Saturday, October 20, 2012

သမ္မတကြီးကို မဝေဖန်ထိုက်ကြောင်း၊ တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေအနေလွဲနေဟု ဗဟိုနာယကအဖွဲ့ဝင်ဟောင်း ဦးခင်ညွန့်ပြောကြား

သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင်တစ်ဦးနှင့်စပ်လျဉ်း၍ တစ်ချိန်ကပြည်ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆံ
ုမေးမြန်းစဉ်ပြောကြားခဲ့သည်။

““သမ္မတကြီးကို သူမဝေဖန် ထိုက်ဘူးလေ။ သမ္မတက လုပ်ပိုင်ခွင့်ရှိတယ်လေ။ လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်သွားတာ။ သမ္မတက တိုင်းပြည်ရဲ့ အရေးကိစ္စ၊ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပြီးတော့မှ တကယ်လိုအပ်ချက်အတိုင်း လုပ်မှာပဲ။ တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။ တိုင်ပင်ဦးမှာပဲ။ တိုင်ပင်ရမယ့် ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ၊ သမ္မတကြီးဆုံး ဖြတ်တာကို ပြည်သူတွေကအမှန်လို့ပဲ ခံယူတယ်။ အဘလည်း သမ္မတဆုံးဖြတ်တာကို အမှန်ပဲလို့ခံယူတယ်”” ဟု ဦးခင်ညွန့်ကပြောသည်။

ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍လည်း တစ်ချိန်တုန်းက ဗဟိုနာယကကြီးအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ရည်ရွယ်ချက်ထားရှိခဲ့သည့်လမ်းကြောင်း၊ အယူအဆစေတနာနှင့်ပတ်သက်၍မေးမြန်းခဲ့ရာ “အခုတော့ လွဲနေပြီ အဲဒါပဲ” ဟူ၍ ပြန်လည်ဖြေကြားပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ယခင်က တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး၊ န၀တ အတွင်းရေးမှူး(၁)၊ ပြည်ခိုင်ဖြိုးအသင်းဗဟိုနာယက အဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ခဲ့ပြီး နယက အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ၃ ဦးမှာ ထိပ်ပိုင်းခေါင်း ဆောင် ၃ဦးအဖြစ် နိုင်ငံရေးနယ်ပယ်၌ ထင်ရှားခဲ့ဖူးသည်။

Source : Myanmar Tandawsint via Pone Nya Swe

ဘကြီးသက်
Unknown at 8:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" Free Permit ဖြင့် ယာဉ်စီးရေ ၁၈,၀၀၀ ကျော် ပြည်တွင်းသို့ ၀င်ရောက် "

အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း ၂၀၀၇ အထက် မော်တော်ယာဉ် တင်သွင်းခွင့် သွင်းကုန်ပါမစ် ချထားပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလကုန်အထိ ပြည်တွင်းသို့ မော်တော်ယာဉ်အစီးရေ ၁၈,၄၀၀ စီး တင်သွင်းဝင်ရောက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ Free Permit ဖြင့် မော်တော်ယာဉ် တင်သွင်းရာတွင် နေပြည်တော်၌ အစီးရေ ၁၄,၅၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ၀င်ရောက်လာခဲ့သည့် အစီးရေမှာ ၃,၉၀၀ စီး ဖြစ်ကာ စုစုပေါင်းအစီးရေမှာ ၁၈,၄၀၀ စီး ဖြစ်ကြောင်း သိရသည်။
"တင်သွင်းဖို့လာတင်တဲ့ လျှောက်လွှာတွေကို အမြန်ဆုံးစိစစ် ဆောင်ရွက်ပေးနေပါတယ်၊ နေပြည်တော် မှာတင် မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲပါ ဖွင့်လှစ် ဆောင်ရွက်ပေးနေပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလ ၂ ရက်နေ့အထိ မော်တော်ယာဉ်တင်သွင်းခွင့် ဘက်ပေါင်းစုံမှ ပါမစ် ၅၅,၅၂၄ စောင် ခွင့်ပြုပေးခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခြင်းကဏ္ဍမှ နိုင်ငံဘဏ္ဍာခွန် ငွေကျပ် ၃၇၈.၁၉ သန်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။
 


ဘကြီးသက်
Unknown at 8:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပကခေါ်တဲ့ဖုန်း ပြည်တွင်းနံပါတ်နဲ့ ပေါ်လာရင် လိုင်းပိတ်မည်




 ပြည်ပကနေ ပြည်တွင်းဖုန်းတွေ ခေါ်ဆိုတဲ့အခါမှာ နိုင်ငံခြားနံပါတ် မဟုတ်ဘဲ ပြည်တွင်းဂျီအက်စ်အမ်နံပါတ်နဲ့ ဝင်လာရင် အဲသည်ဝင်လာတဲ့ နံပါတ်နဲ့ ဖုန်းတွေကို အရင်က အစဉ်အလာအတိုင်း လိုင်းပိတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက “အခုလတ်တလော ထွက်နေတဲ့ ပြည်တွင်းကတစ်ဆင့် ပြည်ပကို VOIP ခေါ်ဆိုမှုအတွက် အရေးယူသွားမယ်ဆိုတဲ့ ကောလာဟလတွေကို မယုံကြပါနဲ့၊ အရေးယူမှု လုပ်မယ်ဆိုတာ ပြည်ပကနေ ပြည်တွင်းခေါ်ရင် ဝင်လာတဲ့ ဖုန်းနံပါတ်က ပြည်တွင်းနံပါတ်နဲ့ပဲ ပေါ်နေရင် ဒါက တရားမဝင်တာကြောင့် ပေါ်တဲ့နံပါတ်ကို လိုင်းပိတ်မှာလို့ ဆိုလိုချင်တာပါ။ နိုင်ငံခြားက ဖုန်းခေါ်တဲ့အခါ နိုင်ငံခြားနံပါတ်ပဲ ပေါ်ရမယ်၊ နိုင်ငံခြားနံပါတ်နဲ့ မဝင်ဘဲ ပြည်တွင်းနံပါတ်နဲ့ပဲ ဝင်နေတယ်ဆိုရင်တော့ ဒါကတရားမဝင်ဘူး။ တရားမဝင် လုပ်ထားတဲ့သူတွေက ဂျီအက်စ်အမ်ဖုန်းတွေ အများကြီးဝယ်ပြီး အိတ်ချိန်း လုပ်ထားတာ” လို့ ပြောပါတယ်။ အခုလို နိုင်ငံခြားကခေါ်တဲ့ ဖုန်းကို ပြည်တွင်းနံပါတ်နဲ့ပဲ ဝင်အောင် switch လုပ်ထားတဲ့အတွက် မြန်မာ့ဆက်သွယ်ရေးက နိုင်ငံခြားခေါ်ဆိုမှုအတွက် ဒေါ်လာမရဘူး။ ပြည်တွင်းကျပ်ငွေ နှုန်းထားပဲရတယ်။ နိုင်ငံတကာ ခေါ်ဆိုခအတွက် အဝင်နိုင်ငံကို သက်ဆိုင်ရာက ကျသင့်ငွေ ပေးရပါတယ်။ ပြည်တွင်း ဂျီအက်စ်အမ်နံပါတ်နဲ့ ဝင်လာတဲ့ နံပါတ်တွေကို ဆာဗာက သိပြီဆိုရင် အဲသည့်နံပါတ်က ပိတ်ခံရမှာ ဖြစ်ပါတယ်။ အဝင်လက်ခံသူရဲ့ ဖုန်းကိုပိတ်မှာ မဟုတ်ပါဘူး။ လက်ခံပြောတဲ့သူနဲ့ ခေါ်ဆိုသူမှာ ဘာပြဿနာမှ မရှိပါဘူး။ ဝင်လာတဲ့ နံပါတ်ကိုပဲ အရင်လုပ်ခဲ့တဲ့ အစဉ်အလာအရ လိုင်းပိတ်သွားမှာလို့ ပြောပြခဲ့ကြောင်းသိရှိရသည်။

 Myanmar Express
ဘကြီးသက်
Unknown at 8:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူဟုဆို


ကမ္ဘာလှည့် ခရီးသွားများ အဓိက လေ့လာ ဖူးမျှော်ရာ မြန်မာနိုင်ငံ ၏ အထင်ကရ စေတီတော် တစ်ဆူ ဖြစ်သော ရွှေတိဂုံ စေတီတော် တွင် အောက်တိုဘာ လ ၉ ရက်နေ့ က အဆိုပါ စေတီတော် တနင်္ဂနွေ ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍ ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင် က ပြောကြားသည်။

အဆိုပါ အလှူငွေ ခိုးယူခံရမှု ဖြစ်စဉ်သည် သုံးနှစ် အတွင်း ပထမဆုံး အကြိမ် ခိုးယူ ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း က ဖြည့်စွက် ပြောကြားသည်။

ရွှေတိဂုံ စေတီတော် တနင်္ဂနွေထောင့် ရှိ သံဘာဂျာ တံခါးပိတ် ထားသော ဘိုးဘိုးအောင် ဘုရား အတွင်းရှိ အလှူငွေ များကို ထီးနှင့် ချိတ်ဆွဲ ယူငင် နေသည် ကို ဘုရားဖူး များက တွေ့ရှိတိုင်ကြား ရာမှ ဘုရား လုံခြုံရေးများ က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ခိုးယူသူ ကို ဒဂုံမြိုနယ် ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း အသက် လေးဆယ် ကျော် အရွယ် ရွှေတိဂုံ စေတီ လုံခြုံရေး က ရှင်းပြသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က အဆိုပါ စေတီရှိ အလှူငွေများကို တုတ်တံ နှင့် ထိုးကလော်ခြင်း၊ ပီကေ ကပ် ၍ ခိုးယူခြင်း များရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကဝင် တစ်ဦး က ပြောကြားသည်။

"ဒီမှာတော့ ဘူးရားဖူး တွေဆီက ခါးပိုက်နှိုက်တာ၊ လုယက်တာ၊ ဘုရားက ရွှေခွာ ခိုး တာတွေတော့ ကြားဖူး တယ်။ အဲလို ဘုရားထဲ က ငွေကို ထီးနဲ့ ဆွဲယူတာတော့ မကြားဖူးဘူး" ဟု ရွှေတိဂုံ ဘုရား တောင် ဘက် စောင်းတန်း ရှိ ဈေးသည် တစ်ဦး ဖြစ်သူ ဦးမြင့်စိုးကThe Voice Weekly သို့  ပြောကြားသည်။

ရွှေတိဂုံ စေတီတော်သို့ တစ်ရက်လျှင် ပျမ်းမျှ ဘုရားဖူး ခရီးသည် နှစ်သောင်း ခွဲကျော် လာရောက် လေ့ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် လေးသောင်းခွဲ ကျော်ခန့် လာ ရောက် ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကရုံး၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။

____________________________________
Reference and Credit to -The Voice Weekly

ဘကြီးသက်
Unknown at 8:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ



ဂျပန် နိုင်ငံမှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲဝင်များနဲ့ အတူ တွေ့ရတဲ့ နန်းခင်ဇေယျာ(ညာဘက်မှ ၄ ဦးမြောက်)
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့ နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ခြင်း လည်း ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ယှဉ်ပြိုင်ရမယ့် ပအို့ဝ် တိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ပြိုင်ပွဲဝင် ၆၉ ဦးစလုံးဟာ ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းမြို့ကလေးမှာ လေ့လာစရာတွေ မပြတ်လေ့လာ နေရပါတယ်။
အလှမယ်တွေဟာ စင်ပေါ်မှာ ဘယ်လောက်ပြောဆိုနိုင်သလဲဆိုတာရယ်၊ ရေကူးဝတ်စုံဝတ် အလှပြပြိုင်တာရယ် နဲ့ ပွဲတက်ဝတ်စုံ ၀တ်ပြိုင်ပွဲတွေပေါ် မူတည်ပြီး အမှတ်ရရှိမှာဖြစ်ပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းပြောဆိုနိုင်ရင် မေးခွန်းတွေ ဖြေနိုင်ရင်တော့ ၁၀ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲနှစ်ခုအတွက် ၄၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။
အမျိုးသမီး တဦးရဲ့ ခန္ဓာကိုယ် ကျစ်လျစ်လှပမှုသာမက အတွေးအခေါ်၊ ဗဟုသုတ ပြောဆိုနိုင်စွမ်းတွေကိုပါ အမှတ်ပေး အကဲဖြတ် တဲ့ ဒီပြိုင်ပွဲဟာ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး စကားလက်ဆောင်တွေ ဖလှယ်နိုင်ဖို့လို့ ပြိုင်ပွဲ ရည်ရွယ်ချက်မှာ ထည့်ထားတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ဇာတိဖြစ်တဲ့ နန်းခင်ဇေယျာက ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာ့အလှမယ် (Miss Myanmar) ဆုကို ရခဲ့ပါတယ်။ သူဟာ မယ်မြန်မာ ပြိုင်ပွဲမှာ ၀င်ပြိုင်သလို ခရီးသွားဧည့်လမ်းညွှန် အလုပ်ကိုလည်း လုပ်ကိုင်နေသူ ဖြစ် ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဂျာမန်ဘာသာကို ကောင်းစွာ တတ်ကျွမ်းသူဖြစ်ပြီး လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာကြောင့် အနုပညာဘက်ကို ဒီနှစ်ကမှ စပြီး ၀င်ရောက်လာတာ ဖြစ်တယ်လို့ ပြည်တွင်းက အင်တာဗျူးတခုမှာ ပြောဆိုထားဖူးပါတယ်။
သူဟာ အိုကီနာဝါ ကို အောက်တိုဘာ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅၂ ကြိမ်မြောက် ရှိပြီဖြစ်တဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲရဲ့ နေ့စဉ် လှုပ်ရှားမှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲဟာ ကမ္ဘာမှာ အဆင့် ၄ နေ ရာရှိတဲ့ မယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ၀င်ပြိုင်နေသူတချို့ဟာ အတွေ့အကြုံရှိပြီးသားလူတွေ ပါနေတယ်လို့လည်း မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သဘောထား မှတ်ချက်တွေအရ သိရပါတယ်။
မစ်ဆိုဆိုလိုဂျီ အယ်ဒီတာအဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် တရားဝင်အမှတ်ပေးမှုအရတော့ အကောင်းဆုံး ရိုးရာဝတ်စုံပိုင်ရှင် ထိပ် ဆုံး ၁၅ ဦးထဲမှာ မြန်မာအလှမယ်လေးက နံပါတ် ၉ နေရာက ချိတ်ပါတယ်။ ခရမ်းစေ့ရောင် မြန်မာရင်ဖုံးအင်္ကျီ ၀တ်စုံလေးနဲ့ပါ။ တခြား အာရှက ထိပ်ဆုံးစာရင်းဝင်သူတွေကတော့ အင်ဒိုနီးရှားက နံပါတ် ၁ ဖြစ်ပြီး မွန်ဂိုလီးယားက နံပါတ် ၃ နဲ့ ဂျပန်က နံပါတ် ၄ နေ ရာက ဖြစ်ပါတယ်။ အရင်နှစ်က အကောင်းဆုံး ရိုးရာဝတ်စုံဆုကိုတော့ ထိုင်းနိုင်ငံက ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၄၅ ရာခိုင်နှုန်း အထိ အမှတ်ပေးတဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်သူတွေထဲက ထိပ်ဆုံး ၁၅ ဦးထဲမှာလည်း နန်းခင်ဇေယျာက နံပါတ် ၁၅ မြောက် အရွေးခံထားရပါသေးတယ်။
မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်က သူ့ကိုရွေးချယ်ရပုံကို“နန်း က မြန်မာက ဘာလဲဆိုတာ ကမ္ဘာကို ပြသ လိုက်နိုင်တာပဲ။ ပြီးတော့ သူ ဘီကီနီဝတ်တာက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ သူ့မှာ အလှမယ်တဦးရဲ့ ခန္ဓာကိုယ်အလှမျိုး တသီးတသန့် မရှိပေမယ့်လည်း သူ့ အချိုးအစားက ပြေပြစ်သင့်တင့်တဲ့ ပုံစံပါ”လို့ ရေးထားပါတယ်။
ဘီကီနီဝတ်စုံနဲ့ သူ့ပုံကို မြင်ကတည်းက မြန်မာ အွန်လိုင်း ပရိသတ်အကြား ဝေဖန်မှုတွေ ညံခဲ့သလို ထောက်ခံသူတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းအသုံးပြုသူ အမျိုးသမီးတဦးကတော့ “မြန်မာအမျိုးသား၊ အမျိုးသမီးတွေ ဘာအကျိုးအတွက်မှလည်း မဟုတ်ဘဲ လျှပ်ပေါ်လော်လီ၊ အ၀တ်အစားမျိုးစုံ စရိုက်ပေါင်းစုံ လူမြင်ကွင်းရော လူနောက်ကွယ်ရော ပုံစံမျိုးစုံနေကြတယ်၊ သရုပ်ပျက် ကြတယ်။ အကျင့် စာရိတ္တ ပျက်ကြတယ်။ နန်းခင်ဇေယျာ ကျတော့ ပြိုင်ပွဲစည်းကမ်းအရ ၀တ်တာနဲ့တော့ သပ်သပ်ဆီ လို့မြင်တယ်လေ။ ဒီလောက် လေးတော့ မြန်မာနိုင်ငံသားတွေ နာလည်ပေးလို့ရတယ်”လို့ ဆိုပါတယ်။
အသက် ၂၃ နှစ်အရွယ် နန်းခင်ဇေယျာကို အမျိုးသားရေး စိတ်ဓာတ်အရ မဲပေးကြသူ များပါတယ်။ နှစ် ၅၀ အတွင်း ပထမဆုံး ကမ္ဘာမှာ ပြန်ဝင်ဆံ့လာတဲ့ ပြယုဂ်အဖြစ် သူ့အကြောင်းကို ဂဃနဏ မသိပေမယ့် မြန်မာ နိုင်စေချင်တဲ့စိတ်ကြောင့် နေ့ညမပြတ် မဲပေး နေ သူတွေ အများအပြားပါ။ သူကတော့ မဲပေးသူများကို ကျေးဇူးတင်ကြောင်း မနေ့က ဘီဘီစီ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။
ဧရာဝတီက အွန်လိုင်းပရိသတ်တချို့နဲ့ စကားပြောကြည့်တဲ့အခါ သူ့ရဲ့ အလှဟာ အေးချမ်းပြီး တည်ကြည်နေတာရယ်၊ အပြုံးချိုချိုရယ်ကြောင့် ချစ်ခင်စိတ် မေတ္တာစိတ်တွေ ဖြစ်ရတယ်လို့ ဆိုကြသလို တိုင်းရင်းသားဝတ်စုံတွေ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတာတွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်း ကမ္ဘာသိအောင် ကြေညာလိုက်သလို ဖြစ်တယ်လို့ ဆိုကြပါတယ်။
ပလောင် တိုင်းရင်းသူ တဦးဖြစ်တဲ့ ဒီဂျေ ကတော့ နန်းခင်ဇေယျာဟာ တိုင်းရင်းသူ တဦးဖြစ်တာကြောင့် သတိပြုမိလာတာဖြစ်ပြီး သူ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
“သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံပေါ့။ သူ့ကို မြန်မာ ဆန်ဆန် ၀တ်စုံလေးနဲ့ သူ့ပအို့ဝ်၀တ်စုံလေး ၀တ်တာ ပိုသဘောကျတယ်။ သူ့အလှက အဲဒီလိုဝတ်စုံနဲ့ ပိုပေါ်လွင်သလို ခံစားရတယ်”လို့ ဧရာဝတီ ကို ပြောပါတယ်။
နောက် မဲပေးနေတဲ့ အွန်လိုင်းပရိသတ်တဦးကတော့ နန်းခင်ဇေယျာက ချစ်စရာကောင်းတယ်၊ မြန်မာ ဆိုတဲ့ အယူစွဲကြောင့်သာ မဲပေးနေပေမယ့် ဖက်ရှင်တော့ သိပ်မကျဘူးလို့ မချင့်မရဲ ဆိုပါတယ်။
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် မြန်မာတွေ ကမ္ဘာကို ပြန်လာပြီဆိုတဲ့အသိနဲ့ မဲပေးဖြစ်ခဲ့တာပါ။ မြန်မာ အမျိုးသမီးတယောက်ရဲ့ ရှင်းသန့်တဲ့ အပြုံးကြောင့်လို့ ထင်ပါရဲ့”ဟုလည်း ဘန်ကောက်မြို့မှာနေတဲ့ ကိုသက်ခိုင် က ဆိုပါတယ်။
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ၁၉၆၀ ခုနှစ်ကစခဲ့တာဖြစ်ပြီး ဒုတိယနှစ်ပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် တာ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ စစ်တပ် အာဏာမသိမ်းခင်အထိ မြန်မာမယ်တွေ ကမ္ဘာအထိ ခြေဆန့်နိုင်ခဲ့ဖူးတာ ရှိခဲ့ပေမယ့် အဲဒီနောက် ဆယ်စုနှစ် ၅ စုကျော်မှ နန်းခင်ဇေယျာက ဒုတိယမြောက် မြန်မာအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နောက်ဆုံးပြိုင်ပွဲပြီးတဲ့အခါ ၂၀၁၂ ခုနှစ် နိုင်ငံတကာအလှမယ်အတွက် သရဖူကို မနှစ်က ဆုရခဲ့တဲ့ အီကွေဒေါ နိုင်ငံ က မာရီယာ ဖာနန်ဒါ ကော်နီဂျိုက လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်ရဲ့ မနေ့က နောက်ဆုံး အလှဆုံး ရွေးချယ်မှုစာရင်းမှာတော့ အမေရိကန်ပြည်ထောင်စုက အလှမယ် အမန်ဒါ ရီနေး ဒီဂါဒို(Amanda Renee Delgado) က ထိပ်ဆုံးက ရှိနေပြီး အိမ်ရှင် ဂျပန်နိုင်ငံက အလှမယ် အိကုမိ ရိုရှိမတ်စု(Ikumi Yoshimatsu)က ဒုတိယ နေရာ လိုက်နေပါတယ်။
ထိပ်တန်း ၂၀ စာရင်းဝင် တခြား အာရှနိုင်ငံ ကိုယ်စားပြုမယ်တွေကတော့ ကိုရီးယားက နံပါတ် ၄၊ ဖိလစ်ပိုင်က နံပါတ် ၈၊ အိန္ဒိယက နံပါတ် ၉၊ နယူးဇီလန်က နံပါတ် ၁၀၊ သီရိလင်္ကာက နံပါတ် ၁၂ နဲ့ စင်္ကာပူက နံပါတ် ၁၄ အသီးသီးဖြစ်ပါတယ်။  ။
 ဧရာဝတီ
ဘကြီးသက်
Unknown at 1:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို ဒဂုံမြို့နယ်တရားရုံးမှ ရုံးချိန်းခေါ်ယူထားသော်လည်း ခရိုင်ရုံးမှ စစ်ဆေးဆဲဖြစ်သောကြောင့် ကြားနာစစ်ဆေးမှုမပြုခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထား


thn-10-18-2
အောက်တိုဘာလ 18 ရက်နေ့ ရုံးချိန်းလာရောက်သူများ
သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်တို့အကြား ဖြစ်ပွားနေသောအမှုကို ဒဂုံမြို့နယ်တရားရုံးက ယနေ့(အောက်တိုဘာ ၁၈) တွင် ရုံးချိန်းခေါ်ယူထားသော်လည်း  ခရိုင်ရုံးမှ ယင်းအမှုကိုစစ်ဆေးဆဲဖြစ်သောကြောင့် ကြားနာစစ်ဆေးမှုများ  မပြုလုပ်ခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။
''အခုအမှုကို ခရိုင်ရုံးကလက်ခံစစ်ဆေးမှာဖြစ်တဲ့အတွက် မြို့နယ်ရုံးမှာရှိတဲ့အမှုတွဲကို ခရိုင်ကိုလွှဲထားတာကြောင့် မြို့နယ်တရားရုံးက ကြား နာစစ်ဆေးမှုမလုပ်ဘဲ ရုံးချိန်းပဲပေးတာပါ။ အမှုကြားနာစစ်ဆေးမှုမပြုပေမယ့် တရားလိုရောတရားပြိုင်ရောက ရုံးချိန်းလာကြရမှာပါ။ ဒါက တရားရုံးလုပ်ထုံးလုပ်နည်းတွေကြောင့်ပါ။ ခရိုင်ရုံးက ဒီအမှုအမိန့်မချမချင်း မြို့နယ်ရုံးကစစ်မှာမဟုတ်ဘဲ ရုံးချိန်းပဲပေးနေမှာဖြစ်ပါတယ်''ဟု The Voice ဂျာနယ်မှအကျိုးဆောင် ရှေ့နေဦးဝင်းရွှေက ပြောကြားခဲ့သည်။
တရားရုံးသို့ ရုံးချိန်းအလီလီ လာရောက်နေရခြင်းအပေါ် The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ''ဒီကိစ္စက အချိန် လည်းကုန်တယ်။ အလုပ်ရှုပ်တယ်။ ဒီလိုလာရတဲ့အချိန်မှာ သတင်းအလုပ်တွေလုပ်ရတာပျက်ကွက်တယ်။  ဒီလိုသတင်းအလုပ်ပျက်ကွက်လို့ ကျွန်တော်တို့မှာ နစ်နာတယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်က တစ်ပါးသူနစ်နာအောင်လုပ်ထားတာလည်းမ ဟုတ်တဲ့ကိစ္စကို နစ်နာတယ်ဆိုတဲ့ သဘောနဲ့စွပ်စွဲခံရလို့ စိတ်အနှောင့်အယှက်လည်းဖြစ်ရတယ်။ သို့သော် အခြေအနေက ဒီလိုဖြစ်လာတော့လည်း ရင်ဆိုင်ရတော့တာပေါ့။ ကျွန်တော်ကတော့ တရားစွဲတဲ့ကိစ္စတွေကို နဂိုကလည်း ဖြေ ထားတာလည်းရှိပါတယ်။ တရားစွဲတယ်ဆိုတာက ပဋိပက္ခတစ်ခုရဲ့ နောက်ဆုံးအဆင့်လို့ အဲ့နောက်ဆုံး အဆင့်မတိုင်ခင်မှာ အခြားဖြေရှင်းစရာအဆင့်တွေ အများကြီးရှိပါသေးတယ်။ အဲဒီအဆင့်တွေကိုကျော်ပြီး တရားတန်းစွဲတယ်ဆိုတာ ယဉ်ကျေး တဲ့ လူ့အဖွဲ့အစည်းမှာ လူကြားလို့ မကောင်းတဲ့ကိစ္စလို့ ယူဆတယ်။ တရားစွဲတာမတိုင်ခင် ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်'' ဟုပြောကြားခဲ့သည်။
လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့၌ အနောက်ပိုင်းခရိုင်တရားရုံးတွင် ယင်းအမှုနှင့်ပတ်သက်၍ နှစ်ဖက်လျောက်လဲချက်ပေးကြမည်ဖြစ်ပြီး ဒဂုံမြို့နယ်တရားရုံးကလည်း ယင်းနေ့တွင်ပင် ရုံးချိန်းပေးထားကြောင်း သိရှိရပါသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံးသတင်းအနေဖြင့် ဖော်ပြခဲ့သောကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ဒဂုံမြို့နယ်တရားရုံးသို့ ပုဒ်မ ၅၀၀ ဖြင့်  တရားစွဲရန် ဦးတိုက်လျောက်ထားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့်လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းအမှုကို ဒဂုံမြို့နယ်တရားရုံးက The Voice ဂျာနယ်ကို ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ကြောင်းအမိန့်ကို  စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမိန့်ကို The Voice ဂျာနယ်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ခရိုင်သို့ ပြင်ဆင်မှုလျောက်ထားခဲ့ပြီး  အနောက်ပိုင်းခရိုင်တရားရုံးကလည်း  လျောက်ထားမှုကိုလက်ခံခဲ့ကြောင်း သိရှိရပါသည်။
 EMG
ဘကြီးသက်
Unknown at 1:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုတိယမြောက် ABSDF လူသတ်ပွဲ(သို့) ကေအိုင်အေလည်း သူသှ်ျိုတွေဆိုပြီး အော်နေပြီ

KIA လူသစ်များအတွင်း သူလျှိုများနှင့် စစ်တပ် ထောက်လှမ်းရေး အဖွဲ့များ ပါဝင်လျက်ရှိ မြစ်ကြီးနား၊ အောက်တိုဘာလ ၁၉ ရက် KIA နဲ့ ဗမာစစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း KIA မှ အရာရှိအဆင့် ၂၆၀ ကျော်အပါအ၀င် စုစုပေါင်း ၂၀၀၀ လောက်သေဆုံးခဲ့တယ်။
 သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ အင်အား ၄၀၀၀ လောက်ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲဒီထိခိုက်ဒဏ်ရာ ရသူတွေရဲ့ တစ်ဝက်ကျော်လောက်ဟာ ကိုယ်လက် အင်္ဂါတွေဆုံးရှုံးခဲ့ပြီး ပြန်လည်တာဝန်ထမ်းဆောင်လို့ မရတော့သူတွေဖြစ်တယ်လို့ လိုင်ဇာသတင်းရပ်ကွက်အဆိုအရ သိရပါတယ်။
 KIA စစ်ဘက်ခေါင်းဆောင် တစ်ဦးကတော့ “စစ်ပညာအခြေခံနည်းလို့ဖြစ်တာပါ။ ငြိမ်းချမ်းနေတုန်းက စစ်ပညာဟုတ်တိပတ်တိ မသင်ခဲ့ဘူး။ တကယ်စစ်တပ်နဲ့တိုက်ပွဲဖြစ်တော့ ထိခိုက်ကျဆုံးမှုများတယ်။ သူတို့ စစ်တပ်နဲ့တော့ ဘယ်တူမလဲဗျာ။ တစ်ချို့ကိုလည်း အလွယ်တကူခေါ်သုံးထားရတာ။ သေနတ်ပစ်တတ်တယ် ဆိုရုံပဲရှိတယ်။ စစ်နည်းဗျူဟာပိုင်း ဆိုတာကတော့ ဝေးရော”လို့ ပြောပါတယ်။ တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ တစ်နှစ်လောက်အတွင်း KIA မှာ ဘာကြောင့်ဒီလောက် ထိခိုက် ကျဆုံးခဲ့ရသလဲလို့မေးတော့ သူကဒီလိုဆက်ပြောပါတယ် “စစ်တိုက်တယ်ဆိုတာ သေနတ်ပစ်တတ်ရုံနဲ့ မရဘူးဗျ၊ အဓိက စစ်နည်းဗျူဟာလိုတယ်။ ကျုပ်တို့အဖွဲ့တွေက ရန်သူလက်နက်ကြီး ပစ်နေပါတယ် ဆိုမှ စုပြီးထိုင်နေတယ်။ နေရာယူဆိုတော့လဲ စုပြုံပြီးနေရာယူတယ်။ အဲဒီမှာတင် ရန်သူ့လက်နက်ကြီးကျပြီး အတုံးအရုန်းသေကြတယ်။ ဒါကြောင့် အခုလူသစ်တွေကို သေနတ် ပစ်တတ်ရုံတင်မက စစ်နည်းဗျူဟာပါ သင်ဖို့လုပ်နေရတယ်။” KIA မှာ အသေအဆုံးတွေများလာတဲ့အတွက် လူသစ်စုဆောင်းရေးကို အရေးကြီးလုပ်ငန်းတစ်ခု အဖြစ် ဆောင်ရွက်နေရပါတယ်။

လူမျိုး၊ အသက်အရွယ်၊ ကျန်းမာရေး၊ ဒါတွေမစဉ်းစားတော့ဘဲ အရေအတွက်ပြန်ပြည့်ဖို့သာ ဦးစားပေးစုဆောင်းနေရပါတယ်။ အဲဒီလို စုဆောင်းတာဟာ ဒေသခံတွေရဲ့ KIA အပေါ် နာကျည်းမှုကိုဖြစ်စေပါတယ်။ ဒါဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးတွေအတွက်တော့ အကွက်ကောင်းပါပဲ၊ စစ်တပ်က ကချင်ပြည်နယ်ဒေသခံတွေရဲ့ ထောက်ခံမှုပိုရလာသလို တစ်ဘက်မှာ လည်း သူလျှိုတွေ၊ စစ်တပ်ထောက်လှမ်းရေးတွေကို KIA စုဆောင်းတဲ့ သူသစ်တွေထဲမှာ အလွယ်တကူ ထည့်လိုက်လို့ရတယ်။

 KIA တပ်မဟာ(၂)က အင်အား ၄၀ လောက်ဟာ ဝမ်းပလားရွှေမှော်၊ ဝှေပီရွှေမှော်၊ တုံမဏီရွှေမှော်၊ နမ့်ကွမ်းရွှေမှော်နဲ့ ပရင်းတောင် ရွှေမှော် တွေဘက်မှာ အောက်တိုလာလ ၈ ရက်နေ့လောက်ကစပြီး လူသစ်တွေစုခဲ့ပါတယ်။ စုစုပေါင်း လူသစ် ၁၀၀ လောက်ရတယ်လို့ အထက်ကို အစီရင်ခံခဲ့တယ်။ အဲဒီစုလို့ရတဲ့လူသစ်တွေကို တနိုင်းချောင်းအတိုင်း စက်လှေနဲ့ တပ်ရင်း(၁၄)ရှိတဲ့ ထရီဘွမ်ကိုခေါ် သွားခဲ့တယ်။ အဲဒီအဖွဲ့ထဲမှာ သူလျှိုတွေနဲ့ စစ်တပ်ထောက်လှမ်းရေးတစ်ချို့ ပါသွားတယ်လို့ ကြားရတယ်။

ဒီအဖွဲ့တွေကို လေ့ကျင့်ပြီး KIA ဗဟိုဌာနချုပ်လို နေရာမျိုးနဲ့ အရေးကြီးနေရာတွေမှာသာ တာဝန်ပေးမိရင် KIA အတွက် အလွန်အင်မတန်မှ အန္တရာယ်ကြီးကြောင်း၊ KIA အရာရှိတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံမှ သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ KIA ဗဟိုနဲ့ တပ်မဟာတွေရဲ့သတင်းတွေကို စစ်တပ်က ကြိုသိနေတာဟာ KIA အတွင်းမှာ စစ်တပ်ရဲ့ ထောက်လှမ်းရေးတွေ တော်တော်များများ ထိုးဖောက် ထားနိုင်လို့ဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်း အထိတောင် ချဉ်းကပ် ဝင်ရောက် နေပြီလို့ဆိုပါတယ်။ တရုတ် ထောက်လှမ်းရေး တွေကတော့ KIA အတွင်းမှာ စစ်တပ်သူလျှို ၂၀၀ ကနေ ၃၀၀ လောက် အထိတောင် ရှိနေပြီလို့ပြောပါတယ်။

 ဒီကိစ္စတွေရဲ့ အဓိက အကြောင်းအရင်းဟာ လူသစ်တွေကို မစိစစ်ဘဲ စုဆောင်း ခဲ့တာကြောင့်ဖြစ်ကြောင်း၊ အခု အဲဒီ လူသစ်တွေဟာ KIA ရဲ့အရေးကြီးနေရာတွေ အထိ ရောက်ရှိနေပြီ ဆိုတဲ့အကြောင်းနဲ့ ဒါဟာ KIA အတွက် ကြီးမားတဲ့ အန္တရာယ်တစ်ရပ် ဖြစ်ကြောင်း မြန်မာ-တရုတ် နယ်စပ် သတင်းတွေ အရ သိရှိရပါတယ်။
 ref:အမေ့အိမ်

ဘကြီးသက်
Unknown at 1:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ


From : hot news

 မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းကတော့ ခရီးတစ်ဝက်ရောက်လုနီးပါပြီ။ ၂၀၁၅မှာ ရွေးကောက်ပွဲကြီးပြန်စတော့မယ့်သမ်္မတအသစ်၊ ပါတီအသစ်နဲ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ချီတက်မလား၊ ဒါမှမဟုတ်အဟောင်းထဲကအကောင်းတွေကိုရွေး ထုတ်ပြီး-ရောသမမွှေကြမလားဆိုတာ-၂၀၁၅ကတော့ ရင်တမမနဲ့ စောင့်ကြိုနေလေရဲ့။
နိုင်ငံရေးပါတီတွေ၊ သင်တို့ရဲ့ပါတီဝင်ကဒ်ပြားအရေအတွက်ကိုကြည့်ပြီးပီတိဖြစ်မ နေကြပါနဲ့၊ ပါတီဝင်တွေအပေါ်မှာလုံးဝဥဿုံယုံကြည်မူ့အပြည့်ရှိနေကြလား။ ပြည်သူတွေထဲမှာ လူတစ်ယောက်ကပါတီဝင်ကဒ်ပြားဘယ်နှစ်ခု ကိုင်ဆောင်ကြသလဲဆို တာအဖြေရှာကြပါ။ အမာခံတွေမွေးထုတ်ပေးဖို့ သင်တို့ပါတီတွေကဘာတွေစွမ်းဆောင် ပေးပြီးပြီလဲ။ ပြည်သူတွေကတော့မဲဆန်္ဒပြုပြီး-သင်တို့ကိုအပေါ်ရောက်အောင်တွန်းတင် ပေးလိုက်တယ်။ အပေါ်လည်းရောက်သွားတော့-အောက်ကတွန်းတင်ပေးလိုက်တဲ့ မဲဆန်္ဒရှင် ပြည်သူတွေကိုဘာမှပြန်မကြည့်ကြတော့ဘူး၊။ မဲဆွယ်စည်းရုံးတဲ့- ကိုရွှေစည်းရုံးရေးမှူးတွေရဲ့မျက်နှာကိုလည်းရွှေးကောက်ပွဲပြီးကမမြင်ရတော့ဘူး၊ သူတို့ခင်းပေးတဲ့လမ်းတွေလည်းပတ်ကြားတွေအက်-ရေညှိတွေတက်နေပြီ။
ပါတီဝင်ကဒ်တွေကိုင်ဆောင်ပြီး-နဝေတိမ်တောင်ဖြစ်နေကြတဲ့ပါတီဝင်တွေရဲ့ ဘ၀တွေကို ဂရုပြုမိကြရဲ့လား။ ရပ်/ကျေးတွေမှာက တစ်ပါတီထဲရှိတာမဟုတ်ဘူးနော်- သူ့ထက်ငါအပြိုင်ဆိုင်ကြဲနေကြတာ အားလုံးအသိပါ။ အပေါ်မှာတော့မသိဘူး-အောက်မှာကတော့ ဘယ်ပါတီကလက်မထောင်နေလည်းဆိုတာအသာလေးစောင့်ငဲ့    ကြည့်ကြအုံး။ ပါတီသာဝင်ထားကြတယ် အခအုချိန်ထိ ဘာမှဖြစ်မလာသလို ဘာမှလည်း  ပြောင်းလဲခြင်းမရှိလာပါဘူး။ အရပ်စကားနဲ့ပြောရရင် ““ ဒုံရင်းကဒုံးရင်း ”” ပါဘဲ။
ဘာဘဲဖြစ်ဖြစ်-NLD  ပါတီကတော့ သူ့ပါတီဝင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်များနဲ့ အလုပ်လက်မဲ့ပြဿနာတွေ မဖြစ်ဘို့အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ဘို့မြို့နယ်အလိုက် သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဘို့ NLD ဥက္ကဌဒေါ်စုကြည် ကိုယ်တိုင်က မြို့နယ်တွေဆင်းပြီး သူပါတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးလို့ ကတိဂ၀တ်တွေ ပေးနေတာတွေ့ရပါတယ်။ ဒါဟာသူ့ပါတီဝင်တွေအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုဘဲလေ။
ပါတီတစ်ခုရေရှည်တည်တံ့ဖို့အတွက် အဲဒီပါတီမှာ အမာခံအင်းအားလိုပါတယ်။အဲ့ဒီအမာခံတွေဟာသူရဲ့ပါတီအပေါ်မှာ သစ်္စာရှိတဲ့အမာခံတွေဘဲဖြစ်ဖြစ်ရမယ်။ ဘယ်သူတွေစည်းရုံးစည်းရုံ၊ ဘယ်ပါတီကပဲ မဲဆွယ်ဆွယ်ကိုယ့်ပါတီမှကိုယ်ပါတီဘဲဆိုတဲ့ သံမဏိစိတ်ဓါတ်မျိုးရှိနေရပါမယ်။ တချိန်ကအရှိန်ဝါတွေသုံးပြီးပါတီဝင်အင်းအားနဲ့ကဒ် ပြားတွေအများကြီးထုတ်ပေးခဲ့တဲ့ ပါတီကြီးတွေကတော့ အခုချိန်မှာမိမိပါတီဝင်တွေကို ပြန်လည်ဆန်းစစ်ဖို့ အမာခံပါလို့သတ်မှတ်ထားတဲ့ မိမိတို့ရဲ့ပါတီဝင်တွေ ပါတီအပေါ်မှာ ယုံကြည်သက်ဝင်မူ့ ရှိမရှိ ဆန်းစစ်ဖို့လိုနေပါပြီ။
၁၉၉၀-ပြည့်ရွေးကောက်ပွဲကာလတုန်းက(တ.စ.ည)ရဲ့ပါတီဝင်အင်အားဟာ ကဒ်ပြားအရေအတွက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင်းကို မယှဉ်နိုင်စရာ မရှိပါဘူး။ (တ.စ.ည)ရဲ့အရန်ပါတီဖြစ်တဲ့ တောင်သူလယ်မား စည်းလုံးညီညွှတ်ရေး ပါတီ၊ အလုပ်သမား စည်းလုံးညီညွှတ်ရေးပါတီ၊ လူငယ်စည်းလုံးညီညွှတ်ရေးပါတီ ဆိုတဲ့ အရန်ပါတီ(၃)ခု ကလည်း(တ.စ.ည)ကိုဝန်းရံပေးထားကြတယ်။ အဲဒီတုန်းက (မ.ဆ.လ)ရဲ့ အရှိန်အ၀ါကလည်း အငွေအသက်ကျန်သေးတော့(တ.စ.ည) အတွက် အင်အားစုရတာသိပ်မခက်ခဲ့ပါဘူး။ ဒါကြောင့်လည်း (တ.စ.ည)ရဲ့ အကြီးအကဲပိုင်းက အနိုင်လို့ယူဆခဲ့ကြတယ်။ ဒါပေမဲ့တကယ်ရွေးကောက်ပွဲရလဒ်မှာတော့၊ (NLD)ကို အပြတ်သတ်ရှုံးနိမ့်ခဲ့တယ်။ ဒါသင်ခန်းစာယူစရာပါ။ ကဒ်ပြားဟာကဒ်ပြားဘဲ၊ ကဒ်ပြားသည် အမာခံမဟုတ်ဆိုတာ သတိချပ်စေချင်ပါတယ်။ ဒီတော့ကား အချိန်ရှိခိုက် လုံးလစိုက်ပြီး မိမိပါတီဝင်တွေရဲ့ ဘ၀တစိတ်တဒေသကို အောက်ခြေအထိဆင်းပြီး ကြည့်ရပါမယ်။ ကိုယ်ပါတီဝင်တွေ ဘာတွေလိုအပ်သလဲ ဘာအခက်အခဲတွေရှိနေလဲ၊ ဘာတွေလုပ်ပေးဘို့လိုအပ်သလဲဆိုတာ၊ ပါတီအကြီး အကဲတွေ ဆန်းစစ်ဖို့တော့လိုနေပြီ။
ဟိုတစ်လောတုန်းက ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ မြို့နယ် အလိုက်ပြည် သူလူထု(ပါတီဝင်)တွေအတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ချပေးခဲ့ပေမယ့်လည်း အဲဒီချေးငွေတွေဟာ ပြည်သူလူတု (ပါတီဝင်)တွေအပေါ်မှာ ကျိုးသက်ရောက်မှု့မရှိခဲ့ဘူး မြို့နယ်အကြီးအကဲပိုင်းကဘဲမိမိတို့ ကိုကျိုးအတွက် အသုံးချသွာကြသည်။
ရပ်ကွက်ထဲမှာနေ့ပြန်တိုး၊ မတ်တိုးတွေယူပြီး စားဝက်နေရေးအတွက် ဘ၀ကို ဆင်းဆင်းရဲရဲရုန်းကန်နေရတဲ့လူတွေဆီမှာ ဘယ်ပါတီက ကဒ်ပြားကို ကိုင်ဆောင် ထားကြသလဲ ဆိုတာလေ့လာကြည့်ပါ။ ထမင်းမကျွေးတဲ့ အဲဒီကတ်ပြားတွေကို သူတို့ဘယ်လောက်ကြာကြာကိုင်ဆောင်ထားနိုင်ကြမလဲ။ သူတို့တွေဆီက ထောက်ခံမဲတစ်ပြားကိုအားမနာလျှာမ  ကျိုးနဲ့ရယူပြီး အမတ်လောင်းဖြစ်သွားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သူတို့ရဲ့ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကို ဘယ်အချိန် ကာလအထိ စောင့်စားခိုင်းအုံးမှာလည်း။
ကိုယ်အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်ကပြည်သူတွေစီးပွားရေးကြပ်တည်းမူ့၊ ဆင်းရဲနွမ်းပါး မူ့၊ အလုပ်လက်မဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရမူ့တွေကို ၂၀၁၅ မတိုင်ခင်ကွင်းဆင်းလေ့ လာကြပါအုံး၊ နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မိမိတို့ပါတီဝင်တွေက မိမိတို့ကို ထောက်ခံအားပေးနိုင်တဲ့ အင်အားတွေရှိကြသေးရဲ့လားလို့၊ သူတို့ဘ၀၊ သူတို့စားဝတ်နေရေးအတွက်၊ သူတို့အားကိုအားထားပြုတဲ့ပါတီကြီးက ဘာတွေနဲ့ ချွေးသိပ်ပြီးပြီလဲ၊ ““အူမတောင့်မှသီလစောင့်တယ်””ဆိုတဲ့ မြန်မာစကားရပ်တစ်ခုလို (NLD) က အလုပ်လက်မဲ့ပြဿနာအတွက် ခင်းပေးတဲ့လမ်းမကြီးပေါ်ကို မိမိပါတီဝင်တွေ တက်မလျှောက်ကြဘူးလို့ ဘယ်သူက အာမခံချက်ပေးနိုင်လို့လဲ။ဆင်းရဲသားပြည်သူလူထုရဲ့ဘ၀မှာ စားဝတ်နေရေးသာပထမ၊ နိုင်ငံရေးဆိုတာ ဒုတိယလေ၊ ဒီတော့တိုင်းပြည်အတွက်လို့ ဘယ်လိုပဲပြောနေနေ တိုင်းပြည်ဆိုတာ ပြည်သူတွေရှိလို့ဖြစ်လာတာပါ။ ပြည်သူတွေချမ်းသာမှ တိုင်းပြည်ချမ်းသာမယ်ဆိုတာ ကတော့ အမှန်တကယ်လက်တွေ့ကြတဲ့ အမှန်တရားတစ်ခုဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ်မဟုတ်ဘူးဆိုတာကိုတော့ အမှန်တကယ်လက်တွေ့ကြတဲ့ အမှန်တရား တစ်ခုဆိုတာ ဘယ်သူမှငြင်းလို့ရမှာ မဟုတ်ဘူးဆိုတာကိုတော့ ပါတီခေါင်းဆောင် ပုဂ်္ဂိုလ်များ သိထားစေချင်ပါတယ်ခင်ဗျာ။

ဘကြီးသက်
Unknown at 1:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.