ဦးသိန်းစိန်အစိုးရ တက်လာကတည်းက မြန်မာ့နိုင်ငံရေးက လှုပ်စိလှုပ်စိ ဖြစ်လာတယ်။ လက်ရှိအစိုးရက ဘိုးတော်တွေ၊ ဗေဒင်ဆရာတွေထက် ကမ္ဘာကျော်တဲ့ ပညာရှင်တွေကို မင်းဆရာအဖြစ် တင်လာတာကိုတွေ့ရတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မင်းဆရာတွေထဲမှာ ဒေါက်တာဦးမြင့်လို ပုဂ္ဂိုလ်၊ ဒေါက်တာဇော်ဦးလို တော်လှန်ရေးသမားကနေ ပညာရှင်ဖြစ်လာတဲ့ လူတော်တွေက ၀န်းရံထားတယ်။
ဒီပညာရှင်တွေက ဘယ်အကွက်ကိုရွေ့ရင် ဘယ်ကောင်ကိုထိမ်းနိုင်တယ်၊ ဘယ်ကောင်ကို စားမယ်ဆိုတဲ့ ပညာကို ကမ္ဘာကျော်တဲ့ တက္ကသီလကာ သင်ယူလာတာဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဦးသိန်းစိန် တက်လာကတည်းက မြန်မာ့နိုင်ငံရေးက နိုင်ငံတကာ ဇာတ်ခုံမှာစန်းပွင့်လာတယ်။ မြန်မာ့နိုင်ငံရေးက လမ်းဆုံလမ်းခွ-Crossroad-ကိုရောက်လာတယ်လို့ ပြောလို့ရမယ်ထင်တယ်။ အကြောင်းကတော့ အမေရိကန်ဗဟိုထောက်လှမ်းရေး-CIA-ကမြန်မာ့နိုင်ငံရေးမှာ ပိုမိုစွက်ဖက်လာတယ်ဆိုတဲ့ သဘောပါ။ နိုင်ငံခြားရေးမူဝါဒကို ၁၈၀ံ ပြောင်းလိုက်တဲ့ ဦးသိန်းစိန်
တို့မြန်မာ့ ခေါင်းဆောင်ကြီးတွေ အစဉ်အဆက်သုံးလာတဲ့ ဆွေးမျိုးပေါက်ဖေါ်ကြီးနဲ့ ကတီပါလမ်းခွဲကို စတင်ကြည့်လိုက်တယ်။ မြစ်ဆုံက ဓါတ်ခွဲခန်းဖြစ်တယ်။ မြန်မာအစိုးရက သိပ်မညံ့ဘူးဆိုတာ လက်တွေ့ပါ။ မြစ်ဆုံအရေးမှာ မြန်မာတနိုင်ငံလုံး လူတန်းစား အလွှာပေါင်းစုံက ပြည်သူတွေပါလာအောင် ၊ ပြည်သူတွေ မကြေနပ်မှုကြောင့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ရပါတယ်ဆိုတဲ့အထိ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကဖန်တီး ပေးခဲ့တာဖြစ်ပါတယ်။ ပေါက်ဖေါ်ကြီးနဲ့ ကတီပါလမ်းခွဲကို စလိုတဲ့သမ္မတသစ်ရဲ့ အောက်လမ်းပညာက မသေးဘူးဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။ ပြည်သူတွေကရော၊ စာနယ်ဇင်းသမားတွေကပါ လက်ခုတ်သြဘာ သောင်းသောင်းဖြဖြတီးပြီး ကောင်းချီးပေးခဲ့ကြပါတယ်။
တပြိုင်နက်ထဲမှာဘဲ အမေရိကန် ဗဟိုထောက်လှမ်းရေးနဲ့ သိပ်နီးစပ်တဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို အသုံးချပြီး အမေရိကန်က ဦးသိန်းစိန်အစိုးရကို လက်ကမ်းကြိုလာပါတယ်။ ဦးသိန်းစိန်အစိုးရဘက်ကလည်း အစိုးရအဆက်ဆက် ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများကို ပြန်လွှတ်ပေးခဲ့တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခြင်းဟာ ဘုရင်မကြီးကို ရွှေ့ကစားလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ရွေ့ကွက်တွေထဲမှာ အနောက်ဘက်ကို မျက်စပစ်ထားပြီး၊ အရှေ့ကိုလည်း သူမနာ ကိုယ်အရှုံးပေါ်လစီနဲ့ စခန်းသွားနေတာကို တွေ့ရပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ ဒီလိုအခြေအနေမျိုးနဲ့သာ နိုင်ငံတကာထောက်ခံမှုကို ဆက်ရနေရင် မြန်မာနိုင်ငံထဲက နိုဗယ်ဆုရှင် တဦးပေါ်လာနိုင်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။
ဦးသိန်းစိန် ဘာတွေ အောင်မြင်နေသလဲ
မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်လိုက်တဲ့အတွက် သမ္မတ ဦးသိန်းစိန်ရဲ့ အမြတ်တွေက
၁။ ပြည်သူတွေရဲ့ ထောက်ခံမှု တဟုန်ထိုးတက်လာတယ်။
၂။ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ဘုန်းဘောလအော ရလာခဲ့တယ်။
နိုင်ငံခြားရေးမူဝါဒ အပြင် ၁၉၉၀ ကျော်ခုနှစ်တွေက ထားရှိခဲ့တဲ့ ပြည်တွင်းရေးမူဝါဒကို ပြုပြင်မွန်းမံပြီး စတန့်ပြန်ထွင်လာတယ်။ မြန်မာ့လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာတဲ့ တိုင်းရင်းသားတို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးကို အမြစ်ဖြတ်ချေမှုန်းရေးက နည်းလမ်းတွေပြောင်းသွားတယ်။ အစိုးရအဆက်ဆက်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်ထားတဲ့ မဟာဗျူဟာက အလုံးစုံချေမှုန်းရေးဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ မဟာဗျူဟာ တူပေမယ့် နည်းဗျူဟာက သစ်ဆန်းနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်လာတယ်။
မယုံကြည်နိုင်လောက်အောင်ကို လိုက်လျောတဲ့ မူကိုသုံးပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနေတယ်။ နှစ်ပေါင်း (၆၀) ကျော်ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို ဦးသိန်းစိန်အစိုးရ လုပ်ပြနိုင်ခဲ့တယ်။ အဲဒါက KNU နဲ့ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်၊ ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ လက်နက်ကိုင် ကြီးငယ်မဟူ အားလုံးနီးပါး ငြိမ်းချမ်းရေးသဘောတူညီချက်တွေ အဆင့်ဆင့်လုပ်ဆောင်နေဆဲပါ။ အစိုးရကတော့ လက်မှတ်ရေးထိုးပြီးလို့ ကြေငြာထားပါတယ်။ KIO ကတော့အတွေ့အကြုံအရ ငြိမ်းချမ်းရေးစကား ပြောကတည်းက နိုင်ငံရေးအရ စကားပြောချင်နေတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆွေးနွေးချင်တယ်။ ဦးသိန်းစိန်အစိုးရ ဒီအကြောင်းတွေကို မဆွေးနွေးချင်ဘူး။ လွတ်တော်တွင်းမှာ ဆွေးနွေးချင်တယ်။ KIO ကိုတိုက်ရင်းနဲ့ ဖိအားပေးမှုတွေလုပ်လာတယ်။ ကချင်ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ လူသတ်ပွဲတွေ ဖြစ်နေတယ်။ ဦးသိန်းစိန်အစိုးရကတော့ နိုင်ငံတကာမှာ အောင်မြင်မှုတွေ တန်းစီနေတယ်။ မျက်နှာပွင့်နေတယ်။
ဧပြီ (၁) မဟာအောင်မြင်မှုနေ့
ဧပြီလ (၁) ရက်နေ့ကြားပြတ် ရွေးကောက်ပွဲက ဦးသိန်းစိန်အစိုးရကို သိဒ္ဒိတင်ပေးလိုက်တာဖြစ်တယ်။ အမတ်နေရာအားလုံးနီးပါး NLD ကိုအနိုင်ပေးလိုက်တာဟာ နောက်ထပ်လက်နက်ပုန်းကို ထုတ်သုံးလိုက်တာဖြစ်တယ်။ ဦးသိန်းစိန် ထပ်ဆင့်အောင်မြင်သွားပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်တော်တွင်းရောက်ရေးက လက်ရှိအစိုးရအတွက် သေရေးရှင်ရေးဖြစ်ပါတယ်။ ဒါမှ နိုင်ငံတကာမှာ ဦးသိန်းစိန်အစိုးရမျက်နှာပန်းလှမယ်။ ဇောက်ထိုးကျနေတဲ့ မြန်မာစီးပွားရေးကို ကယ်တင်နိုင်မယ့် လမ်းစကိုရှာလာတာ ဖြစ်ပါတယ်။ စစ်သားလူထွက်က ဒီလိုအကွက်မျိုးကို မထွင်နိုင်ဘူး။ မင်းဆရာတွေရဲ့ အကြံပေးချက်အတိုင်း လုပ်ကြည့်လိုက်တော့ သူတို့လိုချင်တဲ့အကွက်ကို ကွက်တိဝင်သွားတာဖြစ်တယ်။
ဦးသိန်းစိန်အစိုးရကို တိုင်းထက်အလွန် ချီးမြှောက်လိုက်တာက ဂျပန်အစိုးရဘဲ ဖြစ်ပါတယ်။ မြန်မာအစိုးရခေတ် အဆက်ဆက် တင်ခဲ့တဲ့ကြွေးမြီတွေကို တထိုင်တည်းနဲ့ ပြန်လျှော်ပေးပြီး၊ ဖွံ့ဖြိုးရေးအကူအညီတွေလည်း ပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပတိုင်းပြည်အချို့ကတော့ wait and see policy ကိုဆက်လက် ကျင့်သုံးနေဆဲဖြစ်ပါတယ်။
နိုင်ငံတကာကလည်း Carrot and stick policy ထက် Appeasement Policy ကိုအလွန်အကျွံပြလိုက်တော့ သိပ်မကြာခင်မှာ ဘီးလူးလား၊ မင်းသားလား မြင်လာရမယ့်အနေအထားကို တွေ့မြင်လာနိုင်ပါတယ်။ အနောက်နိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို မြန်မာနိုင်ငံထဲကို ၀င်လာနေတယ်။ ဒီလိုဝင်လာမစဲ တသဲသဲဖြစ်နေတာဟာ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံခြားရေးမူးဝါဒ အောင်မြင်တာကို လက်တွေ့ပြသလိုက်တာဘဲ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံခြားရေး မူဝါဒတွေထဲမှာ အရှေ့ထက်အနောက်ကို ကျွန်နေတာကို တွေ့မြင်နိုင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ အရှေ့ရဲ့ ဘက်ပြန်ရိုက်ချက်က ဘယ်လောက်ပြင်းနိုင်သလဲဆိုတာ သိထားပုံရတဲ့အတွက် အနောက်ကို ပုံအပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
တိုင်းရင်းသားတွေ ဘယ်လမ်းရွေးမလဲ
တိုင်းရင်းသားရဲ့ မဟာဗျူဟာက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဘဲ ဖြစ်ပါတယ်။ ပြင်ဆင်မှုအားနည်းတဲ့ တိုင်းရင်းသားတွေဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို လိုက်မှီတာ သိပ်မတွေ့ရပါဘူး။ လတ်တလော ပြောင်းလဲလိုက်တဲ့ အပြောင်းအလဲမှာ တိုင်းရင်းသားတွေ အလူးအလဲခံလိုက်ရတာ ဖြစ်ပါတယ်။ မျက်လှည့်ကွင်းထဲမှာ စီးမျောနေတဲ့ ပရိသတ်လိုဖြစ်နေတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောနေပေမယ့် တိုင်းရင်းသား အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့ဘူး။ လတ်တလော အခြေအနေကိုဘဲ ကြည့်လိုက်ပါ။ ကချင်တွေအလူးအလဲ ခံနေရတဲ့အချိန်မှာ ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေက အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ခြိမ့်ခြိမ့်သဲသဲ ရေးထိုးနေကြတယ်။
ကချင်တို့ရဲ့ ဌာနချုပ်ကို ၀န်းရံနေတာကို လက်ပိုက်ကြည့်နေရတဲ့ သဘောဖြစ်နေတယ်။ ကမ္ဘာ့အသိုက်အမြုံကို ပေါက်ရောက်နိုင်တဲ့ တိုင်းရင်းသားကလည်း လက်ချိုးရေတွက်လို့ ရတဲ့အနေအထားမှာ ရှိနေပါတယ်။ ကချင်ဒေသမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပေမယ့် နိုင်ငံတကာ ခေါင်းဆောင်တွေကတော့ ဦးသိန်းစိန် အစိုးရကို နေ့စဉ်ချီကျူးနေကြတယ်။
အလွန်အကျွံ လုပ်ရက်ကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လွတ်တော်ထဲကနေ ချီးကျူးလိုက်တဲ့ ကိစ္စဘဲဖြစ်ပါတယ်။ ဘန်ကီမွန်း ချီးမွန်းခန်းဖွင့်နေချိန်မှာ ကချင်လူမျိုးတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ အရပ်သားတွေ ထွက်ပြေးနေရပါတယ်။ ဘန်ကီမွန်းသာမဟုတ် အနောက်နိုင်ငံခေါင်းဆောင်တွေဟာ တိုင်းရင်းသားအရေးထက် ဒိမိုကရေစီရေးကို ရှေ့တန်းတင်လာတယ်။ သမိုင်းတပတ်ပြန်လည်တာလားလို့ တွေးမိတယ်။ ၁၉၅၀ ကျော်ခုနှစ်တွေက လူတန်းစားပြသနာနဲ့ အိုင်ဒီအိုလိုဂျီ ပြသနာက လူမျိုးစုပြသနာထက် ရှေ့တန်းကိုရောက်ခဲ့တယ်။ အခုလည်း ဒီမိုကရေစီရေးက ရှေ့တန်းရောက်ပြီး တိုင်းရင်းသားအရေးက သိသိသာသာကြီး နောက်ကိုရောက်လာတယ်။ အဲဒိလို ရောက်သွားရတဲ့အဓိက အကြောင်းက ငြိမ်းချမ်းရေးစာချုပ်တွေ နေ့မအားညမအား ထိုးနေကြတာလည်းပါတယ်။ ကချင်တွေ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေမယ့်အစား စည်းလုံးညီညွတ်စွာနဲ့ လက်တွဲရမယ့်အရေး ကိုစဉ်းစားသင့်တယ်။ တိုင်းရင်းသားတွေအနေဲ့ စည်းလုံးမှုမရှိဘူးဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်မပြောနဲ့ ကိုယ့်အိမ်မှာတောင် ညအိပ်လို့မရနိုင်ဘူးဆိုတာ သိထားသင့်တယ်။ ကချင်ထိုးစစ်ကို မရပ်ဘူးဆိုရင် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေအနေနဲ့ စာချုပ်ကိုဖျက်ဖို့ ရာဇသံပေးသင့်တယ်။ ဒီရာဇသံက ဦးသိန်းစိန် အစိုးရကိုသာမဟုတ် နိုင်ငံတကာတွေကိုပါ နောက်တလှမ်းပြန်ဆုတ် သွားစေနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ မျက်လှည့်ဝိုင်းထဲမှာ စီးမျောမနေသင့်တော့ဘဲ၊ ပြည်တွင်းစစ် ရပ်စဲရေးကို တညီတညာတည်း လက်တွဲမဖြုတ်စတမ်း ချီးတက်သင့်တဲ့ အချိန်ခါကောင်း အဖြစ်တွေးမိပါတယ်။ ဒီလို အခြေအနေမျိုးမှာ UNFC ဘာလဲ ဘယ်လဲ မေးစရာဖြစ်လာတယ်။
လှရွှေ
Lu Bo
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment