Thursday, January 19, 2012

ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည်

ဓါတ်ပုံ(YPI)
ရွှေညဝါဆရာတော် ဦးပညာသီဟကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ "၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။


Unknown at 4:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတင်းခေတ်ရဲ့ အရှင်သခင်ဖြစ်ဖို့


 
သတင်းအချက်အလက်နှင့် နည်းပညာအရေးပါသောခေတ်
ကျွန်တော်တို့တစ်တွေဟာ ၂၁ ရာစုကြီးကိုဖြတ်သန်းနေကြတဲ့ လူ သားတွေပါ။ ဒီရာစုကိုပဲ သတင်း အချက်အလက်နဲ့ နည်းပညာခေတ် -IT လို့ကင်းပွန်းတပ် ကြပြန်တယ်။ ပညာခေတ်-Kowledge Age လို့လဲ ပြောကြပြန်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက်အလက် နည်းပညာ ရပ်တွေဟာ တစ်ဟုန်ထိုး တိုးတက် လာတဲ့အတွက် သတင်းတွေကလဲ လျင်မြန်လိုက်ပါဘိ။ ဒီသတင်းတွေ ကြောင့်ပဲ လူတစ်ဦးချင်းစီအပေါ်မှာ ရော၊ အဖွဲ့အစည်း တစ်ခုခုအပေါ်မှာ ရောသက်ရောက်လာတဲ့ အကျိုးသက် ရောက်မှုကလဲ မြန်မှမြန်ပါပဲ။ ကုန် ကုန်ပြောရရင်တော့ သတင်းအချက် အလက်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အပေါ် လွှမ်းခြုံပြီးပြောင်းလဲဖြစ်ပျက် လာတဲ့အတွက် ကမ္ဘာ့ရွာခေတ်၊ ဂလို ဘယ်လိုက်ဇေးရှင်း-Globalization လို့ ထပ်ပြီးကင်းပွန်းတပ်လိုက်တာ အားလုံးလဲ သိပြီးသားဖြစ်ပါတယ်။ 


ခေတ်ရဲ့သားကောင်တွေ

ဒီလိုမြန်ဆန်လွန်းလှတဲ့ သတင်း နဲ့ နည်းပညာခေတ်ကြီးမှာ ပညာ အခြေခံ ရှိကြတဲ့ လူသားတွေကတော့ သတင်းရဲ့ ထောက်ကူအား-Leverage ကိုရယူနိုင်ကြပြီး နေ့ချင်းညချင်း တိုးတက်ကြီးပွားပြီး အောင်လံလွှင့် ထူနိုင်ကြပေမယ့် ပညာအခြေခံနည်း ကြတဲ့ လူသန်းပေါင်း များစွာကတော့ ခေတ်ရဲ့သားကောင်အဖြစ်နဲ့ အသက် ရှင်နေထိုင်ကြရပါတယ်။ ဒါကြောင့် လဲ ပညာခေတ်ဆိုတာ ပိုပေါ်လွင်လာ တာပေါ့။  အဲဒီတော့ ဒီခေတ်ကြီးမှာ သတင်း ကြောင့် ထောက်ကူအား မရနိုင်ရင် တောင် သတင်းရဲ့ သားကောင် ဖြစ် မသွားဖို့တော့ အရေးကြီးပါတယ်။ 
ခေတ်ရဲ့သားကောင်မဖြစ်စေဘို့ ပညာအရေးပါ

သတင်းခေတ်ကြီးမှာ သတင်း ရဲ့သားကောင် ဖြစ်မသွားဖို့အတွက် ပထမဆုံး သိ သင့် တာကတော့ သတင်းဘာကြောင့် ကိုယ့်ဆီကို ရောက်လာတာလဲ ဆိုတဲ့အကြောင်း ရင်းပါ။ သတင်းဆိုတဲ့ Information တစ်ခု ကိုယ့်ဆီကို ရောက်လာတာ ဟာ သတင်းပို့သူ Sender ကတစ် ဆင့် သတင်းဆက်ကြောင်း- Channel တစ်ခုကို အသုံးပြုပြီး ကျွန်တော် တို့ဆီ ရောက်လာတာပါ။ ကျွန်တော် တို့က သတင်းလက်ခံသူ-receiver တွေပေါ့။ သတင်းပို့သူကနေ သတင်း လက်ခံတဲ့ သူဆီကို ရောက်ရှိအောင် လုပ်ဆောင်တဲ့လုပ် ငန်းစဉ်-Process ကိုတော့ ဆက်သွယ်ရေး-Communication လို့ခေါ်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက် အလက်ပေါင်း မြောက်မြားစွာဟာ အင်တာနက်ကပဲဖြစ်ဖြစ် မီဒီယာတွေ ဖြစ်ကြတဲ့ ရုပ်သံဌာနတွေ၊ စာအုပ် စာပေတွေ၊ သတင်းဂျာနယ်တွေ၊ မဂ္ဂ ဇင်းစာစောင် တွေကနေပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ အမျိုးစုံ၊ အရောင် စုံ ဝင်ရောက်လာနေကြတာဟာ အားလုံးလဲသိပြီးသား၊ ကြုံနေပြီးသားပါ။ ဒီနေရာမှာ သတင်းလက်ခံသူတွေ အနေနဲ့ ခေတ်ရဲ့ အရှင်သခင်-Master ဖြစ်ဖို့ အခွင့်အသာဆုံး နေရာက တော့ အင်တာနက် စာမျက်နှာတွေ ဖြစ်သလို ခေတ်ရဲ့သားကောင်-Victim ဖြစ်သွားဖို့ တွန်းအားပေးတဲ့ နေရာ ဟာလဲ အင် တာနက်စာမျက်နှာတွေ ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန် လွန်း၊ လွတ်လပ်လွန်းတဲ့ အတွက် ကြောင့်ပါ။ ခလုတ် တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာတစ်ဝန်း အကုန်ရောက်နိုင် တယ်လေ။ ဒါကြောင့် အင်တာနက် ရဲ့ အားသာချက်တွေကို ရယူနိုင်ကြ ဖို့ ပညာဟာ သိပ်ကို အရေးပါလာ ပါတယ်။ 
 သတင်းဖန်တီးပို့လွှတ်သူရဲ့ ရည်ရွယ်ချက်တွေ

သတင်းတစ်ခု ဖြစ်ပေါ်လာတဲ့အ ခါ ဒီသတင်းကို ပို့လွှတ်သူဟာ ရည်ရွယ်ချက် လေးရပ်နဲ့ ပို့လွှတ်တတ် ကြပါတယ်။ ပထမဆုံးရည်ရွယ်ချက် ကတော့ Control ထိန်းချုပ်ချင်တဲ့ အတွက်ပါ။ နောက်ဒုတိယအချက်က တော့ Inspiration လှုံ့ဆော်အားပေး ချင်လို့ပါ။ တတိယ ရည်ရွယ်ချက်က တော့ Emotional Expression စိတ်ခံစားချက်ကို ဖော်ပြချင်လို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ Circulation ပျံ့နှံ့ရောက် စေချင်တဲ့အတွက် ပါ။ ဒီရည်ရွယ်ချက်တွေကိုကြည့်ရင် သတင်းပို့ လွှတ် သူဟာ ဘယ် လောက် အရေးကြီးတယ်။ လူ့အဖွဲ့ အစည်းအတွက်ရော လူတစ်ဦး တစ် ယောက်အတွက်ရော ဘယ်လောက် အန္တရာယ် ပြုနိုင်တယ်ဆိုတာ သိမြင် နိုင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းကိုသိ အောင် ကြိုးစားကြစေချင်ပါတယ်။
Unknown at 2:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးပြီ တဲ့ဗျာ


ပြည်ထောင်စုလွှတ်တော်မှ ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ စုပေါင်းတင်သွင်းရန် ကြိုးပမ်းနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ ယခင်နှစ်များက ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် ကျန်းမာရေး အသုံးစရိတ်အနေဖြင့် စုစုပေါင်း အမျိုးသားဝင်ငွေ (GDP) ၏ ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိသာ သုံးစွဲနေရာမှ လာမည့်ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ ယင်းသို့ အသုံးစရိတ် တိုးမြှင့်လိုက်ခြင်း အစီအစဉ်ကို ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရေးရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူခွင့်ပြုချက်ဖြင့် တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲရန်ရှိသော ဘတ်ဂျက်များမှ ခွဲဝေတိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ ယခုတိုးမြှင့် ချထားပေးခဲ့သော ဘတ်ဂျက်အခြေအနေများကို ခွဲဝေသုံးစွဲရေးဆိုင်ရာ အစည်းအဝေးများ ပြုလုပ်ညှိနှိုင်း တိုင်ပင်ပြီးမှသာ မည်သည့်နေရာများတွင် သုံးစွဲကြမည်ကို ပြောနိုင်မည်ဟု ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေစိုးမောင်က ဆိုသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနသည် ဝန်ထမ်းအင်အား တောင့်တင်းသော ဌာနတစ်ခု ဖြစ်သော်လည်း ကျေးလက်ကျန်းမာရေး စောင့်ရှောက်ပေးရေး လုပ်ငန်း လုပ်ကိုင်နေသူများ လိုအပ်နေသေးကြောင်း၊ ထို့အပြင် လူထုအခြေပြု ကျေးလက်ဆေးပေးခန်းများ၊ ဒေသန္တရ ကျန်းမာရေးဌာနများကိုလည်း ယခုထက် တိုးမြှင့်ရန် လိုအပ်နေပြီး ပြုပြင်စရာများလည်း ရှိနေသေးကြောင်း ၄င်းက ပြောကြားသည်။ ယခုကဲ့သို့ စရိတ်များ တိုးမြှင့်ချထားပေးလိုက်သည့်အတွက် ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရသော်လည်း ယခုပမာဏနှင့် မလုံလောက်သေးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပြည့်စုံကောင်းမွန်သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အသုံးစရိတ်များ ၅ ရာခိုင်နှုန်း အနည်းဆုံးရှိမှသာလျှင် လုံလောက်နိုင်ကြောင်း၊ တိုင်းပြည်ဝင်ငွေ မြင့်မားလာသည်နှင့်အမျှ ပြည်ထောင်စုအစိုးရမှ တိုးမြှင့်ချထားပေးမည် မျှော်လင့်ကြောင်း ကျန်းမာရေးလောကမှ သြဇာရှိ ဆရာဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 2:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

'ထ'အက္ခရာတန်း ကားဟောင်းများ အပ်နှံမှု ဇန်န၀ါရီလ ၁၉ရက်နေ့မှစ၍ ကညနတွင် လက်ခံပေးသွားမည်

'ထ' အက္ခရာတန်း ကားဟောင်းများအပ်နှံမှုကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့မှစ၍ လက်ခံသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန် ရှိသူများထံမှ သတင်းရရှိပါသည်။
လက်ရှိတွင် 'ဏ'အက္ခရာတန်း ကားဟောင်းများအပ်နှံမှုကို လက်ခံနေပြီး 'ဏ' နံပါတ်ကားဟောင်းများ အပ်နှံမှုကျဲပါးသွားသည့်အတွက် 'ထ' အက္ခရာတန်း ကားဟောင်းများအပ်နှံမှုကို လက်ခံသွားမည်ဖြစ်သည်ဟု သိရှိရသည်။
''ထ အက္ခရာတန်း ကားဟောင်းတွေအပ်နှံမှုကို ဇန်န၀ါရီလ ၁၉ ရက် နေ့မှစပြီး လက်ခံသွားပါမယ်။ 'ထ' အက္ခရာတန်း ကားတွေ အပ်နှံတာကလည်း ရက် ၂၀ လောက်ပဲကြာမယ် လို့ မှန်းထားတယ်။ 'ထ' အက္ခရာပြီးရင် 'ဒ' အက္ခရာတန်း ကားဟောင်းတွေ အပ်နှံမှုကို ဆက်တိုက်လက်ခံသွားမှာပါ။ အခု ဇန်န၀ါရီလ ၁၇ ရက်နေ့အထိ ကားဟောင်းအပ်တာ စုစုပေါင်း ၂၇၂၁၄ စီးရှိသွားပါပြီ။ ကညနက လိုင်စင်ထုတ်ပေးပြီးတာက ၇၂၀၃ စီး ရှိသွားပါပြီ။ 'ဏ'နံပါတ်တွေက ကုန်သွားတာတော့ မဟုတ်ဘူး။ အပ်တာ ကျဲသွားတာပါ။ အဲလိုကျဲပါးသွားတဲ့အတွက် 'ထ'နံပါတ်တွေ အပ်တာကို လက်ခံတာပါ။ အခုနောက်ပိုင်းအပ်ဖို့ အချိန်ကျလာတဲ့ ကားဟောင်းတွေ ထဲမှာ လုပ်ငန်းလုပ်နေတဲ့ကားတွေ ပါတာများတဲ့အတွက် တချို့ကလည်း မအပ်သေးတာရှိတယ်''ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၁၇ ရက်နေ့အထိ အပ်နှံထားသည့် ကားဟောင်းအစီးရေမှာ ၂၇၂၁၄ စီးရှိပြီဖြစ်ကြောင်း၊ ပါမစ်ထုတ်ပေးပြီး အစီးရေ ၁၉၈၉၈ စီးရှိပြီဖြစ်ကြောင်း၊ ကညနမှ လိုင်စင် ထုတ်ပေးပြီး အစီးရေမှာ ၇၂၀၃ စီးရှိပြီဖြစ်ကြောင်း သိရသည်။
ကားဟောင်းများအပ်နှံရာတွင် 'စ'အက္ခရာ ၄၈၁၉ စီး၊ 'ဆ'အက္ခရာ ၄၅၈၇ စီး၊ 'ဇ'အက္ခရာ ၄၉၄၆ စီး၊ 'ဈ'အက္ခရာ ၄၇၂၀ စီး၊ 'ည'အက္ခရာ ၄၇၃၃ စီးနှင့် 'ဏ'အက္ခရာ ၃၄၀၉ စီးရှိကြောင်း သိရသည်။

Unknown at 1:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမလေးတို့သိစေဖို့.....


စနစ်တွေ အားလုံးပြောင်း
ခေတ်ဟောင်းတွေ ချန်ရစ်
ခေတ်သစ်တွေ ဖန်တီးနေတဲ့
ဥာဏ်ကြီးတဲ့  ရာစုသို့
ကူးပြောင်းခဲ့ကြာပြီ ......
အကိုတို့မှာဖြင့်
ကိုယ့်ဘာသာ အကျိုးကိုလုပ်နေချိန်
ကိုယ့်မြန်မာ အမျိုးပြုတ်မှာကိုလည်း
ရတက်မအေး  ရင်လေးရတယ်ကွယ် ......
ညီမလေး တို့ရေ
မြန်မာဆိုတာ  ကမ္ဘာမှာ
ဗုဒ္ဒဘာသာတို့  ဌာန
မေတ္တာရှိတဲ့  တိုင်းပြည်
သစ္စာရှိတဲ့  နိုင်ငံ
ယဉ်ကျေးမှုတို့  တည်ရာ
လူလိမ်မာတို့  နေရာ 
တရားပြည့်တဲ့  အရပ်
ငြိမ်းချမ်းတဲ့  ဒေသ
ဒါတွေကို  သတိရ
သိကြဖို့ လိုမယ်ကွယ် ......
ညီမလေးတို့ ရေ
မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့ မရ
ခြေတစ်လှမ်း  ကုဋေတစ်သန်း
ဟန်တစ်ခါပြင်  ရွှေစင်ဆယ်တွင်း
ဗိုင်းကောင်း  ကျောက်ဖိ
အစရှိတဲ့  စကားပုံတွေဟာ
တို့ မြန်မာကို အကြောင်းပြု
ပေါင်းစုလို့ ထားတာပါကွယ် .......ညီမလေးတို့ရေ
မြန်မာမိန်းကလေးဆိုတာ
အလှ မက်ပေမယ့်
ဘ၀မပျက်ကြဘူး
ဓနဂုဏ်ကြိုက်ပေမယ့်
ဘ၀ပုံ မမိုက်ကြဘူး
အပျော်ထူးပေမယ့်
မတော် မကြူးကြဘူး
အလုပ်ခတ်ပေမယ့်
သရုပ်မပျက်ကြဘူး
အသဲနှလုံးရှိပေမယ့်
တစ်ပွဲသုံး မပြု့ကြဘူး
ချစ်တတ်ပေမယ့်
အပြစ်ဇာတ်မကကြဘူး
လည်ဟိုက်တွေနဲ့
တကယ်မမိုက်ကြဘူး
ဒူးကွဲတွေနဲ့ အရူးလဲမလုပ်ကြဘူး 
ဒါတွေကို ညီမလေးတို့
သိကြပါရဲ့နော် .....အတုမြင် အတတ်မသင်ချင်ပါနဲ့
မတူရင် မတုချင်ပါနဲ့
အဟုတ်လှတာလား
ဗရုပ်ကျတာလား
အသစ်ဖန်တာလား
မဖြစ်တန်တာလား
ယဉ်ကျေးတာလား
အထင်သေးစရာလား
အပျော်ကြိုက်တာလား
အတော်မိုက်တာလား
မော်ဒယ်အသွင်ရိုင်းတာလား
လော်လည်အလွန် ရိုင်းတာလား
ဒါတွေကို ဆန်းစစ်လို့
အရမ်းဖြစ်သင့်သလားဆိုတာ
ဝေဖန်သုံးသပ်
ဆုံးဖြတ်ဆင်ခြင်
ပြုပြင်ထိန်းသိမ်းလို့
သစ်တိုင်းမကောင်း
ဟောင်းတိုင်းမညစ်ဆိုတာ
သိစေချင်တယ်ကွယ်.....ညီမလေးတို့ရေ
ခေတ်ဆိုတာ မသိကြ
ဘ၀ဆိုတာ နားမလည်
အရုပ်ဇာတ်ကို အဟုတ်မှတ်ပြီး
အသိဥာဏ် မကြွယ်သေးတဲ့
ညီမငယ်တို့ ဘ၀လေးကို
ပိုးဖလံမျိုး မီးကို တိုးသလို
မြွေပွေး ခါးပိုက်ပိုက်သလိုမျိုး
အစိုးရိမ်ရဆုံးကပါကွယ် ........ညီမလေးတို့ရေ
ဘာသာလဲ မတူ
လူမျိုးလည်း ခြားနား
ဒီလို လူများကိုမှ
အားကျချင်သလားကွယ်
ကိုယ့်လူမျိုး  ကိုယ့်မြန်မာ
ကိုယ့်ဘာသာ ကိုယ့်သာသနာနဲ့
နေလာတာ ကြာညောင်းလို့
နှစ်ပေါင်းတွေလည်းများလှပြီကွယ်
အကိုတို့ ခေတ်
ညီမတို့ စနစ်မှ
မြန်မာနှင့်  ဘာသာတရား
အမျိုးပြွမ်းလို့ ညိုးနွမ်းခဲ့ရင်
ရာဇ၀င်မှာ စာတင်ရတာ
အများကြားလို့် နားခါးမှာပါကွယ် ....အခုဆိုရင်
တိုင်းတပါးသားတွေ ရောယှက်
ပေါသွက်သွက် လူကြောင်တွေနဲ့
ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို
တို့မြန်မာ  တို့အမျိုး
တို့လူမျိုး တို့ဘာသာမှာ
ပိုးဖောက်သလို တစ တစ
အမျိုးဖောက်လို့ ဘာသာလုနေကြတာက
အမျိုးပျောက်ဖို့ အကြောင်းအရင်းပါကွယ်......

..
အသားထဲက လောက်ဖြစ်
ကိုယ့်စည်း ကိုယ်ကျော်
ကိုယ့်တပ် ကိုယ်နင်း
ကိုယ့်ပေါင် ကိုယ်ထောင်း
ကိုယ့်လိပ်ပြာ ကိုယ်မရှက်ရင်
ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့
ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကရမှာဆိုတာ
ယုံကြည်ကြပါကွယ်.......
ပျက်အစဉ်  ပြင်ခဏ
စစ်မရောက်ခင်  မြှားချွန်
မိုးမကုန်ခင် ထွန်ချ
အချိန်ရှိခိုက်  လုံ့လစိုက်ပြီး
မိုက်တာတွေ လိမ်မာအောင်
ရိုင်းတာတွေ ယဉ်ကျေးအောင်
မှားတာတွေ အမှန်ဖြစ်အောင်
မှောင်တာတွေ အလင်းရအောင်
မသိတာတွေ သိရအောင်
သတိဆောင်ကာ ၀ီရိယဖြည့်လို့
တို့တစ်တွေ ၀ိုင်းဝန်းးကာ
အများပေါင်း အကြောင်းလှစေဖို့
အားကောင်းစွာ ဖြေရှင်းကြစို့ကွယ်
သို့မဟုတ်ရင်ဖြင့်
တစ်နေ့နေ့  တစ်ချိန်ချိန်မှာ
ယာရှင်ကို  မျောက်မောင်းသလို
အဟောင်းဒေသကို ပြောင်းနေကြရမှာက
မြေကြီးလက်ခက် မလွဲဆိုတာ
နှလုံးသားမှာ စွဲကပ်
အမြဲမှတ်ကြပါလို့
တစ်မျိုးသားလုံးအတွက်
အရိုးသားဆုံးနဲ့
နှိုးဆော်လိုက်ပါရစေ
မြန်မာပြည်သွေး
မြန်မာပြည်မွေး
ညီမလေးတို့  ........။
Unknown at 11:42 AM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး

တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးနှင့် အရှည်ကြာဆုံးဆင်နွှဲသော တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၂၃ ရက်တွင် စတင်ဆင်နွှဲကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအတွက် အလှည့်ကျသည်မှာ တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။
ကမ္ဘာကိုလည်နေသော လအပေါ် အခြေပြုတွက်ချက်သည့် တရုတ် Lunar ပြက္ခဒိန်၏ ပထမဆုံးလ၏ ပထမဆုံးနေ့မှာ ဇန်န၀ါရီလ ၂၃ ရက် ဖြစ်သည်။ သို့သော် တရုတ်နက္ခတ်ဗေဒ ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သော Tiger month ၏ ပထမဆုံးနေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ကြောင်း သိရသည်။ ယင်းပထမဆုံးလကို နွေဦးစတင်ခြင်း (Start of Spring) ဟု ခေါ်ဆိုပြီး တရုတ်စံတော်ချိန်အရ နဂါးနှစ်မှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၆ နာရီ၊ ၂၃ မိနစ်တွင် စတင်ကြောင်း ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် (Start of Spring) မတိုင်မီ ဇန်န၀ါရီလတွင် မွေးဖွားသူများမှာ နဂါးနှစ်ဖွားများ မဟုတ်ဘဲ ယုန်နှစ်ဖွားများသာဖြစ်ကြောင်း သတ်မှတ်ထားသည်။
တရုတ်နှစ်သစ်ကူးနှင့်ဆိုင်သော ဒဏ္ဍာရီလာပုံပြင်များအနက် Nian ဟုခေါ်သော ရုပ်ဆိုးသည့် မှင်စာပုံပြင်မှာ ထင်ရှားသည်။ ယင်းပုံပြင်တွင် Nian ၏ ရန်မှလွတ်ရန် ရွာသားများက တောင်ပေါ်သို့ထွက်ပြေးရန် ပြင်ဆင်နေစဉ် သူဖုန်းစားတစ်ဦး ရောက်လာခဲ့သည်ဟု ဆိုသည်။ ယင်းသူဖုန်းစားကို ကယ်တင်ရန် မတတ်နိုင်သည့်အဆုံး တွင် ရွာတွင် တစ်ယောက်တည်းထား ခဲ့ရသည်။ ရွာသားများပြန်လာသောအခါ သူဖုန်းစားသည် စက္ကူနီများကို တံခါးများတွင်ချိတ်ဆွဲခြင်း၊ အ၀တ်နီများကို ၀တ်ဆင်ခြင်း၊ မီးရှူးမီးပန်းများကို ပစ်ဖောက်ခြင်းဖြင့် Nian ကို ပင်လယ်သို့ထွက်ပြေးအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နှစ်သစ်ကူးနေ့မှာ အများအားဖြင့် ဂရီဂိုရီယန်ပြက္ခဒိန်အရ ဇန်န၀ါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၂၀ရက်အကြား ကျရောက်လေ့ရှိသည်။ နှစ်သစ်ကူးပွဲအတွက် နှစ်မကုန်မီ နောက်ဆုံးလ၏ ၈ ရက်နေ့မှစတင်၍ ပြင်ဆင်သဖြင့် သီတင်းပတ်သုံးပတ်ခန့် အချိန်ယူသည်။ နှစ်သစ်ကူးပွဲကိုမူ နှစ်သစ်၏ ပထမဆုံးလ ၁၅ ရက်အထိ ဆင်နွှဲသဖြင့် ပြင်ဆင်ချိန်နှင့်ပေါင်းပါက တစ်လကျော်ခန့် ကြာမြင့်ကြောင်း သိရသည်။
နှစ်သစ်ကူးတွင် တစ်ဦးနှင့်တစ်ဦး ကံကောင်းပါစေဟု အဓိပ္ပာယ်ရသော Kung Hei Fat Choy စကား ဖြင့် ဆုတောင်းပေးသလို မင်္ဂလာနှစ်သစ်ပါဟု အဓိပ္ပာယ်ရသည့် Kung Hall Sun Hei စကားများဖြင့် နှုတ်ဆက်လေ့ ရှိသည်။ အသက်ကြီးသူများ၊ အိမ်ထောင်ရှိသူများက ၎င်းတို့၏ ကလေးများ၊ ငယ်ရွယ်သူ ဆွေမျိုးများကို စာအိတ်နီများထဲတွင် ပိုက်ဆံများထည့်ပြီး (Hong Bao) ပေးသော ဓလေ့ရှိသည်။ ယင်းအိတ်များကို အိပ်ရာအောက် တွင် ထားအိပ်ပါက အိပ်မက် ဆိုးများမမက်ဘဲ ကောင်းမွန်စွာ အိပ်စက်နိုင်ကြောင်းလည်း အယူရှိသည်။
ခြင်္သေ့အကများ၊ နဂါးအကများဖြင့် လှည့်လည်ကပြ ဖျော်ဖြေလေ့ရှိပြီး မီးရှူးမီးပန်းများကိုလည်း ကျယ်လောင်စွာ ဖောက်လေ့ရှိသည်။ ယင်းကဲ့သို့ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းဖြင့် ပြီးခဲ့သောနှစ်က ကံမကောင်းမှုများ၊ ၀မ်းနည်းစရာအဖြစ်များလွင့်စင်ကာ လာမည့်နှစ်တွင် ကံကောင်းခြင်း၊ တိုးတက်ခြင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု အယူအဆရှိသည်။
တရုတ်ပြက္ခဒိန်တွင် Ying နှင့် Yang ဟုခေါ်သော Heavenly Stem နှစ်ခုကို သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေစသည့် ဓာတ်ငါးမျိုးနှင့်ပေါင်းစပ်ရာ ဇာတာခွင်အရ Ying Wood ၊ Yang Wood ၊ Ying Fire ၊ Yang Fire စသည့်ဖြင့် Stem ၁၀ ခု ရှိသည်။ ထို့ပြင် ရာသီခွင်သင်္ကေတများအဖြစ် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ၀က် စသော တိရစ္ဆာန် ၁၂ မျိုးကို Earthly Branch အဖြစ် သတ်မှတ်ထားသည်။
Yang မှာ မဂဏန်း (၁၊ ၃၊ ၅) ဖြစ်ပြီး အဖိုကိုယ်စားပြုသည်။ Ying မှာ စုံဂဏန်း (၂၊ ၄၊ ၆)ဖြစ်ပြီး အမကိုယ်စားပြုသည်။ Yang အစုတွင် ကြွက်၊ ကျား၊ နဂါး၊ မြင်း၊ မျောက် နှင့်ခွေးတို့ပါဝင်ပြီး Ying အစုတွင် နွား၊ ယုန်၊ မြွေ၊ သိုး၊ ကြက်နှင့် ၀က်တို့ ပါဝင်သည်။
ယင်းရာသီခွင်သင်္ကေတ တိရစ္ဆာန်များနှင့်ပတ်သက်၍ ကောင်းကင်ဘုံမ Jade Emperor သည်  ၎င်းကိုလာတွေ့ရန် တိရစ္ဆာန်အားလုံးအား ဖိတ်ကြားခဲ့သည်ဟု ပုံပြင်တစ်ခုတွင် ဆိုထားသည်။ သို့သော် တိရစ္ဆာန် ၁၂ ကောင်သာ လာရောက်တွေ့ဆုံခဲ့ပြီး ယင်းတိရစ္ဆာန်များကို လတစ်လချင်းစီအလိုက် သတ်မှတ်ပေးခဲ့ကြောင်း ဆိုထားသည်။ အခြားပုံပြင်တစ်ခုတွင်မူ ဗုဒ္ဓက တရုတ်နိုင်ငံကို ပြန်လည်ကွပ်ကဲ စီမံရန်အတွက်ဆွေးနွေးရန် တိရစ္ဆာန်များအား ဖိတ်ကြားခဲ့ကြောင်း၊ လာ ရောက်သောတိရစ္ဆာန် ၁၂ ကောင်၏ စိတ်နေသဘောထားများအတိုင်း လ ၁၂ လတွင် မွေးဖွားသူများတွင် ထင်ဟပ်စေရမည်ဟု သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်ဒဏ္ဍာရီလာ ပုံပြင်များအရ တရုတ်နဂါးသည် ကောင်းကင်မှလာကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းကင်ဘုံရှိသည်ဟု လက်ခံထားပြီး တစ်နည်းအားဖြင့် ကောင်းကင်ဘုံမှ အခွင့်အာဏာအဖြစ် မှတ်ယူကြသည်။
တရုတ်ဧကရာဇ်သည် ကောင်းကင်ဘုံမှလာသူဖြစ်သဖြင့် နဂါးများကို အမိန့်ပေး ညွှန်ကြားနိုင်ကြောင်း ဆိုထားသည်။
တရုတ်တွင် နဂါးမှာ အောင်မြင်မှုအရှိဆုံး အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခံရပြီး ဘုရင်များသည် နဂါးရုပ်ပါသော တော်ဝင်ဝတ်စုံများ ၀တ်ဆင်လေ့ရှိသည်။ နဂါး၏ သားကိုးကောင် အကြောင်းကို မင်မင်းဆက် (အေဒီ ၁၃၆၈-၁၆၄၄) အထိ သိရှိသူနည်းပါးပြီး နဂါးကိုးကောင်အကြောင်းနှင့် ပတ်သက်၍ ပုံပြင်တစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
မင်မင်းဆက်၏ ပထမဆုံးဘုရင်အား ကူညီပေးရန် ကောင်းကင်ဘုံရှိ နဂါးမင်းသည် ၎င်း၏သားကိုးကောင်ကို စေလွှတ်ခဲ့သည်။ အကူအညီပေး လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နဂါးကိုးကောင်သည် ကောင်းကင်ဘုံသို့ ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် ဘုရင်က ဆက်လက်ကူညီစေချင်သည်။ နဂါး ကိုးကောင်မှာ လက်မခံသဖြင့် ဘုရင်က မတားဆီးနိုင်ခဲ့ပေ။ ယင်းအတွက်ဘုရင်က နဂါးကိုးကောင်အနက် အစွမ်းရှိဆုံး နံပါတ်ခြောက်နဂါးကို မှော်ကျောက်တိုင်ယူလာရန် တစ်ဖက်လှည့်ဖြင့် ခိုင်းစေခဲ့သည်။ ယင်းမှော်ကျောက်တိုင်မှာ တစ္ဆေ၊သရဲ၊ မကောင်း ဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်းရှိသည်။ နံပါတ်ခြောက်နဂါးမှာ ယင်းကျောက်တိုင်အောက်မှ မရုန်းထွက်နိုင် သဖြင့် ကျန်နဂါးများမှာလည်း နံပါတ်ခြောက် နဂါးမပါသဖြင့် ကောင်းကင်ဘုံသို့ ပြန်၍မရခဲ့ပေ။ သို့သော် နဂါးကိုးကောင်သည် ဘုရင်ကို ကူညီခြင်းမပြုတော့သလို နဂါးအဖြစ် မနေထိုင်တော့ဘဲ မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်းမှစ၍ နဂါးကိုးကောင်သည် တရုတ်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းပုံပြင်တွင် ဖော်ပြထားသည်။
တည်ငြိမ်သည့် သွင်ပြင်လက္ခဏာရှိသော ယုန်နှစ်ဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ယုန်လက္ခဏာနှင့်ဆန့်ကျင့်ဘက်အဖြစ် ကမ္ဘာတစ်ဝန်းတွင် အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် အာဏာရှင်အချို့ ပြုတ်ကျမှု၊ ဥရောပဘဏ္ဍာရေးကြွေးမြီ အကျပ်အတည်းဆိုးရွားမှု၊ အာရှဒေသရှိ နိုင်ငံအချို့တွင် ပြင်းထန်သော သဘာဝကပ်ဘေးတို့ ကြုံတွေ့ခဲ့သည်။ ရဲရင့်တက်ကြွသောပင်ကိုယ်ဗီဇရှိသည့် နဂါးနှစ်ဖြစ်သော ယခုနှစ်တွင်မူ အံ့သြမှင်သက်ရလောက်သည့် ကောင်းမွန်သော၊ဆိုးရွားသော မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်မည်ဆိုခြင်းကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
Written by အောင်သိန်းဝင်း   
EMG
Unknown at 10:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ်ဝန်ဆောင် ကျောင်းဆရာမကို မြန်မာအစိုးရတပ်မှ ပစ်သတ်



ying-wang-hpakant
မြန်မာအစိုးရစစ်တပ် ခလရ ၅၈ မှ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကချင်ကျောင်းဆရာမ Mangshang Ying Wang အား ဖားကန့်လမ်း ကားမိုင်းတွင် မြေမြှပ် သဂြိုလ်နေပုံ။
ကချင်ပြည်နယ် အနောက်ဘက် ဖားကန့် မြို့နယ်တွင် ကိုယ်ဝန်နှင့် ကျောင်းဆရာမတဦးသည် မြန်မာအစိုးရ စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကားမိုင် ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများပြောသည်။

ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့် ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာအစိုးရ စစ်ကြောင်းတခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။

ထိုနေ့ ညနေ ၄ နာရီတွင် လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။

ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာ တခု၊ အပြင်ဘယ်ဘက် ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာ တခု သာရရှိပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။


ying-wang
မြန်မာအစိုးရစစ်သားများ၏ ပစ်ခတ်မှုကြောင့် လည်ပင်းအရင်းတွင်ရရှိတဲ့ ဒဏ်ရာဖြင့် ကားမိုင်းဆေးရုံတွင် သေဆုံးခဲ့တဲ့ ဆရာမယိန်းဝမ်။
၎င်းတို့သည် ကားမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇုံနယ် ဆိုင်းဖရာ (Seng Hpra mare) ကျေးရွာမှဖြစ်ကာ ဆရာမမှာ ထိုကပ်မှော်ဇုံနယ်ရှိ ခွမ်စိုင်ဇွမ် (Hkumtsai Zup mare) ကျေးရွာမှ ကျောင်းဆရာမ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။


source by :
http://kachinnews.com
Unknown at 1:31 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook မှ ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)

ဘိုကြည်
       ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား   
        ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံးလူတွေထဲက တစ်ယောက်အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူပြီးသည့်အချိန်ကစပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ်အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲလိုတာဝန်ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေးရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော်အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ မျှတသောတရားစီရင်ခြင်းမရှိဘဲ ထောင်သွင်း အကျဉ်းချထားတာကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
           အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေသာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်းအများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီးရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်းကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။
           ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် ကျေးဇူးတင်ရမလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည်ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။  ဒါဟာ မှားယွင်းကြောင်းသိတယ်ဆိုရင် အစိုးရတရပ်အနေနဲ့ လူသိရှင်ကြား တောင်းပန်ရမှာပါ။ နောက်ဆက်တွဲအနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည်ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာအစိုးရများရဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။
မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံပြောဆိုခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသားရင်ကြားစေ့ရေးရေးအတွက် အကောင်အထည် ဖော်နေပါတယ်ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။
         ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မှား ယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားတာဟာ အလွန်ရှက်စရာကောင်းတဲ့ အပြုအမူဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
          နှိပ်စက်ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလိုဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။

          အခု ကိုသန့်ဇော်ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက်ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း
နေ့စွဲ။     ။ ၃၁၊ ၇၊ ၉၅

        ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုးသားထောက်လှမ်းရေးမှဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်းအတွင်းတို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီးနောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေကြသည်ဟု နောက်မှ သိရပါသည်။
            ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ်သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှုအခန်း၌ ပါဝင်ပတ်သက်ခြင်းကို သိရှိသွားသဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွား သည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရိုဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီးလာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေးပြုလုပ်မည့် အစီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော်လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတစ်ဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တစ်ကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင်ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင်လည်းကောင်း ကျွန်ုပ် တစ်ကြိမ်မျှမတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်းစားမရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲရှိပါတယ်။
            ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တစ်ခုအတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ်ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကိုခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်ကရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့်တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝမဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည်ချေပပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီးဆုကြေးများပင် မကတော့ဘဲ ဝါယာကြိုးဖြင့်လည်းကောင်း၊ တုတ်များဖြင့်လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာအား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တစ်ဖွဲ့ခွဲကာဖြင့်လည်းကောင်း၊ တစ်ယောက်ချင်းဖြင့်လည်းကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။     ကျွန်ုပ်လည်း သေချင်သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူးဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထားခိုင်လုံစွာဖြင့် သက်သေသက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက်ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်းနှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ်တစ်ကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်းမြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ ခြေဖျားထောက်ပြီး ခြေဖနောင့်အောက်တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝကျူးလွန်ခြင်းမရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝမလုပ်ကြောင်း အဖန်ဖန်ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုးရဆန့်ကျင်ရေး စာရွက် စာတမ်း တစောင်တလေသော်လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော်လည်းကောင်း အလျဉ်း ရှာဖွေတွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက်ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။ ကျွန်ုပ် ထက်စော၍ အဖမ်းခံရသူ ‘+++’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ခေါ်လာပြီး +++ ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသားအနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာဒေါသဖြစ်မိပြီးတော့ “မင်းလည်းမဟုတ်ဘူး၊ ငါလည်းမဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဒာကိုယ်အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။
           ++++ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံးအချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးကအစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတစ်ဦးဖြစ်ပါတယ်။ ချက်ချင်းသဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက်ညှဉ်းပန်း၍ အတင်းအဓမ္မဝန်ခံခိုင်းပြီး ကျွန်ုပ်အား ++++ ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တစ ရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနားတက်ရောက်လာသူ ပါတီအဖွဲ့အစည်းပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်းသိကြောင်း စသည့် တိကျသေချာခိုင်လုံသည့် အထောက်အထားများ ပြဆို သော်လည်း ကျွန်ုပ်အား ညှဉ်းပန်းနှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။ မရှေးမနှောင်းမှာပင် +++ ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ်ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ”ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “+++ မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝမပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ”လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ပရပွဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတပြင်လုံး သွေးချင်းချင်းရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင်စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ်လေးလံစွာ ခံစားနေရပါပြီ။
            ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံအစစ်အမှန်ကို ကြိုးစားပြီး စုံစမ်းထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံအစစ်အမှန်များ လုံးဝအလျဉ်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြားပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခိုင်းနေပါသည်။
            ကျွန်ုပ်အား စစ်ဆေးနှိပ်စက်မှုများ သုံးရက်ကြာသောအခါ +++ ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ရှေ့သို့ ခေါ်လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ +++၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ +++ ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ကျွန်ုပ် ၆ ရက်နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံမနေနဲ့တော့”တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။
            ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ် ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ်မစည်းထားဘူး) ကျွန်ုပ် ခွေလဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခုလုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲရှိတော့တယ်။
            ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီးလဲကျသွားတာကို နှစ်ယောက်က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တစ်ခွန်းပဲပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။
            ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ်နံပါတ်မှအစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တော ခိုသွားတာက အစပေါ့ တနေ့ ကျွန်ုပ်ဆီရောက်လာပြီး ဗုံးခွဲရန် လာရောက်ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟုပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှမရှိတာ သူက တောထဲမှာပဲ။ မရှိတဲ့သူ ဖမ်းလို့မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ပဲနဲ့ ကိုယ်ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ်ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။
            ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။ မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့၏ လက်ချက်ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝမပတ်သက်ကြောင်း၊ နိုင်ငံတကာသို့လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေးကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါတယ်။)
            ၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချလိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတစ်ယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ်ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူတို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတစ်ခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်းရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကိုလည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။
            တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးပဲနေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု  တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစားပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏအချိန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။
            အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍ အပြင်သို့ခေါ်သွားပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန်တောင်းပန်တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈နာရီ ထိုးသည့်အသံ သတင်းကြေညာသောအသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများဖွင့်လှစ်ခြင်းကို ကြေညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အားပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန်ပြီး မပေးလျှင်မရကြောင်း အဓမ္မပြုလုပ်ခိုင်းပါသည်။ အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက်မပေးမချင်း စောင့်နေပါတယ်။ ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ်ပြောခဲ့သည့် ဗုံးပေါက်ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှမတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများကို ပြန်လည်ဖြေဆိုခြင်းကို တုံဏှိဘာဝေနေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့နောက်မညီအောင် လံကြုပ်ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။
            ၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်းရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ် သွားပါတယ်။ အင်းစိန်အကျဉ်းထောင်ဘေးရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်းဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာများကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင်အားလုံးကို မြင်နေရပါတယ်။ တရားစစ် ဆေးကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာဘဲဖြစ်ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသားပြောရန် အထပ်ထပ်မှာ ကြားပါတယ်။
            သေချာပါတယ်။ စစ်ခုံရုံးဖြစ်ပါတယ်။ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌပြုလုပ်သော စစ်ခုံရုံးဖြစ်ပါတယ်။
            ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟုဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံး တရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ပါတီကိုပါ စော်ကား သိက္ခာချခြင်းဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝမပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝမဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှုမဖြစ်သွားမီနေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီးနောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင်ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင်ရှိနေသည် စသည်ဖြင့် တိကျခိုင်လုံသော အထောက်အထားများ သက်သေများပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့အား အရွယ်ဖြင့်မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုတို့ကို မခံမရပ်နိုင်ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများ အလိုကျပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ်လျှောက်လဲ ပြောဆိုခဲ့ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌအောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။
            နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးအောင်ညွန့်(လေ)က “တရားခံများဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူတို့အား စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည်ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ”ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက်စက်ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်းမရှိကြောင်း ကျွန်ုပ်တို့ လုံးဝမပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ်မရှိသည့်အတွက် အပြစ်ပေးစရာမလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလသြဝါဒတွင် “ပြစ်မှုကျူးလွန်သော တရားခံဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ်မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်”ဟု မိန့်ဆိုထားသည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များအပါအဝင် အမှုကျူးလွန်ခြင်းမရှိသည့် သက်သေအထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ်အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟုဆိုကာ ‘သေဒဏ်’အမိန့် ချမှတ်လိုက်ပါတယ်။
            ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ်တစ်ခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ်(၁)နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။
            ဤအထက်ပါအမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုးဆက်နွယ်ပြီး အထောက်အထားခိုင်လုံပြည့်ဝစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲချေပသော်ငြားလည်း ကျွန်ုပ်အပါအဝင်
            မောင်ညီညီဦး                   (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
            ဒေါက်တာထွန်းသူ             (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
            မောင်အောင်ကျော်ဆန်း      (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
            မောင်ဌေးလွင်                  (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
            မောင်ထွေးမောင်               (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
            မောင်အုံးဝင်း                   (သန်လျင်မြို့နယ် NLD လူငယ်)
            မောင်စန်းအောင်               (သန်လျင်မြို့နယ် NLD လူငယ်)
            မောင်အောင်သန်း             (သန်လျင်မြို့နယ် NLD လူငယ်)
            မောင်မိုးကျော်                  (သန်လျင်မြို့နယ် NLD လူငယ်)
            မောင်နေလင်းစိုးရင်           (သန်လျင်မြို့နယ်  NLD လူငယ်)
            မောင်အောင်နိုင်                (သန်လျင်မြို့နယ် NLD လူငယ်)
            မောင်ဇော်ထွန်းသက်          (သန်လျင်မြို့နယ် NLD လူငယ်)
            မောင်သက်ခိုင်                  (ဗကသ၊ သုဝဏ္ဏမြို့နယ်)
            မောင်အောင်အောင်       (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက်       (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
            စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
            ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသောအတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ်တိုက်ပွဲများ ပြုလုပ်ဖန်တီးသည်ဟုဆိုကာ သရက်အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြုလုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။
            ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မ�
Unknown at 1:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာလွတ်လပ်ခွင့်ရပြီဆိုရင် ပြည်ပက မီဒီယာတွေ တော်တော်အခက်တွေ့နိုင်


ဘီဘီစီ သတင်းဌာနရဲ့ မြန်မာပိုင်းအစီ အစဉ်မှာ နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးနေ၀င်းနဲ့ မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ရတနာထွန်းက မီဒီယာလောကအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဘီဘီစီလို ပြည်ပကသတင်းဌာနတွေက ဒီမှာလွတ်လွတ် လပ်လပ် သတင်းယူခွင့်သာရမယ်ဆိုရင်ဘယ်လိုအနေအထား ဖြစ်လာနိုင်ပါသလဲ။

ကျွန်တော် အလုပ်လုပ်ခဲ့တဲ့အချိန် တုန်းကတော့ ပြည်တွင်းကနေ သတင်း ပို့ပေးတဲ့ ဦးမောင်မောင်ရှိပါတယ်။ ဒါပေမယ့် သူလုပ်ရတဲ့အနေ အထားကလည်း အကန့်အသတ်နဲ့ပါပဲ။ နောက်တော့ မြန်မာပိုင်းအစီ အစဉ်လွှင့်တဲ့ နိုင်ငံခြား အသံလွှင့်ဌာနတွေက သူတို့ရဲ့သတင်းအဖွဲ့ တွေကို မြန်မာနဲ့အနီးဆုံး ထိုင်းမှာ ထားကြတယ်။ အဲဒါမျိုးထက်စာရင် ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရမယ်ဆိုရင်တော့ သတင်း တွေကို ပိုပြီးထောင့်စုံအောင် တင်ဆက်လာနိုင်မှာပါ။ အခု မဖြစ်သေးရင်တောင် အလျင်အမြန် ဒီလိုဖြစ်လာမယ်လို့ ယုံ ကြည် ပါတယ်။

ပြည်ပအသံလွှင့်ဌာနတွေမှာ လက်ရှိ မြန်မာ့မီဒီယာ လောကအပြောင်းအလဲကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။



အရင်က လူတွေနိုင်ငံခြားသတင်း ဌာနက အသံလွှင့်တာတွေကို နားထောင်တယ်ဆိုတာ သတင်းမှန်ရချင်လို့။ ပြည်တွင်းက မသိရ တာတွေ ပြည်ပက သိနိုင်လို့နားထောင်ကြတယ်။ အခုလွတ်လပ်လာတဲ့အခါ ပြည်တွင်းကလည်း အကုန်သိပြီ။ ပြည်တွင်းကတောင် ပိုမြန်ဦးမယ်။ ဒီတော့ ပြည်ပကအသံလွှင့်ဌာနတွေက အတော့်ကိုကြိုးပမ်းရမယ်။ သူတို့ရဲ့ အရည်အချင်းအစွမ်းသတ္တိတွေကို ပေါ်လွင် အောင်မပြနိုင်ရင်ကြာရင် တဖြေးဖြေး မှေးမှိန်သွားလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာမရှိတော့ဘဲ မီဒီယာလွတ်လပ်ခွင့်ရပြီဆိုရင် ပြည်ပက မီဒီယာတွေ တော်တော်အခက်တွေ့နိုင်ပါတယ်။ ပြည်တွင်းမီဒီယာကလည်း အရည်အချင်း ရှိမယ်။ ဝေဖန်သုံးသပ်မှုတွေက လေးနက်သည်ထက် လေးနက်မယ်ဆိုရင်ပြည်တွင်း မီဒီယာတွေကိုပိုအားပေးလာလိမ့်မယ်။

လက်ရှိပြည်ပက မြန်မာပိုင်း အစီအစဉ်တွေ တင်ဆက်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။

ကျွန်တော်က လက်ရှိလုပ်နေတဲ့သူ မဟုတ်တော့ ပြောရခက်ပါတယ်။ ဖြစ်နိုင်စရာရှိတဲ့ အခက်အခဲတွေကတော့ အုပ်ချုပ်မှုအပိုင်းမှာ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရ တားမြစ်ခံရတာတွေက အခက်အခဲပါပဲ။ ပရိုဂျူဆာရဲ့ စိတ်ကူးရှိရင်ရှိ သလောက်ပြုလုပ်ခွင့်မရဘဲ ထိန်းချုပ် ခံရမယ်ဆိုရင် လောင်းရိပ်မိသလိုဖြစ်နေမှာပါ။ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နောက်ဆုံး ရှစ်လလောက်ကလွဲရင် ကျန် တဲ့အချိန်တွေမှာ ဒီလိုထိန်းချုပ်တာမျိုး တစ်ခါမှ မကြုံခဲ့ရပါဘူး။




သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်မှာ မီဒီယာတွေကို ဘာပြောချင်ပါသလဲ။

စာဖတ်သူ၊ အသံလွှင့်ဌာနကို နားထောင်သူတွေဟာ ဂျာနယ်၊ သတင်းစာ၊ အသံလွှင့်ဌာနရဲ့ အဖွဲ့အစည်းကို နားထောင်တာ မဟုတ်ပါဘူး။ လွှင့်တာ ကောင်းရင်း ကောင်းတာကို နားထောင်မှာပါပဲ။ မုန့်စားသလိုပါပဲ။ ဆိုင်နာမည်ကို စားတာမဟုတ်ဘဲ မုန့်အရသာကောင်းတဲ့ဆိုင်ကို ရွေးစားတာပါ။ ဒီတော့ ဘိန်းမုန့်ကြိုက်တဲ့သူကို ကိတ်မုန့် မကျွေးမိအောင် ပရိသတ်ရဲ့ အကြိုက် ကိုလည်း နားလည်ထားဖို့လိုပါတယ်။ ခုခေတ်မှာ ပြင်ပမီဒီယာတချို့က မြန်မာပရိသတ် အကြိုက်ကို မျက်ခြည်ပြတ်နေတာမျိုးတွေ တွေ့ရပါတယ်။

လက်ရှိ မြန်မာ့မီဒီယာလောကကို ဘယ်လိုမြင်ပါသလဲ။

သတိထားမိတာ ပြောရရင်တော့ လက်ရှိမီဒီယာသမားတွေ အင်မတန် ကံကောင်းပါတယ်။ အတိတ်မှာ မီဒီယာ လောကက လွတ်လွတ် လပ်လပ်မရှိဘူး။ အခုတော့ တော်တော်လေး ရေးနိုင်၊ ဝေဖန်နိုင်လာတယ်။ လွတ်လပ်တော့ တင်ပြရတဲ့အခါမှာ မိမိရဲ့ အစွမ်းအစကို ပိုပြ နိုင်လာတယ်။ အစွမ်းရှိရင်ရှိသလောက်ရေးနိုင်၊ တင်ပြနိုင်ပြီဆိုတော့ မီဒီယာတွေအတွက် ခေတ်ဆန်းချိန်ရောက်ပြီလို့ ထင်ပါတယ်။
ရန်ကုန်တိုင်းမ်
Unknown at 1:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမုန်းခံပြီး ရေးလိုက်သည်

 
 
ဇန်န၀ါရီလ ၁၆ ရက်နေ့က ပေါ်ပြူလာဂျာနယ်ရဲ့ facebook စာမျက်နှာမှာ "ပွင့်လင်းသူရှိမှ ပွင့်လင်းမီဒီယာ ဖြစ်လာမည် " ဆိုတဲ့ဆောင်းပါးကို ဖတ်လိုက်ရပါတယ် ၊ ဆောင်းပါးမှာ ဆောင်းပါးရှင်က ဒီမိုကရေစီနိုင်ငံတွေမှာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာကဏ္ဍ အရေးပါပုံ ၊ မရှိမဖြစ်လိုအပ်ပုံ တို့ကိုဖေါ်ပြပြီး နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ မီဒီယာနဲ့စိမ်းနေသေးပုံ ပွင့်လင်းရန်လိုအပ်နေပုံ တို့ကို အကိုးအကားအချို့နဲ့ ဖေါ်ပြထားတာကိုတွေ့လိုက်ရပါတယ် ၊ ကောင်းပါတယ် ဒီလိုထောက်ပြဝေဖန်တာ ၊ ဒါပေမယ့် မီဒီယာတွေကိုယ်တိုင်ရော ပြည်သူ့အသံကို သရုပ်ဖေါ်နိုင်ပါရဲ့လား ၊ မီဒီယာရဲ့အသံ ဟာ ပြည်သူ့အသံ အမှန် ဖြစ်ပါရဲ့လားလို့ ပြန်မေးစရာ တွေးမိလာပါတယ် ။
ကျွန်တော်လဲ အဆင်ပြေအောင် ပြသနာမဖြစ်အောင် ပြောတတ်ပါတယ်၊ ရေးတတ်ပါတယ်  ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အကြောင်း ၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ၊ ကမ္ဘာမှာဝင်ဆန့်မှုတွေဟာ နိုင်ငံအပေါ်မှာ ဘယ်လိုကောင်းတဲ့အလားအလာတွေဖြစ်တယ်ဆိုတဲ့အကြောင်း  ။ အခုပါတီတရား ၀င်လုပ်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းရွေးချယ်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တယ် ဆိုတဲ့အကြောင်း ၊ မီဒီယာတွေကလည်း အခက်အခဲတွေကြားထဲက ပြည်သူ့တာဝန်ကို ကျေခဲ့တယ် ဆိုတဲ့အကြောင်း  စသဖြင့်ပေါ့ဗျာ. .ရေးရင်၊ ပြောရင် ရတာပေါ့ဗျာ ... ။ ဒါပေမယ့် ပြောစရရှိတာ ကိုပြောကိုပြောရပါ့မယ် ၊ အမုန်းခံပြီးတော့ကို ပြောရပါ့မယ် ဒီနေ့မီဒီယာအများစုဟာ ပြည်သူ့ အသံအစစ်ကို သရုပ်မဖေါ်နိုင်သေးပါဘူး (တိုင်းပြည်ကို နှစ်ရှည်လများတင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သူတွေကြောင့် ခုလိုဖြစ်နေတာ လည်း ဖြစ်နိုင်ပါတယ် ) ၊ မီဒီယာရဲ့အသံဟာ ပြည်သူ့အသံအမှန် မဖြစ်သ၍  တိုင်းပြည်ဟာ အန္တရာယ်တွေ ရှိနေဦးမှာပါဘဲ၊ ပြည်သူပြည်သားတွေ စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေဦးမှာပါဘဲ...။

ဥပမာတစ်ခုအနေနဲ့ပြောရရင် မီဒီယာတွေပေါ်မှာ ဖတ်လိုက်ရင် NLD ပါတီ ချီးမွမ်းခန်းတွေ ထပ်နေပြီး ၊ ပြည်ခိုင်ဖြိုးပါတီကတော့ လူဆိုးပါတီအဖြစ် သရုပ်ဖေါ်ထားတာကိုတွေ့ရမှာပါ ၊ ဒီလိုပြောလိုက်ရင် ဒါပြည်သူ့အသံပဲလေ... ပြည်ခိုင်ဖြိုးကို ဘယ်သူကမှမကြိုက်တာ ဒါကြောင့် ဒီလို ဖြစ်နေတာပေါ့ ၊ NLD ကတော့ လူတိုင်းကြိုက်တယ်လေ.. လို့ ပြောကြမှာပါဘဲ ... ဒီအတိုင်းအမှန်ဖြစ်ပါရဲ့လား ဆိုတာ သေသေချာချာ ကြည့်ရအောင်ပါ ။

ပြီးခဲ့တဲ့ရွေးကောက်ပွဲအကြိုကာလက ထင်ရှားတဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လွင်မိုးဟာ သူဟာ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံတဲ့အကြောင်း  မီဒီယာတွေကနေ တဆင့် ပြောခဲ့ပါတယ် ၊ ဒါနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးပါဘဲ ၊ သူ့ဟာသူဘယ်ပါတီကြိုက်ကြိုက် သူ့ကိစ္စသာ ဖြစ်ပါတယ် ၊ ကိုယ်ကလဲ ကိုယ်ကြိုက်တဲ့ ပါတီကိုမဲပေးလိုက်ယုံပါဘဲ ၊ ဒါပေမယ့် မီဒီယာတွေဟာ မင်းသား လွင်မိုးကို ဗီလိန်ဖြစ်အောင်လုပ်လိုက်ကြတယ် ၊ မဲပေးခါနီး ရက်ပိုင်အလိုမှာ လွင်မိုးက သူဟာ မဲပေးဘို့အတွက် သူ့ ဇာတိကိုပြန်မှာဖြစ်ကြောင်း မဲပေးရာမှာလဲ ပြည်ခိုင်ဖြိုးက ဦးဌေးမြင့်ကို ပေးမှာဖြစ်ကြောင်း ပြောဆို လိုက်ပြန်တဲ့အတွက် မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ လွင်မိုးဟာ လူဆိုးကြီးလုံးလုံး ဖြစ်သွားတယ် ၊ ကြံ့ဖွတ် လွင်မိုး ဘာညာဆိုပြီး ပြောကြဆိုကြသံတွေစီစီညံခဲ့ကြတယ် ။ ဒီအထိ ထင်စရာရှိတာက ပြည်ခိုင်ဖြိုးပါတီမကောင်းပါဘူးလို့ ပြည်သူ့အသံ စတုတ္ထမဏ္ဍိုင် တွေက ထောက်ပြနေပါ ရက်နဲ့ ဒီမင်းသားလွင်မိုးဟာ လုပ်ချင်ရာလုပ်ရကောင်းလားဆိုပြီး ၀ိုင်းဆဲကြတာဖြစ်မယ် လို့ ထင်စရာရှိတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတော့ မဲရလဒ်တွေလဲထွက်လာရော လွင်မိုးထောက်ခံတဲ့ ပြည်ခိုင်ဖြိုးက ဦးဌေးမြင့်နိုင်သွားတယ် ၊ ကြိုတင်မဲ ကျန်တဖက်ကိုပေါင်းလိုက်ရင်တောင် သူပဲနိုင်ပါတယ် ။ ဒါဆိုရင် ခုနအွန်လိုင်းပေါ်ကအသံတွေဟာ ပြည်သူ့အသံမဟုတ်ဘူးပေါ့ ...၊ ဒီလိုတွေးစရာဖြစ်လာပါတယ် ။

ဒီလိုပြောလိုက်တိုင်း ပြည်ခိုင်ဖြိုးက မဲလိမ်တာကိုး ၊မဲခိုးတာကိုး ဒါတောင်မသိဘူးလားဆိုပြီးတော့ အပြစ်တင်တတ်ကြတယ် ၊ အရှုံးကို လက်ခံဘို့ မြန်မာတွေ ၀န်လေးနေတာကိုတွေ့ရတယ် ၊ အရှုံးကို ကြည်ဖြူစွာ လက်ခံနိုင်တဲ့ အလေ့အကျင့်မရှိမချင်း ပြည်သူတွေဟာဒီမိုကရေစီနဲ့ဝေးနေဦးမှာပါဘဲ ။ နောက်ထပ်စိတ်ဝင်စား စရာကောင်းတဲ့ မဲဆန္ဒနယ်တစ်ခုကိုကြည့်ရအောင်ပါ ...။

NLD ပါတီရွေးကောက်ပွဲမ၀င်တဲ့အတွက် အတိုက်အခံဘက်မှာ နိုင်ငံရေးအရ အထင်အရှားဆုံးသူဟာ ဦးသုဝေလို့ ပြောရင် မှားမယ်မထင်ပါဘူး ၊ အဲဒီတုန်းက ပြည်တွင်းမီဒီယာတွေ ၊ ပြည်ပမီဒီယာတွေမှာ ဦးသုဝေနာမည်ဟာ ထပ်နေပါတယ် ၊ သူ့အင်တာဗျူးတွေကလည်းနားမထောင်ချင်အဆုံးပါ ၊ သူနဲ့ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းဟာ ဦးအောင်ကြည် ဖြစ်ပါတယ် ။ သတင်းတွေမှာကြည့်လိုက်ရင်လဲ ဦးအောင်ကြည် ဟာ ဟိုအလုပ်သမားအေဂျင်စီက ကွန်ပြူတာတွေတောင်းပြီး လှူပြနေပါတယ်တို့ ၊ ဘယ်ကလေးကစားကွင်းက ကိစ္စမှာတော့ ဘယ်လိုမတရားလုပ်ပါတယ်တို့ ၊ စုံနေတာပါဘဲ ... ၊ မီဒီယာပေါ်ကအခြေအနေအရကြည့်မယ်ဆိုရင်ဦးအောင်ကြည်ဟာ နိုင်စရာအကြောင်းကိုမရှိပါဘူး ။

ရွေးကောက်ပွဲလုပ်တဲ့နေ့ကျတော့ ဦးသုဝေဟာ မဲရုံမဖွင့်ခင်ကတည်းက ရောက်နေပါတယ် ၊ တစ်နေကုန် ထိုင်နေပါတယ် ၊ မြို့နယ်ထဲက တခြားမဲရုံတွေမှာလည်း သူ့လူတွေ သတင်းထောက်တွေ ၊ အင်ပြည့် အားပြည့်နဲ့ သူတို့ပါတီရဲ့ ဥက္ကဌအတွက် စောင့်ကြည့် ပေးခဲ့ကြပါတယ် ။ မဲရေတွက်တော့လဲ သူတို့လူတွေအကုန်ပါ ပါတယ် ။ ဘယ်လိုမှ လိမ်လို့ကောက်လို့မရပါဘူး ၊ ဒါပေမယ့် မဲတွေအားလုံးရေတွက်ပြီးတဲ့အခါ သူရှုံးပါတယ် ၊ ဒီအနိုင်အရှုံးစာရင်းကိုကြည့်ပါ ၊ ကြိုတင်မဲတွေ အကုန်ယူလဲ ဦးအောင်ကြည်ကို ဦးသုဝေမနိုင်ပါဘူး ....။ 
သူနဲ့အလားတူ အခြားနာမည်ကြီးသူတွေဖြစ်တဲ့ ၊ ဒေါ်သန်းသန်းနု ၊ ဒေါ်နေရီဗဆွေ ၊ ဒေါ်ချိုချို ကျော်ငြိမ်းတို့ လဲ သက်ဆိုင်ရာနယ်မြေတွေမှာ ဒီလိုပဲစောင့်ကြည့်ပြီး ရှုံးသွားကြပါတယ် ။ ဒီလိုထင်ရှားသူတွေ ၊ ခေါင်းဆောင်တွေ မှရှုံးရင် ကျန်တဲ့သူတွေ ရှုံးတာဘာဆန်းလဲဗျာ .... မဟုတ်ဘူးလား ၊ ဒါပြည်ခိုင်ဖြိုးဘက်ကကာကွယ်ပြောနေတာမဟုတ်ပါဘူး ၊ ဒီပြည်ခိုင်ဖြိုးနဲ့ ကျွန်တော်နဲ့လဲ ဘာမှမဆိုင်ပါဘူး ခင်ဗျားတို့ဘယ်လိုပြောပြော ပြည်ခိုင်ဖြိုး ကို ထောက်ခံသူတွေရှိကိုရှိတယ်  ဆိုတာကို လက်မခံလို့မရပါဘူး ဆိုတာပြောချင်တာပါ...။ အရင်ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီကို အင်နဲ့အားနဲ့ ထောက်ခံတဲ့ သူတွေရှိခဲ့တယ်ဆိုရင် အခုရွေးကောက်ပွဲရော.....???  ၊ ဒီလူတွေအကုန်လုံးသေမသွားလောက်သေးပါဘူး ရှိနေဦးမှာပါဘဲ ။

နောက်တစ်ခုစဉ်းစားစရာရှိတာက အခုကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မဲဆန္ဒနယ်တွေဟာ အစိုးရအဖွဲ့ဝင်တွေ ဖြစ်သွားလို့ လစ်လပ်သွားတဲ့နေရာတွေ ၊ တနည်းပြောရရင် ပြည်ခိုင်ဖြိုးပါတီ ရဲ့ နိုင်ခဲ့တဲ့နေရာတွေ ဒီပါတီရဲ့ အမာခံ နယ်မြေတွေအများစု ဖြစ်တယ် ဆိုတာမေ့မထားဘို့ လိုတဲ့အချက်ဖြစ်တယ် ။  ဒါ... NLD မပြိုင်သေးလို့ပါကွာ... ပြိုင်ရင် ဒီကြံ့ဖွတ်တွေ မနိုင်ပါဘူး ဘာညာနဲ့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ် ။ ပြောပါ ၊ နိုင်သွားရင်ဘာပြသနာမှမရှိပါဘူး ။ ပြသနာရှိတာက ရှုံးသွားရင် ပါ ။

ဒီဆောင်းပါးရဲ့ဆိုလိုရင်းက လာမယ့်ရွေးကောက်ပွဲမှာ NLD နိုင်ရင် ရွေးကောက်ပွဲကတရားတယ် ရှုံးရင်မတရားဘူးဆိုတဲ့ အသံတွေထွက်လာမှာစိုးလို့ပါ ၊ ဒီလိုထွက်လာတော့ ဘာဖြစ်လဲဆိုတော့ ၊ အချင်းချင်းစိတ်ဝမ်းကွဲတယ် ၊ တိုင်းသူပြည်သားအချင်းချင်းစိတ်ဝမ်းကွဲနေတဲ့တိုင်းပြည် ၊ ဘယ်တော့မှ မတိုးတက်ပါဘူး ၊ မကြီးပွားနိုင်ပါဘူး ၊ ပြည်သူတွေ မီဒီယာတွေက ဒီရွေးကောက်ပွဲတရားမျှတမှုရှိအောင် ၊ မတရားလုပ်လို့မ၇အောင် မကျင်းပခင်ထဲက သေချာစောင့်ကြည့် ဖို့သာ လိုပါမယ် ၊  အရှိန်အဟုန်နဲ့ ခုတ်မောင်းနေပြီဖြစ်တဲ့ ဒီမိုကရေစီရထားကြီး ဒီကြားဖြတ်ရွေးကောက်ပွဲကြောင့် အရှိန်တက်သွား တာပဲ ဖြစ်စေချင်ပါတယ် ။တန့်မသွားစေချင်ပါဘူး ။

ဒေါက်တာဆိတ်ဖွား

Unknown at 1:04 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ )

၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ )
ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များရဲ့ ပုံရိပ်တွေပါ...။ အမှန်တရားအတွက် ပြတ်ပြတ်သားသား ရပ်တည်ကြမယ့် ကျွန်တော်တို့ရဲ့ နောင်တော်များပါ။

ဓာတ်ပုံ ဒီမိုဝေယံ.
Unknown at 1:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.