Tuesday, January 31, 2012

ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် ဈေးနှုန်း ထက်ဝက်နီးပါး လျှော့ချရောင်းချ ပေးသွားမည့် WiMax New Service


Broadband WiMax New Service ကိုစတင် ၀န်ဆောင်မှုပေးတော့မှာဖြစ်ပြီး စတင်ဝန်ဆောင်မှုပေးမယ့် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ပုံမှန်တန်ဖိုးရဲ့ ဈေးနှုန်း ထက်ဝက်နီးပါး လျှော့ချရောင်း ချပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်း လျှော့ချပေးရာမှာ ပုံမှန်တန်ဖိုး ကျပ်ခြောက်သိန်း သုံးသောင်း အစား ကနဦးတပ်ဆင်ခ ကျပ် သုံးသိန်းခြောက်သောင်းနဲ့ရောင်းချ မှာဖြစ်ပြီး နောက်ပိုင်း မှာတော့ ပုံမှန်ဈေးနှုန်းအတိုင်း သာ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

အဆိုပါ WiMax New Service ဟာ အရင်လို Outdoor အင်တန်နာနဲ့ တိုင်ထောင်ပြီး သုံးစရာမလိုဘဲ Indoor ယူနစ် တစ်ခုတည်းနဲ့ သုံးလို့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုစတင် ၀န်ဆောင်မှုပေးမယ့်  WiMax New Service ကတော့ ငွေ သွင်းပြီးတာနဲ့ စတင်အသုံး ပြုလို့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အဆိုပါ WiMax New Service ကို ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ၁၀ရုံကို တပ်ဆင်လှူဒါန်းမှု များ ပြုလုပ်သွားမှာဖြစ်တယ်လို့  Redlink Communications မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
Unknown at 11:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ပထမဆုံး ရေခဲပြင်ကမ္ဘာ အပန်းဖြေဥယျာဉ် ဖေဖော်ဝါရီတွင် ဖွင့်မည်


မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ နည်းပညာဖြင့် တည်ဆောက်ထားသည့် Ice Wonder Land ရေခဲပြင် အပန်းဖြေဥယျာဉ်ကမ္ဘာကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေခဲပြင်ဥယျာဉ်ကမ္ဘာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာဖြင့် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပန်းခြံတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး Ice Wonder Land တွင် ဆန်းပြားသည့် ရေခဲပန်းပုရုပ်တုများနှင့် ရေခဲပြင်စကိတ်ကိုပါ စီးနင်းနိုင်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ယင်း Ice Wonder Land အပန်းဖြေဥယျာဉ်ကမ္ဘာအတွင်း၌ အပူချိန် (-10ံC)၁၀ ဒီဂရီ ဆဲဆီးရပ်စ်အထိ အေးခဲအောင် ပြုလုပ်ထားပြီး ရေခဲတန်ချိန် ၂၀၀၀ ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ Ice Wonder Land အပန်းဖြေဥယျာဉ်ကမ္ဘာသို့ လာရောက်အပန်းဖြေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်များ ထားရှိပေးပြီး သက်ဆိုင်ရာဝန်ထမ်းများကို ရှေးဦးသူနာပြုစုနည်းများ စနစ်တကျ သင်ကြားပေးထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 4:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူနေ့ ချင်းပြန်ခရီးစဉ်

ဓါတ်ပုံ(ဖေ့စ်ဘုတ်)

ပုဂံ မှ ပခုက္ကူ အသွား လမ်းဘေးဝဲယာတစ်လျှောက်မှ အရွယ်စုံကြိုဆိုသူများ ဓါတ်ပုံ(ရိုက်တာ)
လမ်းဘေးဝဲယာတစ်လျှောက်မှ အရွယ်စုံကြိုဆိုသူများ
Supporters shake hands with Myanmar pro-democracy leader Aung San Suu Kyi as she arrives in Bagan on her way to Pakoku in Bagan Township January 31, 2012. The United Kingdom will be hosting a visit by Suu Kyi to a Department For International Development (DFID) funded livelihood project in the dry zone near Pakoku. The project is run by a local partner which the DFID supports through multi-donor LIFT funds (Livelihoods and Food Security Trust Fund). REUTERS/Soe Zeya Tun (MYANMAR - Tags: SOCIETY POLITICS) REUTERS

Unknown at 4:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာကျော်ဟိုတယ်လုပ်ငန်း စုကြီးနှစ်ခုကမြန်မာတွင် ရင်းနှီးမြှပ်နှံလိုကြောင်း DAVOS နှီးနှောပွဲတွင်ပြောကြား



ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကမ္ဘာကျော်ဟိုတယ်လုပ်ငန်းစုကြီးနှစ်ခုက မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်းများရင်းနှီးမြှပ်နှံသွားရန် ဆန္ဒရှိကြောင်း နှီးနှောဖလှယ်ပွဲတွင် ထည့်သွင်းပြောကြားလိုက်သည်။
ယင်းဟိုတယ်လုပ်ငန်းစုကြီးနှစ်ခုမှာ Starwood Hotel & Resorts နှင့် Marriott International တို့ဖြစ်ကြပြီး ၄င်းနှစ်စလုံးမှ တူညီသောပြောဆို ချက်အဖြစ် မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများရင်းနှီးမြှပ်နှံလိုနေကြောင်း သိရသည်။ “Marriott အနေနဲ့က အဲဒီနိုင်ငံရဲ့ အခြေအနေမှန်တွေကို ချစ်မြတ်နိုးရပါလိမ့်မယ်။ မြန်မာလူထုတွေဟာ ဆယ်စုနှစ်များစွာတိုင်အောင် စိတ်ကူး၊ စိတ်သန်းကောင်းတွေဟာ လောင်းရိပ်မိနေပါတယ်” ဟု ယင်းလုပ်ငန်းစု၏ CEO ဖြစ်သူ Arue Soreanson က ပြောကြားသည်။
“အခုချိန်က မြန်မာနိုင်ငံကို ကျွန်တော်တို့ကြည့်ဖို့ အချိန်ရောက်ပြီထင်ပါတယ်”ဟု Starwood ၏ ငွေကြေးဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Vasant Prabhu က ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ သတင်းကောင်းတစ်ခုအဖြစ် ဒီမနက်ဘဲ၊ ဒါးဗို့စ် (Davos) ညီလာခံမှာ ကမ္ဘာကျော်ဟိုတယ်ကြီးတွေက မြန်မာ၌ရင်းနှီးမြှပ်နှံ ချင်နေတဲ့ အကြောင်းကို လူအားလုံးသိအောင် ပြောကြားတာကို ဖတ်လိုက်ရတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ
ဦးမောင်မောင်ဆွေက ပြောကြားသည်။ အဆိုပါ လုပ်ငန်းစုကြီးနှစ်စုသည် မြန်မာနိုင်ငံ၏ ခရီးသည်အ၀င်နှုန်းကိုလေ့လာထားပြီး ဖြစ်နေကြောင်း လည်းသိရသည်။အေ၀ိုင်အီး( ပြည်မြန်မာ သတင်းဂျာနယ်)
Unknown at 4:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စီးပွားရေးပိတ်ဆို့မှု ဘာကြောင့် ရုပ်သိမ်းသင့်သလဲ

 
စီးပွားရေး ပိတ်ဆို့မှုဆိုတာကို Routledge ဘောဂဗေဒ အဘိဓာန်ထဲမှာ နိုင်ငံတခုရဲ့ အခြေခံ နိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာ အခြားနိုင်ငံတစ်ခု ကဖြစ်စေ၊ နိုင်ငံအများစုကဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေးယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။
 
 ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒအနေနဲ့ အသုံးပြုခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဘီစီ 5th century လောက်က အေသင်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ Pericles က အေသင်ရဲ့ ရန်သူဖြစ်တဲ့ စပါတာတွေဘက်က ရပ်တည်ခဲ့တဲ့ Megra ဆိုတဲ့ မြို့ပြနိုင်ငံလေးကို ကုန်သွယ်မှုပိတ်ဆို့ဖို့ အေသင် အင်ပါယာတခုလုံးကို အမိန့်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံများအကြားက ဒီလိုပိတ်ဆို့အရေးယူမှုလေးတွေ ကြိုကြား ကြိုကြား ပေါ်ပေါက်ခဲ့ပေမယ့် နှစ်ဆယ်ရာစု ကနဦးပိုင်းကစပြီး၊ ကမ္ဘာ့နိုင်ငံရေးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဥပမာ- ၁၉၁၄- ၁၉၁၈ ကာလက ဗြိတိန်နိုင်ငံရဲ့ ဂျာမဏီနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ၊ Co- Com လို့ခေါ်တဲ့ နေတိုးအုပ်စုနဲ့ ဂျပန်ကနေ ဆိုဗီယက်ပြည်ထောင်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ၁၉၉၀- ၂၀၀၃ ကာလမှာ အီရတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတာတွေ ဖြစ်ပါတယ်။ ၁၉၆၅ ခု၊ စူးအက် အရေးမှာတုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့ကိုပါ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ရှိခဲ့ပါတယ်။
  လူတွေမှာ ကိုယ်ကျိုးစီးပွားအတွက် ဘက်လိုက်မှုဆိုတာ ရှိသလို နိုင်ငံတော်အဆင့်တွေမှာလဲ ကိုယ်ကျိုးစီးပွား ဘက်လိုက်မှုဆိုတာလေးတွေ ရှိတာအတွက်ကြောင့် နိုင်ငံတကာတရားဥပဒေတွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွေရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေ မှာလဲ အားနည်းချက်တွေကတော့ ရှိနေဆဲပါပဲ။ 
 

ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကလဲ အမျိုးမျိုးရှိပါတယ်။ ပစ်မှတ်နိုင်ငံက ပေါ်လစီတွေ ပြုပြင်ပြောင်းလဲဖို့ကနေ ပစ်မှတ်နိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲမှု၊ အစိုးရပြောင်းလဲမှု စတာတွေအထိ ရည်ရွယ်ချက် ပုံစံအမျိုးမျိုး ကွာခြားပါတယ်။ နိုင်ငံရေးပညာရှင် Barbour ကတော့ primary objective, secondary objective နဲ့ tertiary objective ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ 
 

primary objective ကတော့ ပစ်မှတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှု၊ အုပ်ချုပ်ရေးနဲ့ ပေါ်လစီရေးရာ ပြောင်းလဲမှုတွေဖြစ်လာအောင်လုပ်ဆောင်တာပါတဲ့..။ ဥပမာဆိုရရင် အီရန်နိုင်ငံမှာ ညူးကလီးယား လက်နက်တွေထုတ်လုပ်နေတာကို တားဆီးဖို့အတွက်ဆိုပြီး အကြောင်းပြကာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု မျိုးဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုရဲ့ နောက်ကွယ်က အဓိက အကြောင်းကတော့ လက်ရှိအစိုးရကို ဖြုတ်ချဖို့ပဲဖြစ်ပါတယ် ။
 

Secondary objective ကတော့ economic sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility ရဖို့ ဖြစ်ပါတယ်တဲ့။ဆိုလိုတာကတော့ သူတို့ အစိုးရဟာ ကမ္ဘာမှာ သြဇာလွှမ်းမိုးမှုရှိတယ်ကွ ဆိုပြီး သူ့ပြည်သူတွေရှေ့မှာ ဟီးရိုးလုပ်ပြီး အမှတ်ယူဘို့ ဖြစ်ပါတယ် ။
 

Tertiary objective ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေး၊ နိုင်ငံတကာ ဥပဒေတွေရဲ့ အသုံးဝင်မှုကို ဖော်ဆောင်ရေး၊ နိုင်ငံကြီးတချို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဖြန့်ဝေမှု စတာတွေအတွက်လဲ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒ တခုအနေနဲ့ အသုံးပြုတာမျိုးဖြစ်ပါတယ်တဲ့။ 
 

ဒီအချက်တွေကိုလေ့လာကြည့်လိုက်ရင် sanction ပြုလုပ်တဲ့ နိုင်ငံကြီးတွေဟာ ပစ်မှတ်နိုင်ငံ တွေမှာ နေထိုင်တဲ့ ပြည်သူလူထုအရေး ဒီမိုကရေစီဖေါ်ဆောင်ရေး ဆိုတာတွေဟာ လေသံကောင်း ဟစ်နေတာသာ ဖြစ်ပြီး သူတို့အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ် ။ ဒီလိုပိတ်ဆို့မှုတွေ လုပ်နေတော့ရော အောင်မြင်သလား ဆိုတော့ သက်ဆိုင်ရာအပိတ်ဆို့ခံရတဲ့ နိုင်ငံတွေမှာရှိတဲ့ ပြည်သူ လူထုတွေ အထွေထွေ နိမ့်ကျမှုတွေ ဖြစ်သွားတာကလွဲရင် အောင်မြင်မှုမရှိပါဘူး လို့ သုတေသန စစ်တမ်း များအရသိရပါတယ်။
 

စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှုအချို့ ရှိခဲ့သလို၊ ရည်မှန်းချက်ပန်းတိုင် မပြည့်မှီပဲ ရုပ်သိမ်းလိုက်ရတာတွေလည်း ရှိပါတယ်။  Robert Pape ဆိုတဲ့ ပညာရှင်တယောက်က ကမ္ဘာတစ်ဝှမ်းက စီးပွားရေး ပိတ်ဆို့မှု ဖြစ်ရပ် (၁၁၅) ခုကို လေ့လာပြီး၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုဟာ ထိရောက်သလား၊ မထိရောက်ဘူးလားဆိုတာကို လေ့လာခဲ့ဖူးပါတယ်။ ထိရောက်မှု ဆိုတဲ့ အပိုင်းကို သူက criteria သုံးခု ချမှတ်ပြီး တိုင်းတာပါတယ်။ ပထမတချက်က ပိတ်ဆို့အရေးယူမှုရဲ့ တောင်းဆိုချက်၊ ရည်မှန်းချက်တွေ ပြည့်မှီတာဖြစ်ပြီး၊ ဒုတိယတစ်ချက်က ပိတ်ဆို့ခံရတဲ့နိုင်ငံ ရဲ့ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ဘို့အတွက် အခြေအနေမပေးခင်မှာ  အရေးယူမှုတွေ စတင်ပြုလုပ်ခဲ့သလား ဆိုတာ ဖြစ်ပါတယ်။ တခါတရံမှာ ပစ်မှတ်နိုင်ငံက သူ့ဘာသာသူ ပြောင်းလဲမှုအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုရဲ့ အရေးယူမှုကြောင့်လို့ ရောထွေးပြောတတ်ကြလို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပစ်မှတ်ရဲ့ ပြောင်းလဲလာမှုတွေဟာ တခြားအကြောင်းအရာတွေကြောင့် မဟုတ်ပဲ၊ ပိတ်ဆို့အရေးယူမှုတစ်ခုတည်းကြောင့် ဟုတ်ရဲ့လား ဆိုတဲ့ အချက်ပါ။ ဒီအချက် သုံးချက်နဲ့ ဖြစ်ရပ် (၁၁၅) ခုကို လေ့လာခဲ့ရာမှာ (၅) ခုပဲ ထိရောက်ခဲ့တာကို တွေ့ရှိရပါတယ်။
 

နိဂုံးအနေနဲ့ တင်ပြလိုတာကတော့ စီးပွားရေးပိတ်ဆို့တာဟာ ပိတ်ဆို့ခံရတဲ့ နိုင်ငံအဖို့ ဘယ်လိုမှကောင်း ကွက်မရှိဘူး ဆိုတာပါပဲ ဒီအတွက် ဘာမှစစ်တမ်းကောက်နေစရာမလိုသလို စဉ်းစားနေဘို့လည်း မလိုတဲ့ အရာမျိုး သာ ဖြစ်ပါတယ် ပိတ်ဆို့တဲ့နိုင်ငံတွေက သူတို့ အကျိုးစီးပွားရှေးရှုပြီး မရုပ်သိမ်းသင့်သေးပါဘူး လို့ပြောနေတာ သဘာဝကျပေမယ့် ပြည်တွင်းက ဟာတွေက ဘယ်သူ့အကျိုးရှေးရှုပြီး မရုပ်သိမ်းသင့်သေးပါဘူးလို့ အော်နေသလဲဆိုတာ စဉ်းစားနိုင်ဘို့ တင်ပြအပ်ပါတယ် ။
Unknown at 3:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရင်ဖော်ဂိုဏ်း၊ ချက်ပေါ်ဂိုဏ်း၊ ကျောပြောင်ဂိုဏ်း၊ မြီးညှောင်ရိုးဂိုဏ်း၊ စကတ်တိုဂိုဏ်း၊ ဘောင်းဘီတိုဂိုဏ်း များမြန်ပြည်တွင်လှုပ်ရှား

အရှောင်အတိမ်း ဂျက်စီဂျိမ်းစ်၊ ကျွန်တော်တို့ ငယ်စဉ်က လွတ်လပ်ရေးကြီးရပြီးစမှာ မြန်မာ ဇာတ်ကားတွေ ဆိုလည်း ထိုးခန်း၊ ကျိတ်ခန်း၊ စတန့်ခန်းတွေ ခေတ်စားသည်။ အင်္ဂလိပ်ကားတွေဆိုလည်း စစ်ကား ရယ်၊ နွားကျောင်းသား Cow Boy ကားတွေရယ်သာများသည်။
ရုပ်ရှင်တို့ ထုံးစံအတိုင်း တိုက်ကြ၊ ခိုက်ကြ၊ ထိုးကြ၊ ကျိတ်ကြရင်လည်း ဇာတ်လိုက် ကနိုင်သည်။ ပစ်ကြ၊ ခတ်ကြသော ကားဆိုလျှင်လည်း လူဆိုးပစ်သော ကျည်ကို ဇာတ်လိုက်က ရှောင်နိုင်သည်၊ ဇာတ်လိုက်က ပစ်လိုက်မှဖြင့် လူဆိုးခမျာသေရှာရော။ နာမည်ကြီး ဇာတ်လိုက်ထဲမှာ ဂျက်စီဂျိမ်းစ် တစ်ယောက်ပါပါသည်။
ထိုထိုသော ဇာတ်လိုက်ကျော်တို့ထံမှ မြန်မာတို့ လူမှုနယ်ပယ်ကို ဆွဲယူလာသော စကားက ''အရှောင်အတိမ်း ဂျက်စီဂျိမ်းစ်'' ဟူ၍ ရေပန်းစားလာသည်။ လူ့လောက၊ လူ့နယ် ပယ်အသီးသီးမှာ လည်သလိုရှောင်သူတို့ လွတ်သောသရုပ်ကို တင်စားခဲ့ကြသော ကာရံနဘေလေးနှင့် မွေးစား စကားလေး ဖြစ်လာသည်။
စစ်ကြိုခေတ်က ဝံသာနုတို့ လှုပ်ရှားသောအချိန်မှာ အင်္ကျီပါးဝတ်သူ အမျိုးသမီး များကို ရဟန်းပြည်သူလူထုအတော်များများက ရှုတ်ချခဲ့ကြသည်၊ ကဲ့ရဲ့ခဲ့ကြသည်၊ ဆန့်ကျင်ခဲ့ကြသည်။
စစ်ကြီးလည်း ပြီးရော ပထမဦးစွာ သတိပြုမိသည်က လေထီးစပိုး အင်္ကျီများခေတ် စားလာသည်။ စစ်အတွင်းက လေထီးများကိုစု၍ဝယ်သည်။ လှောင်ထားသည်။ စစ်ကြီး ပြီးသောအခါ လေထီးပိုးစများကို ဖြတ်၍ ရောင်းကြသည်၊ အမျိုးသမီးတွေဝယ်ကြ၊ ချုပ်ဝတ်ကြသည်။
သည့်နောက် လွတ်လပ်ရေးနှင့်အတူ ပေါ်လာသော O-G-L (ခေါ်)သွင်းကုန်လိုင်စင် ခေတ်ဖြစ်လာသည်။ စက်ရုံတွေ ထောင်ကြသောအခါမှာ နိုင်လွန်စက်ရုံတည်သည်။ နိုင်လွန် စ ပါးပါးတွေကို ကိုယ်လုံးလှသူတို့ တိုတိုကျပ်ကျပ် ချုပ်ဝတ်ကြသည်။ နိုင်လွန်ခေတ်မှာပင် 'မှန်နိုင်လွန်'ပေါ်လာသည်။ ဝတ်ထားသူ၏ အတွင်းခံဇာဘော်လီမှ အတွန့်လေးများပင် မြင်ရသည်။ တိုတိုကျပ်ကျပ် ဝတ်သူတို့၊ အသားဖြူသူဆိုလျှင် အင်္ကျီဝတ်ထား မှန်းမသိရ။ အတွင်းခံဘော်လီချည်း ဝတ်လာသလားထင်ရအောင် ပါးလွှာလွန်းလှသော မှန်နိုင်လွန်တွေ အရောင်းသွက်ခဲ့သည်။
ထိုအချိန်မှာ အထိုးအကျိတ် အသတ်အပုတ် ဇာတ်ကားများအတွက် ရေပန်းစားလာသည်က ရေကူးဝတ်စုံနှင့် ရိုက်ကူးသော ကားများဖြစ်သည်။ မင်းသမီး Estha Willians သော Bathing Beauty ဇာတ်ကားဆိုလျှင် ကျိတ်ကျိတ်တိုး စည်ကားခဲ့သည်။
လွတ်လပ်သော နိုင်ငံပီပီ ကြံ့ခိုင် သန်စွမ်းသော လူမျိုးဖြစ်ဖို့ အားပေးမှုများ ရှိလာသည်ဟုဆိုရမည်။ မောင်ဗမာ၊ မယ်ဗမာပြိုင်ပွဲတွေ ကျင်းပသည်။ မောင် ဒဂုံ မယ်ဒဂုံ။ ရွှေမန်းမောင်၊ ရွှေမန်းမယ် အစ မြို့တိုင်းမှာ ကျင်းပကြသည်။
ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သန် စွမ်းမှုအလှပြရသော ပြိုင်ပွဲဖြစ်၍ အရှိကို အရှိအတိုင်း ပြရသည်။ မောင်တွေက Suspendar ခေါ် ဘောင်းဘီပေါင်ပြတ် လေးနှင့်ကြွက်သားကြီးတွေ အဖုအထစ် ကြွကြွလှလှကို ပြရသည်။
မယ်တွေကလည်း Swimming Costume ခေါ် ရေကူးဝတ်စုံ အပါးလေးများဝတ်၍ ကိုယ်ကာယ တကယ့်အလှကို ပြကြသည်။ လမ်းလျှောက်ပြသည်။ ရှေ့မှဘေးမှ နောက်မှ မြင်ကွင်းကိုယ်ဟန် အလှပြကြရသည်။ ဒိုင်လူကြီးများက လမ်းလျှောက် စင်မြင့်ရှေ့မှထိုင်၍ ပရိသတ်နှင့်အတူ ကြည့်ခါ အမှတ်ပေးရသည်။
ထိုထိုသော ကိုယ်ကာယအလှ ပြိုင်ပွဲများကို တစ်ခေတ်တစ်ခါမှာ ပုံစံပြောင်းလိုက်သည်။ ပြိုင်ပွဲဝင်မယ်လေးများကို လူဗိုလ်ပုံအလယ်မှာ ရေကူးဝတ်စုံနှင့် ကိုယ်ဟန် အလှပြခွင့် မပြုတော့ဘဲ အခန်းထဲမှာသာ အမျိုးသမီးဒိုင်များချည်း သီးသန့်ကြည့်ရသည်။ ကိုယ်ကာယ အတိုင်းအထွာတွေ ယူရသည်။ ရင်၊ ခါး၊ တင်ပါး၊ ပေါင်တန်၊ ခြေ သလုံး၊ အသေးစိပ်မှတ်ရသည်။ လူရှေ့ သူရှေ့မှာတော့ အင်္ကျီလက်ပြတ် ကိုယ်ကြပ်နှင့် ထမီ ပျော့ပျော့ပါးပါးနှင့် ကိုယ်လုံးကိုမြင်သာအောင် ဝတ်ဆင်လျက် ကိုယ်ဟန်ပြရသည်။ လမ်းလျှောက်ပြရသည်။
နှစ်တွေပင် ကြာခဲ့ပြီ။ ယနေ့ထက်တိုင်ဖြစ်သည်။
 
ယဉ်ကျေးမှုထိန်းသိမ်းရေးအဖြစ် စည်းကမ်းတွေပြင်ခဲ့သည်။ မောင်နှင့်နှမ၊ သားနှင့်အမိ အတူမကြည့်သင့်ဟု ဟီရိသြတပ္ပ ထိန်းရေးကြပ်မတ်ခဲ့သည်။
သို့သော် ရေပူသည် အမြဲစီးနေမြဲဖြစ်သည်။ စီးလာသောရေကို တားထားလျှင် နိမ့်ရာပါးရာကို ရှာ၍ တိုးထွက်တတ်သည်ကို လူတိုင်းသိသည်။
 လွန်ခဲ့သော ငါးဆယ့်တစ်နှစ်က မြဝတီမဂ္ဂဇင်းတွင် အလှမယ် နော်လွီဇာဘင်ဆင် ကိုယ်လုံးပြဟန်ကိုလည်း ဖော်ပြထားသည်။ ရေကူးဝတ်စုံကို ဝတ်ထားသည်။ ခြေစုံရပ်၍ ရိုးရိုးမတ်တပ် ရပ်နေသည်။ လက်တစ်ဘက်ကိုမြှောက်ကာ ကျန်လက် တစ်ဘက်က ခါးထောက်ထားသည်။ ကိုယ်နေဟန်ထား အလှတွေပေါ်လာသည်။
ယနေ့ခေတ်ကာလမှာ ဟိုတစ်ချိန်ကလို ရေကူးဝတ်စုံနှင့် ကာယအလှမယ်တွေ ကိုယ်ဟန်ပြပုံတွေ ခွင့်မပြုတော့သော်လည်း ပြင်ပမှ ယဉ်ကျေးမှုတွေ မုန်တိုင်းဆင် ဝင်ရောက်လာသည်။ အချို့ဂျာနယ်များ၊ ကွာလတီမဂ္ဂင်းများတွင် ကြွေစက္ကူတွေနှင့် ပုံမျိုးစုံ ပါလာသည်။ မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အရွယ်စုံ၊ ဆိုက်ဆုံပါလာသည်။
တောရွာဓလေ့ ထမီရင်လျား ထားသလိုမျိုး ရင်ဘတ်လုံရုံ အင်္ကျီလေးနှင့် ပေါင်ရင်းဖော် ကိုယ်ကြပ်ဂါဝန်လေးနှင့်၊ ပေါင်ရင်းမှခြေဖျားအထိ အသားကပ်ခြေစွပ်ရှည် (Body Glove) နှင့် ကိုယ်ဟန်မျိုးစုံ ဖော်ပြထားကြသည်။ ခြေစွပ်အနက်ဝတ်ထားကြသူများရှိသလို အသားရောင်ခြေစွပ်ရှည်များဝတ်ထားလျှင်တစ်ကယ့်အသားကဲ့သို့မြင်ရသည်။
ခါးကိုကော့ထားသည်၊ ရင်ကိုမော့ထားသည်၊ ခြေကိုခွဲ၍ရပ်သူ၊ ခြေတစ်ဖက်မြှောက် ၍ရပ်သူပုံစံစုံသည်။ အချို့အလှမယ်လေးများ ရင်သားကို ဖုံး၍၊ တင်ပါးကိုဖုံး၍၊ ဗိုက်သားကို လှပ်ထားသည်။ ချပ်ချပ်ရပ်ရပ်ဗိုက်ကိုအလှပြရင်း 'ချက်' တွင် သံကွင်းလေးတပ်ထားသူ လည်းရှိသည်။
ပေါ်ပြူလာဂျာနယ် ဆယ့်သုံးနှစ်ပြည့် အထူးထုတ်မှာလည်း ဆရာဦးဝင်းငြိမ်းက စာနယ်ဇင်းတို့ ရှင်သန်ရေးအတွက် အလှမယ်လေးတို့ ကော့ကော်ကန်ကား ပုံများနှင့် ကျား မကန်သင့်ကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်။ (၃ဝ၊၆၊၂ဝ၁ဝ)နေ့ထုတ် နံနက်ခင်း ဂျာနယ်တွင်တော့ လုပ်ငန်းသဘောအရ မြင်နေ တွေ့နေရသော ဆရာတင်သန်းဦးက သူရဲ့ရေးဟန် သွက်သွက်လေးနှင့် သရော်စာရေးထားသည်။ ရင်လျားဂိုဏ်းကား တစ်ဂိုဏ်းတည်း မဟုတ်တော့ပေ။ ရင်ဖော်ဂိုဏ်း၊ ချက်ပေါ်ဂိုဏ်း၊ ကျောပြောင်ဂိုဏ်း၊ မြီးညှောင်ရိုးဂိုဏ်း၊ စကတ်တိုဂိုဏ်း၊ ဘောင်းဘီတိုဂိုဏ်း၊ အားလုံး ပေါင်းမိနေကြလေပြီ။
စကတ်တိုကို ကြိုးပျောက်ဝတ်ကြ၏။ ရင်အထက်တွင် ဘာမှမရှိ၊ ရင်ကိုတစ်ဝက် မက ဖော်လာကြ၏၊ ချက်ကို အလယ်ဗဟိုတွင် ထားပြီး ဗိုက်သားကို ဖော်လာကြ၏။ ခါးတို ဝတ်စုံခေါ်၏၊ ချက်ကို ထင်ရှားစိမ့်သောငှာ သံကွင်းတစ်ကွင်း ဖောက်၍ စွပ်ထားသေး၏။ ဟူ၍ဖော်ပြပြီး ----
''ကလေးတွေက သူတို့ကို ကြည့်ပြီးအတုခိုးနေတာ၊ ဒါကိုလွှတ်ထားလို့ မဖြစ်တော့ဘူး''ဟု သတိပေးထားပြန်သည်။
ရေကူးဝတ်စုံနှင့် မယ်ရွေးပွဲကို ပိတ်ပင်ထားဆဲဖြစ်သည်။ သို့သော် ယခု ရန်ကုန် မြို့လယ်၊ မြို့နယ်အားလုံး၊ လမ်းမဝဲယာမှာ အရပ်သူကလေးများ ထိုပုံစံနှင့် လမ်းလျှောက်နေကြပြီ။ စတိတ်ရှိုးမှ Cat Walk လျှောက်လမ်းပေါ်မှာပင် မဟုတ်တော့ပြီ။ သည်လိုခေတ်ရေစီးကို ဘယ်လို တားဆီး ကြမည်နည်း၊ ကျွန်တော့်အိမ်မှ မြေးမလေးများကို မသက်ဆွေက တဟင်းဟင်းနဲ့ ထိန်းထားရသည်။ ဒါတောင်မှ ဈေးသွားရင်း ဝယ်လာသော စပါကက်တီခေါ် ကြိုးသေးတပ် ပုခုံးဖော်အင်္ကျီကို ဝတ်သည်၊ အဖွားကို ကြောက်ရ၍ လုံခြုံသော ဖလံနယ္အက်ႌ၊ စတုိင္အက်ႌ လက္ရွည္ပြပြကုိ လုံလုံၿခံဳၿခံဳ ထပ်ဝတ် ထားသည်။
စာရွက်ပေါ်မှ ကြော်ငြာမှမြင်သမျှ အတုခိုးဝတ်ချင်သော စိတ်ကို ရသေ့စိတ်ဖြေ စတိလေးဝတ်သည်။ ထမီရှည်ရှည်အပေါ်ဝတ် အင်္ကျီပွပွနှင့် ထပ်၍ လုံခြုံစေကြသည်။
မည်သူမှပြစရာမဟုတ်သော်လည်း စတိလေးဝတ်လိုက်ရမှဟူသော လူငယ်စိတ်ကို ကျွန်တော်စဉ်းစားနေမိသည်။
ရိုးရာယဉ်ကျေးမှုအတွက် တာဝန်ရှိသူတို့၊ လူကြီးသူမတို့ကြားမှ အလှမယ်များသည် လည်းကောင်း၊ တင်းကြပ်စွာ ထိန်းချုပ်ထားသော အဖွားရဲ့နှိပ်ကွပ်မှုကြားမှ မြေးမလေးများ သည်လည်းကောင်း၊ နောင်လာနောက်သမီးလေးများသည်လည်းကောင်း၊ အာပတ် လွတ်အောင် မည်သို့ကြံဆောင်ကြလေမည်လဲဆိုသည်ကိုတော့ တွေးကြည့်၍ မရမိသေးတာအမှန်။
မောင်ဆွေသက်
Unknown at 2:52 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ်မြန်မာနိုင်ငံကိုရွေးချယ်

2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ်မြန်မာနိုင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA မှ ဇူလိုင်လ 11 , 2011 ရက်နေ့ က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီး နိုင်ငံတွင်ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ် တွင် အာရှတိုက်မှလက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန် ၊ အီ၇တ်၊အရှေ့တီမော ၊ မြန်မာ ၊မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား စသည်နိုင်ငံများထဲမှ အသင်တော်ဆုံး မြန်မာနိုင်ငံက မဲအများဆုံးနှင့်ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဆင့် အတန်းမြင့် မားမှု ၊ ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုးကင်းရှင်းမှု ၊ ပြိုင်ပွဲဝင် အသင်းများ နှင့် ပရိတ်သတ်များအတွက်လုံခြုံရေးစိတ်ချရမှု၊ သယ်ယူပို့ ဆောင်ရေးနှင့်  ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့်စုံမှုတို့ ကြောင့်  ရွှေးချယ်ရခြင်းဖြစ်ကြောင်း FIFA ပြန်ကြားေ၇းအရာရှိ Mr.Doberman က ထုတ်ဖော်ပြောဆိုခဲ့ 
သည် ။

ဇူလိုင်လ 12 ၇က်နေ့ ၊ ရန်ကုန်မြို့ ၊ Goal Hotel တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မှ President၊ဦး ဂေါ်ဂေါ် First Secretary ဦးဘန်နီဖင်ပြောင် ၊ Media Officerဦးဆိုးမိုး (ABC) ( IBC မဟုတ်ပါ ABC beer ) တို့ ကပြိုင်ပွဲအစီအစဉ်များနှင့် ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည် ။


President ဦး ဂေါ်ဂေါ်က“မြန်မာနိုင်ငံရဲ့ လက်ရှိ ဘောလုံးအဆင့် အတန်းမှာအလွန်မြင့်မားနေပြီဖြစ်ကြောင်း ၊ ဘရုနိင်း ၊ ဖိလစ်ပိုင် ၊ အရှေ့တီမော ၊ဖီဂျီ၊ မော်ဒိုက် ၊ နီပေါ ဘူတန် ၊ ဆိုမာလီယာ ၊ ဂ်ီနီ ၊ ဆူဒန် စသည့် နိုင်ငံအသင်းများထက် သာလွန်နေပြီဖြစ်ကြောင်း ၊ ထိုသို့ မြင့်မားစေရန် ပေါ်တူဂီ လူမျီုးမောင်ရင်တိုအား နည်းပြချုပ်အဖြစ် ခန့် အပ်ပြီး ၊Assistant Coach များ အဖြစ်ဦးဖင်မြင့်တောင် နှင့် ဦးမျိုးလှိုင်ဂွင်း တို့ အား တာဝန်ပေးအပ်ထားကြောင်း ၊ ထို့ ပြင် MyanmarNational League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို့ ကစားသမား ဂနွန်ဆီယန်နှင့် ကမ်ဘူး ၊ Yangon United FC မှ ဂါနာ ကစားသမားဟန်ဆန် ၊ ဘမ်ဘာ နှင့်ဘတ်ဖိုးဂျီယန် ၊ Delta United FC မှ နိုင်ဂျီးရီးယားလူမျိုး စတန်လေ တို့ကို အမည်မဖေါ်လို သူ မြန်မာမင်းသမီး ၊ အဆိုတော်များဖြစ်ကြသော နံတာလှိုင် ၊စုတ်ပြတ်နံတာ ၊ စန်နီမျောက်လွင် ၊တင်ဆာဝင့်ကျော်, ဖြဲဖြဲကျော်သိန်း ၊ဂွင်းနီ တို့နှင့် လက်ထပ်စေ ပြီးနိုင်ငံသား ခံယူစေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”


ထို့ အပြင် “ ဥရောပတိုက်ရှိ ကလပ်အသင်းကြီးများဖြစ်သော Manchester United , Liverpool FC , West ham United,Post mouth FC , ACMilan,FC Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo LaCaruna, FC Barcelona , FC Real Betis Olympics , FC Altaico de Bilbao , FC deOlympic Lyonnis , FC de Bordourex စသည့်ကလပ်အသင်းကြီးများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ပြသာနာများ ရှတ်ထွေးနေချိန် YadanabonFC , Yangon United FC , Delta United FC , , ,Nay Pyi Taw FC , SouthernMyanmarFC ,Zay Yar Shwe Myay FC , Kan Baw Za FC, Magway FC, Zwel Ka Pin UnitedFC စသည့် ပြည်တွင်း ကလပ်အသင်းများကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှု ကို များစွာ ဂုဏ်ယူမိကြောင်း”ရှင်းလင်းပြောဆို သွားခဲ့ သည်။


ထို့ နောက် First Secretary ဦးဘန်နီဖင်ပြောင်က “၊ပြိုင်ပွဲဝင်အသင်းများနှင့်ပရိတ်သတ်များ အတွက်လုံခြုံရေးစိတ်ချရ စေရန် 100%=အာမခံပါကြောင်း ၊ထို့ကြောင့်နိုင်ငံတကာမှ ဘောလုံးလူရမ်းကားများကို အေးအေးသက်သာ ထိန်းသိမ်းနိုင်ကြောင်း ပြောဆိုခဲ့သည် ။



ထို့ အပြင် “ကွင်းအတွင်းပိ၇ိတ်သတ် ရမ်းကားမှုများလည်းမရှိကြောင်း ၊ MNL ပြိုင်ပွဲများတွင် ကွင်းလုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များပါ အရက်သောက်၊ ကွမ်းစား ၊ ဘောလုံးပွဲလောင်း ပြီးဘောလုံးပွဲများကိုအေးအေးဆေးဆေး ကြည့်ရှနိုင်ကြောင်း ၊ ရုပ်သံကြည့် ပရိတ်သတ်များအငြင်းအခုံ များမဖြစ်ပွားစေရန် အတွက်လည်း တိုက်ရိုက်ထုတ်လွှင့်နေချိန်ကွင်းအတွင်းကစားသမားများ ခိုက်ရန်ဖြစ်ပွားခြင်း ၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများဖြစ်ပွားပါကမပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့် စနစ်များလည်း ထားရှိကြောင်း”ပြောဆိုသွားသည်။


ထို့အပြင် ဆက်လက်ပြီး “ပွဲစဉ်များကို ရန်ကုန်ျြမို့ အောင်ဆန်ကွင်း ၊ Y T C ကွင်း နှင့်  မန္တလေးမြို့ ဗထူးကွင်း များတွင်ကျင်းပမည်ဖြစ်ကြောင်း ၊ သယ်ယူပို့  ဆောင်ရေးအတွက် ပြိုင်ပွဲကျင်းပချိန်တွင် ယာဉ်ကြောပိတ်ဆို့ မှု ကင်းဝေးစေရန် Bus Cars များ ထားရှိမည်မဟုတ်ပဲ ခြေလျှင်သာသွားကြရမည်ဖြစ်ကြောင်း ၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် Celebrities များအတွက်မှူ ဆိုက်ကား နှင့် ဂါလီ များအလုံအလောက်ထားရှိပေးသွားမည်”ဟု အကျယ်တဝင့် ပြောဆိုသွားသည်။


ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ပြိုင်ပွဲ Logo အဖြစ် “ဆင်ဖြူတော်လေးကောင်ဘောလုံးကန်သည့်ပုံ”””” အား ရွေးချယ်အတည်ပြုပြီးဖြစ်ကြောင်းလာပ်ကောင်အရုပ်အဖြစ် ခြသေ့စောင့်ကြောင့်ထိုင်နေသည့် အရုပ် ကိုသတ်မှတ်ထားကြောင်း ၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas Co. ထုတ်Jabulani,Teamgrist , Roteiro စသည့် ဘောလုံးများ ၊ Nike Co. ထုတ် Arrow 90 + ,Arrow Final 50+ , Arrow Orange 90+ စသည့်ဘောလုံးများ အသုံးပြုမည်မဟုတ်ပဲမှော်ဘီစက်ရုံထွက် ဘောလုံးများကိုအသုံးပြုမည်ဖြစ်ကြောင်း ၊ပြိုင်ပွဲအဖွင့်သီချင်းအဖြစ် နာမည်ကျော်တေးရေး ဆရာ X ခိုင် ရေးသားသီကုံး ကော်ပီကူးချ ထားသော “ ဟေးလား ဝါးလား မြန်မာကွ ” (waka waka africa မဟုတ်ပါ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့် Pop အဆိုတော် ဂွင်းနီ က SexyDance ,Nature of Wild Sexual Life nEnvironmental Friendly Performance တို့
့ဖြင့် သီဆိုဖျော်ဖြေ ကပြ သွားမည်ဖြစ်ကြောင်း

““လက်မှတ်မရရှိသော နိုင်ငံတကာပရိတ်သတ်များအတွက် ပွဲစဉ်များ အားလုံးကို ကြည့်ရှနိင်ရန် Fan Fests များအဖြစ်ရန်ကုန် နှင့် မန္တလေး မြိုများရှိ K T V lounge များ ၊ Massage Centers များ ၊ Beer Stations များနှင့် လက်ဖက်ရည်ဆိုင်များ တွင် ဈေနှုန်းချိုသာစွာဖြင့်ပြသပေးသွားမည်ဖြစ်ကြောင်း””””


ထို့ အပြင် “ ပရိတ်သတ် များတီးမှုတ်အားပေးနိုင်ရန် မြန်မာ့ ရိုးရာ ဝါးပုလွေ များ၊ဝါးလက်ခုပ်များ၊ လင်းကွင်းများ နှင့် နှဲများ၊ မိမိနိုင်ငံအသင်းများကို ထိရောက်စွာအားပေးနိုင်ရန် မြန်မာ့ ရိုးရာ လောက်လေးဂွ ၊ လောက်စာလုံးများကိုဈေးနှုန်းချိုသာစွာဖြင့် အများအပြား ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ”ရှင်းလင်းတင်ပြသွားသည်။
Unknown at 2:37 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့စီးပွားဖွံ့ဖြိုးလာသလို ငွေကြေးလည်း ဖောင်းပွလာနိုင် ၊ အိုင်အမ်အက်ဖ် ထုတ်ပြန်



မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မဲ့ အလားအလာတွေရှိနေကြောင်း မကြာသေးခင်က မြန်မာနိုင်ငံ ကိုလာရောက်ခဲ့တဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေကိုယ်စားလှယ်အဖွဲ့ရဲ့ ကြေငြာချက်မှာဖော်ပြထားတာတွေ့ရပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ အကြံဥာဏ်ပေးခဲ့တာကတော့ ငွေကြေးလဲလှယ်နှုန်း နှုန်းထားတစ်မျိုးတည်း
ပေါင်းစည်းရေး၊ ဘဏ်လုပ်ငန်းစဉ်တွေ တိုးတက်အောင် ပြုလုပ်ရေးတို့ဘဲဖြစ်ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးကာလမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လာမယ့်၂၀၁၂ ခုနှစ်မတ်လအထိ ၅ ဒဿမ ၅ ရာခိုင်နှုန်းလောက် သာ ရှိနေရာကနေ ၂၀၁၂-၁၃ ခုနှစ်ဘဏ္ဍာရေးကာလမှာတော့ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်လာမယ်လို့ နိုင်ငံတကာ ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်
နိုင်ငံရဲ့စီးပွားရေး ခေတ်နဲ့အညီဖြစ်လာအောင် ဘဏ္ဍာရေးကဏ္ဍတိုးတက်အောင် ပြုပြင်ပြောင်းလဲတာတွေ၊ ရင်းနှီးမြှပ်နှံမှုအားကောင်းအောင်ပြုပြင်မှုတွေ လုပ်တာတွေက၊ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းမှန်ပေါ်ရောက်နေတာပါ။ နိုင်ငံတကာအတွေ့အကြုံတွေ၊ အကြံကောင်းတွေ၊ ပညာရှင်တွေနဲ့ဆွေးနွေး မှုတွေကနေ အကျိုးကျေးဇူးတွေ ရရှိနေတာဖြစ်တယ်လို့ ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာငွေကြေးရန်ပုံငွေရုံးချုပ်ရဲ့ ပြန်ကြားရေးအရာရှိတစ်ဦးဖြစ်တဲ့ Keiko Ustsunomiya က မီဒီယာတွေကို ပြောခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်မှာ နိုင်ငံတကာငွေကြေး ရန်ပုံငွေကိုယ်စားလှယ်ဖွဲ့ တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တွေကို
သုံးသပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာအစိုးရဘက်က ငွေကြေးလဲလှယ်နှုန်းထားပေါင်းစည်းရေးကို ကြိုးပမ်းခဲ့သလို ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေကိုင်ဆောင်ခွင့်၊ ငွေလွဲပြောင်းခွင့်၊ နိုင်ငံခြားငွေလဲကောင်တာတွေကို ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ပထမအခေါက်လာတုန်းက မြန်မာနိုင်ငံက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဘယ်လိုသတ်မှတ်ချက်တွေကို မလိုက်နာ ဘူးလဲဆိုတာကို လာရောက်သုံးသပ်ခဲ့တာပါ။ အခုတစ်ခေါက်ကတော့ ငွေလဲလှယ်နှုန်းတစ်ပြေးညီဖြစ်ဖို့ အဓိကထားဆွေးနွေးခဲ့ပါတယ်၊ လက်ရှိအခြေအနေ အတိုင်းတာဆိုရင် ငွေကြေးလဲလှယ်နှုန်း သတ်မှတ်ဖို့အချိန်က ၃ လလောက်ဘဲလိုတော့တယ်လို့ ယူဆရတယ်၊ လာမည့်ဧပြီမတိုင်ခင် ဘတ်ဂျက်မစခင်မှာ သတ်မှတ်ဖို့များပါတယ်လို့ ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
 ငွေကြေးလဲလှယ်နှုန်းတစ်ပေါင်းတစ်စည်းတည်း၊ ဖြစ်ရေးအတွက် ပို့ကုန်လုပ်ငန်းကို ဦးတည်တဲ့မူဝါဒကို ဖြေလျော့ဖို့ လိုအပ်ကြောင်း နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က အကြံပေးခဲ့တယ်လို့ သိရပါတယ်။
 မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု တိုးတက်လာသလို စီးပွားရေးအရ ယုံကြည်မှုတိုးတက်လာတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုရာခိုင်နှုန်းတိုးတက် လာမှာ ဖြစ်တယ်လို့ဆိုပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၄ ဒဿမ ၂ ရာခိုင်နှုန်း ကနေ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာတော့ ၅ ဒဿမ ၈ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့
ခန့်မှန်းချက်ထဲမှာပါဝင်ပါတယ်။
စီးပွားရေးအပြောင်းအလဲလုပ်ရင် ငွေကြေးဖောင်းပွမှုနှုန်းက တက်စမြဲပါဘဲ။ ငွေကြေးဖောင်းပွမှုနှုန်းဘယ်လောက်ထိတက်ရင် ဘယ်လောက် အထိဆိုးကျိုးခံစားရနိုင်တယ်၊ ကုန်ဈေးနှုန်းတွေ ဘယ်လိုမြင့်တက်နိုင်တယ် ဆိုတာကို ကြိုတင်အသေးစိတ်တွက်ချက်ပြင်ဆင်ထားဖို့လိုပါတယ်၊
အိမ်နီးချင်းဗီယက်နမ်နိုင်ငံမှာလည်း စီးပွားရေးပြောင်းလဲမှုကြောင့် ငွေကြေးဖောင်းပွမှုတွေ ခုန်တက်ဘူးပါတယ်၊ အဲဒါတွေကို သင်ခန်းစာယူပြီး
ထိန်းသွားဖို့လို ပါလိမ့်မယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းနဲ့ပတ်သက်ပြီးကျွှမ်ကျင်ပညာရှင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ငွေကြေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ သီခြားရပ်တည်စေဖို့ လိုအပ်ကြောင်း ၊ပြည်တွင်းအစိုးရဘဏ်တွေသာမက  ပုဂ္ဂလိကဘဏ်တွေကိုပါ ပြုပြင်ပြောင်းလဲပြီး ၀န်ဆောင်မှုတွေ တိုးချဲ့ဖို့လိုအပ်ကြောင်းအကြံဥာဏ်ပေးခဲ့ပါတယ်။
နန်းလွင် (ကုမုဒြာ သတင်းဂျာနယ်)
Unknown at 2:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းကုမ္ပဏီနှစ်ခုကို အနောက်တိုင်းဆေးဝါး ထုတ်လုပ်ခွင့်ပြု



ပြည်တွင်းတွင် အနောက်တိုင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် စက်ရုံ ၇ ရုံအား ဆေးဝါးထုတ်လုပ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မည်သည့်ဆေးဝါးမဆို ထုတ်လုပ်ခွင့်ပြုထားပြီး ပြည်တွင်းတွင် လိုအပ်ချက်များပြား၍ ပြည်ပမှတင်သွင်းနေရသည့် ဆေးဝါးများအား ထုတ်လုပ်မည်ဖြစ်ကြောင်း ဆေးဝါးထုတ်လုပ်ခွင့်ရသည့် Fame ဆေးဝါးထုတ်လုပ်ရေးမှ ဒေါက်တာခင်မောင်လွင်က ပြောသည်။ “အရင်က ပြည်တွင်းမှာ ထုတ်လုပ်ခွင့်မရှိဘဲ ပြည်ပက တင်သွင်းတဲ့ လူသုံးများတဲ့ ပစ္စည်းတွေကိုလည်း ထုတ်လုပ်ခွင့်ရတယ်။ အခုပြည်တွင်းက လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ ဆေးဝါးတွေက နောက်တစ်နှစ်လောက်ဆိုရင် ဈေးကွက်ထဲရောက်ပြီး အခုသုံးနေတဲ့ ဆေးတွေရဲ့ တန်ဖိုးထက်ဝက်လောက် လျော့နည်းသွားမှာပါ” ဟု ဒေါက်တာခင်မောင်လွင်က ဆိုသည်။ ဆေးဝါးထုတ်လုပ်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လျှောက်ထားမှုများအား ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်အတွက် မြေနေရာ၊ ငွေကြေးအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားကြောင်း စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိန်းအောင်က UMFCCI ၌ ပြုလုပ်သည့် မြန်မာ့ဆေးဝါးထုတ်လုပ်မှုနှင့် ဒေသတွင်း ယှဉ်ပြိုင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ပြည်တွင်းတွင် ထုတ်လုပ်မည့် ဆေးဝါးများ၏ အရည်အသွေးအား စက်ရုံအတွင်းရှိ အရည်အသွေး ထိန်းချုပ်မှုဌာန (Quality Control Department) နှင့် စက်ရုံများမှ ထွက်လာသည့် ဆေးဝါးများအား FDA မှ လိုက်လံစစ်ဆေးမှုများဖြင့် ထိန်းချုပ်ထားကြောင်း သိရသည်။ လက်ရှိတွင် အောင်မြင်မှုဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊ မြန်မာ့ရွှေကမ္ဘာမြေ ကုမ္ပဏီလီမိတက်၊ သက်ရှည်ဆေးဝါး ကုမ္ပဏီလီမိတက်၊ မြန်မာ့ခွန်အား အရင်းအမြစ်ပေါင်းစည်းမှု စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ Fortune International လီမိတက်၊ ASV ကော်ပိုရေးရှင်းနှင့် အခြားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။ ခွင့်ပြုထားသည့် ဆေးဝါးများတွင် အိုမီဂါ-၃ ကဲ့သို့သော ဆေးဝါးများအပြင် ခုခံအားကျဆင်းမှုရောဂါအတွက် အသုံးပြုရသည့် ဆေးဝါးများ ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 1:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် အား ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်က ပေးသောဓါတ်ပုံ

မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ်အတွင်း ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်မှ လက်ဆောင်ပေးအပ်လိုက်သော ဓါတ်ပုံ ဖြစ်ပါသည်။
ဓါတ်ပုံတွင် ဗိုလ်ချုပ်အောင်ဆန်း ထားဝယ်မြို့ သို့ ရောက်ရှိစဉ် ဗိုလ်မှူးဗထူး သား နှစ်ဦးဖြစ်တဲ့ မောင်မြင့်ထူး ၊ မောင်စန်းထူး တို့ နှင့် အမှတ်တရိုက်ကူးထားပုံ ကိုတွေ့ ရပါသည်။
သစ်ထူးလွင်
ဓါတ်ပုံ-ထားဝယ်မြို့ တော် (ဖေ့စ်ဘုတ်)
Unknown at 10:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ မျောက်နှာလန် မျိုးစိတ်သစ် တွေ့ ရှိ

ကချင်ပြည်နယ်၊ အရှေ့မြောက်ပိုင်း တောင်ပေါ်သစ်တောများ၌ ထောင်ထားသော ကင်မရာထောင်ချောက်များ၏ အကူအညီဖြင့် မြန်မာ မျောက်နှာလန် မျိုးစိတ်သစ် ကို တွေ့ရှိခဲ့ရကြောင်း BANCAအသင်း၊ မြန်မာမျောက်မျိုးစိတ် ထိန်းသိမ်းရေးစီမံချက် မန်နေဂျာ ဦးငွေလွင်က ပြောသည်။အဆိုပါ မျောက်မျိုးစိတ်အသစ်ကို မြစ်ဆုံရေကာတာ
စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်(EIA) ပြုလုပ်နေစဉ်က
သတင်းရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် BANCAအသင်းသည် FFI နှင့် PRCF တို့မှ ဇီဝဗေဒပညာရှင်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော မျောက်လွှဲကျော်လေ့လာရေး စီမံချက်အတွင်း မြန် မာပြည်မြောက်ပိုင်း မေခမြစ်၏ လက်တက်တစ်ခု ဖြစ်သော မော်ချောင်း
ဧရိယာအတွင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာမျောက်နှာလန် မျိုးစိတ် အသစ်ကို တွေ့ရှိရသောဧရိယာ သည် ၂၇ဝ စတုရန်းကီလို
မီတာ ကျယ်ဝန်းပြီး အနိမ့်ဆုံး မီတာ ၁၆ဝဝ နှင့် အမြင့်ဆုံးမီတာ ၃ဝဝဝ ကျော် ရှိသော နေရာများတွင် နေထိုင်ကြောင်း၊ လပေါင်းများစွာ ကွင်းဆင်းလေ့လာမှုများနှင့် မုဆိုးများကို မေးမြန်းသိရှိချက်များအရ မျောက်မျိုးစိတ်အသစ်ကောင်ရေ ၂၆ဝ နှင့် ၃၃ဝ ကြားတွင်ရှိကြောင်း ဦးငွေလွင်က ပြောသည်။
”၂ဝ၁ဝ ခုနှစ်ထဲမှာ ခရီးစဉ်စီစဉ်ပြီးတော့ အဲဒီဒေသကိုသွားတယ်။အဓိကကတော့ မျောက်လွှဲ
ကျော်လေ့လာရေးပေါ့။ ဒါပေမဲ့ မျောက်နှာလန် သတင်းကလည်း ကြား ထားတော့ နှစ်မျိုး
စလုံးကို လုပ်ဖြစ်တယ်။ ရွာပေါင်း ၃ဝ ကျော်မှာ အင်တာဗျူး လေ့လာမှုတွေ လုပ်တယ်။ ပထမဆုံး ဦးခေါင်းခွံနှစ်ခုနဲ့ အရေခွံအပိုင်းအစတစ်ခု ရတယ်။ မတ်လထဲကျမှ မုဆိုးတွေဆီက အသေကောင်ကို ရတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ထို့နောက် မှတ်တမ်းတင် ဓာတ်ပုံများကို မျောက်မျိုးစိတ်ကျွမ်းကျင်သူများထံ ပေးပို့တိုင်ပင်ခဲ့
သဖြင့်၊ မြန်မာမျောက်နှာလန် မျိုးစိတ်အသစ် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာမျောက်နှာလန် မျိုးစိတ်သစ်နှင့် ပတ်သက်၍ BANCAအသင်း၊ ဥက္ကဋ္ဌဒေါက်တာ ထင်လှကလည်း ”ကျွန်တော်တို့ ဒီမျောက်မျိုးတွေ မျိုးပြုန်းမပျောက်ကွယ် အောင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလျင်အမြန်လုပ်ဖို့လိုအပ်နေပါတယ်။ အမဲလိုက်ခြင်းတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် နေထိုင်ရာဒေသ ပျောက်ဆုံးခြင်းစတဲ့ မျိုးပြုန်းစေ ရန် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေကြတယ်”ဟု ပြောသည်။
ထို့အပြင် ၄င်းမျောက်မျိုးစိတ် အသစ်အား မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ရန် လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာန၊ ဒေသအာဏာပိုင်များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်သွားရန် BANCA နှင့်FFI တို့မှ ဆုံးဖြတ်ထားကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် မျောက်နှာလန် မျိုးစိတ်လေးမျိုးကို တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်သာ တွေ့ရှိ ခဲ့ပြီး မျောက်နှာလန်အားလုံးမှာ ရှားပါးမျောက်မျိုးစိတ်များ စာရင်း ဝင်ဖြစ်ကြကြောင်း၊ မျောက်နှာလန်မျိုးစိတ် လေးမျိုးရှိနေရာမှ မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်၌ မျောက်နှာလန်မျိုးစိတ် အသစ်တစ်မျိုး ထပ်မံတွေ့ရှိခဲ့သဖြင့် မျောက်နှာလန် မျိုးစိတ်ပေါင်းငါးမျိုး ဖြစ်လာကြောင်း သိရသည်။

ပေါ်ပျူလာဂျာနယ်
Unknown at 10:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်ရုပ်ရှင်ပီ ပြင် စေချင်

"ဗိုလ်ချုပ်ရုပ်ရှင်ပီ ပြင် စေချင် လွန်းကြတဲ့ မော်ကျွန်း မြို့ကလူထု"

တစ်တိုင်းပြည်လုံးနှင့်အတူ ကျွန်တော် တို့ မြို့မှာလည်း လတ်တလောရေပန်း စားနေရာ ယူနေသောအကြောင်းအရာမှာ ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားပင် ဖြစ်သည်။ ဤဇာတ်ကား ကို ရိုက်မည်ဆို၍ အားလုံးကဝမ်းသာကြသည်။ ကျေနပ်ကြသည်။ သို့သော် "စိုးရိမ်ကြသည်"ဟုလည်း ပြောချင်ပါသည်။
"ဗိုလ်ချုပ်အောင်ဆန်း" အတ္ထုပ္ပတ္တိ ဇာတ်ကားကို ရိုက်သင့်သည်မှာ ကြာပြီဖြစ်ပါသည်။ ဘောလီးဝုဒ်မှ "မဟတ္တမဂန္ဒီ"ဇာတ်ကားရိုက်သည်ဟု ကြားရစဉ် ကတည်းက တို့နိုင်ငံမှာ လည်း တို့ရဲ့ ကျေးဇူးရှင် ကြီး "ဗိုလ်ချုပ်အောင်ဆန်း" ဇာတ်ကား ရိုက်ရင်ကောင်း မှာပဲဟု ကျွန် တော်တို့
တမ်းတခဲ့ဖူး ပါသည်။ သို့ သော် ထိုသို့သော အချိန်များက ယခုကဲ့သို့ ပွင့်လင်းသာယာသော အခြေအနေများ မဟုတ်သဖြင့် ကျွန်တော်တို့မြို့ ဗိုလ်ချုပ် ပန်းခြံမှဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ကာ ကွယ်နေသော အာသောကပင်များ ခုတ် လှဲရှင်းလင်းပေးရေးကိုပင် တောင်းဆို နိုင်ခွင့်မရှိခဲ့ကြပါ။
ဂျာနယ်များတွင်"ဗိုလ်ချုပ်အောင်ဆန်း" ဇာတ်ကားအတွက် စည်းဝေးကြ၊ ပြင်ဆင် ကြ၊ အလှူငွေထည့်ဝင်ကြ စသည့်သတင်း များသည် မင်္ဂလာရှိသော၊ အားရဖွယ် ကောင်းသော သတင်းများဖြစ်ပါ၏။ သို့သော် ဤဇာတ်ကားနှင့်ပတ်သက်၍ ကျွန်တော်တို့ စိုးရိမ်စိတ်လေး များလည်း ဝင်နေမိကြပါသည်။ ထင်ထားသလောက်၊ တင်ထားသလောက် မဟုတ်လေသော အခါ စိတ်ထဲမှာ ဘဝင်မကျဖြစ်ကြရပါသည်။ သက်ရှိထင်ရှားရှိနေသေးသည့် ပုဂ္ဂိုလ်ကြီး များဖြစ်ကြသော ဗိုလ်ချုပ် ကျော်ဇော၊ ဗိုလ်ရဲထွဋ်၊ ဆရာကြီး ဒဂုန် တာရာတို့နှင့် ဝါရင့်နိုင်ငံရေးသမားကြီးများ ထံကအကြံဥာဏ် ယူသင့်သည်ထင်သည်။
နောက်ခံတေးဂီတတွင်လည်း ဘဘ "ဗိုလ်ကလေးတင့်အောင်"ကဲ့သို့သော ရှေ့မီ နောက်မီ ပုဂ္ဂိုလ် ကြီးများထံက အကြံပေးအကူ အညီတောင်းခံ ပြီးဂီတဒါရိုက် တာသတ်သတ် ထားရှိမည်ထင် ၏။ ဗိုလ်ချုပ်၏ လှုပ်ရှားဆောင် ရွက်မှုများကို ရိုက်ကူးရာ လူ ထု ပရိသတ်
အမြောက်အမြားမလွဲမသွေသုံးကြပါလိမ့် မည်။ အချို့သော မြန်မာဇာတ်ကားများတွင် လူလေးငါးဆယ်ယောက်ဖြင့် နောက်ခံ ဘက်ဂရောင်းလှုပ်ရှားပုံများကို ကြည့်ရ သည်မှာ အသက်မပါသဘာဝမကျသည် များကိုလည်းသတိပြုကြပြီးဖြစ်မည်။ ကျွန်တော်တို့ ပြည်ထောင်စု၏ ဖခင် "ဗိုလ်ချုပ်အောင်ဆန်း" ဇာတ်ကားကို ပီပီ ပြင်ပြင် သပ်သပ်ရပ်ရပ်ဖြင့် ဂန္ထဝင်ကားကြီး ဖြစ်စေချင်စိတ်ကတော့ ကျွန်တော်တို့ မော်ကျွန်းတစ်မြို့တည်းသာမက
ပြည် ထောင်စုတစ်ဝန်း၏ ဆန္ဒသာ ဖြစ်သည်ဟု ယုံကြည်ပါ၏။
(ဆရာကိုမျိုးခင်ဗျား. ကျွန်တော်တို့က တော့ 'ဗိုလ်ချုပ်အောင်ဆန်း' အတ္ထုပ္ပတ္တိ ဇာတ်ကားကြီးကို မျှော်လင့်ခြင်းကြီးစွာ ထား နေမိပါသည်။ ကျွန်တော်တို့က ထိုဇာတ်ကား အတွက် ချွေးတစ်စက်မျှမကျ၊ ဦးနှောက် တစ်ချက်မျှမစားပါဘဲ လက်ဖက်ရည်ဆိုင်ထိုင် ရင်း ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကို ရေနွေး ကြမ်းတစ်အိုးပြီးတစ်အိုးကုန်အောင် သောက် ရင်း 'လေဝါယော'ဖြင့် အသေအချာ ပြောနေ မိကြပါသည်။ တီဗီကြော်ငြာတစ်ခုမှာ 'ဒီလို လုပ်ပါလား၊ ဟိုလိုလုပ်ပါလား၊ ငါ လည်းမလုပ် တတ်ဘူး'ဟု ပြောသလိုမျိုး ဖြစ်နေပြီလား မသိ။ အခုလိုရေးရတာကလည်း တကယ် တော့'ဗိုလ်ချုပ်ရုပ်ရှင်ပီပြင်စေချင်လွန်းလို့'ဆိုတာ နားလည်ပေးစေချင်ပါသည်။)
မြင့်ငွေ(မော်ကျွန်း)

ပေါ်ပျူလာဂျာနယ်
Unknown at 10:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပရီးမီးယားလိဂ်၏ ထိပ်သီး အသင်းကြီးများ မြန်မာနိုင်ငံ တွင်ချစ်ကြည်ရေးလာရောက် ကစားမည်


ပရီးမီးယာလိဂ်၏ ထိပ်သီးအသင်းကြီးများဖြစ်သော မန်ယူ၊ လီဗာပူးနှင့် ချဲလ်ဆီးအသင်းး သုံးသင်းထဲမှ အနည်းဆုံးတစ်သင်း သည် မြန်မာနိုင်ငံတွင် လာရောက်၍ ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် မြန်မာဘောလုံးအဖွဲ့ချုပ် အသိုင်းအ၀ိုင်းက စီစဉ်နေပြီ ဖြစ်ကြောင်းသိရသည်။
ယင်းအသင်းသုံးသင်းအနက် မည်သည့်အသင်းဖြစ်မည်ကို အတိအကျမသိရသေးသော်လည်း အနည်းဆုံးတစ်သင်းဖြစ်နိုင်မည်ဟု အတည်ပြုပြော ဆိုမှုများရှိနေပြီး ယခုနှစ်အတွင်းမှာပင် မြန်မာ့မြေပေါ်၌ မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဟု သိရသည်။
“အသင်းကြီးသုံသင်းထဲက မန်ယူကတော့ သိပ်ပြီးမသေချာဘူး။ ဒါပေမဲ့ ချိတ်ဆက်နေပါတယ်။ ဒီနှစ်ထဲမှာ ဖြစ်မှာပါ။ သူတို့တစ်တွေကို ဖိတ်ရတာက သိပ်မခက်လှပါဘူး။ ငွေရေးကြေးရေးအရလည်း တတ်နိုင်တာပဲ။  ခက်နေတာ သူတို့တွေကို ပေးကစားမယ့် ဘောလုံးကွင်းကိစ္စပဲ။ ရှိပြီးသားကွင်းတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နေပြည်တော်ကွင်းပြီးသွားရင်တော့ အဆင်ပြေမယ်။ မြန်မာပရိသတ်တွေကို ဒီနှစ်ထဲမှာ စိတ်ဝင်စားစရာကောင်းအောင် လုပ်ြပမယ်” ဟု နေပြည်တော်ဘေလုံးအသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။
“MNL က ပ၊ ဒု၊ တ ရတဲ့ သုံးသင်းကိုပဲ ခြေစမ်းပွဲကစားခွင့်ပေးမှာပါ။ မလေးရှားကတော့ မနှစ်က လီဗာပူးနဲ့ ချဲဆီးလ်ကို ဖိတ်ခဲ့တယ်။မြန်မာကလည်း
ဒီနှစ်သင်းပဲ ဖြစ်ဖို့များတယ်´´ဟု ၄င်းက ဆက်လက်ပြောကြားသည်။
“ဘောလုံးမှာက ခွဲခြားဆက်ဆံမှုတွေမရှိပါဘူး။ တစ်သားတည်းဘဲ၊ ကိုယ့်ဘက်ကအရေးတယူဖိတ်ရင်လာပါ
တယ်။ ဘလ္လတ္တာတောင်လာခဲ့သေးတာဘဲ၊
သူတို့ရဲ့လုံခြုံရေးနှင့် နေထိုင်ရေး၊ သွားလာရေးတွေ အဆင့်သင့်ဖြစ်နေရင် သူတို့ရဲ့ ပရီးမီးယားလိဂ်ရာသီအကုန်မှာ သူတို့ကို စပွန်ဆာပေးတဲ့နိုင်ငံကို
အပန်းဖြေ လေ့ကျင့်ရေးထွက်တာပါဘဲလေ။ လာမှာသေချာတယ်။ ဒီအတွက် ဦးဇော်ဇော်နဲ့ ကျွှန်တော် ကြိုးစားခဲ့ကြတာ မနှစ်ကတည်းကဘဲ´´ဟု ၄င်းက ဆက်လက်ပြောကြားသည်။ယင်းကဲ့သို့ ပရီးမီးယားလိဂ်ကလပ်သင်းကြီးနှစ်သင်း မြန်မာသို့လာရောက်ခဲ့ပါက မြန်မာလူထု၏အားပေးမှုသည် အမြင့်ဆုံးအနေအထားတွင် ရှိလာနိုင်ပြီး ၄င်းတို့၏ခရီးစဉ်မှာလည်း ပထမဆုံး သမိုင်းဝင်ခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်
Unknown at 10:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟွာဟင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရောက် မြန်မာဇာတ်ကား

ဟွာဟင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရောက် မြန်မာဇာတ်ကား




ဟွာဟင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရောက် မြန်မာဇာတ်ကား ပန်းကြာဝတ်မှုန်၊ မင်းကျန်စစ်နဲ့ Ever Top Moon Lotus(ပန်းကြာဝတ်မှုန်)ဇာတ် ကားက ကိုယ့်ပြည်တွင်းမှာ စတင်မိတ်ဆက် အထူးပွဲပြအပြီး တစ်ရက်ပင်မပြည့်ခင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ပွဲ ဝင်နွှဲနိုင် လိုက်တာက ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူစရာ အဖြစ် ခံစားလိုက်ရတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကီလိုမီတာ ၂ဝဝအကွာရှိ တောင်ပိုင်း ကမ်းခြေမြို့လေး 'ဟွာဟင်းမြို့'မှာ ဂုဏ်ယူစွာကျင်းပတဲ့ Hua Hin Inter-national Film Festival 2012 ရဲ့ဖွင့်ပွဲနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ်၂ဝမှာ မြန်မာ ရုပ်ရှင်ဇာတ်ကားသစ် Moon Lotus(ပန်းကြာဝတ်မှုန်)ကို ပြသခဲ့တာ ဖြစ်ကြောင်း ဒါရိုက်တာဖြစ်သူ စင်ရော်မောင် မောင်က ပွဲတော်ရောက်ပေါ်ပြူလာဂျာနယ် အဖွဲ့ကို ဝမ်းသာအားရဆိုပါတယ်။ အာရှနဲ့နိုင်ငံပေါင်း ၅ဝမှ ရုပ်ရှင်ဇာတ် ကားပေါင်း ၅၄ ကားပါဝင်ဆင်နွှဲတဲ့ဒီရုပ်ရှင် ပွဲတော်က ဇန်နဝါရီ ၂၆ရက်နေ့မှ ၂၉ ရက် နေ့အထိ လေးရက်တာကျင်းပတဲ့ နိုင်ငံတကာ အဆင့် ရုပ်ရှင်ပွဲတော်ကြီးဖြစ်ပြီး ဖွင့်ပွဲနေ့နဲ့ ပိတ်ပွဲနေ့တို့မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ပြသတာကလည်း ဂုဏ်ယူစရာပါပဲ။ ပိတ်ပွဲနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၃ နာရီ မိနစ်၂ဝမှာ မြန်မာဇာတ်ကား King Kyansit (မင်းကျန်စစ်)ကိုပြသမှာဖြစ်လို့ မင်းကျန်စစ် ဒါရိုက်တာမင်းသားလူမင်းနဲ့အဖွဲ့က Ever Top ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးနဲ့အတူ ဇန်န ဝါရီ ၂၆ရက်နေ့မှာ ဟွာဟင်းသို့ ရောက်ရှိခဲ့ ကြပြီး ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဆင်နွှဲ ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသား သစ်လေး စည်ဖြိုးနဲ့ မိခင်ဖြစ်တဲ့ ဒေါ်သီသီဝင်း (အန်တီသီ) တို့ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုက အကယ်ဒမီလူမင်း၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ သရုပ် ဆောင်အေးမြတ်သူတို့နဲ့အတူ ပေါ်ပြူလာဂျာ နယ်အဖွဲ့ကို ဟွာဟင်းရုပ်ရှင်ပွဲတော်မှ တက် ရောက်ဖို့ ဖိတ်ကြားခံရတာဖြစ်လို့ ထိုင်းနိုင်ငံ KANTANA ရုပ်ရှင်ထုတ်လုပ်ရေးလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာနီရတ်တီ ဆိုင်းကာဂျာရုခ်၊ ဟွာဟင်းရုပ်ရှင်ပွဲတော်ဖြစ် မြောက်ရေး ဒါရိုက်တာမစ္စတာဂျာရုခ်ကာလ် ဂျာရုခ်တို့ ညီအစ်ကိုနဲ့အတူ အန်တီသီတို့ မိသားစုကိုလည်း ကျေးဇူးတင်မိပါတယ်။ မစ္စတာဂျာရုခ်တို့ရဲ့KANTANA ရုပ်ရှင်ဟာ အနုပညာအပေါ်အထူးခုံမင်စွာ ဆောင်ရွက်နေတာဖြစ်သလို ဦးဆောင်သူ မစ္စတာနီရတ်တီဆိုင်းကာဂျာရုခ်ကိုယ်တိုင်လည်း ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်အကယ်ဒမီဆုတွေ ကို ၃ဝ ကျော်ပိုင်ဆိုင်ထားသူဖြစ်ပါသတဲ့။ ဖွင့်ပွဲနေ့ ညချမ်းလေးမှာတော့ နိုင်ငံအသီးသီး က ရောက်ရှိလာကြတဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေကို ကြိုဆိုပွဲအဖြစ် ကော့တေးပါတီပွဲကျင်းပတာကြောင့် နိုင်ငံစုံ အနုပညာရှင်တွေ နွေးနွေးထွေးထွေးဆုံစည်း နိုင်ခဲ့ပါတယ်။ 
ပေါ်ပျူလာဂျာနယ်
Unknown at 10:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ(SSPP)တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုး



From : မြဝတီသတင်းစာ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ/ ရှမ်းပြည်နယ် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ပါတီဗဟိုကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် စပ်ခေးတိုင်း၊ ပါတီဗဟိုကော်မတီဝင်များ၊ တာဝန်ရှိသူများသည် ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။ အဆိုပါ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ခေါင်းဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတကြီးမှ ပေးအပ်လိုက်သော ဆန်အိန် (၅၀၀)၊ Solar Lamp (၅၀)၊ Sky Net ရုပ်သံဖမ်းစက်အစုံ (၂၀)တို့ကို အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် စ၀်ခေးတိုင်း၊ စပ်ခွန်ဆိုင်နှင့် အဖွဲ့ဝင်များက လက်ခံကြကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင်ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထိုသို့ ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် စာစောင်တွင် ဖော်ပြခဲ့သည့် အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့ အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လည့်လို့ မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။ “တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ကျွန်မအနေနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီမိုကရေစီရေးရာ အောင်မြင်နိုင်မယ်လို့ ပြောတာဟာ လိုအပ်ချက်အရရော၊ လိုလားချက်အရပါ ပြောတာပါ။ လိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုအပ်တယ်။ ကျွန်မအနေနဲ့လည်း စစ်တပ်က ပူးပေါင်းပါဝင်လာတာကို လိုလားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးထဲ၌ ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.