ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ထုတ်ဝေသော မက်စင်ဂျာဂျာနယ် အတွဲ ၂၊ အမှတ် ၃၅ တွင် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။
တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် ကျားကွက်သစ်လမ်းနှင့် ဓမ္မ၀ိဟာရလမ်းထောင့်ရှိ ဆိုက္ကားဂိတ်တစ်ခုတွင် ဖြစ်သည်။ ဆိုက္ကားဆရာတစ်စုက ဂျာနယ်တစ်စောင်ကို စိတ်ဝင်တစား ၀ိုင်းဖတ်နေကြသည်။ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကဒ်တစ်ကဒ်ကို မြန်မာငွေ ငါးထောင်ကျပ်နှင့် ၀ယ်နိုင်တော့မည် ဆိုသော သတင်းသည် သူတို့အားလုံး၏ စိတ်နှလုံးကို သိမ်းကြုံးယူထားသည်။
“တကယ်ဖြစ်လာပါ့မလားလို့ တော့ တွေးမိတယ်ဗျ။ ဒါပေမဲ့ တကယ်လည်း ဖြစ်လာစေချင်တယ်။ ဖုန်းလေး တစ်လုံးသာ ပိုင်ထားရင်ပေါ့။ အခု ဖုန်းမရှိပေမဲ့ ကျွန်တော်တို့ နေလို့ ထိုင်လို့ ဖြစ်တယ်။ နေလို့ ထိုင်လို့ ဖြစ်ရုံပဲ ရှိတာ။ ရှိထားရင်တော့ ပိုကောင်းတယ်။ တကယ်ဖြစ်လာပါစေလို့ ဆုတောင်းရမှာပဲ” ဟု ဆိုက္ကားဆရာတစ်ဦးဖြစ်သူ ဦးမောင်သောင်းက သူ့ခံစားချက်ကို ပြောသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ ပါ့ခ်ရွိုင်ရယ်လ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ရွှေပြည်တံခွန်တယ်လီကွန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာငွေကျပ်ငါးထောင်သာ ကျသင့်မည့် မိုဘိုင်းလ်ဖုန်းစီမံကိန်းကို နိုင်ငံတော် သမ္မတရုံးတွင် ခွင့်ပြုချက်တင်ထားပြီး ခွင့်ပြုချက်ရ သည်နှင့် သုံးလမှ ၆လအတွင်း အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသတင်းသည် ၂၀၁၂ နှစ်စကို ဦးဦးဖျားဖျား နှုတ်ဆက်လိုက်သည့် သတင်းဦးဖြစ်ကာ ထိုသတင်း ကြောင့် လက်ရှိဖုန်းကိုင်နေသူများရော၊ ဖုန်းမကိုင်နိုင်သေးသူ လူတန်းစားများပါ မယုံဝံ့ယုံဝံ့ဖြစ် ခဲ့ကြသည်။ မိုဘိုင်းလ်ဖုန်းများ စပေါ်ကာစ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်က မြန်မာငွေ သိန်းလေးဆယ် ခန့်ဖြင့် ၀ယ်ယူထားရသော ဖုန်းပိုင်ရှင်များကလည်း ၀မ်းသာရမလား၊ ၀မ်းနဲရမလား ခံစားချက်ပေါင်းစုံဖြစ်နေကြသည်။
“ကျွန်တော်တို့က သုံးဆယ့်ငါးသိန်း၊ သိန်းလေးဆယ်နဲ့ ၀ယ်ကိုင်ခဲ့ရပေမဲ့ ခုလို ဆင်းမ်ကဒ်ကို ငါးထောင်လောက်နဲ့ေ၇ာင်းမယ်ဆိုရင်လည်း အများအတွက် ၀မ်းသာပေးရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဘာကြောင့် ဒီလိုငွေကြေးအများကြီးပေးပြီးမှ ဖုန်းကိုင်ခွင့်ရခဲ့လဲဆိုတာကို သက်ဆိုင်ရာက ဖြေရှင်းချက်လေး ပေးစေချင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် စတင်ချထားပေးခဲ့ပြီး ထိုအချိန်က ၀န်ဆောင်ခအပါအ၀င် ဖုန်းတစ်လုံးရရှိရန် မြန်မာ ငွေကျပ် သိန်းသုံးဆယ်မှ သိန်းလေးဆယ်အကြားကုန်ကျခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင်မူ တန်ဖိုးနိမ့်ဖုန်းဟု ခေါ်ဝေါ်သည့် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ စတင်ချထားပေးခဲ့ပြီး ဖုန်းကိုင် ဆောင်နိုင်သူ ပြည်သူဦးရေလည်း ပိုမိုများပြားလာခဲ့သည်။ သို့သော် နိုင်ငံတကာတွင် ဂျီအက်စ်အမ် ဆင်းမ်ကဒ် တစ်ကဒ်၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာမျှပင် မကျသင့်ပေ။ မြန်မာနိုင်ငံတွင် မြန်မာငွေကျပ် ငါးထောင်ဖြင့် ဂျီအက်စ်အမ် ဆင်းမ်ကဒ်များ ရောင်းချပေးနိုင်သည်ဟူသော သတင်း ထွက်ပေါ်လာသောအခါ ကိုးဆယ်ရာခိုင်နှုန်းကျော်သော ပြည်သူတို့၏ မျှော်လင့်ချက်မှာ ပိုမိုတောက် ပြောင်လာခဲ့သည်။
“ဒီကိစ္စကို အမြန်အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကားဟောင်းတွေ လဲပေးမယ်လုပ်တော့ ၀န်ကြီးဦးစိုးသိန်းပြောသွားတာလေး တစ်ခုမှတ်မိနေပါတယ်။ အရင် သိန်းထောင်ချီတန်တဲ့ကားတွေကို သိန်း ၂၀၀ လောက်နဲ့ ရအောင် လုပ်ပေးတဲ့ရည်ရွယ်ချက်က ကားဝယ်မဲ့ထဲက ပိုလာမဲ့ သိန်း၈၀၀ ကို တိုင်းပြည်ဖွံွှ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်စေမဲ့ လုပ်ငန်းတွေမှာ မြုပ်နှံစေချင်လို့ပဲလို့ ပြောခဲ့တာပါ။ ခု သုံးသိန်း၊ နှစ်သိန်းခွဲနဲ့ ချထားပေးမယ်ဆိုတဲ့ ဖုန်းတွေကို ငါးထောင်လောက်နဲ့ ရောင်းရင် ပိုလာတဲ့ ငွေကို စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံလို့ရလာပါမယ်”ဟု ပြည်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးခြင်း နိုင်ငံများဖြစ်ကြသော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် မိုဘိုင်းလ်ဖုန်းများကို သာမန်အောက်ခြေလူတန်းစားပါ သုံးနိုင်သော ငွေကြေးဖြင့် ရောင်းချပေးနေပြီး ထိုနိုင်ငံများနှင့် ထိစပ်နေသော မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင်ပါ တဘက်နိုင်ငံမှဖုန်းများကိုသာ အသုံးပြုနေကြသည်။
“ဘယ်လောက်မှ တန်ဖိုးမရှိတဲ့ ဆင်းမ်ကဒ်တစ်ကဒ်ရဖို့ကို ကျွန်တော်တို့က ကြွေးတင်ခံပြီး ကြိုးစားနေရတယ်။ နိုင်ငံတကာမှာ သူတောင်းစားကအစ ဖုန်းကိုင်နိုင်တဲ့အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံမှာကျတော့ ဖုန်းက လူချမ်းသာသုံး ဇိမ်ခံပစ္စည်းဘာကြောင့် ဖြစ်ရေတာလဲ။ ဒီမိုကရေစီနိုင်ငံတော်ပါလို့ တွင်တွင်ပြောနေတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ၁ ဒေါ်လာတောင် မတန်တဲ့ဖုန်းကို ဒေါ်လာ ၄၀၀ လောက်ပေးဝယ်နေရပြီဆိုရင် ကျွန်တော်တို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပဲ။ ကျွန်တော်တို့ ပြည်သူတွေ ခေါင်းပုံဖြတ်ခံနေရတာ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း သူ၏ ခံစားချက်ကို ပြောပြသည်။
မြန်မာငွေကျပ် ငါးထောင်တန် ဆမ်းကဒ်များ သတင်းထွက်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ထပ်မံပြုလုပ်ပြီး ငွေငါးထောင်ဖြင့် ဆမ်းမ်ကဒ်ရနိုင်ရန်မှာ နည်းပညာအရရော ဥပဒေအရပါမဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့သိတာကတော့ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရှိတယ်။ ဒါကိုလွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ မေးခဲ့တဲ့အတွက် ၀န်ကြီးကိုယ်တိုင်လည်း ဖြေခဲ့ပြီးပြီ။ လာမယ့်မတ်လမှာ ပထမနှစ်လေးသန်း စီမံကိန်းကို စရောင်းတော့မယ်။ အခုသတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးအနေနဲ့လည်း ဘာမှ ဂဃနဏ မသိပါဘူး။ Sim Card တစ်ကတ်ရဲ့တန်ဖိုးကလည်း ဘယ်လောက်မှမရှိပါဘူး။ ဒါပေမယ့် ဖုန်းပြောမယ်ဆိုရင် ဒီကတ်ကလေးတစ်ခုရှိရုံနဲ့ ပြောလို့ရတာမှ မဟုတ်တာ။ သွားလေရာမှာ ဖုန်းလိုင်းမိဖို့ ပြောနိုင်ဖို့ဆိုတာက Network ကြီး တစ်ခုရှိရမှာပါ။ နိုင်ငံတကာမှာလည်း အစိုးရကပဲလုပ်လုပ် ပုဂ္ဂလိကကပဲလုပ်လုပ် ဒီလိုပဲလုပ်ရမှာပဲ။ အစိုးရကတော့ ကြီးကြပ်ထားရမယ်ပေါ့။ Telecom Authorities က နိုင်ငံတိုင်းမှာရှိတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းတို့ကို ပြည်ထောင်စုအစိုးရကသာ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်မည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ဖော်ပြထားပြီး ဖြစ်သည်။
“ဥပဒေက ပြင်လို့ရပါတယ်။ လွတ်တော်မှာ ဆောင်ရွက်ရင် ရတဲ့ကိစ္စ၊ အများပြည်သူအတွက် အကျိုးရှိမဲ့ ဥပဒေဖြစ်တဲ့အတွက် မူရင်းဥပဒေကို ကျင့်သုံးနေတဲ့ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက နေပြီးတော့ ပြင်ဆင်ချက် တင်သွင်းလာသင့်ပါတယ်” ဟု သင်္ကန်းကျွန်းမြို့နယ် အမျိုးသားလွတ်တော် အမတ် ဒေါက်တာမြတ်ဥာဏစိုးကပြောသည်။
ဒေါက်တာ မြတ်ဥာဏစိုးသည် တန်ဖိုးနည်းဖုန်းကိစ္စကို ပထမအကြိမ် လွတ်တော်အစည်းအဝေးကျင်းပစဉ်ကတည်းက အဆိုတင်သွင်းခဲ့သူဖြစ်ပြီး ဒေါက်တာမြတ်ဥာဏစိုးနည်းတူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစံထွန်းကလည်း မြန်မာနိုင်ငံတွင် ဖုန်းခေါ်ဆိုမှုကိစ္စများ ဈေးအဆမတန် ကြီးမြင့်နေခြင်းနှင့် ပတ်သတ်ပြီး မေးခွန်းမေးခဲ့ဖူးသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော်အမက် စီးပွားရေးဆိုင်ရာ ဆောင်းပါးများရေးသားနေသူ ဦးကြည်မြင့်ကလည်း “စီးပွားရေးအမြင်နဲ့ ပြောရရင် ဒီကိစ္စဟာ မဖြစ်နိုင်စရာအကြောင်း လုံးဝမရှိပါဘူး။ နိုင်ငံတော် အစိုးရအနေနဲ့လည်း အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ ပြည်သူအများ သက်သာချောင်ချိမဲ့ကိစ္စကို ဘာလို့ နှောင့်နှေးနေလဲ မပြောတတ်ပါဘူး။ မလုပ်ပေးနိုင်ဘူး ဖြစ်နိုင်ချေမရှိဘူးဆိုရင်လည်း ကျကျနန ရှင်းပြသင့်တယ်”ဟု သူ၏ အမြင်ကို ပြောသည်။
တစ်ဦးတည်း လက်ဝါးကြီးအုပ်စနစ်၊ အဖွဲ့လိုက် လက်ဝါးကြီးအုပ်စနစ်မျိုးရှိနေသေး၍သာ မိုဘိုင်းလ်ဖုန်းများကို ဈေးကြီးကိုင်ထားနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားအပါအ၀င် ကမ္ဘာ့နိုင်ငံများသည် မိုဘိုင်းဖုန်းကွန်ယက်ကို Universal mobile telecommunication system ကို အသုံးပြုကြပြီး ဂျီအက်စ်အမ် ဆင်းမ်ကဒ်များကို ရောင်းချခြင်းထက် ငွေဖြည့်ကဒ်များရောင်းချခြင်းကိုသာ အဓိက လုပ်ဆောင်ကြကြောင်း သိရသည်။
“မြန်မာ့ ဆက်သွယ်ရေးကွန်ယက်ကို ဖြတ်ရမယ်ဆိုတာက ပေါ်လစီကြောင့်ပါ။ မဖြတ်ပဲ ကိုယ့်ဘာသာကိုယ် အိပ်ချိန်းဆောက်ယူနိုင်ပါတယ်။ တစ်ကမ္ဘာလုံး ဒီလိုလုပ်နေကြတာပဲ။ ဒါမှ မဟုတ်၊ ထိုင်း ကွန်ယက်၊ ကမ္ဘောဒီးယား ကွန်ယက်တွေနဲ့လည်း သွားချိတ်လို့ ရနိုင်ပါတယ်” ဟု စင်္ကာပူဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံသားပညာရှင်တစ်ဦးက ပြောသည်။
ဂျီအက်စ်အမ် ဆင်းမ်ကဒ်ရောင်းချခြင်းဖြင့် ငွေကြေးအမြတ်မယူပဲ ဖုန်းပြောခ ကြိုတင်ငွေဖြည့်ကဒ် ကိုသာ ရောင်းချသွားမည်ဆိုပါက မြန်မာနိုင်ငံ၏ လူဦးရေနှင့် အမြတ်အစွန်းများနိုင်ပြီး လိုအပ်သည့် အခြေခံအဆောက်အဦးများအတွက် ကုန်ကျထားသည့် ကုန်ကျစားရိတ်များကို ဆင်းမ်ကဒ် တစ်သန်း ရောင်းချရုံမျှဖြင့် အရင်းကြေနိုင်ကြောင်း သိရသည်။
“ဆင်းမ်ကဒ်က ၃၀၀ လောက်ပဲ ကျမှာ။ တစ်မိနစ်ကို ၂၅ ကျပ်နဲ့ တွက်ကြည့်။ သူစဖြန့်မဲ့ ဆင်းမ်ကဒ် တစ်သန်းက တစ်နေ့ကို တစ်မိနစ်ပဲ ပြောအုံး သူ့အတွက် တော်တော်ကျန်နေပါပြီ။ ပြီးတော့ဖုန်းပြောတဲ့ ကိစ္စက တစ်နေ့ တစ်ရက်ထဲ ပြီးတာမဟုတ်ဖူး။ စဉ်းစားကြည့်လို့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အလုံးရေ တစ်သန်းသုံးစွဲနေပြီး စီဒီအမ်အေနှင့် ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်းလိုင်းများပါဝင်ကြောင်းသိရသည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ဦးရေ တစ်သန်းဆိုသော ပမာဏသည် မြန်မာနိုင်ငံ လူဦးရေနှင့် နှိုင်းယှဉ်ပါက ၁၆ ဒဿမ ၆ ရာခိုင်နှုန်းသာ အသုံးပြုနိုင်သေးကြောင်း တွေ့ရှိရသည်။
“ဆင်းမ်ကဒ်ကို ဒီလောက်ငွေကြေးပမာဏနဲ့ ရောင်းချနိုင်တယ်ဆိုတာ ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်တဲ့အနေအထားရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း အားပေးပြီး အကောင်အထည် ဖော်ပေး ချင်တယ်လို့ထင်တယ်။ မြန်မာ့ဆက်သွယ်ရေးက လုပ်တဲ့ သန်းသုံးဆယ် စီမံကိန်းရှိတဲ့အတွက် ဒီဟာကို လုပ်ဆောင်ခွင့်မပြုဘူးဆိုရင်တော့ ဒါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ လားလားကြီးဆန့်ကျင်နေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု သင်္ကန်းကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ မြတ်ဥာဏစိုးက သုံးသပ်ပြောကြားသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း အနည်းငယ်အတွင်းမှာပင် ဆင်းရဲနွမ်းပါးသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်တင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး အလုပ်ရုံ
ဆွေးနွေးပွဲတခုကို ပြည်တွင်း၊ပြည်ပရှိ တိုင်းရင်းသား၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ဝန်ကြီးဌာန အသီးသီးတို့မှ အရာရှိကြီးများ၊ လူထုလုတန်းစားအလွှာ အသီးသီးတို့မှ ပုဂ္ဂိုလ်များ ဖြင့် ကျင်းပပေးခဲ့သည်။ ၎င်းသည် နိုင်ငံတော်သမ္မတအစိုးရ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုသည့် ရည်မှန်းချက်တစ်ရပ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကာ ငါးထောင်တန် ဆင်းမ်ကဒ်ကို လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက အောက်ခြေပြည်သူများကို အသေးစားချေးငွေ ထုတ်ချေးပေးခြင်းထက် ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အမှန်တကယ် လုပ်ငန်းလုပ်ဆောင်မည့် ရွှေပြည်တံခွန် တယ်လီကွန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးကမူ နိုင်ငံတော် သမ္မတရုံးမှ လုပ်ကိုင်ခွင့် ချထားပေးပြီဆိုပါက နိုင်ငံတော်မှ ခန့်အပ်ထားသော နိုင်ငံ့ဝန်ထမ်းများ၏ အကူအညီဖြင့် ၅၀၀၀ ဆင်းမ်ကဒ်များ ရောင်းချနိုင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံ ဆုံးဖြတ်ချက်၊ ထားဝယ် ကျောက်မီးသွေးစက်ရုံဆုံးဖြတ်ချက်၊ လျှပ်စစ်မီတာခများ တိုးမြင့်ကောက်ယူမည့် ကိစ္စဆုံးဖြတ်ချက်တို့သည် ပြည်သူ့ မျက်နှာကို ကြည့်ပြီး ပြည်သူ့ဘက်လိုက်ခဲ့သည်။ ယခုအကြိမ်မှာရော နိုင်ငံတော် သမ္မတက ပြည်သူ့ဘက်ကို လိုက်မည်လား၊ ပြည်သူ့အသံကို နားထောင်မည်လား၊ နားမထောင်ဘူးဆိုလျှင်ရော ………….နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရအဖွဲ့က မည်သို့ ဆုံးဖြတ်သည် ဖြစ်စေ သန်းပေါင်းများစွာသော မြန်မာပြည်သူများကတော့ မိုဘိုင်းလ်ဖုန်း အိပ်မက်၊ မိုဘိုင်းလ်ဖုန်း မျှော်လင့်နေကြမည်ဖြစ်သည်။
ပြည်သူ့ မျှော်လင့်ချက်ကို ရိုက်ချိုးမည်လား၊ ဖြည့်ဆည်းမည်လားးဆိုသည်ကိုတော့ စောင့်ကြည့် ရမည်ဖြစ်သည်။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment