မဲဆောက်က လာတဲ့အလုပ်သမား ၁၃ ယောက် ဘန်ကောက်နဲ့ မဟာချိုင်ကို လာကြတယ်။ လမ်းစရိတ် ကို တစ်ချို့က အကျေပေး/ တစ်ချို့က တ၀က်စီ ပေးချေထားပြီးဖြစ်တယ်လို့ မိသားစုတွေက ပြောကြတယ်။
ပင်လယ်ငါးဖမ်းလုပ်ငန်း တည်ရှိရာ နေရာတစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်မှာပါတဲ့။
ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့ က၊ ငါးဖမ်းလှေမှာ ရောင်းစားခံရရင်လည်း အဲဒီငါးဖမ်းလှေရဲ့နံပါတ် လှေနာမည် ထိုင်းလိုရေးထားတာ ကို အတိအကျပြနိုင်ရမယ်။ ပွဲစားဓါတ်ပုံကို ပြနိုင်ရမယ်။ နေရာကိုတိတိ
ကျကျ မြေပုံ ရေးဆွဲပြနိုင်ရမယ် လို့ဆိုပါတယ်။
သူတို့ကလည်း သူတို့ ဥပဒေပါ အတိုင်း လိုအပ်ချက် တွေကိုပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ထိုင်း မြန်မာ နယ်စပ် မဲဆောက်က ဘန်ကောက် နဲ့ မဟာချိုင်ကို လာတဲ့ အလုပ်သမားတွေ ခြုံဘူလီ လှေဆိပ်ကို ရောင်းစားခံရတယ်။ သူတို့မှာဘယ်ပိုက်ဆံနဲ့ ဖုန်းဝယ်မလဲ။ ဖုန်းကိုင်ခွင့်လည်းမရဘူး၊ လှေနာမည်ကို ဘယ်ကယ်မရာနဲ့ ရိုက်မလဲ။ ဖတ်ပြရအောင်ကလည်း ထိုင်းစာ နဲ့ ရေးထားတာ။ ရောင်းစားခံရသူ ဆိုတာ ထိုင်းကို မရောက်ဖူးတဲ့ လူတွေပါ။ သူတို့ကို ခေါ်ယူလာတဲ့ ပွဲစား ဓါတ်ပုံကို ဘယ်လို ရနိုင်မလဲ။ ဖုန်းကိုင်ခွင့်ရတဲ့အလုပ်သမားတွေဆိုတာ ဒီလှေဆိပ်
မှာ အနည်းဆုံး ၈လလောက် လုပ်ပြီးမှ ပွဲစားစရိုက်ကျေတဲ့ သူတွေဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ခြုံဘူရီ လှေဆိပ်မှာ ရောင်းစားခံထားရတဲ့ အလုပ်သမား တစ်ယောက် သူတို့ကို အုပ်ချုပ်နေတဲ့ ဘ၀တူ လုပ်သက်ရင့် လှေသမားဖုန်းနဲ့  ဖုန်းဆက်ပြီး ကျနော့်ကို အကူအညီတောင်း လာပါတယ်။
အဲဒီလှေသမားခေါင်းဆောင်က ကျနော်က လှေနာမည်ကို သူ့ရဲ့ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပို့ ပေးဖို့ အကူအညီ တောင်းပါတယ်။
သူက ဘာပြောလဲဆိုတော့၊ ဒီလှေဆိပ်မှာ မြန်မာ အလုပ်သမားတွေ သောင်းချီပြီးရှိတယ်။ လှေလုပ်သား ဟူသမျှ ကိုယ့် သဘောနဲ့ ကိုယ် လာလုပ်သူ တစ်ယောက်မှ မရှိဘူး။
ကျနော်က ကူညီပြီး လှေနာမည်ကို ဖုန်းကယ်မရာနဲ့ ဓါတ်ပုံရိုက်ပြီး ပို့လိုက်လို့  အကိုတို့ က ထိုင်းပုလိပ်
တွေနဲ့ လာဖမ်းရင် အကုန်လုံး နယ်စပ်ကို အပို့ ခံရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ လုပ်နေသမျှ လှေ
လုပ်သားတွေ တစ်ယောက်မှ နေထိုင်ခွင့် လုပ်ထားတာ မရှိဘူး။
ကျနော်က ရောင်းစားခံခဲ့ရတဲ့ စရိတ်ကျေသွားပြီ။ ခု ဒုက္ခ မရောက်တော့ဘူး။ တစ်လကို ဘတ် ၇၀၀၀ .. ၈၀၀၀ ရနေပြီ။ စရိတ်ငြိမ်း ဗမာငွေ ၂သိန်းလောက် မိသားစုဆီပို့ နိုင်ပြီ။ ကျနော်က ရောင်းစားခံထားရသူကို သနားလို့ လှေနံမည်ကို ဓါတ်ပုံရိုက်ပို့ လိုက်ရင် အကိုတို့ ကျနော်ကို ချန်ထားခဲ့မှာမဟုတ်ဘူး။ အကုန်ဖမ်းမှာပဲ။ ဒါကြောင့် အကိုတို့ ကူညီတယ်ဆိုတာ ဒုက္ခရောက်သူကို ကူညီတာပဲဖြစ်သင့်တယ်။ ဒီလိုမှမဟုတ်ရင်
တော့ အချောင်မှာ ရောင်းစားခံနေရတဲ့ လှေလုပ်သားတွေကို ကယ်တင်ဖို့ မစဉ်းစားပါနဲ့တဲ့။
လှေဆိပ်တစ်ခုလုံး မွန်ပွဲစားတွေနဲ့ ထိုင်းပုလိပ်တွေ က ထိုင်းလုပ်ငန်းရှင်တွေအတွက် မြန်မာအလုပ်သမား
တွေကို လူအရောင်းအ၀ယ် ကျွန်အရောင်းအ၀ယ် လုပ်နေတဲ့နေရာပါတဲ့။ အကျိုးစီးပွားဖြစ်ထွန်းနေတာက
ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တွေပါ။ ရောင်းစားခံရပြီး ကျေးကျွန်ဖြစ်နေတာက မြန်မာ အလုပ်သမားတွေ
ပါ။ အဲဒါကို မြန်မာအစိုးရကို ပြောပေးပါတဲ့။
**ကျောက်ခဲကို ကျနော် ဆီကြိတ်ခြင်း**
ကျနော့်တို့ BAT ရုံးခန်းမှာ မဟာချိုင်အနီးက မဲခေါင် တံတားအောက် လှေဆိပ် မှာ ရောင်းစားခံခဲ့ရာက
ထွက်ပြေးလွတ်မြောက်လာတဲ့ လှေသမား ကိုမင်းခန့် ဆိုတာ ရှိနေပါတယ်။ သူဟာ နကပထုန် မှာရှိတဲ့ လျှပ် စစ်မီးမောင်းတွေ၊ မီးစက်တွေ တပ်ဆင်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ အောက်
တိုဘာလ မှာ ထိုင်းကို ရေနစ်လာတော့ သူတို့ အလုပ်ရုံလည်း ပိတ်လိုက်ရပါတယ်။
စက်ရုံက ရှိရှိသမျှ မြန်မာ အလုပ်သမားတွေက ရွှေတွံတေးဆရာတော် နဲ့ ဘန်ကောက်က ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မဟာချိုင်မြို့အနီး ကထုန်ဘန် က ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီးကျောင်း ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်း ကိုလာရောက် ခိုလှုံခဲ့ကြပေ မယ့် ကိုမင်းခန့် ကတော့ အလုပ်ဆက်လက် ရှာဖွေနေခဲ့ပါတယ်။
မိတ်ဆွေ တစ်ယောက်က မဲခေါင်တံတားအောက် ငါးဖမ်းလှေသို့ ရောင်းစားလိုက်တာကို လှေတစ် ပတ် ၁၄ ရက် ထွက်ရာက ပြန်လာပြီး လှေသူကြီးက အခန်းပိတ်လှောင်ထားမှ ရောင်းစား ခံရမှန်း သိတယ် လို့  ကိုမင်းခန့် က ပြောပါတယ်။
ကိုမင်းခန့် ကလည်း စောင့်နေတဲ့ လှေသူကြီး ပန်းကန် ဆေးနေတုန်း အလစ်မှာ ၆ပေလောက် မြင့်တဲ့
သံပန်းနံရံကို ကျော်တက်ချိန်မှာ ဘောင်းဘီက သံချွန်မှာငြိနေပါတယ်။ အဲဒီအချိန်မှာ နောက်က သစ်သား တုတ်နဲ့ အရိုက်ခံရတာကြောင့် ဘယ်ဘက် ခြေဖမိုး အရိုးကျိုးသွားခဲ့ရပါတယ်။
အဲဒီကနေ သူဟာ ခက်ခက်ခဲခဲ ချောင်းကိုဖြတ်ကူး၊ ဓနိတောကိုဖေါက် ပြီး ပြေးလာခဲ့တယ်။ ကံကောင်း ထောက်မစွာနဲ့ မွန်အလုပ်သမ တွေလုပ်နေတဲ့ ငါးခြောက် အလုပ်ရုံက ထိုင်းလုပ်ငန်းရှင်တစ်ဦး က BAT ကတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ပြီးတော့ လာပို့ခဲ့ပါတယ်။
BAT ကလည်း ထွက်ပြေး လွတ်မြောက်လာသူကို ဆေးရုံကိုအကြိမ်ကြိမ် ပို့ဆောင်ပြီးတော့ ဆေးဝါးကုသ ပေးပါတယ်။ ကိုမင်းခန့် မှာ ယခင်က လုပ်ခဲ့တဲ့ နေထိုင်ခွင့် စာရွက်စာတမ်းတွေကို ရရှိအောင် ကူညီဆောင်ရွက်ပေးတယ်။ ရောဂါကုသနေရင်း နဲ့ ကယ်ဆယ်ရေး စခန်း ပိတ်လိုက်တာကြောင့် ဘန်ကောက်မှာရှိတဲ့ BAT ရုံးကိုခေါ်လာခဲ့ရပါတယ်။
ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ကိုသွားရောက်ပြီးတော့ အမှုဖွင့်ထားခဲ့တယ်။ ကျနော်တို့ 
ဟာ ထိုင်းလူကုန်ကူးမှု ဥပဒေ လိုအပ်ချက်အတိုင်း၊ လူကုန်ကူးခံရသူမှာ တရားဝင် နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးထားပြီးဖြစ်တယ်။ ကိုမင်းခန့် ထွက်ပြေးလာတဲ့ မဲခေါင် လှေဆိပ်က အိမ်ကိုရှေ့ နောက်
ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးပြီးဖြစ်တယ်။ ကိုမင်းခန့် ကို ရောင်းစားလိုက်တဲ့ ပွဲစား တို့ နေထိုင်တဲ့ နေအိမ်ခန်း
ကိုလည်း မှတ်တမ်း ရိုက်ကူးပြီးဖြစ်တယ်။ လိုအပ်တဲ့ အချက်အလက် တွှေကို အချိန်ယူပြီး ၃ကြိမ်တိုင်တိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ က ရဲအရာရှိတွေကို တင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မဲခေါင်လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိ ရဲအရာရှိက ကျနော်တို့ ဆီကိုရောက်
လာပါတယ်။ အခန်းပိတ်လှောင်ထားခဲ့တဲ့ လှေသူကြီး ထွက်ပြေးသွားတယ်လို့ ကျနော်တို့ ကို လာရောက် သတင်းပို့ ပါတယ်။
ကျနော်တို့ က ကိုမင်းခန့် ကို လှေပေါ်သို့ ရောင်းစားလိုက်တဲ့ ပွဲစား လင်မယားနေတဲ့ နေရာကို ကျနော် တို့ လိုက်ပြမယ်။ ဆိုတော့လည်း မဖြစ်သေးဘူးတဲ့။ ပွဲစားဓါတ်ပုံ လိုပါသေးတယ်တဲ့။
**ငိုရခက် ရယ်ရခက်**
နောက်ဖြစ်ရပ် တစ်ခုကတော့ ငိုရခက် ရယ်ရခက် ပဲပြောရမလား။ ဇေယျာလင်း ဆိုတဲ့ ရန်ကုန်က ကွမ်းယာ
သယ်ကလေး အသက်၂၂နှစ်ပဲ ရှိသေးတယ်။ မြ၀တီမှာ ကွမ်းယာရောင်းဖို့လာတာ၊ ခြုံဘူလီ အချောင် လှေဆိပ်ကို ရောင်းစားခံရတယ်။ ကျနော့်ဖုန်းကို လှေနံရံမှာ ရေးထားတာ ကိုတွေ့လို့ ဆက်တာပါလို့
သူက ပြောပါတယ်။ ၆လလောက် ရောင်းစားခံခဲ့ရပြီး ကိုစည်သူဆိုသူနဲ့ ရေကူးပြီး ထွက်ပြေးလာတယ်။ သူက ၂ရက်တိုင်တိုင် တောထဲက ကျနော့်ကို ဆက်သွယ်နေခဲ့တယ်။
ကျနော်တို့ လည်း ထိုင်းအစိုး လူကုန်ကူးမှု တိုက်ဖျက်ရေးက အရာရှိကို သွားပြီးတော့ တွေ့ဆုံတယ်။ ရဲအရာရှိက ထွက်ပြေးနေသူတွေ ဘယ်ရောက်နေလဲ မင်းတို့ သိလားတဲ့။ ဘယ်မှာသွားရှာမလဲ။ ရောက်ရှိ
နေတဲ့ နေရာကို သူတို့ လည်းမသိ သလို ကိုယ်ကလည်း မသိဘူးလေ။ ဒီလိုနဲ့ ဇေယျာလင်း တို့ကို ပုလိပ်
က ပြန်ဖမ်းမိလို့ လှေသူကြီး ကို ထပ်ရောင်းစားလိုက်တယ်။ ပုလိပ်အတွက် ၃လ လုပ်ဆပ်ရတယ်။ ထိုင်းကို
နေနစ်လာတော့ ၀တ်ခေါင်မေးဒေးယား ဘုန်းတော်ကြီး ကျောင်းမှာ လာရောက်ခိုလှုံကြတဲ့ မြန်မာအလုပ်
သမားတွေကို ဘန်ကောက် မြန်မာသံရုံးက အခမဲ့ မြန်မာနိုင်ငံကို ပြန်ပို့နေတာကို ကြားလို့ လာခဲ့တယ်။
အိမ်ပြန်ချင်လွန်းလို့ ဘုန်းကြီးကျောင်းက ကယ်ဆယ်ရေးစခန်းကိုလာခဲ့ကြတယ်။ လမ်းမှာ ပွဲစားတစ် ယောက်နဲ့ တွေ့ ပြီးတော့ ဘန်ကောက်မြို့ ဖလန်းဆောင်(လမ်----)မှာရှိတဲ့ ပလပ်စတစ် အလုပ်ရုံမှာတစ်ခါ ထပ်ပြီး ရောင်းစားခံ ရပြန်တယ်။ ၂လလောက် ရောင်းစားခံနေရာက နေပြီးတော့ ကျနော်တို့ ကိုဆက်သွယ်ပါတယ်။
သူတို့က အကူအညီတောင်းလို့ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP က မြန်မာအရာရှိက သွားရောက်ခေါ်ယူပါတယ်။ ကျနော်က မဟာချိုင်ကို ကိစ္စတစ်ခုနဲ့ ရောက်နေ
တာမို့ အတူတူ မသွားနိုင်ခဲ့ပါဘူး။
အလုပ်သမား ၂ ယောက်နဲ့ အတူလာတဲ့ UNIAP က မြန်မာ အရာရှိကို လူကုန်ကူးမှု(ပွဲစားမှု)နဲ့ မီပွိုင့်မှာ ပုလိပ်က လက်ထိပ်ခတ်ပြီး ဖမ်းလိုက်သေးတယ်။ လုပ်ဖေါ်ကိုင်ဘက် ထိုင်းတွေ ညတွင်းချင်းဖြေ ရှင်းလို့  မနက် ၂နာရီခွဲလောက်မှာမှ လွတ်လာတာလို့ ကျနော့်ကို ဖုန်းဆက်ပြောလို့ ရည်ကြရသေးတယ်။
ကျနော်ပါသွားရင် ဘယ်သူရှင်းမလဲ။ အခက်အခဲ ကြုံရမှာတော့ အသေအချာပါပဲ။
ကိုဇေယျာလင်း က အချုပ်ခန်းထဲကနေ ကျနော့်ကို ဖုန်းဆက်လာခဲ့တယ်။ ထိုင်းပုလိပ် ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ်လို့ ပါတဲ့။ ဘာသာပြန်က တစ်ဆင့် ပုလိပ်ကို နယ်စပ်ကို ပို့ ပေးဖို့ ပြောခဲ့ရ သေးတယ်။
ဒီလိုအရာရှိကြီးတောင် လက်ထိပ်ခပ် ခံရတော့ ကျနော်တို့လို အကာအကွယ်မဲ့တဲ့သူ။ တရားဝင် အဖွဲ့ အစည်း မဟုတ်တဲ့ သူတွေကို ဘယ်နေ့ လက်ထိပ်ခပ် ခံရမလဲ။ ဖမ်းချုပ်ခံရမလဲ။ ဘယ်နေ့ သေနတ်နဲ့ 
ပစ်သတ်ခံရမလဲ မဆိုနိုင်ပါ။
ကိုမင်းခန့်ကို လှေပေါ်သို့ ရောင်းစားခဲ့တဲ့ မဲခေါင်တံတားအနီးက မခိုင် ဆိုတဲ့ပွဲစားမ ပြောတဲ့စကား တစ်ခွန်း ကတော့ ကြိုက်တဲ့အဖွဲ့နဲ့ တိုင်ပါ။ အဖွဲ့အစည်းတွေ လောက်ကို မပြောနဲ့ ထိုင်းအစိုးရ တောင် တစ်သက်လုံး ဖမ်းလို့ မရဘူး……ဆိုတဲ့ စိန်ခေါ်ချက်ကတော့ ကျနော့်နားထဲမှာ ပဲ့တင် ထပ်နေပါတော့တယ်ဗျာ။
သဗ္ဗေ သတ္တာ ကမ္မသကာ
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment