ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေ ဆိုတာ သူတို့ရဲ့ ကလေးလေးဘဝက နှလုံးသားကို မဆုံးရှုံးသေးတဲ့သူဖြစ်တယ်လို့ Mencius ကဆိုခဲ့သည် ။ အသို့ဆိုခဲ့ လျှင် ရင့်ကျက်သူတစ်ယောက်ဖြစ်ဖို့ အတွက်မူ ငယ်ငယ်စာသင်ခန်း ထဲက သီအိုရီ သဘောသဘာဝ တွေ ကို ပြန်အမှတ်ရနေဖို့ မဖြစ်မနေလိုအပ်လှသည် ။
သိခြင်း ၊ နားလည်ခြင်း နှင့် ပညာ
အသက် ၁၆ နှစ်အရွယ် ဘဝတုန်းက စစ်မဟာဗျူဟာဘာသာရပ်တွေ ၊ တိုက်ပွဲသုံးသပ်ချက်တွေ ကို သင်ကြားခဲ့ရသည်။
တိုက်ပွဲ တစ်ခုအတွက် အချက်အချာမြေ ဟာအရေးပါကြောင်း ၊ အခြေခံစစ်ဥပဒေသ တွေဖြစ်တဲ့ ချီ ၊တိုက်၊ ခံ ၊ ခွါ တွေ ။ တိုက်စစ် အမျိုးအစားတွေဖြစ်တဲ့ ဖောက်တိုက်စစ် ၊ လှည့်တက်စစ် ၊ စိမ့်ဝင်စစ် ၊ နဂါးပတ်တိုက်စစ် စသည်ဖြင့် အမျိုးအမျိုးအထွေထွေ သင်ကြားခဲ့ရသည် ။ အဲဒီအရွယ် အဲဒီကာလက ၊ အဲဒီအတွေးခေါ် မှာ အဲဒီဗျူဟာတွေဟာ သိပ် အဓိကမကျဘူးထင်မိသည်။ ပစ်အားနဲ့ စစ်ကစားမှု ၊ လက်ဦးမှု ရယူခြင်းတို့သာလျှင် စစ်ပွဲများအောင်နိုင်ခြင်းအတွက် အဓိကကျသည်လို့ ထင်ခဲ့မိတယ် ။ ဒါကြောင့်လည်း ဆရာတက္ကသိုလ် ဘုန်းနိုင် က “ သိတိုင်းလည်း နားမလည်ဘူး ၊ နားလည်တဲ့အဆင့် ရောက်တဲ့ အသိမှ သာ Knowladge လို့ခေါ်တာ ။ knowledge ကို ဝေဖန်သုံးသပ်နိုင်မှ သာ wisdom ဆိုတဲ့ ပညာဖြစ်တယ် ” လို့ ပညာရဲ့သဘောမှာ ဆိုထားခဲ့တာဖြစ်ပေမည် ။ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်ဖူးကြားဖူးတိုင်းလည်း စစ်ဆိုတာကိုမသိပါ ၊ စစ်ကိုသိတိုင်းလည်း စစ်ပညာကိုနားမလည်ပါ ။ စစ်ပညာနားလည်တိုင်းလည်း စစ်ပညာ မတက်မြောက်ပါ ။ လက်တွေ့ဘဝ နှင့် ခံစားမှုသီအိုရီ
ချီလည်းကြွကြွ
ချလည်းကျစ်ကျစ်
ရပ်လည်းမှန်မှန်
ပြန်လည်းစိုက်စိုက်
ပိုက်လည်းညင်ညင်
အစဉ်သဖြင့်
တရားနှင့် ဓားနှင့်
(အမည်မသိရှေးစာဆို)
ရှေးအခါကတော့ စစ်ချီရင် အသံလုံခြုံရမည် (သတင်းလုံရမည်) ။ စစ်စခန်းချမယ်ဆိုရင်လည်း ကျစ်ကျစ်လစ်လစ် နဲ့ အစုလိုက်အဖွဲ့လိုက် စခန်းချရမည် ။ စစ်ကြောင်းရပ်ချိန် နှင့် စစ်ကြောင်းရပ်ရာနေရာ တို့ဟာလည်း အချိန်မှန် ၊ နေရာမှန် ဖြစ်ရမည် ။ ခွာစစ်ဆင်တဲ့အခါမှာလည်း ရည်မှန်းချက်နေရာကိုရောက်သည်ထိ အဆင့်ဆင့် တစိုက်မတ်မတ်ခွါစစ်ဆင်ရမည် ။ ရန်သူကို တိုက်တဲ့ အခါမှာလည်း အသံလုံမှု ၊ အလစ်အငိုကရယူ မှုနဲ့ အတူ ညင်ညင်သာသာ တိုက်ခိုက်ရမည် အစရှိသဖြင့် စစ်နည်းဗျူဟာသဘော တရား (တရား) နှင့် ဓါး ကို အစဉ်သဖြင့် တစ်သားတည်းသုံးနိုင်မှသာ စစ်ပွဲတိုင်းအောင်နိုင်ရာ၏လို့ ဆိုခဲ့ကြသည် ။ လက်နက်အမျိုးစား ထွန်းကားလာတဲ့ ဒီဘက်ခေတ်မှာတော့ လက်နက်နဲ့ ဗျူဟာတွေကို အချိုးကျကျ တွဲ သုံးနိုင်မှသာ စစ်ပွဲတို့အောင်နိုင် ကြရမှာဖြစ်ပါတယ်။
စစ်ဆိုတာဘယ်လိုဟာလဲ
လူအတော်များများ က လက်ခံထားတာဟာ စစ်ဆိုတာ အနိဌာရုံ ၊ စစ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် သွေးရဲရဲ ၊ သံရဲရဲ သတ်ကြတဲ့ပွဲ ဒီထက်လွဲလို့ ဘာမျှ မပိုပါဘူး ။ The Cold War ဆိုတဲ့အယူအဆတွေ ၊ Cyber Warfare ဆိုတဲ့ အသုံးနှုန်းတွေ ၊ Media Warfare ၊ Cultural Warfare ၊ Economic Warfare ၊ Political Warfare စတဲ့ အသုံးနှုန်း ၊ အယူအဆတွေကို တကယ်နားလည်လက်ခံ လာတဲ့ အခါ စစ်ဆိုတာ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ် သတ်ဖြတ်ကြတယ်ဆိုတဲ့ အဓိပ္ပါယ်ထက် ပိုမိုလေးနက်တာတွေ ရှိနေတယ်ဆိုတာ သတိထားမိမှာပါ ။ စစ်ပညာရှင်ကလော့ဇ်ဝစ် ကတော့ “ စစ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတွေကို တစ်နည်းတစ်ဖုံ ပုံဖော်ခြင်း ” လို့ ဆိုခဲ့တယ် ။ အဲဒီတော့စစ်ဆိုတာ ဘာလဲ ။ မီဒီယာတွေနဲ့ တိုက်ရတဲ့စစ်တွေရှိမယ် ၊ နည်းပညာတွေနဲ့တိုက်ရတဲ့စစ်တွေရှိမယ် ၊ ယဉ်ကျေးမှုလွှမ်းမိုးအောင်လုပ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးဆင်နွှဲရတာတွေရှိမယ်၊ စီးပွားရေး ၊ နိုင်ငံရေး အသာစီး နဲ့ ကိုယ်ပြောသမျှ ခေါင်းငြိမ်းလာရအောင်လုပ်မယ် … ဒီအရာတွေမှာ လက်နက်တွေမပါ ပါဘူး ၊ ပစ်ခတ်တာတွေ မရှိပါဘူး ။ ဒါဆိုရင် စစ်ဆိုတာ ဘာလဲ ။ တကယ့်တကယ်တော့ စစ်ဆိုတာ သူတပါးဆီမှာ အရှုံးမခံ ချင် တဲ့ သဘောတရား တစ်ခု ပါပဲ ။
စစ်တို့ရဲ့ခေတ်
စစ်ဆိုတာတွေကလည်းခေတ်နဲ့ အတူဖြတ်သန်းလာကြခဲ့ကြတယ် ။ ကျောက်ခေတ် ၊ သံခေတ် ၊ ယမ်းခေတ် ၊ နြူကလီးယားခေတ် နဲ့ လူသားအသိဥာဏ် ခေတ် တို့ပါ ။ ကျောက် ခတ်မှာတုန်း ကတော့ ကျောက်တွေ ကိုသုံးပြီးစစ်တိုက်ခဲ့ ကြတယ် ။ သံ ခေတ်မှာ ဓားလှံတွေ သုံးပြီး စစ်တိုက်ခဲ့ ကြတယ် ။ ယမ်းခေတ်မှာတော့ သေနတ်တွေ ၊ အမြှောက်တွေ ၊ တင့်ကားတွေ သုံးပြီး စစ်တိုက်ခဲ့ကြတယ် ။ နြူကလီးယား ခေတ်မှာတော့ လက်နက်ကိုပြပြီး စစ်တိုက်ခဲ့ကြတယ် ။ ယခုလူသားအသိဥာဏ်ခေတ်မှာတော့ Multi-dimensional Warfare ဆိုတဲ့ စီးပွားရေး ၊ ယဉ်ကျေးမှု ၊ နည်းပညာ ၊ လက်နက် ၊ မီဒီယာ ၊ နိုင်ငံရေး စတာတွေကို အချိုးကျကျ အသုံးချပြီးတော့သာ စစ်တိုက်ကြတော့တယ်။ စစ်ပညာရှင်ကြီး ဆွန်ဇု ရဲ့ “ အကောင်းဆုံး စစ်ဗျူဟာ ဆိုတာ ရင်ဆိုင်တိုက်ပွဲဖြစ်စရာမလိုပဲ ရန်သူကို သိမ်းပိုက်နိုင်ခြင်းသာ ဖြစ်တယ်ဆို “ တဲ့ အဆိုကို အပြည့်အဝ အသုံးချကြတော့တယ် ။
ပြည်မြန်မာ နှင့် အချက်အခြာမြေ
“ မြေပိုင်မှ သာစစ်နိုင်တယ်” တဲ့ ။ နည်းပညာတွေဘက်လောက်ပဲတိုးတက် တိုးတက် ၊ လက်နက်တွေ ဘယ်လောက်ပဲ ခေတ်မှီပါစေ မှန်ကန်နေသေးတဲ့ စစ်ပညာ သဘောတရားတစ်ခုပါပဲ ။ နိုင်ငံရေး မဟာဗျူဟာတွေ စဉ်းစားတဲ့ အခါ အင်မတန်ရှုပ်ထွေးပါတယ်၊ နိုင်ငံတကာဆက်ဆံရေးတွေ ၊ နိုင်ငံတကာဥပဒေ တွေ၊ စီးပွားရေးတွေ ၊ လူ့အခွင့်ရေးတွေ ၊ ပြည်သူလူထုရဲ့ ထောက်ခံ မှု အခြေနေတွေပါ ထည့်တွက်ပြီးစဉ်းစားကြရတယ် ။ အဲဒီတော့ တစ်နေရာကိုအာရုံစိုက်လိုက်တာနဲ့ တစ်နေရာမှာလွတ်သွားနိုင်တာတွေ ရှိတယ် ။ စစ်ရေး မှာတော့ အဲလိုမဟုတ် ကမ္ဘာ ကြီးတခြမ်းစာ ကို သဲမြေပုံလေးချကြည့်ရုံ နဲ့ ကမ္ဘာက စူပါ ပါဝါတွေရဲ့ power balance လုပ်နိုင်မဲ့ အနေထားတွေ ၊ ဘယ်သူ့စစ်စခန်းတွေကဘယ်မှာရှိတယ် ၊ ဘယ်သူ့ရဲ့ စီးပွားရေးထွက်ပေါက် (ဝါ) အုပ်ချုပ်ထောက်ပံ့ မှုလမ်းကြောင်းတွေက ဘယ်မှာ ၊ ဘယ်ပါဝါတွေက ဘယ်အကွက်တက်ရင် ဘယ်သူ့ကို ချက်စ် ဖို့ ဆိုတာ အရှင်းသားမြင်နေရပါတယ် ။ အာရှ-ပစိဖိတ် စစ်ရေး တခွင်စာ အတွက် စစ်အောင်နိုင်ရေး အတွက် အချက်အချာမြေဟာ ကျွန်တော်တို့ ရဲ့ မြန်မာ ။
ရခိုင်အရေး နှင့် Multi-dimensional Warfare
သင်တန်းသား ဘဝတုန်းကတော့ စာသင်ခန်းထဲမှာ C5ISR (command, control, communications, computers, combat systems, intelligence, surveillance, and reconnaissance) ဆိုတဲ့ တိုက်ပွဲနည်းဥပဒေသတွေ ၊ သမာရိုးကျစစ်ပွဲ ၊ ပြောက်ကျားစစ်ပွဲ ၊ ဘက်စုံစစ်ပွဲ (Multi-dimensional Warfare) ဆိုတာတွေကို ကျက်ခဲ့ မှတ်ခဲ့ရတယ်။ သိပ်တော့ ထဲထဲဝင်ဝင်နားမလည်လှဘူး ။ ရခိုင်အရေးဖြစ်တဲ့ အချိန်မှာ ကျွန်တော်သဘောပေါက်လိုက်တာဟာ Multi-dimensional Warfare လို့ခေါ် တဲ့ ဘက်စုံစစ်ပွဲ ဟာ ဘယ်လိုအရာလဲ ဆိုတာပါပဲ ။ ဘာကြောင့် လဲဆိုတော့ နိုင်ငံအတွင်းမှာ local war အနေနဲ့ ဆင်နွှဲရတာရှိသလို ၊ နိုင်ငံတကာမျက်နှာစာမှာလည်း global war အနေနဲ့ ဖြေရှင်းရတာရှိတယ် ။ Local War မှာတော့ ရခိုင်တိုင်းရင်းသားတွေ ၊ မြန်မာတိုင်းရင်းသားတွေ ၊ ရဲ ၊ မီးသတ် ၊ တပ်မတော် ၊နိုင်ငံရေး ၊ လူမှုရေး ၊ဘာသာရေး အဖွဲ့စည်းတွေ ပါဝင်ခဲ့ရသလို ၊ ပရဟိတ အဖွဲ့တွေကလည်း ကူညီထောက်ပံ့ခဲ့ကြတယ် ။ Global War မှာတော့ သမ္မတကြီး တို့ လို ဒေါ်အောင်ဆန်းစုကြည် တို့လိုပုဂ္ဂိုလ်တွေ က ပါဝင်ဆင်နွှဲသလို ၊ နိုင်ငံတကာရောက်ရှိနေတဲ့ မြန်မာတွေ ၊ သမိုင်းပညာရှင်တွေ ပါဝင်ခဲ့ကြတယ် ။ နောက် Media Warfare မှာတော့ သတင်းတု ၊ သတင်းမှား ထုတ်လွှင့်တဲ့သတင်းဌာနတွေ နိုင်ငံတကာမှာ လိမ်ညာနေသူတွေကို ပြည်တွင်းမီဒီယာတွေ ၊ social network အသုံးပြုသူတွေ က စွမ်းစွမ်းတမံ တိုက်ထုတ်နိုင်ခဲ့တယ် ။ Technical Warfare သို့မဟုတ် Cyber Warfare မှာဆိုရင်လည်း မြန်မာ မျိုးချစ်နည်းပညာကျွမ်းကျင်သူတွေ က ပါဝင်ဆင်နွှဲခဲ့တယ် ။ဒါဟာ ကျွန်တော်တို့ စာသင်ခန်းထဲ မှာသင်ခဲ့ရတဲ့ Multi-dimensional Warfare ကြီးပါပဲ ။ Multi-dimensional Warfare မှာ လက်နက်ကိုင် တိုက်နေမှ တိုက်ပွဲဝင်စစ်သား မဟုတ်ပါဘူး ။ ကီးဘုတ် ကိုင် အန်းတာခေါင်းနေသူတွေဟာလည်း တိုက်ပွဲဝင်စစ်သားတွေပါပဲ ၊ ကလောင်ကိုင် သတင်းရေးသူ သတင်းထောက်တွေ ၊ သတင်းသမားတွေ ဟာလည်းတိုက်ပွဲဝင်စစ်သားတွေပါပဲ ။ ထမင်းတလုပ် ၊ ခေါက်ဆွဲ တထုပ် ဖြစ်ဖြစ် ကူညီထောက်ပံ့ ပရဟိတအဖွဲ့ ဝင်တွေ ၊ အလှုရှင်တွေဟာလည်း တိုက်ပွဲဝင်စစ်သားတွေပါပဲ ။
၂၁ ရာစုနှင့် စစ်ပွဲသဏ္ဍန်
၂၁ ရာစုဟာ နြူးကလီးယားခေတ်ကိုကျော်လွန်လို့ Knowledge is power ဆိုတဲ့ လူသားအသိဥာဏ်ခေတ်ကို ရောက်နေပါပြီ ။ ဘယ်နိုင်ငံ မှ လူပေါင်းများစွာ သေကြေပျက်ဆီး ပြီး ၊ အနိဌာရုံတွေ ကို လက်ဆုပ်လက်ကိုင် ပြနိုင်မဲ့ လက်နက်တစ်ခုတည်းကိုသုံးပြီးတိုက်တဲ့ စစ်ပွဲတွေကိုဆင်နွှဲမှာ မဟုတ်ပါ ။ Multi-dimensional Warfare ကို ရဲ့ပုံစံတွေထဲ က စိတ်ဓာတ်စစ်ဆင်ဖို့ အတွက် Cultural Warfare ၊ Media Warfare တွေ သုံးမယ် ၊ ခိုင်းသမျှ ကို ချည်ပြီးတုပ်ပြီးခေါင်းငြိမ့်စေမဲ့ Political Warfare တွေ ၊ Economic Warfare တွေ ၊ နိုင်ငံသားတွေ ၊ နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တရားအဖွဲ့စည်းတွေ ထဲမှာ ကိုယ့်လူလေးတွေထည့်ထားနိုင်မဲ့ စိမ့်ဝင်စစ် တွေ ၊နိုင်ငံ ရဲ့သတင်းအချက်အလက်တွေကို လိုသလို ထိမ်းချုပ်နိုင်မဲ့ Technical Warfare တွေ Cyber Warfare တွေကို ၊ လက်နက်တွေ ၊ စစ်အင်အားတွေ ကို လိုသလို အသုံးချပြီး သာ စစ်တိုက်ကြတော့ မှာပါ ။
နိဂုံး
အဖက်ဖက် က တိုက်ခိုက်လာနိုင်မဲ့ Multi-dimensional Warfare တွေ အတွက် ကျွန်တော်တို့ အလိုအပ်ဆုံးအရာ ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ကျရာနေရာမှာစွမ်းစွမ်းတမံထမ်းဆောင်နိုင်မဲ့ အတက်ပညာရှင်တွေ ၊ မြန်မာသာမက ကမ္ဘာမှာသာဝင်ဆန့် နိုင်မဲ့ အသိပညာရှင်တွေ ပါပဲ ။
(ရုပ်ဆိုး)
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment