချုံကျနေသည်မှာ ငြင်းစရာမရှိပါ။
သို့အတွက် ယင်းကိစ္စကို တဖြေးဖြေးနှင့် မဖြစ်မနေ တည်ဆောက်ပေးရပါမည်။



နိုင်ငံခေါင်းဆောင်၊ပါတီခေါင်းဆောင်၊လူမျိုးစုခေါင်းဆောင်၊ဒေသခေါင်းဆောင်၊မြို့နယ်ခေါင်းဆောင်၊ ရပ်ကွက် ခေါင်းဆောင်၊ကျေးရွာ ခေါင်းဆောင်၊ အိမ်ထောင်ဦးစီး တနည်း ဆိုရသော် အိမ်ထောင့် ခေါင်းဆောင် အားလုံးတို့သည် လူသားတို့အသက်ရှင် နေနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော စားရေး၊နေရေး၊ ဝတ်ရေးတို့ကို အဆင်ပြေစေရန် ကြိုးစားပေး ရမည် ဖြစ်သည်။


ခေါင်းဆောင်ဆိုသည်မှာ မိမိ ဦးဆောင်တာဝန်ယူသော လူ့အဖွဲ့အစည်း၏ ရည်မှန်းချက်၊ လိုရင်းဆိုရသော် ကျေးရွာ၊ ရပ်ကွက်၊မြို့နယ်၊တိုင်း၊ လူမျိုး၊ လူမျိုးစုတို့၏ ရည်မှန်းချက် သို့မဟုတ် အကျိုးလိုလားချက်ကို ပြီးမြောက်အောင် ရပ်ကွက်သူ၊ ရပ်ကွက်သား၊ မြို့နယ်သူ မြို့နယ်သား၊ မိမိတို့လူမျိုး၊ မိမိတို့လူမျိုး စုများကို ဦးဆောင်လျက် ဖြစ်ပေါ်လာမည့် အကျိုးအပြစ် အားလုံးကို တာဝန်ခံရ သူဖြစ်ပါသည်။

၁၉၄၄ခုနှစ်တွင် အမေရိကန်သမတဖြစ်သူ ထရူးမင်းသည် သူ၏အလုပ်စားပွဲ၌ ‘သမင် ဤတာမှထွက်သည်’ ဟူသော စာတန်ုးကလေးကို ရေးကာတင်ထားပါသည်။ ‘ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်’ ဆိုသော စကားအတိုင်း ခေါင်းဆောင်လုပ်သူက အပြစ်မှန်သမျှကို တာဝန်ယူသည် ဟုဆိုလိုသောစကားဖြစ်ပါသည်။

၂၁ရာစု ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အမိန့်ပေးစေခိုင်းခြင်း မဟုတ်တော့ပဲ ပူးပေါင်း ဆောင်ရွက်ခြင်း၊ မျှဝေခံစားခြင်း သာဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏အယောက်(၄၀)မြောက် သမတ ဖြစ်သူ ရော်နယ်ရီဂင်က ‘သင်ရှာတွေ့တဲ့ အကောင်းဆုံးလူတွေနဲ့ သင့်ကို ဝန်းရံ ထားပြီး အာဏာတွေကို ပေးဝေတာမှာ သင် ဘာမှ ဝင်ရောက် စွက်ဖက်မှု မလုပ်ပါန’ဲ့ တဲ့။

ဂျူးလူမျိုးများ၏ ကံကြမ္မာကို ကောင်းမွန်အောင် ဖန်တည်းပေးခဲ့သော အစ္စရေးနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဒေးဗစ်ဘင်ဂူရီယန်က ရှင်းရှင်းပြတ်ပြတ် ပြောခဲ့တာက ‘ကျွမ်းကျင်သူတစ်ယောက်က မပြီးနိုင်၊ မလုပ်နိုင်ဟုပြောလျှင် အခြားကျွမ်းကျင်သူကို ခိုင်းပါ’ တဲ့။

ကျွန်တော်တို့၏ မြန်မာနိုင်ငံ၌ နေရာတစ်နေရာတွင် ခေါင်းဆောင်ဖြစ်ပြီ ဆိုသည်နှင့် တိုးတက်သောအမြင်၊ ပြောင်းလဲမှု စွမ်းရည်မရှိပဲနှင့် အမြဲတမ်းခေါင်းဆောင်အဖြစ် ကိုယ့်ကိုယ်ကို ခန့်ထားကြခြင်းသည် လွန်စွာဆိုး ရွားသော ကိစ္စဖြစ်ပါသည်။

သို့အတွက် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ဆင်ခြင်ပြီး စွမ်းဆောင်ရည် လျော့နည်းနေပြီဟု ယူဆသည်နှင့်တပြိုင်နက် အစွမ်းအစရှိသူ၊ ပြောင်းလဲမှု စွမ်းရည်နှင့် ပြည့်စုံသူများထံ ခေါင်းဆောင် တာဝန်ကို လက်ပြောင်းပေး စေချင်ပါသည်။

သို့မှသာမြန်မာ့နိုင်ငံရေး ရေစီးကြောင်း သစ်တွင် လိုက်ပါဆောင်ရွက်ကြမည့်သူများ အတွက် နောင်တချိန်၌ ‘အသုဘ’ မဟုတ်တော့ပဲ ‘ဈာပန’အဆင့် တက်လှမ်းနိုင်မည့် နိုင်ငံပြုသုခမိန်များ၊ ခေါင်းဆောင်များ ဖြစ်လာမည်ဟု မျှော်လင့်လျှက် ဤဆောင်းပါးကို ရေးသား အပ်ပါသည်။


သန့်စင်အောင်(ရန်ကင်း)
-22-1-2012
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျ မှ ကူးယူဖော်ပြပါသည်။ (ဟစ်တိုင်)
Unknown at 10:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းလဲလှယ်ခြင်း ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမလို

မိုဘိုင်းဖုန်းလဲလှယ်ပေးခြင်း
မိုဘိုင်းဖုန်းလဲလှယ်ပေးခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ပေးလျက်ရှိရာ ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမလိုတော့ကြောင်း သိရှိရသည်။ မိုဘိုင်းဖုန်းများလဲလှယ်ရာ၌ ကြွေးကင်းရှင်းကြောင်း ထောက်ခံစာပါမှသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ကြောင်း ပန်းဆိုးတန်းအိတ်ချိန်းရုံးတွင် ကြော်ငြာစာကပ်ထားသည်ကိုတွေ့ရသည်။

“ဖုန်းတွေ စတင်လဲလှယ်ပေးခဲ့ကတည်းက ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမပေးရပါဘူး။ လက်ရှိလဲလှယ်ပေးပြီးခဲ့တဲ့ ဖုန်းအားလုံးအတွက်လည်း မတောင်းခဲ့ပါဘူး။ ဖုန်းတွေကို လဲလှယ်ပေးတဲ့အခါမှာ ငွေကြေးအရ အပေါင်း၊ အနုတ်ကို နောက်မှပြန်လုပ်မှာဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀၁၇၂၊ ၀၉၈၀၊ ၀၉၉၀၊ ၀၉၉၉ အစရှိသည့် နံပါတ်ဖြင့်စသောဖုန်းများကို မိမိတို့ကြိုက်နှစ်သက်ရာ ငါးသိန်းတန်ဖုန်းများဖြင့် လဲလှယ်ပေးလျက်ရှိသည်။ ထိုကဲ့သို့လဲလှယ်ရာတွင် လဲလှယ်ပြီးဖုန်း၏ ကြွေးမြီကင်းရှင်းကြောင်းထောက်ခံစာကို ပေးရန်မလိုခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့လဲလှယ်ပေးခြင်းကို ယခုလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လဲလှယ်လိုသူများအနေဖြင့် ဖုန်းဘီလ်စာအုပ်၊ စာချုပ်မူရင်း၊ လျှောက်ထားသူ၏မှတ်ပုံတင် မူရင်း၊ မိတ္တူတို့လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လဲလှယ်ခြင်းအား နီးစပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထွန်းထွန်း (အင်တာနက်ဂျာနယ်)
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မရမ်းကုန်းမြို့နယ်ရှိ စိန်မောင်ရုပ်ရှင်စတူဒီယိုဟောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား


w717f1
w717f2

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်း အမှတ် ၆ ရှိ စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်းတစ်ခု ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ စိန်မောင်ရုပ်ရှင်စတူဒီယိုကို လက်ရှိတွင် ဇာထိုးပန်းထိုး လုပ်ငန်းတစ်ခုအား ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ "ကျွန်တော်က ဒီခြံနားက High Land Lodge Hotel ပိုင်ရှင်ပါ။ ကျွန်တော်တစ်ရေးနိုးတော့ အုန်းအုန်းဆိုတဲ့ အသံတွေကြားလို့ ကြည့်လိုက်တော့ မီးလောင်နေတာ ဖြစ်နေတယ်။ ဒါနဲ့ဖုန်းဆက်အကြောင်းကြားပေမယ့် ဆက်သွယ်လို့ မရတာနဲ့ ဂိုဒေါင်က လူတွေကားနဲ့သွားပြီး အကြောင်းကြားရတယ်။ အရင်က ရုပ်ရှင်စတူဒီယိုဟောင်းကြီးပါ။ အခုတော့ ဇာထိုး ပန်းထိုးလုပ်ငန်းကို ငှားထားတာပါ။ ရုပ်ရှင်စက်ပစ္စည်းအဟောင်းတွေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စက်ပစ္စည်း တွေရှိပါတယ်။ အသံလုံဖို့အတွက် အသုံးပြုထားတဲ့စပါးခွံတွေလည်း ရှိသေးတယ်။ စက်ရုံတစ်ခုလုံးတော့ အားလုံးလောင်ကျွမ်းသွားတယ်"ဟု စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်း ပိုင်ရှင်၏သားဖြစ်သူ ဦးတင်ထွဋ်က ပြောပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၃၃ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
Unknown at 10:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

BBC ၏ လိင်ပညာပေးဗီဒီယို ညစ်ညမ်းလွန်းကြောင်း ဝေဖန်ခံရ

“ကျွန်မတော့ ဒီဗီဒီယိုကို ကြည့်ပြီး ရှက်မိတယ်။ ဒါဟာ အပြာကားနဲ့ ဘာမှမခြားဘူး။ ကျောင်းတွေက စာပို့ပြီး BBCရဲ့ လိင်ပညာပေး ဗီဒီယိုကို ကလေးတွေကို ပြသင့်ကြောင်း တိုက်တွန်းစာတွေ ပို့ပါတယ်”

BBC ၏ လိင်ပညာပေးဗီဒီယို ညစ်ညမ်းလွန်းကြောင်း ဝေဖန်ခံရ
ကလေးများအတွက် လိင်ပညာပေး လှုပ်ရှားမှု ဗီဒီယိုသည် ညစ်ညမ်းလွန်းနေကြောင်း ဝေဖန်မှုများနှင့် BBCသတင်းဌာန ရင်ဆိုင်တွေ့ကြုံနေရသည်။ BBCက Sex and Relationship ပညာပေး ဗီဒီယိုကို CDဖြင့် ဖြန့်ဖြူးထုတ်ဝေခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ကျောင်းနေအရွယ် (၉)နှစ်မှ (၁၁)နှစ်ကြား ကြည့်ရှုရန် ရည်ရွယ် ရိုက်ကူးထားခြင်းဖြစ်သည်။ Graphicပုံရိပ်များ အသုံးပြုထားသည့် အဆိုပါ ဗီဒီယိုသည် အပြာရုပ်ရှင်နှင့် တူနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာကြောင်း သိရသည်။ အဆိုပါ ဗီဒီယိုတွင် ကွန်ပျူတာဖြင့် ဖန်တီးထားသည့် စုံတွဲနှစ်ဦး လိင်ဆက်ဆံနေပုံ Graphicပြကွက်များ၊ ကာတွန်းရုပ်နှစ်ဦး ချစ်တင်းနှီးနှောနေပုံများအပြင် အမျိုးသားနှင့် အမျိုးသမီးတို့ လိင်ဆက်ဆံနေစဉ် ခန္ဓာကိုယ် သွင်ပြင် အထိအတွေ့ အပြောင်းအလဲများကိုလည်း အသေးစိတ် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားများ ကာမစိတ်ဖြေခြင်း၊ လိင်တူဆက်ဆံခြင်း စသည်တို့ကိုလည်း ဖော်ပြထားပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့၏ အ၀တ်ဗလာနှင့် ဓာတ်ပုံများကိုလည်း ထည့်သွင်းထားကာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကွဲပြားပုံကို ရှင်းလင်းထားသည်။ တိုရီဒေသ ကိုယ်စားပြု အမတ်ဖြစ်သူ အန်ဒရီယာ လိဒ်ဆမ်က “ကျွန်မတော့ ဒီဗီဒီယိုကို ကြည့်ပြီး ရှက်မိတယ်။ ဒါဟာ အပြာကားနဲ့ ဘာမှမခြားဘူး။ ကျောင်းတွေက စာပို့ပြီး BBCရဲ့ လိင်ပညာပေး ဗီဒီယိုကို ကလေးတွေကို ပြသင့်ကြောင်း တိုက်တွန်းစာတွေ ပို့ပါတယ်။ အဲဒီတုန်းက ဒါကို OKပဲလို့ ခပ်အေးအေး တွေးထားမိတာပါ။ ခုတော့ ဒီဗီဒီယိုကို ကလေးတွေ ကြည့်မိမှာကို အရမ်းစိုးရိမ်မိတယ်”ဟု ဝေဖန်ခဲ့သည်။ BBCကမူ ၎င်းဗီဒီယိုသည် သက်ဆိုင်ရာ အာဏာပိုင်များ၊ လိင်ပညာပေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပညာရေး ရင်းမြစ်များထံမှ ပူးပေါင်းကူညီမှုဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုထားသည်။

Source: plenet
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီးလောင်မှုကြောင့် အသက်စွန့်သွားတဲ့ မီးသတ် ရဲဘော်နေရာက သရုပ်ဆောင်မယ့် မြတ်သူအောင်

ကူးတို့ဆိပ်ရပ်ကွက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲခဲ့တဲ့ အကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားမှာ ပေါက်ကွဲ မှုမှာ အသက်စွန့်ခဲ့ တဲ့ မီးသတ်(၅)ဦးမှ တစ်ဦးအဖြစ် မြတ်သူအောင်ကပါဝင်သရုပ်ဆောင်မှာဖြစ် ပါတယ်။ မီးသတ် တပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်သရုပ်ဆောင် မှာဖြစ်တဲ့ မြတ်သူအောင်က ဒီလိုသရုပ် ဆောင်ရမှာကို ဂုဏ်ယူကြောင်း ပြောပါတယ်။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီး မြတ်သူအောင်က “ကျွန်တော်တို့ ဒီကားကို ပြင်ဦးလွင်မှာ မီးသတ်သင်တန်းတက် နေတဲ့ အခန်းကနေ စရိုက်မယ်ပြောတယ်။ ပြင်ဦးလွင်မှာ စရိုက်မှာပေါ့။ အရင်တုန်းက မီးသတ်ဂုဏ်ပြုဇာတ်လမ်းတွေလည်း ကျွန်တော်ကြည့်ဖူးပါတယ်။ အရှေ့ကလူတွေ သရုပ်ဆောင်တာနဲ့ နည်းနည်းကွာခြားအောင်လုပ်ဖို့တော့ စဉ်းစားထားပါတယ်။ အခုက ဒီအကြောင်း အရာက တအားကို ပေါ်ပြူလာဖြစ်နေတဲ့အကြောင်းအရာ ဖြစ်တယ်။ ကိုယ်က တကယ်ကိုဂုဏ်ပြုသင့်တဲ့လူနေရာကနေ သရုပ် ဆောင်ရမယ်ဆိုတော့ ဝမ်းသာမိပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ မီးသတ် တပ်ဖွဲ့ဝင်ငါးဦးလည်း ကောင်းရာဘုံကို ရောက်ကြပါစေလို့ ဆုတောင်း ပေးပါတယ်”လို့ ပြောပါတယ်။ “လိပ်ပြာလေးရဲ့နန်းတော်”ဒီဗီဒီဇာတ်ကားမှာ သင်ဇာဝင့်ကျော် ရဲ့ မောင်နေရာက သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ သူ့ရဲ့ (၄)ကား မြောက် ဒီဗီဒီဇာတ်ကားဖြစ်ကြောင်း ပြောပြပါတယ်။ ဇာတ်ကားတစ်ကားနဲ့ တစ်ကားရိုက်ရင်း စိုးရိမ်စိတ်တွေမရှိတော့ဘဲ တဖြည်းဖြည်း အသားကျလာပြီဖြစ်ကြောင်း မြတ်သူအောင်က ဆက်ပြောပါတယ်။ လတ်တလော မှာတော့ မြတ်သူအောင်က တစ်ကိုယ်တော် အခွေကိုနောက်နှစ်လ အကြာမှာ ထွက်နိုင် ဖို့ အာရုံစိုက်နေပြီး စီဒီအရင်ထွက်မှာဖြစ်တယ်လို့ဆို ပြီး ပရိသတ်တွေက သူ့ရဲ့အားနည်းချက်တွေကိုဖြည့်ပြီးအားပေးတဲ့ အတွက်ကျေးဇူး တင်ကြောင်း မြတ်သူအောင် က ပြောပါတယ်။
ဝဿန်
ပေါ်ပြူလာ
Unknown at 10:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲအား စိတ်ဝင်စားသူ အထူးများပြား

23:12  Myanmar Express Group  No comments

NATIONAL EXPO & CAR SHOW ဖွင့်ပွဲအား ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့ရာ ယင်းမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲကြီးဖြစ်သည့်အလျောက် စိတ်ဝင်စားသူ အထူးများပြားသည့် ပွဲကြီးတစ်ပွဲဖြစ်သည်။ အဆိုပါ အမျိုးသား ကုန်စည်ပြပွဲကြီးနှင့် ကားပြပွဲကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဖွင့် လှစ်ခဲ့ပြီး ဖွင့်ပွဲ မတိုင်ခင်ကတည်းကပင် ကျင်းပရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ရှေ့တွင် ကြိုတင်ရောက်နှင့်နေသူများ များပြားစွာတွေ့ရှိရသည်။ ယင်းပြပွဲတွင် ကုမ္ပဏီအမြောက်အမြားမှ ဇိမ်ခံကားများအား ပြသရောင်းချခဲ့ပြီး ဈေးနှုန်းသင့်တင့်လျှောက်ပတ်မှုကြောင့် ပါမစ်ကိုင်ဆောင်ထားသူ မဟုတ်သူများပင် လာရောက် ဝယ်ယူမှုများရှိခဲ့ကြောင်း သိရသည်။ “၂၀၁၂ မော်ဒယ်ထဲမှာတောင် ကျပ်သိန်း ၃၅၀ လောက်ပဲရှိတော့ တန်တယ်လို့ ပြောရမယ်။ ကိုယ်က ဘာမှထပ်ပေးဆောင်စရာမလိုတော့ဘူးလို့ ပြောတယ်။ အခွန်အခတွေပါအပြီးအစီးဆိုတော့ ဒီဈေးကမဆိုးဘူး။ အရင်သိန်း တစ်ထောင်ဝန်းကျင်ရှိတဲ့ကားတွေလေ။ အန်တီက ရှိတဲ့ပါမစ်ပြန်ရောင်းပြီးပြီး။ အခုကား အသစ်တစ်စီး ထပ်ဝယ်မလို့ လာကြည့်တာပါ” ဟု အင်းစိန်မြို့နယ်နေ ပြပွဲလာရောက်ကြည့်ရှုသူ အမျိုးသမီးတစ်ဦးက ပြောသည်။ Father Land ဆောက်လုပ်ရေးမှ အထူးစတိတ်စင်ဖြင့် ဖိုးချစ်ဇာတ်အဖွဲ့၏ တင်ဆက်မှုအားပြသခဲ့ပြီး အချို့သော ကားအရောင်းပြခန်းများမှ ကားအားအရစ်ကျ ရောင်းချပေးချေသည့် စနစ်ဖြင့် ကျင်းပရောင်းချခဲ့သောကြောင့် ဝယ်ယူသူများအနေဖြင့် တစ်နေရာတည်း ရွေးချယ်စရာ အခွင့်အလမ်းများရှိကာ များစွာအဆင်ပြေခဲ့ကြသည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းလဲလှယ်ခြင်း ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမလို

မိုဘိုင်းဖုန်းလဲလှယ်ပေးခြင်း
မိုဘိုင်းဖုန်းလဲလှယ်ပေးခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ပေးလျက်ရှိရာ ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမလိုတော့ကြောင်း သိရှိရသည်။ မိုဘိုင်းဖုန်းများလဲလှယ်ရာ၌ ကြွေးကင်းရှင်းကြောင်း ထောက်ခံစာပါမှသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ကြောင်း ပန်းဆိုးတန်းအိတ်ချိန်းရုံးတွင် ကြော်ငြာစာကပ်ထားသည်ကိုတွေ့ရသည်။

“ဖုန်းတွေ စတင်လဲလှယ်ပေးခဲ့ကတည်းက ကြွေးကင်းရှင်းကြောင်း ထောက်ခံစာမပေးရပါဘူး။ လက်ရှိလဲလှယ်ပေးပြီးခဲ့တဲ့ ဖုန်းအားလုံးအတွက်လည်း မတောင်းခဲ့ပါဘူး။ ဖုန်းတွေကို လဲလှယ်ပေးတဲ့အခါမှာ ငွေကြေးအရ အပေါင်း၊ အနုတ်ကို နောက်မှပြန်လုပ်မှာဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀၁၇၂၊ ၀၉၈၀၊ ၀၉၉၀၊ ၀၉၉၉ အစရှိသည့် နံပါတ်ဖြင့်စသောဖုန်းများကို မိမိတို့ကြိုက်နှစ်သက်ရာ ငါးသိန်းတန်ဖုန်းများဖြင့် လဲလှယ်ပေးလျက်ရှိသည်။ ထိုကဲ့သို့လဲလှယ်ရာတွင် လဲလှယ်ပြီးဖုန်း၏ ကြွေးမြီကင်းရှင်းကြောင်းထောက်ခံစာကို ပေးရန်မလိုခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့လဲလှယ်ပေးခြင်းကို ယခုလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လဲလှယ်လိုသူများအနေဖြင့် ဖုန်းဘီလ်စာအုပ်၊ စာချုပ်မူရင်း၊ လျှောက်ထားသူ၏မှတ်ပုံတင် မူရင်း၊ မိတ္တူတို့လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လဲလှယ်ခြင်းအား နီးစပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထွန်းထွန်း (အင်တာနက်ဂျာနယ်)
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ



လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးကို ကညနရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကိစ္စကို စစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင်အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အ ထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦး ဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင်(က၀မြို့နယ်နေသူ)တို့နှင့်အောက်ကိုမင်း(ခ) နေမျိုးသူရအောင်(သာယာ ၀တီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ် သည်။

" သူတို့အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ် လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိကပါဝင်ပတ်သက်တယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တ လန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေ စိုက် စွမ်းအားဖြင့် ကျောင်းသားများအဖွဲ့အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။

သင်္ကန်းကျွန်းရဲစခန်းမှ ၄င်းတို့နှစ်ဦးကို(ပ) ၅၁၂/၁၁ ပုဒ်မ ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေး ရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ) ၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့်ပုဒ်မ ၁၇(၁) ဖြင့် ဇန်န၀ါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိသည်။

 ပန်းသတင်းဂျာနယ်
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရေးယူပိတ်ဆို့မှုကိစ္စ အမေရိကန်အမတ်များ ဆွေးနွေး

ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း စကားပြောဆိုနေစဉ်။ (ဇန်န၀ါရီလ ၂၂၊ ၂၀၁၂)
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ တနင်္ဂနွေနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် သဘာပတိ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံပါတယ်။ ဒီလို တွေ့ဆုံတာမှာ အမေရိကန် အစိုးရက မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ် လို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့သူတွေက ဆိုပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတာမှာ မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူရေး အားပေးထောက်ခံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း အပါအ၀င် ဝါရင့် အထက်လွှတ်တော်အမတ်တွေ ဂျိုးဇက်လီဘာမန်၊ ကယ်လီအယို့တ် (Kelly Ayotte) နဲ့ ရှယ်လ်ဒန် ၀ိုက်ဟောက်စ် (Sheldon Whitehouse) တို့ ပါဝင်ပါတယ်။
မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကလည်း အရေးကြီးတယ် ဆိုပြီး သူတို့က ပြောဆိုထားတာပါ။ တွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားပါတယ်။
“ဒီ sanctions တွေ အစကတည်းက လုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းရင် ဘယ် sanctions တွေကို ရုပ်သိမ်းပေးမယ်ဆိုတာကို ပြောထားပြီးသားပါ။ အဲဒီတော့ သူတို့သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ sanctions တွေကို စပြီးတော့ ရုပ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတည်းတော့ မဟုတ်ပါဘူး။”
မြန်မာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးအကျဉ်းချတာ၊ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေ ဖြစ်ပွားနေတာတွေကြောင့် အမေရိကန် အစိုးရက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အရေးယူထားတာပါ။ ဒီလို အရေးယူထားတာတွေကို ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတမှု ရှိယုံနဲ့တော့ ဖွင့်ပေးမှာမဟုတ်ဘဲ အရေးယူထားတဲ့ အချက်အလက်တွေကို မြန်မာ အစိုးရဘက်က ဘယ်လောက် ပြုပြင် ပြောင်းလဲမှု ရှိမလဲ ဆိုတဲ့ အပေါ်မှာ စဉ်းစားပြီး တစ်ဆင့်ချင်း ဖြေလျှော့သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။
အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။ တွေ့ဆုံဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က အခုလို ပြောပါတယ်။
“sanctions နဲ့ ပတ်သက်လာလို့ရှိရင် အမေရိကားရဲ့ ပထမ ပေါ်လစီဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ရပ်ဆိုင်းပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖြေရှင်းရေးကို တည်ထားတဲ့ သူတို့ရဲ့ ပေါ်လစီနှစ်ရပ်ကိုပဲ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကလည်း သူတို့နဂိုကတည်းက ရပ်တည်ထားတဲ့ သူတို့ရဲ့ တောင်းဆိုမှုကို ပြန်ပြီးတော့ ပြောပါတယ်။ ပြီးတော့ လက်ကျန် ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကိုလည်း ကျနော်တို့က ပေးမယ်ဆိုတာတွေ လည်း ပြောခဲ့ပါတယ်။”
၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ အမေရိကန်နဲ့ မြန်မာအကြား သံအမတ်ကြီးအဆင့် ပြန်ပြီး ဆက်ဆံရေး ထူထောင်လာတာကို ကြိုဆိုတဲ့အကြောင်းနဲ့ ရှေ့ဆက်ပြီး နိုင်ငံတကာနဲ့ မြန်မာ အတိုက်အခံတွေ အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေး အတွက် မူလက ချမှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ရပ်စဲရေး လက်ရှိ ပကတိ အနေအထားတွေကို သုံးသပ်ဖို့လည်း အမေရိကန် အထက်လွှတ်တော် အမတ်တွေကို တိုက်တွန်းခဲ့တယ် လို့လည်း ကိုဌေးကြွယ်က ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးလည်း ကိုဌေးကြွယ်က အခုလို ပြောပါတယ်။
“ဒီလိုဗျ။ အခုချိန်မှာ ကျန်နေသေးတယ် ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေက လက်နက်မှုတွေနဲ့ ပတ်သက်နေတယ်ပေါ့ဗျာ။ လက်နက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ အကျဉ်းသား ဆိုတာကလည်း မြန်မာနိုင်ငံမှာက ပြည်တွင်းစစ်က တောက်လျှောက် ဖြစ်ခဲ့တာပဲ။ ဒီပြည်တွင်းစစ် တောက်လျှောက်ကာလမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စတွေပါ။ တကယ်တမ်းကတော့ နိုင်ငံရေးအရ ပဋိပက္ခတွေ ရှိနေတဲ့အတွက် ဒီလို လက်နက်ကိုင်မှုတွေ ပေါ်ပေါက်လာတာပါ။ ဒါတွေကို အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တောင် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အခြေအနေမှာ ထောင်ထဲမှာရှိနေတဲ့သူတွေကိုတော့ စိုးရိမ်စရာ မရှိပါဘူး။ တကယ်တမ်းကတော့ အားလုံးကို နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားခံရတဲ့ သူတွေအားလုံးကို ပုဒ်မတွေ ခွဲမနေတော့ဘဲ လွှတ်ပေးသင့်တယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ပြောတာပါ။”
တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ၈၈ မျိုးဆက် ကျောင်းသာတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ လွှတ်တော် ၂ ရပ် ပူးပေါင်းဆောင်ရွက်ရေး မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ အမေရိကန် လွှတ်တော်ကို လာရောက် လေ့လာဖို့ ဖိတ်ကြားခဲ့ပါတယ်။
VOA
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရတပ်တွေ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း HRW အဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေတွေ မှာ စစ်ပွဲတွေ ပြင်းထန်ခဲ့ပြီး အစိုးရတပ် က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA
Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ Karen Human Rights Group (KHRG) ကရင် လူ့အခွင့်အရေး အဖွဲ့တို့က ပူးပေါင်း ပြုစုထားသော Dead Men Walking: Convict Porters on the Front Lines in Eastern Burma "သေလူတွေ လမ်းလျှောက်ခြင်း- မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေက အကျဉ်းသား ပေါ်တာများ" အစီရင်ခံစာ မျက်နှာဖုံးပုံ ဖြစ်ပါသည်။
ကမ္ဘာ့ နိုင်ငံအတော်များများက အစိုးရတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ HRW ရဲ့ ၂ဝ၁၁ ခုနှစ် အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ပြန်လည် ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေအတွင်း မြန်မာ အစိုးရတပ်တွေက ဒေသခံ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ဒေသခံတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ တွေ ကျူးလွန်ခဲ့တယ်လို့ HRW အစီရင်ခံစာက ဆိုပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ဒေသခံလူထု ၅ သောင်း လောက် ထွက်ပြေး ပုန်းရှောင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အစိုးရတပ်တွေ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဟာ ဒေသခံ ကျေးရွာတွေအနီးမှာ မြေမြုပ်မိုင်းထောင် တိုက်ခိုက်တာ တွေ ရှိတဲ့အတွက် ဒီလို အချက်အားလုံးဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
 RFA
Unknown at 10:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့် ပြန်ချက်

့သတင်း » ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့် ပြန်ချက်
ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂

နော်ဝေအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင်ဘားမားဗီဂျေမီဒီယာအား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။ ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက် ကာ အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစား
 လုပ်မှုတစ်ခုဖြစ်ပြီး၊ တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။

(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင် တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။
လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်း
ပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက် ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ
ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။

(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန်အဖွဲ့ ဝင်များဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှစင်ပြိုင်ထောင်ချင်းမဟုတ်ဘဲ၊ပြည်တွင်းပြည်ပသတင်းများကိုပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။

(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။

(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ
ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင်
ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အားအများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။

(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကို
ယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကို
အကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ ဝန်ထမ်း အချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်
ဖြစ်မည် ဖြစ်ပါသည်။

ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)


အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း)  +66880113187
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခင်ညွန့် ထောက်လှမ်းရေးတွေက နှိပ်စက်ခဲ့တဲ့ ဒါဏ်ရာနဲ့ ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ကွယ်လွန်


၂၂ ဇန် ၂၀၁၂ တနင်္ဂနွေ။ ။ လတ်တလော ထောင်ကထွက်ပြီး တပတ်အကြာ နိုင်ငံရေး အကျဉ်းသား ဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ ကို ဗိုလ်ချုပ်ကြီး ခင်ညွန့် ထောက်လှမ်းရေးတွေက နှိပ်စက်ခဲ့တာကြောင့် ဒါဏ်ရာနဲ့  ရောဂါတွေ ရခဲ့ပြီး လက်ရှိ သမတ အစိုးရလက်ထက်မှာလဲ ဆက်လက် ဖမ်းဆီးထားတာမို့ အခုလို ကွယ်လွန်ခဲ့ရတာလို့ အမဖြစ်သူ ဒေါ်မာလာနွယ်က ဒီဗွီဘီကို ပြောပါတယ်။ ။
ဒီဗွီဘီ

ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်းမှ ရရှိလာတဲ့ အသဲရောဂါနဲ့ ဝေဒနာကို မချိမဆန့်ခံစားရင်း ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ကိုသက်နွယ်(ခ)ညိမ်းလူ၏ နာရေးဖိတ်စာ
ကိုသက်နွယ်(ခ)ညိမ်းလူသည် ထောင်ထဲမှာ အသည်းရောဂါခံစား နေရာကနေ ပြန်လွတ်လာသည်ထိ မသက်သာဘဲ (၂၁.၁.၂၀၁၂)နေ့တွင် အသည်းအသန်ဖြစ်၍ ဝေဒနာခံစားနေရသည့်ပုံများ
ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..

ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန် နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက် အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့ ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက် မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့် ကိုယ်ချင်းစာကြည့်ပါ။
၁၉၈၈ကနေ ၂၀၁၁ခုနှစ်အထိ ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ သူတွေ သေရာပါ ဒဏ်ရာနဲ့ ဒုက္ခိတဖြစ်ခဲ့ရတဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသား သား၊သမီးတွေကို တွေ့မြင်ခွင့် မရလိုက်ပဲ အသေမဖြောင့်ခဲ့ရတဲ့ မိခင်၊ ဖခင်တွေအတွက်.. သားသမီးချင်း၊ မိဘချင်း ဗိုလ်ခင်ညွန့် ကိုယ်ချင်းစာကြည့်ပါ..။
ပြန်ထွက်လာတဲ့အချိန်မှာ ခေတ်ကာလအကြိုက်ကို ကြိုသိနေပြီး ထောက်လှမ်းရေး အကွက်အတိုင်း ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားတခုထဲနဲ့ အမြင်မှန်ရသွားပြီဆိုပြီး ခွင့်လွှတ် လွယ်ကြတဲ့သူတွေ စဉ်းစားကြည့်ကြပါ...။ နာစရာကို လွမ်းစရာနဲ့ ဖြေစရာ တကွက်မှ မရှိသလို.. လွမ်းလောက်လို့လားဗျာ.. ဘုရား၊ တရားပဲလုပ်မယ်ဆိုပြီး တရားသိနေတယ် ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အကုသိုလ်တွေကို နောင်ဘဝအတွက် မပါအောင် ယောင်္ကျားပီပီ ဝန်ခံတောင်းပန်ပေါ့..။
ပေဖြစ်လည်းခံ တူဖြစ်လည်းခံနေရတဲ့ ကျွန်တော်တို့ မြန်မာတွေ တခြားနေရာမှာခွင့်လွှတ်လွယ်တာ မပြောလိုပေမယ့်.. ကျားက သက်သက်လွတ်စားပြီဆိုပြီး ခွင့်လွှတ် လွယ်လွန်းတာကတော့ ခံခဲ့ရတဲ့သူတွေကို မညှာတာရာရောက်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့ နောင်တတရားရတဲ့ စကားတလုံး မထွက်လာသ၍ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့သူတွေနဲ့ အာဏာစာခွက်လုရင်း မြောင်းထဲရောက်ခဲ့တဲသူ နှိုင်းယှဉ်စရာမရှိပါ..။ မစင်ပုံထဲက လောက်ကို ကျွန်တော်တို့ ဆင်းမဆယ်မိဖို့ ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်လွယ် သူများအား လွမ်းလောက်လို့လားလို့  မေးပါရစေ၊ ပြောပါရစေဗျာ။
Unknown at 10:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

AGD ဘဏ်က မော်တော်ကားနဲ့ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေး မယ်လို့ ကြေညာလိုက်ပါတယ်


၁။ အငှားဝယ်ယူ စနစ်ဖြင့် ရောင်းချမည့်ပစ္စည်းများ။

      ၁။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊
      ၂။ Computer နှင့် ဆက်စပ်ပစ္စည်းများ။
      ၃။ တယ်လီဖုန်းကဒ်နှင့် ဆက်စပ်ပစ္စည်းများ။
      ၄။ ဆေးရုံနှင့် ဆေးခန်းသုံးပစ္စည်းများ။
      ၅။ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကရိယာများ။
      ၆။ စက်ဘီး၊ ဆိုင်ကယ်များ။
      ၇။ မော်တော်ယာဉ်နှင့် ယန္တယားများ။
      ၈။ လုပ်ငန်းသုံး စက်ပစ္စည်းနှင့် Generator များ။
      ၉။ တိုက်ခန်းနှင့် လုံးချင်းအိမ်ယာများ။

၂။ ကုန်စည် / ပစ္စည်းတန်ဘိုးအလိုက် ခွင့်ပြုသက်တမ်းနှင့် နှုန်းထား။
    (၁) ကျပ် ၅၀သန်းအထိ။
        - သက်တမ်း                     ၁နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏   ၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏    ၇%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏    ၁%။
        -အရစ်ကျ ပေးသွင်းရန်ငွေ    တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၁၂)လ လစဉ်ပေးသွင်းရန်။

    (၂) ကျပ်၅၀သန်းအထက်မှ ကျပ်၁၅၀သန်းအထိ။
        - သက်တမ်း                     ၂နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏ ၁၄%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏ ၁%။
        - အရစ်ကျ ပေးသွင်းရန်ငွေ   တန်ဘိုး၏ ၈၀%ကို (၂၄)ရစ် အညီအမျှခွဲ၍ (၂၄)လ လစဉ် ပေးသွင်းရန်။

    (၃) ကျပ် ၁၅၀ သန်းအထက်မှ ကျပ်၃၀၀သန်းအထိ။
        - သက်တမ်း                     ၃နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏ ၂၁%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏ ၁%။
        - အရစ်ကျ ပေးသွင်းရန်ငွေ   တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၃)လ တစ်ကြိမ် ပေးသွင်းရန်။

၃။ သတ်မှတ်သက်တမ်း မစေ့ရောက်မီ အပြေအကြေပေးသွင်းပါက မူလက ပေးသွင်းခဲ့သည့် ငှားရမ်းခငွေမှ အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးပါမည်။
     (၁) ၁နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
     (၂) ၂နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၅၀%။
     (၃) ၂နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
     (၄) ၃နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၄၀%။
     (၅) ၃နှစ်ချေးငွေကို (၂၄)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၀%။

၎။ အရစ်ကျငွေ ပေးသွင်းရန် သတ်မှတ်ရက်။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၂)ရက်နေ့အတွင်းဖြစ်ပါက ကပ်လျှက်လ၏ လဆန်း(၅)ရက်အတွင်း။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၃)ရက်နေ့မှ နောက်ပိုင်းဖြစ်ပါက နောက်တစ်လ၏ လဆန်း(၅)ရက်အတွင်း။

၅။ ပျက်ကွက်ကြေး။
     လစဉ်   လဆန်း(၅)ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သည့်ရက်များအတွက်   အရစ်ကျပေးသွင်းရမည့် ငွေပမာဏပေါ်တွင် ကျပ်၁၀၀လျှင် တစ်ရက် (၄)ပြားနှုန်းဖြင့်   ပျက်ကွက်ကြေးပေးဆောင်ရပါမည်။

၆။ ကုန်စည်/ ပစ္စည်းပြန်လည်သိမ်းဆည်းခြင်း။
     လစဉ်   အရစ်ကျ ပေးသွင်းရမည့်ငွေကို (၃)ကြိမ် ဆက်တိုက်ပျက်ကွက်ပါက   အငှားဝယ်ထားသူသည် အငှားဝယ်ယူထားသည့်ပစ္စည်းကို ပြန်လည်သိမ်းဆည်းခံရမည်   ဖြစ်ပြီး၊ ပေးသွင်းထားသည့် ငွေများအားလုံးကို အဆုံးရှုံးခံရမည် ဖြစ်သည်။

၇။ အငှားရောင်းချသူ (Authorized Dealer) ၏ အရောင်းကော်မရှင်မှာ ပစ္စည်းတန်ဘိုး၏ ၁% ဖြစ်ပါသည်။


ချေးငွေဌာန
အေဂျီဒီဘဏ်။
Unknown at 10:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.