မစ္စတာ ဘန်ကီမွန်း နှင့် ဒေါ် အောင်ဆန်း စုကြည် |
မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်တက်ရောက်ရေး ပျော့ပျောင်းညင်သာစွာ သဘောတူ လုပ်ဆောင်လိုက်တာနဲ့ ပတ်သက်ပြီး ချီကျူးဂုဏ်ပြုစကား ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပေမယ့် အခက်အခဲတွေကတော့ ဆက်ရှိနေသေးတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အခက်အခဲတွေ ရှိချင်ရှိမယ်။ စိန်ခေါ်မှုတွေကတော့ ဆက်ရှိနေသေးတယ်။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကတော့ ပြန်မပြင်သင့်တော့ဘူး။ နောက်ပြန် မလှည့်ရတော့ဘူး” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ကတော့ အန်အယ်လ်ဒီပါတီဟာ အငြင်းပွားနေတဲ့ စကားရပ်တွေကို ပျော့ပျောင်းစွာ လုပ်ဆောင်နိုင်ခဲ့တာဟာ ပါတီရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်အသစ်လည်း မဟုတ်ဘူးလို့ သတင်းထောက်တွေကို ဖြေကြားသွားပါတယ်။
“မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းတဲ့ ကာလတလေ်ွာက်လုံးမှာ ပျော့ပျောင်းတဲ့ နည်းလမ်းကို ကျမတို့ အမြဲယုံကြည်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အကြမ်းမဖက်ဘဲနဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုမျိုးနဲ့သာ ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ မို့လို့ပါပဲ။ အဲဒီအတွက် ပျော့ပျောင်းတဲ့ လုပ်ဆောင်ချက်တွေဟာ ကျမတို့ပါတီရဲ့ နည်းဗျူဟာအသစ်လို့ ကျမ မထင်ဘူး” လို့ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ ဥပရောသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို တနှစ်ဆိုင်းငံ့မှုတွေဖြစ်စေပြီးတော့ ဒီနှစ်နဲ့ လာမယ့်နှစ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုတွေအတွက် အကူအညီရစေခဲ့တာပါ။
နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးအကူအညီနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ဖွံ့ဖြိုးရေးအတွက်ဖြစ်ဖြစ်၊ လူသားချင်း စာနာထောက်ထားလို့ပဲ ဖြစ်ဖြစ် ဘယ်လို အကူအညီမျိုးတွေမဆို ရရှိတာဟာ မြန်မာနိုင်ငံသားတွေအတွက် ကိုယ်စွမ်းကိုယ်စတွေ တိုးတက်မြင့်မားစေပြီးတော့ အစိုးရအပေါ်ကို မှီခိုစိတ်တွေကလည်း လေ်ွာ့နည်းစေဖို့ဆိုတာ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်ဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားမယ်ဆိုတာ ကျမ အသေအချာ ပြောနိုင်ပါတယ်” လို့ သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ကို နယူးယောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ကိုလည်း မစ္စတာ ဘန်ကီမွန်းက ဖိတ်ကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ သွားရောက်ပြီး မိန့်ခွန်းပြောမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
မစ္စတာဘန်ကီမွန်းဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု ကျင်းပခဲ့ပါသေးတယ်။
မင်းလွင် (ဒီဗွီဘီ)
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment