Tuesday, January 31, 2012

စီးပွားရေးပိတ်ဆို့မှု ဘာကြောင့် ရုပ်သိမ်းသင့်သလဲ

 
စီးပွားရေး ပိတ်ဆို့မှုဆိုတာကို Routledge ဘောဂဗေဒ အဘိဓာန်ထဲမှာ နိုင်ငံတခုရဲ့ အခြေခံ နိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာ အခြားနိုင်ငံတစ်ခု ကဖြစ်စေ၊ နိုင်ငံအများစုကဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေးယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။
 
 ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒအနေနဲ့ အသုံးပြုခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဘီစီ 5th century လောက်က အေသင်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ Pericles က အေသင်ရဲ့ ရန်သူဖြစ်တဲ့ စပါတာတွေဘက်က ရပ်တည်ခဲ့တဲ့ Megra ဆိုတဲ့ မြို့ပြနိုင်ငံလေးကို ကုန်သွယ်မှုပိတ်ဆို့ဖို့ အေသင် အင်ပါယာတခုလုံးကို အမိန့်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံများအကြားက ဒီလိုပိတ်ဆို့အရေးယူမှုလေးတွေ ကြိုကြား ကြိုကြား ပေါ်ပေါက်ခဲ့ပေမယ့် နှစ်ဆယ်ရာစု ကနဦးပိုင်းကစပြီး၊ ကမ္ဘာ့နိုင်ငံရေးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဥပမာ- ၁၉၁၄- ၁၉၁၈ ကာလက ဗြိတိန်နိုင်ငံရဲ့ ဂျာမဏီနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ၊ Co- Com လို့ခေါ်တဲ့ နေတိုးအုပ်စုနဲ့ ဂျပန်ကနေ ဆိုဗီယက်ပြည်ထောင်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ၁၉၉၀- ၂၀၀၃ ကာလမှာ အီရတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတာတွေ ဖြစ်ပါတယ်။ ၁၉၆၅ ခု၊ စူးအက် အရေးမှာတုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့ကိုပါ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ရှိခဲ့ပါတယ်။
  လူတွေမှာ ကိုယ်ကျိုးစီးပွားအတွက် ဘက်လိုက်မှုဆိုတာ ရှိသလို နိုင်ငံတော်အဆင့်တွေမှာလဲ ကိုယ်ကျိုးစီးပွား ဘက်လိုက်မှုဆိုတာလေးတွေ ရှိတာအတွက်ကြောင့် နိုင်ငံတကာတရားဥပဒေတွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွေရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေ မှာလဲ အားနည်းချက်တွေကတော့ ရှိနေဆဲပါပဲ။ 
 

ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကလဲ အမျိုးမျိုးရှိပါတယ်။ ပစ်မှတ်နိုင်ငံက ပေါ်လစီတွေ ပြုပြင်ပြောင်းလဲဖို့ကနေ ပစ်မှတ်နိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲမှု၊ အစိုးရပြောင်းလဲမှု စတာတွေအထိ ရည်ရွယ်ချက် ပုံစံအမျိုးမျိုး ကွာခြားပါတယ်။ နိုင်ငံရေးပညာရှင် Barbour ကတော့ primary objective, secondary objective နဲ့ tertiary objective ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ 
 

primary objective ကတော့ ပစ်မှတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှု၊ အုပ်ချုပ်ရေးနဲ့ ပေါ်လစီရေးရာ ပြောင်းလဲမှုတွေဖြစ်လာအောင်လုပ်ဆောင်တာပါတဲ့..။ ဥပမာဆိုရရင် အီရန်နိုင်ငံမှာ ညူးကလီးယား လက်နက်တွေထုတ်လုပ်နေတာကို တားဆီးဖို့အတွက်ဆိုပြီး အကြောင်းပြကာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု မျိုးဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုရဲ့ နောက်ကွယ်က အဓိက အကြောင်းကတော့ လက်ရှိအစိုးရကို ဖြုတ်ချဖို့ပဲဖြစ်ပါတယ် ။
 

Secondary objective ကတော့ economic sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility ရဖို့ ဖြစ်ပါတယ်တဲ့။ဆိုလိုတာကတော့ သူတို့ အစိုးရဟာ ကမ္ဘာမှာ သြဇာလွှမ်းမိုးမှုရှိတယ်ကွ ဆိုပြီး သူ့ပြည်သူတွေရှေ့မှာ ဟီးရိုးလုပ်ပြီး အမှတ်ယူဘို့ ဖြစ်ပါတယ် ။
 

Tertiary objective ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေး၊ နိုင်ငံတကာ ဥပဒေတွေရဲ့ အသုံးဝင်မှုကို ဖော်ဆောင်ရေး၊ နိုင်ငံကြီးတချို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဖြန့်ဝေမှု စတာတွေအတွက်လဲ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒ တခုအနေနဲ့ အသုံးပြုတာမျိုးဖြစ်ပါတယ်တဲ့။ 
 

ဒီအချက်တွေကိုလေ့လာကြည့်လိုက်ရင် sanction ပြုလုပ်တဲ့ နိုင်ငံကြီးတွေဟာ ပစ်မှတ်နိုင်ငံ တွေမှာ နေထိုင်တဲ့ ပြည်သူလူထုအရေး ဒီမိုကရေစီဖေါ်ဆောင်ရေး ဆိုတာတွေဟာ လေသံကောင်း ဟစ်နေတာသာ ဖြစ်ပြီး သူတို့အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ် ။ ဒီလိုပိတ်ဆို့မှုတွေ လုပ်နေတော့ရော အောင်မြင်သလား ဆိုတော့ သက်ဆိုင်ရာအပိတ်ဆို့ခံရတဲ့ နိုင်ငံတွေမှာရှိတဲ့ ပြည်သူ လူထုတွေ အထွေထွေ နိမ့်ကျမှုတွေ ဖြစ်သွားတာကလွဲရင် အောင်မြင်မှုမရှိပါဘူး လို့ သုတေသန စစ်တမ်း များအရသိရပါတယ်။
 

စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှုအချို့ ရှိခဲ့သလို၊ ရည်မှန်းချက်ပန်းတိုင် မပြည့်မှီပဲ ရုပ်သိမ်းလိုက်ရတာတွေလည်း ရှိပါတယ်။  Robert Pape ဆိုတဲ့ ပညာရှင်တယောက်က ကမ္ဘာတစ်ဝှမ်းက စီးပွားရေး ပိတ်ဆို့မှု ဖြစ်ရပ် (၁၁၅) ခုကို လေ့လာပြီး၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုဟာ ထိရောက်သလား၊ မထိရောက်ဘူးလားဆိုတာကို လေ့လာခဲ့ဖူးပါတယ်။ ထိရောက်မှု ဆိုတဲ့ အပိုင်းကို သူက criteria သုံးခု ချမှတ်ပြီး တိုင်းတာပါတယ်။ ပထမတချက်က ပိတ်ဆို့အရေးယူမှုရဲ့ တောင်းဆိုချက်၊ ရည်မှန်းချက်တွေ ပြည့်မှီတာဖြစ်ပြီး၊ ဒုတိယတစ်ချက်က ပိတ်ဆို့ခံရတဲ့နိုင်ငံ ရဲ့ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ဘို့အတွက် အခြေအနေမပေးခင်မှာ  အရေးယူမှုတွေ စတင်ပြုလုပ်ခဲ့သလား ဆိုတာ ဖြစ်ပါတယ်။ တခါတရံမှာ ပစ်မှတ်နိုင်ငံက သူ့ဘာသာသူ ပြောင်းလဲမှုအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုရဲ့ အရေးယူမှုကြောင့်လို့ ရောထွေးပြောတတ်ကြလို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပစ်မှတ်ရဲ့ ပြောင်းလဲလာမှုတွေဟာ တခြားအကြောင်းအရာတွေကြောင့် မဟုတ်ပဲ၊ ပိတ်ဆို့အရေးယူမှုတစ်ခုတည်းကြောင့် ဟုတ်ရဲ့လား ဆိုတဲ့ အချက်ပါ။ ဒီအချက် သုံးချက်နဲ့ ဖြစ်ရပ် (၁၁၅) ခုကို လေ့လာခဲ့ရာမှာ (၅) ခုပဲ ထိရောက်ခဲ့တာကို တွေ့ရှိရပါတယ်။
 

နိဂုံးအနေနဲ့ တင်ပြလိုတာကတော့ စီးပွားရေးပိတ်ဆို့တာဟာ ပိတ်ဆို့ခံရတဲ့ နိုင်ငံအဖို့ ဘယ်လိုမှကောင်း ကွက်မရှိဘူး ဆိုတာပါပဲ ဒီအတွက် ဘာမှစစ်တမ်းကောက်နေစရာမလိုသလို စဉ်းစားနေဘို့လည်း မလိုတဲ့ အရာမျိုး သာ ဖြစ်ပါတယ် ပိတ်ဆို့တဲ့နိုင်ငံတွေက သူတို့ အကျိုးစီးပွားရှေးရှုပြီး မရုပ်သိမ်းသင့်သေးပါဘူး လို့ပြောနေတာ သဘာဝကျပေမယ့် ပြည်တွင်းက ဟာတွေက ဘယ်သူ့အကျိုးရှေးရှုပြီး မရုပ်သိမ်းသင့်သေးပါဘူးလို့ အော်နေသလဲဆိုတာ စဉ်းစားနိုင်ဘို့ တင်ပြအပ်ပါတယ် ။
Unknown at 3:52 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.