ကိုယ်တိုင်အလိမ်မခံရသော်လည်း အလိမ်ခံရသော မိန်းကလေး၏ ကိုယ်စား ရင်နင့်အောင်
ခံစားခဲ့ရသော အဖြစ်အပျက် တခုကိုတင်ပြပါဦးမည်။ ၁၉၄၇ခု၊ဇန်နဝါရီလ
၂၆ရက်-ဗုဒ္ဓဟူးနေ့ က စတင်ခဲ့သော ၎င်းဖြစ်ရပ်လေးမှာ နှစ်ပေါင်း
၅၀-နီးပါးခန့်ရှိပြီမို့ ကာယကံရှင် မိန်းကလေးရော ၊
လက်တွေ့ရေးသားတင်ပြခဲ့သော စာရေးဆရာကြီး သော်တာဆွေ ရော လူ့လောက မှာ
မရှိကြတော့ပြီ။
စာရေးဆရာကြီးသော်တာဆွေ သည် အိမ်ထော်သုံးဆက် ကျခဲ့ ရာ ယခုရေးလတ္တံ့သော
မသူအမည်ရှိ မိန်းကလေးမှာ ဒုတိယမြောက် အိမ်ထောင်ဖြစ်ပေသည်။
တရားဝင်ကားမဟုတ်ပေ။ ဖြစ်ပုံမှာ သော်တာဆွေတစ်ယောက် ဆန်ကုန်ကူးရင်း
ကုန်ရှုံးအကြွေးတင် ကသာတွင် အကြွေးစောင့်ရင်း သောင်တင်နေရာမှ အပျက်မလေး
မသူနှင့် အကြောင်းပါခဲ့ရခြင်းဖြစ်သည်။
တစ်နေ့သော် ပြည့်တန်ဆာခေါင်းဆောင် အောင်သင်းကြီးထံမှ ထွက်ပြေးလာခဲ့သော မသူသည် မြစ်ကြီးနားထွက်မည် ရထားပေါ်ရောက်လာသည်။
အောင်သင်းကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့်
မျက်နှာတဝိုက်မှာလည်း အညိုအမည်းများစွဲနေရှာသည်။ သို့သော် အညိုအမည်း တို့က
လှပနုနယ်သော မျက်နှာတစ်ပြင်လုံး၏ ကျက်သရေကိုတော့ မယတ်လျော့စေနိုင်ခဲ့ပါ။
အကျဉ်းချုပ်တော့ လူယုတ်မာ အောင်သင်းကြီး လက်ထဲမှ သူမကို သော်တာဆွေက
ကယ်တင်နိုင်ခဲ့ပါသည်။
လွယ်လွယ်ကူကူကယ်တင်ခဲ့ရသည်တော့မဟုတ် ။ မိမိထက်ဗလကောင်းသော
လူမိုက်ကြီးအောင်သင်းကို သတိလစ်မေ့မြောသည် အထိ အပြင်းအထန် ထိုးကြိတ်ပြီးမှ
ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ ဝင်ရှင်းရဲသော
သော်တာဆွေ၏ သတ္တိကိုကား လေးစားရပေမည်။ လူယုတ်မာလက်က လွတ်ရင်ပြီးရော ဟူသော
သဘောရိုးဖြင့် ဝင်က်ခဲ့ခြင်းဖြစ်သော်လည်း ခုမှ အချစ်စစ်ကို မွေးဖွားဖူးသော
မသူ၏ အလိုက်သိ ပြုစုယုယမှု ကြောင့် ကလေးနှစ်ယောက်အဖေ ပထမအိမ်ထောင်တန်းလန်း
နှင့် သော်တာဆွေ မှာ တရားမဝင် ဒုတိယ အိမ်ထောင် သည်ဘဝသို့ ရောက်ခဲ့
ရပြန်ပါသည်။
ခြောက်လတာမျှ ပေငါးသင်းရသောသူတို့၏ အိမ်ထောင်သည်ဘဝမှာ ချမ်းမြေ့မှု
အပြည့်ရှိ ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ယောက်အကြောင်းတစ်ယောက်
သိအောင် ရိုးရိုးသားသား ဖွင့်ဟပြောဆို ထားကြသောကြောင့် ဖြစ်သည်။
ခြောက်လတာမျှ ပေါင်းသင်းနေကြရသောအချိန် မှားတွင် လျှပ်ပေါ်လော်လည်မှု
အလျဉ်းမရှိသော မသူ၏ အခြေအနေကို တွေ့မြင်ရသည့်အခါ တွင် မသူတစ်ယောက်
အဘယ်ကဲ့သို့ သော် ဆိုးဝါးသော လောကဓံများကြောင့် ဤဘဝကဲ့ သို့
ရောက်ခဲ့ရကြောင်း သော်တာဆွေတစ်ယောက် တွေးမရအောင် ရှိခဲ့သည်။
သိချင်လွန်းအားကြီး၍ မသူ၏ဘဝနောက်ကြောင်း ကို မေးကြည့်မိသော်လည်း
“ယခုချိန်မှ သိရလို့ ဘာထူးတော့မှာလဲ မောင်ရယ် ၊ မသူမပြောပါရစေနဲ့ ”
ဟူသောအဖြေကိုသာ ပြန်ရသည်။
မယားခုနစ်မျိုး
မယားခုနစ်မျိုး၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင်၊ သူသတ်သွင် တို့ ၊
အကြင်မယား ၊ လား၏ငရဲ ၊ အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွင်း ၊ ခင်ပွန်းတသွယ် ၊
ကျွန်နှယ်အလား ၊ ထိုမယားမူ ၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏။ ယင်းသည့်လေးသွယ်
၊မယားဝယ်လည်း ၊ ကျွန်နှယ်အလား ၊ ထိုမယားမူ ၊ ယောက်ျားဆုပန် ၊
နိဗ္ဗာန်ဆုတောင်း ၊ တောင်းကားမလွတ် ၊ မချွတ်ဟူတည့် ၊ ပြည့်မြဲမည်၏။
ဟူသော် အလင်္ကာအတိုင်း မယားခုနစ်မျိုးရှိရာတွင် ခိုးသူ၊ အရှင်သခင်၊
သူသတ်နှင့်တူသော မယားများမှာ သေလျှင်ငရဲ သို့လားရုသည် ။ နှမ ၊ မိတ်ဆွေ ၊
ကျွန်နှင့်တူသော မယားလေးမျိုးတို့မှာ နိမ္မာနရတိ နတ်ဘုံသို့ ရောက်ရသည် ။
အထူးအားဖြင့် မိမိခန္ဓာကိုယ်ကို ကျွန်လိုသဘောထား ပြီး လင်သား အားပြုစုသော
မယားမျိုးသည် ယောက်ျားဆု ၊ နိဗ္ဗာန်ဆု တို့ကိုတောင်းလျှင် အလွယ်တကူပြည့်သည်
ဟု ဆိုထားပါသည်။
ယခု မသူသည်ကား မိခင်နှင့် တူသော မယားကဲ့သို့ သော်တာဆွေ အပေါ်မှာ
ကြင်နာလှသလို ၊ ကျွန်နှင့်တူသော မယားကဲ့ သို့ ပြုစုလိုက်သည် မှာလည်း
သော်တာဆွေ၏ ဘဝတစ်လျှောက်လုံး လင်သားအပေါ် ယခုလောက် ပြုစု ယုယသော
မယားမျိုးမတွေ့ဖူးခဲ့ပါ ဟု ဆိုထားပါသည်။ အားကိုးရာမဲ့ လေလွင့်ပျက်စီး
နေရသောအချိန်တွင် ရာသက်ပန်မဟုတ်သော် လည်း တခဏတာ ဇနီးမယားအဖြစ် ပေါ်ပေါ်
ထင်ထင် ပေါင်းသင်းပေးခဲ့သည်ကို ပင် ကျေးဇူးတင်လှသော ကြောင့်ဖြစ်ပေ သည်။
တစ်နေ့တွင် တစ်ခဏတာ ပေါင်းသင်းခွင့် ရသည့် သူတို့၏ အိမ်ထောင်သက်ကလေးကို သက်တမ်းတိုစေမည့် စာတစ်စောင် ရောက်လာပါတော့သည်။ ၎င်းစာကား …….
ပေါင်းတည်
၃.၆.၄၇
သို့
ကိုကြင်ဆွေ
မေလ၂၅-ရက်နေ့ နေစွဲ့နဲ့ ကသာက ပေးလုက်တဲ့စာ မနေ့က ရပါတယ်။
ကျန်းကျန်းမာမာရှိကြောင်း သိရလို့ နော်မာ ဝမ်းသာပါတယ်။ ဒါထက်
ကိုကြင်ဆွေ့လူဆီက ငွေကလည်း ရမယ်ဆိုပြီး ကြာလှ ချည်လား။ ရရမရရ
ဒါလောက်ငွေလေးကိုအဆုံးထားပြီး ပြန်ခဲ့ဖို့သင့်ပြီ ထင်ပါတယ် ကိုကြင်ဆွေရယ် ၊
ဒီငွေလေး သုံးထောင်လောက်နဲ့ ကသာမှာ ခြောက်လတောင် ကျော်နေပြီ။
ဒါနဲ့ တချို့က ပြောကြတယ် ။အဲဘက်မှာမိန်းမတွေသိပ်ပေါတယ်တဲ့ ။
ကြင်ဆွေတော့ ဟိုမှာ မိန်းမရနေလို့ မပြန်နိုင်တာပဲဖြစ်မှာပဲ ဘာညာနဲ့။
ကိုကြင်ဆွေ့အဖေ ကတောင် အင်း…..ဒီကောင့် ကံဇာတာက မျက်နှာများတယ် ၊ ဟုတ်များ
နေမလား မသိဘူးလို့ညည်းနေသေးတယ်။ ဒါပေမယ့် နော်မာကတော့ သူတို့
ဘာပြောပြောမယုံပါဘူး ။ ဘာကြောင့်ဆို ကိုကြင်ဆွေ ဟာ နော်မာ့ကို
ဘယ်လောက်ချစ်သလဲ ဆိုတာ နော်မာသိတယ်လေ ။
နို့ပြီး ကိုကြင်ဆွေ့သမီး ဒင်ပယ်လ်ဆွေအကြောင်း ပြောရဦးမယ် ။ ဟိုနေ့ကပဲ
စပါးပွဲစား ကိုစံမြင့်က ဟေ့ ….. ပယ်ပယ် နင့်အဖေတော့ အညာမှာ မိန်းမရနေလို့
ပြန်မလာတော့ဘူး ဘာညာနဲ့စတော့ ၊ အောင်မယ် ပယ်ပယ့် ဒါဒါက အန်ကယ်လို
မှတ်လို့လား ၊ အန်ကယ်သာတောမှာ စပါး သွားဝယ်ရင်းနဲ့ မိန်းမတွေ
တိတ်တိတ်ပုန်းယူနေတာ ၊ ပယ်ပယ့် ဒါဒါကို ဒီလိုမပြောနဲ့ ရှင့်လို့ ရန်တွေ့တယ်
။
နို့ပြီး ကိုကြင်ဆွေ မမြင်ရသေးတဲ့ သားကလေးကလဲ အခုဝမ်းလျားထိုးသွားနေပြီ
၊ သန်လိုက်တာ ကြီးကလဲ ၊ တစ်လှမ်းတစ်လှမ်း ထိုးရင်အဝေးကြီး ၊ သင်ဖြူးဟိုဘက်
ဒီဘက်ကို လေးငါးလှမ်းပဲ ။ ငိုလိုက်ရင်လည်း သူ့အသံကြီးက ကျယ်လိုက်တာ ။
အာခေါင်ထဲ လော်စပီကာ ထည့်ထားသလားအောက်မေ့ရတယ် ။ ကိုကြင်ဆွေ မမြင်ရသေးတဲ့
အဲဒီသားကလေးကိုမကြည့်ချင်ဘူးလား ။
သမီးကြီး ပယ်ပယ်ကိုကော မလွမ်းဘူးလားဟင် ။ ပယ်ပယ်က တော့ တစ်ခါတစ်ခါ
ဖအေကိုလွမ်းတယ် ထင်ပါရဲ့ ။ ဒါဒါရေပြန်ခဲ့ပါတော့ ၊ ပြန်ခဲ့ပါတော့နဲ့
အော်အော် နေတတ်တယ် ။ ဟော…… အခုစာရေးနေတုန်းပဲ ကိုကြင်ဆွေ့သားလေး က
အာခေါင်လော်စပီကာ နဲ့ အော်ငိုနေပြီ ၊ နို့ဆာရင်ဒီလိုပဲ ၊
သွားနို့တိုက်လိုက် ဦးမယ်၊ ကဲ…..တော်သေးပြီ ၊ မြန်မြန်သာ ပြန်ခဲ့ပါတော့
အချစ်ရယ် ။
အိမ်သားအားလုံးကျန်းမာကြပါတယ်။
ကိုကြင်ဆွေလည်းကျန်းမာပါစေ။
ချစ်သော နော်မာ
ထိုစာရောက်လာပြီး မကြာခင်မှာပင် အဖေအသည်းအသန် ဖြစ်ကြောင်းသံကြိုးစာ လာပါတော့သည်။
သော်တာဆွေမှာ မသွားမဖြစ် သွားရတော့မည်ဖြစ်သောကြောင့် ချစ်လျက်နှင့်
ခွဲခွာသွားတာထက် မုန်းပြီးခွဲခွါ ရတာက ကောင်းတယ်ဟု သဘောထားကာ မူးပြီး
ရမ်းကားမိပုံကို သူ့ရေးသားချက်အတိုင်း ကူးယူဖော်ပြလိုက်ပါသည်။
သူကသာ ငါ့ကိုမုန်းသွားရငင်ကောင်းမှာပဲ ၊ ငါကလည်း သူ့ကို
သနားနေမှာမဟုတ်တော့ဘူး ။ သူ့ဟာသူဘာဖြစ်နေနေ ငါပူစရာမဟုတ်တော့ဘူး ၊ အို….
အခုတော့ငါကပဲ သူ့ကိုချစ်အောင် ပြုလုပ်နေပါပလား၊ ငါမှားတယ် ၊ ငါနဲ့သူဟာ
ဘာဆိုင်သလဲ ၊ ဟိုမှာတော့ ငါ့သား ၊ငါ့သမီး ၊ငါ့မယားနဲ့ ငါ့ဖခင်
သောကရောက်နေကြပြီ ၊ စိတ်မကောင်းဖြစ်နေကြပြီ ၊
အို…..ငါကသူ့ကိုဘာလို့ချစ်ရမှာလဲ ၊ ငါကသူ့ကို ဘာလို့မုန်းသွားအောင်
မလုပ်နိုင်ရမှာလဲ။
ဇွန်လ ၂-ရက်နေ့ညတွင် ကျွန်တော်သည် အထက်ပါအတိုင်း သောကပြွန်းသော
တွေးလုံးတွေကိုတွေး၏။ အရက်ကို အလွန်အကျွံ သောက်၏။ ညနေ ၆-နာရီခန့်တွင်
ကျွန်တော် ဘယ်ကနေဘယ်လို မသူကိုရန်စမိသည် မမှတ်မိတော့ ၊ သူ့မျက်နှာနှင့်
ဦးခေါင်းကို နာကြည်းစွာ ပုတ်ခတ်မိ၏။ မသူသည် အခြားခန်းများမှ မသိရအောင်
အောင့်၍ခံ ၏။ အသံ မထွက်ပဲ ငုံ့ခံ နေ၏။ သောကနှင့်အရက် ပေါင်း၍ ရူးနေသော
ကျွန်တော် သည် လက်နျင့်ရိုက်နေရာ က အားမရတော့ပဲ “နင်က လက်များပြီးနေသလား၊
တယ်ပြီး ခံနိုင်ရည်ရှိတယ်၊ ဓားနှင့်ထိုးမှဘဲ ဟု ”ဆိုပြီး
ကျွန်တော့ခေါင်းဦးအောက် က ဓားမြှောင်ကို သွားပြီးယူသည် တွင် မသူသည်လန့်၍
အော်ဟစ်ထွက်ပြေး လေ၏။ ကျွန်တော်သူ့ကိုလိုက်ရန် လှေကားက ခုန်ချလိုက်သော အခါ၌
ကျွန်တော့အခန်းရှေ့တွင် ရောက်နေသော လူတစ်ယောက်က “ဟေ့လူ
ခင်ဗျားကောင်မလေးကို နှိပ်စက် လှချည်လားဗျာ၊ မတရားပါဘူး ”
သူတို့သည် မီးရထားဝင်းထဲ မှ ကျွန်တော်နှင့် တွေ့ဖူး ၊ မြင်ဖူး သော
အသိအကျွမ်းများဖြစ်၍ သူတို့အသံကို ကျွန်တော် မှတ် ပါသည်။ သို့သော်
ကျွန်တော့တွင် ဤအချိန်၌ လူကောင်း စိတ်မရှိတော့သည် ဖြစ်၍ သူတို့က ဤသို့
ဆီးပြောသည်ကိုပင် ရန်ဖြစ်ဖော်ရပြီဟူသော သဘောဖြင့် ဝမ်းသာသလိုဖြစ်ကာ …….
“ အို….ကျူပ်မယား ကျူပ်နှိပ်စက်တာ ဘာဖြစ်သလဲဗျ ၊ ခင်ဗျား တို့နဲ့
ဘာဆိုင်သလဲ ၊ ခင်ဗျားတို့ပါ သေပေရော့” ဟုဆိုပြီး
ကျွန်တော်သူတို့ကိုဓားနှင့် ထိုးရန် လိုက်ပေတော့သည်။
သူတို့မှာ ဘာလက်နက်မှ မရှိ၍ ဓားနှင့်ပြေးလာသော ကျွန်တော့ကို
ရင်မဆိုင်ဝံ့ပဲ ဦးတည် ရာ စွပ် ပြေးကြလေသည် ။ ကျွန်တော်သည် သူတို့နောက်က
အတင်းလိုက်၏ ။ ဘယ်ကဘယ်လို ရောက်အောင် လိုက်မိသည် မသိ ခေတ္တမျှ အကြာ၌
ကျွန်တော်သည် လူ၇-ယောက် ၈-ယောက် တို့၏ ဝိုးအုံခြင်းကို ခံရပါတော့သည် ။
အကြောင်းမှာုပထမနှစ်ယောက် မှ တစ်ယောက်သည် အခြားသို့ခွဲပြေးလေ၍
ကျွန်တော်က တစ်ယောက်ကို မဲလိုက် နေစဉ် သူတို့ ၏ အပေါင်းအဖော်
တပြည့်တပန်းများ ကိုခေါ်လာသောကြောင့် ဖြစ်ပါ၏ သူတို့မှာ အချို့တွင် လက်နက်
များ နှင့် ဖြစ်၏ ။ သို့သော် မိုက်မိပြီ ဖြစ်သော ကျွန်တော်သည်
သူတို့ကိုမကြောက် ၊ ကိုယ့်ရှေ့ဦးတည် ရာလူကို ဓားနှင့် လိုက်၍ လိုက်ထိုးနေ၏
။
သူတို့လူစုသည် ရှဲခနဲ ကွဲပြေးလိုက် ၊ ခွေးရူးနှင့် တူသော
ကျွန်တော့ကိုပတ်ပတ်လည်ဝိုင်းလိုက်နှင့် တရုံးရုံးဖြစ်နေရာမှ နောက်ဆုံးတွင်
ကျွန်တော့ခေါင်းတွင် တုန်တစ်ချက်ထိလေ၍ ကျွန်တော်မိုက်ခနဲ ဖြစ်ပြီးဝမ်းလျား
မှောက်လဲ စေ၏ ။ ဤအလဲ ၌ကား လူအများစုလက်နက် ၊ တစ်ယောက်တစ်ချက်ဖြင့်
ကျွန်တော် အသက်ထွက်ပေတော့မည် ဟု မျက်စိမှိတ် လိုက်ပါတော့သည်။
သို့သော် မရောက်သေးလေရကား ကျွန်တော်လဲလျှင်လဲ ချင်း ကျွန်တော့ကိုယ်ကျောပေါ်၌ ကိုယ်တစ်ခုထပ်ကျလာကာ …..
“အမလေး ရှင်တို့ရယ် ၊ သူ့ကိုမလုပ်ကြပါနဲ့ ၊ ကျွန်မကိုသာသတ်ကြပါ” ဟူသော
မသူ၏ တတွတ်တွတ်တောင်းပန်သံကို ကြားရပါတော့သည် ။ အမှန်ကိုပြောရလျှင်
ဤအချိန်၌ ကျွန်တော့မှာ အရက်မူးခြင်း ၊ မောပန်းခြင်းတို့ ကြောင့်
ကျွန်တော့ဘာသာ ကျွန်တော့မထနိုင်တော့ပါ။ လူမှန်း သူမှန်း သိရုံလောက်သာ
ရှိတော့၏။ မည်သူက မည်သို့ပြောကြသည်
နောက်ဆုံး ကျွန်တော်မှတ်မိ သလေလာက်ကားကျွန်တော့် အခန်းနီး ချင်း
ဦးခင်မောင် ဆိုသူကပါ ကျွန်တော့ဘက်က တောင်းပန်ပေး၍ ကျွန်တော်ချမ်းသာရာ ရကာ
ဦးခင်မောင် နှင့် မသူနှစ်ယောက်တွဲ၍ ကျွန်တော့ကို အိပ်ရာထဲသို့ ပို့ခြင်း
ဖြစ်ပါတော့၏ ။ နို့မဟုတ်လျှင် ကျွန်တော် သော်တာဆွေ ဟူသော စာရေးဆရာသည်
ဖြစ်ပေါ်လာတော့်မည် မဟုတ် ။
ထိုညကသာ မီးရထားဝင်းထဲမှာပင် လူများစု လက်နက် တစ်ယောက်တစ်ချက်နှင့်
အနိစ္စသဘော ကိစ္စချောခဲ့ပြီ တည်း ။ အိပ်ယာထဲတွင် မသူသည် ကျွန်တော့်ကိုဖက်၍
မျက်ရည်များတွေတွေ တွေတွေ ကျကာ……
အခုသတ်လိုက်ပါတော့ ၊ ရော….ဓားမြောင် ၊ ဒါပေမယ့်အမောင့်ကို ကျွန်မ
စိတ်မဆိုးနိုင် ၊မမုန်းနိုင်ပါဘူး ၊ အမောင် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာ
ကျွန်မအကုန်သိပါတယ် ။ နေ့ခင်းကရောက်လာတဲ့ သံကြိုးစာကိုလဲ ဟိုဘက်ခန်းက
စာရေးကြီးကို ဖတ်ပြခိုင်းလို့ သိရပါတယ် ။
ဘာလို့ ကိုယ့်ကိုကိုယ် ဒါလောက် ဒုက္ခရှာ ရတာလဲ အမောင် ရယ် ၊ အမောင်ဟာ
အမောင် အေးအေး ဆေးဆေးပြန်သွားပါ ၊ ကျွန်မအတွက်တော့ စိတ်ဒုက္ခမဖြစ်ပါစေနဲ့ ၊
ကျွန်မကံနှင့် ကျွန်မသာ ရှိပါစေတော့ ”
ထိုအချိန်၌ ကျွန်တော်သည် အမောအပန်းပြေသလောက် ရှိပြီဖြစ်၍ ကိုယ်လက်လှုပ်ရှားနိုင်ပြီဖြစ်သောကြောင့် မသူကိုပြန်ဖက် လိုက်ကာ…..
“အမောင်မှားပါတယ် မသူ ၊ အမောင်မှားတယ် ၊ အခုအမောင့်မှာ မသူကယ်ပေးတဲ့ အသက်ပဲ
ရှိတော့တယ်” ဟုဆိုပြီး ကျွန်တော် ယောက်ျားကြီးတန်မဲ့ နှင့်
မျက်ရည်ဖြိုင်ဖြိုင် ကျလာပါတော့၏။
ဇွန်လ -၅ ရက်နေ့၊ စနေနေ့ နေ့လည် သုံးနာရီ ဆိုက်သော တိုင်ရိုသင်္ဘော
ပေါ်တွင် သော်တာဆွေ၏ တဝမ်းကွဲအကိုတစ်ယေက် ကိုယ်တိုင်ပါပြီး မရမက ခေါ်လေတော့ရာ
သော်တာဆွေမှာ ဘယ်လိုမှ မတတ်နိုင်တော့ပဲ နောက် ရက်သင်္ဘော
ဖြင့်ပြန်လိုက်ရန်ပြင်ဆင်ရပါတော့သည် ။ ထိုနေ့ခွဲခွါ ရမည့် နောက်ဆုံးညတွင်
သော်တာဆွေကော မသူရော နှစ်ယောက်စလုံး အိပ်မပျော်နိုင်ကြတော့ပါ ။
စစ်မှန်သော မေတ္တာတရား ၏ စေ့ဆော်မှုဖြင့် မသူထံမှ ကြေကွဲဖွယ်ရာ
တောင်းဆိုချက် တစ်ခုကိုလည်း သော်တာဆွေမှာ မဖြစ်နိုင်လွန်း ၍
ရင်နာနာဖြင့်ပင် ပယ်ချခဲ့ရသည် ။ ၎င်းတောင်းဆိုချက်ကား
မသူတစ်ယောက်သော်တာဆွေတို့ အိမ်တွင် အစေခံအလုပ်ဖြင့် နေခွင့်ပေးရန်
ပင်ဖြစ်ပါသည် ။ သူ့အနေဖြင့် မပေါင်းရသော် လည်းး သော်တာဆွေ၏
မျက်နှာကိုမြင်နေရလျှင် သေပျော် ပါပြီ ဆိုသည့်သဘောပင် ။
မသူ၏ တောင်းဆိုချက်ကို သော်တာဆွေက ရင်နာနာ နှင့်ပယ်ချ ခဲ့သလို
သော်တာဆွေ၏ တောင်းဆိုချက်ကိုလည်း မသူက ခေါင်းညိတ်
ခေါင်းခါမတတ်ပါလုပ်နေခဲ့သည် ။ သော်တာဆွေတောင်းဆိုသော အချက်ကိုကား
ပေါင်းတည်ပြန်ရောက်လျှင် သော်တာဆွေပို့လိုက်သော ငွေကိုယူ ပြီး မသူ၏
အမေရှိရာ ရွာ ပြန်နေခိုင်းခြင်းဖြစ်ပါသည် ။
နောက်တစ်နေ့ မိုးလင်း သည်အထ ဘာအဖြေမှ မပေးခဲ့သော မသူသည် သော်တာဆွေတို့
သင်္ဘောပေါ်တက်ခါနီး တွင်မှ တစိမ့်စိမ့်ကျနေသော မျက်ရည်များကြားမှ
ဘယ်အချိန်က ရေးထားမှန်းမသိ သော စာအိတ်လေးတခုကို ထုတ်ကာ သော်တာဆွေ့ကို
ပေးလိုက်ပါသည် ။ သင်္ဘော ထွက်မှ ဖတ်ဖို့ ကတိကိုလည်း တောင်းလိုက်ပါသေးသည် ။
သင်္ဘောကမ်းမှ ခွါပြီးခဏ အကြာမှာပင် သော်တာဆွေတစ်ယောက် မသူ၏ စာကို ဖောက်ဖတ်လိုက်ပါတော့သည် ။
မိသူအကြောင်းဇစ်မြစ် ကို သိချင်လှတဲ့ အမောင် ရေ…..
ဟုတ်တိုင်းမှန်ရာ မချွင်းမချန် ပြောလိုက်မယ်ပ ၊ ပါးစပ်နဲ့ဆိုရင် မရဲ
ပါဘူး ၊ စာနဲ့မှ အကုန်ရေးဝံ့တာ ၊ ကျွန်မဟာ အခု၁၉-နှစ် ၊ ဟိုဂျပန်ခေတ်မှာ
၁၆-နှစ်ဖြစ်လို့ အရွယ်ရောက်ခါစ ၊ ကျွန်မတို့ ရွာမှာဆို ရင် ကျွန်မက ညီအစ်မ
သားချင်းတွေထဲမှာ ထွန်းပြီးတော့ သူများနဲ့ မတူ အောင် ရုပ်ရည်ကလှပခဲ့တာပ ။
ဒါနဲ့ အတော်ပဲ လှဂုဏ်မောက်ပြီး ကိုယ့်ရွာက လူတွေဆိုရင် စိတ်ကူးမထည့် ၊
မြို့ပေါ်ကရောက်လာတဲ့ လူချောချော တစ်ယောက်နဲ့ ကျွန်မကြိုက်ပါလေရော ၊
ကြိုက်တယ် ဆိုပဲ အရူးအမူး သူခေါ်ရာ ခိုးရာ လိုက်ခဲ့တာပ ၊ ကသာမြို့ရောက်တော့
သူ့ဦးကြီး ဆိုတဲ့ မန္တလေးက မကြာခင်ကမှ ပြောင်းလာတဲ့ ရဲ အရာရှိကြီး
အိမ်မှာနေရတယ် ။
နောက်တော့ အဲဒီလူကြီးဟာ တစ်ခြားသူ ဟုတ်ပါရိုးလား ၊ ကျွန်မဒုတိယ ယူရတဲ့ လင်ကြီးပေါ့ ။ ဖြစ်ပုံ က ပြောရမှာ ရှက်လိုက်ပါဘိ ။
ကျွန်မတို့ သူ့အိမ်ရောက်တော့ ၁၀- ရက်လောက်ပဲ ရှိသေးတယ် ။တစ်န့ခင်းလုံး
ကျွန်မတစ်ယောက်တည်း အခန်းထဲမှာ အိပ်ပျော်နေတုန်း အဲဒီလူကြီးဝင်လာပြီး
မတရားကျင့်တယ် ၊ အဲဒါကို ကျွန်မယောက်ျားပြန်လာလို့ ပြောပြတော့ သူက
ဘယ့်နှယ့်ပြောတယ်မှတ်သလဲ ။
အဲဒါလူတွင်ပါလို့ နွားကျားကိုက်တာ ၊နင်ဟာ နည်းနည်းမှ သစ္စာရှိတာ မဟုတ်ဘူး
၊နင့်လင်ကြီးနဲ့ပဲနေတော့ ဆိုပြီး သူအိမ်က ဆင်းသွားတယ် ။ အဲဒီတော့
သူ့ဦးကြီး ဆိုတဲ့ လူကြီးက ကဲ …မထူးတော့ပါဘူး ။ မင်းကိုငါ တကယ် ချစ်တယ် ၊
ငါ့မှာလည်း သားမယားမရှိဘူး ၊မင်း ကို ကောင်းကောင်းမွန်မွန်ထားမယ် ဆိုပြီး
ခရီးဆက်တော့တာကိုး ၊ အဲဒါကျွုန်မအပြစ်လား အမောင် ။
အမှန်ကတော့ ကျွန်မနောက်မှသိရတာက သူတို့ ချင်း အချိတ်အဆက် အမောင်ရဲ့ ၊
အဲဒီအကောင်က ကျွန်မကိုငွေတစ်ထောင်နဲ့ ရောင်း ခဲ့တာလေ ။ ဒါနဲ့ ကျွန်မဟာ
ဇွတ်မိုက်ရတော့တာပေါ့ ၊ အဲဒီ လူကြီးက ကျွန်မကို မယားအဖြစ်နဲ့
အတော်ပဲကြင်ကြင်နာနာ မြှောက်စားထားပါတယ် ၊ ဒါပေမယ့် ခုချိန် ကျွန်မ
ကလေးမမွေးနိုင်အောင် တားဆေးတွေကျွေးပစ်ခဲ့တာက အဲဒီလူကြီးပဲ အမောင်ရေ ၊
ကျွေးမှာပလေ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ နဲ့အတူပေါင်းလို့ ခြောက်လပဲ
ကြာရော သူ့မယားတွေ မန္တလေးက လိုက်လာတာပဲ ၊ အဲဒီတော့ ကျွန်မကို
သူ့အိမ်ကြီးပေါ်မှာမထားတော့ဘူး ၊ ချောင်ကျကျမျာ
အိမ်ကလေးတစ်လုံးငှါးပေးထားတယ် ၊ အဲဒီအခါ မှာ လူမိုက်အောင်သင်းက
ကျွန်မအစောင့်အထိန်းပေါ့ ။
သည့်ပြင့်လူဆိုရင် ယင်ဖိုတောင် မနားရဘူး ၊ အဲဒီလူကြီးပဲ ကျွန်မဆီကို
လာချင်းတိုင်းလာတယ် ခေါ်ချင်တဲ့ နေရာ ခေါ်သွားတယ် ၊ အမယ်သူကပြောလိုက်သေး ၊
သူ့မယားကြီးဟာ မကြာခင်ပြန်မှာ ၊ အဲဒီတော့ အစိုးရအိမ်ကြီးမှာ အတူတူ
ပြန်နေမယ်တဲ့ ၊ ကျွန်မ မိတောသူက ယုံမိတာပေါ့ ၊ ဒါပေမယ့် နောက်ခြောက်လ
လောက်လဲ ကြာရော အဲဒီလူကြီးဟာ သူ့အလုပ်နဲ့ ပြောင်းသွားပါရော ၊ ကျွန်မကတော့
အိမ်လေးတစ်လုံးနဲ့ ။
အောင်သင်းက အစကတော့ တော်ပါတယ် ၊ သူ့ဆရာကတော် အဖြစ်နဲ့ လက်ဖျားနဲ့တောင်
မတို့ပါဘူး ၊ အဲဒီတော့ ကျွန်မမှာ ရွာပြန်ရအခက် ဆက်နေနေရအခက် နဲ့
အကျပ်တွေ့နေတုန်း အောင်သင်းက ကျွန်မကို အရာရှိတစ်ယောက်က ရချင်တယ် ဆိုပြီး
ဆွယ်ပေးတယ် ။အဲဒီလူကြီး ဟာ ကျွန်မ တတိယလင် ပေါ့ ၊ သူနဲ့ကျတော့
အဲဒီအိမ်လေးမှာပဲ တိတ်တိတ်ပုန်းမယား လေ။
ဒါပေမယ့် အဝတ်အစားတွေမပြတ်ဝယ်ပေုး၊ ပိုက်ဆံဖောဖောသီသီပေး ၊ ပွဲတို့
ရုပ်ရှင်တို့ သွားကြည့်ချင်ယင် အောင်သင်းကလိုက်ပို့နဲ့ ကျွန်မတို့
တောရွာနဲ့ မတူတော့ (ဝန်ခံပါရဲ့)ကျေနပ်မိတာပေါ့ ။ ဒါပေမယ့် လင်များရမဲ့
ကျွန်မမှာ အဲဒီဆရာနဲ့ ခုနစ်လလောက်ပဲ ကြာလိုက်ရတယ် ၊သူ့အလုပ်နဲ့
တစ်ရပ်တစ်ကျေး ပြောင်းပြေးရပါရော ။
အဲဒီအခါမှာ ကျွန်မ လင်ဆွယ်ပေးလို့မြက်မြက်တွေ့နေတဲ့ အောင်သင်းက
နောက်တစ်ယောက်နဲ့ နောက်တစ်ယောက်နဲ့ ဆောင်ကြဉ်းပေးပြန်ပါရော ၊ အဲဒီလူကျတော့
ဟိုအစဦးနှစ်ယောက်လောက် အဆင်အတန်းမမြင့်ဘူး ၊ ရာထူးခပ်ငယ်ငယ်ပဲ ၊ ဒါပေမယ့်
သူကအောက်ဆိုဒ်ကောင်းလို့ အတော်လေးပဲ လှလှ ဝဝ နေလိုက်ရပါတယ်၊ သူနဲ့ကျတော့
လေးလလောက် ပဲ ကြာလိုက်ပါတယ် ။
အဲဒီလူနဲ့လဲ ကွဲ ရော အမောင်ရေ ကျွန်မသိမ်ငယ်လာလိုက်တာ အောင်သင်းက ပါ
စော်ကားတော့တာပါပဲ ၊ သည်တော့မှ ကျွန်မဘဝ ကျွန်မသိပြီး မြိုမှာ
ကိုနဲ့မတန်တဲ့ အဝတ်လှလှတွေ ၊ ဘာမျှ မလုပ်ရတဲ့ အနေလှလှ တွေ မမက်တော့ပဲ
တောမှာပဲ ကောက်စိုက် ၊ ကောက်ရိတ် ၊ ငါးပက်ရတဲ့ အလုပ်နဲ့ ပဲ နေတော့မယ်
ဆိုပြီး ရွာ ပြန်ပြေးပါတယ်။
ဘဝဆုံးဖို့ ကုသိုလ်ကံ ပါလာတဲ့ ကျွန်မမှာ ရွာမှာ မကောင်းသတင်း
ပြေးနေလိုက်တာ က မြို့မှာ ကျွမဖြစ်ခဲ့တာထက် ပိုဆိုးပြီး ပြည့်တန်ဆာမ
မကောင်းတဲ့ မိန်းမရယ်လို့ ဘယ်သူကမှ အဖက် မလုပ်ကြဘဲ ၊ တံတွေးခွက် ပက်လက်မြော
တော့တာပါပဲ ၊ ကျွန်မကို မိန်းမဖော်တွေ ယောက်ျား လေးတွေကလဲ ဝိုင်းပြီး
နှိမ်ကြတော့ တာပါပဲ ၊ ကျွန်မမှာ နေစရာ ထိုင်စရာ မရှိတော့ဘူး ။
သည်တော့ ကျွန်မလဲုစိတ်ဆတ်ဆတ်နဲ့ အို……ငါဒီမှာ နေလည်းဘာထူးသေးလဲ ၊
လူတောထဲ တိုး နိုင်တာမှ မဟုတ်တော့ဘဲ အသိတွေ ၊ဆွေမျိုးတွေ မျက်မှောက်မှာ
တော့ အရှက်တော့ ခံမနေဘူး ၊ သူတို့ မမြင်ကွယ် ရာမှာပဲ ငါဖြစ်ချင်သလို
ဖြစ်လို့ဆိုပြီး ကသာကို ပြန်လာခဲ့တော့တာပါပဲ ။
ရှေ့ဆက်တော့ အထူးမရေးပါရစေနဲ့တော့ အမောင်ရယ် ၊ ဖြစ်လိုရာဖြစ်ဆိုပြီး
အောင်သင်းကြီးလက်ထဲ ပြန်ရောက်ခဲ့တာမို့ အမောင်ပဲ စဉ်းစားကြည့်တော့ ၊
ဒါပေမယ့် ကသာကပြန်လာပြီုးတစ်လလောက်ပဲ ကြာပါတယ် ၊ သူက မတရား
အနိုင်ကျင့်လွန်းတာနဲ့ သူနဲ့ရန်ဖြစ်ပြီး အမောင့်ဆီရောက်လာတာပါ ပဲ ၊ ကဲ
………..အမောင် ကျွန်မအကြောင်းတွေ အမှန်အတိုင်းသိရတော့ အော်ဂလီဆန်မသွားဘူးလား
၊ ရွံမသွားဘူး လား ။ ဒါကြောင့် အမောင်မေးတိုင်း မပြောပါရစေနဲ့
လို့တောင်းပန်ခဲ့တာ ၊ မပြောတာကလည်း တခြား အကြောင်းကြောင့်မဟုတ်ဘူး ၊
အမောင့်ကိုချစ်လွန်းလို့ ၊ အမောင်ကကျွန်မ ဘဝကိုရွံပြီး
ကျွန်မကိုပစ်သွားမှာ စိုးလို့ ၊ အခုတော့ ဘာထူးသေးလဲ ၊ အမောင် ကျွန်မကို
ပစ်သွားပြီ မဟုတ်လား ။
အမောင်ရေ ……သွားတော့ သွားတော့ ၊ ကျွန်မရဲ့ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ ချစ်မိတဲ့ အမောင် ရယ်။
အမောင် ဟာ ကျွန်မကို သူများလို လှည်းစားယူတာလဲ မဟုတ် ၊လူမိုက်ငွေ
ပေးပြီး ယူတာလည်း မဟုတ်၊တကယ့်စိတ်ကောင်း ၊ တကယ့်သတ္တနဲ့ ယောက်ျားပီပီ
လူမိုက်လက်ထဲက ကျွန်မဘဝကို ကယ်တင်တာ ကျွန်မသိပါတယ် ၊ ဒါကြောင့်လည်း
အမောင့်ကို ကျွန်မချစ်တာ ၊ အသက်ပေးပြီး ချစ်တာ အမောင်၊ စတွေ့တွေ့ချင်း
အကိုလို့ခေါ်ခဲ့ရက နောက်တော့ နှလုံးသားထဲမှာ ပေါ်လာတဲ့ အတိုင်း “အမောင်” လို့
ဘယ်သူ့ကိုမှ မခေါ်ဘူးတာ ခေါ်ခဲ့ တာပဲ အမောင် ရယ် ။
အမောင်ကလဲ ကျွန်မကိုတကယ်ချစ်တာပါပဲ ၊ ကျွန်မသိပါတယ် ။ ဒါပေမဲ့
အမာင်အခု ဆက်မချစ်နိုင်တော့ဘူး မဟုတ်လား ၊ မယား ရှိရာ နေရပ်ကို
ပြန်ရတော့မယ် ၊ ပြန်ပါ ပြန်ပါ အမောင်ရေ ၊ ကျွန်မကိုမေ့လိုက်ပါတော့ ၊
လူဆိုတာ သတ္တဝါတခု ၊ ကံတခု ပဲ ၊ အမောင် မရှိတော့တဲ့ နောက် ကျွန်မလည်း
ဒီဘူတာဝင်းက ဝေးတဲ့ နေရာ သွားတော့မယ် ၊ လူ့ဘဝ ဆိုတာ ဒီလိုပဲ ဆန်ဆုံစား
ကံကုန်သွားကြတာပါပဲ ၊ အမောင် ရေ သွားတော့ သွားတော့ ။
မသူ
လူယုတ်မာ ရဲ့ စကားတစ်ခွန်း
မိန်းမပျိုလေးများကို ဖျက်ဆီးနေသော လူယုတ်မာ တစ်ဦး အား စာရေး ဆရာ တစ်ယေက်က
သားသမီးချင်း မစာနာ အဘယ်ကြောင့် ဖျက်ဆီးရသနညးဟု မေးလိုက်ရာ ၎င်းလူယုတ်မာ က
”ကျုပ်ဖျက်ဆီးတယ် ဆိုတာကလည်း ဖျက်ဆီးခံရအောင် နေထိုင်ကြတဲ့ ရှပ်တေး မလေး
တွေပါဗျ ၊ ဣနြေ္ဒသိက္ခာနဲ့ နေတဲ့ မိန်းကလေးတွေကိုတော့ ဖျက်ဆီးဖို့ နေနေသာသာ
အနားတောင်သီခွင့် မရပါဘူး ၊ ဥပမာအားဖြင့် ပေါ့ ဗျာ ခြေဆေး အိုးထံ ရေကိုသာ
ကျုပ်ခြေဆေး မှာ ပေါ့ ၊ သောက်ရေအိုး ထဲကရေကို ကျုပ် ခြေမဆေးရဲပါဘူး ” ဟု
ဆို၏။
အမျိုးသမီး တိုင်း သောက်ရေအိုး ထဲ က ရေလိုဖြစ် အောင် ကြိုးစား၍ မေတ္တာကို
ဗန်းပြကာ ခန္ဓာကိုယ်ကိုပင် လိမ်၍ယူကြသော လူယုတ်မာ များလက်မှ
ကင်းဝေးကြပါစေသော်။
ကြည်ညိုခြင်း သုံးမျိုး
ဒကာ ၊ဒကာမ တို့၏ ကြည်ညိုခြင်း ၊ သီတင်းသုံးဖော်တို့၏ ကြည်ညို ခြင်း ၊
မိမိကိုယ်ကို ကြည်ညိုခြင်း လို့ ကြည်ညိုခြင်း သုံးမျိုး ထဲမှာ
မိမိကိုယ်ကိုမိမိ ပြန်ပြီး ကြည်ညိုဖို့ ဟာ အရေးအကြီး ဆုံးပဲ ၊ သံသရာမှာ
ဘဝကူးချင်တဲ့ သူတွေ အလေးအနက်ထားရမယ့် အချက်ပဲ ၊ ဘာကြောင့်လဲဆိုတော့
သူတစ်ပါးကို လိမ်ညာ ဟန်ဆောင် လို့ ရသော်လည်း မိမိကိုယ်ကို လိမ်ညာ ဟန်ဆောင် ၍
မရလို့ပါပဲ”
ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့
မန္တလေးကျောင်းတိုက် ဆရာတော်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment