Friday, July 20, 2012

အခြေခံ လုပ်ခလစာ တွက်ချက်ရန် အတွက် UMFCCI ထံမှ သဘောထား မှတ်ချက်ရယူ

ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ တွေမှာ လုပ်ကိုင် နေကြတဲ့ လုပ်သားတွေ အတွက် ထိုက်သင့်တဲ့ အခြေခံ လုပ်ခလစာ ညှိနှိုင်းပေးနိုင်ဖို့ တွက်ချက်မှုနဲ့ ပတ်သက်ပြီး UMFCCI ထံမှ သဘောထား မှတ်ချက် ရယူ ထားတယ်လို့ အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရပါတယ်။ အခုလို အခြေခံ လုပ်အားခကို သတ်မှတ် ပေးဖို့ အတွက် လုပ်ငန်း အမျိုးအစား အလိုက် နေရာ ဒေသအလိုက် နှုန်းထားတွေ မတူညီဘဲ ကွာခြား နိုင်တာ ဖြစ်ပါတယ်။ UMFCCI မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ လက်ရှိမှာ အခြေခံ လုပ်ခလစာ တိုးမြှင့်မှုဟာ ခေတ္တ ဖြေရှင်းမှုသာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

အဆိုပါ ပြောကြားချက် အရ လုပ်ခလစာ တိုးမြှင့်ရာမှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး နှစ်ဖက် အစဉ်ပြေ စေဖို့ အတွက် အရည်အချင်း ရှိတဲ့ လုပ်သား တွေဖြစ်ဖို့ လိုအပ်သလို လုပ်ငန်းရှင် တွေဘက် ကလည်း တိုးမြှင့် ပေးလိုက်တဲ့ လစာ နဲ့အညီ ထုတ်ကုန် ကောင်းမွန်ဖို့၊ ထုတ်ကုန် ၀ယ်လိုအား ကောင်းမွန်ဖို့ တွေလည်း လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်သားတွေ ရေရှည် အဆင်ပြေစေဖို့ လုပ်ခလစာ တိုးမြှင့်မှု သာမက ကျန်ရှိတဲ့ ကုန်ကျ အသုံးစရိတ် တွေပါ ကျဆင်း လာဖို့ လိုအပ် တယ်လို့ သုံးသပ် ထားပါတယ်။

လက်ရှိ မှာတော့ အလုပ်သမား ၀န်ကြီး ဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ၊ လုပ်သားတွေ ညှိနှိုင်းပြီး အထည်ချုပ် လုပ်သားတွေ အတွက် တစ်နေ့ကို လုပ်ခကျပ် တစ်ထောင် အခြေခံ အဖြစ် အဆိုပြု ပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ စုပေါင်းပြီး စက်ရုံ၊ အလုပ်ရုံရှိ အလုပ်သမား ကိစ္စရပ်တွေရဲ့ စုပေါင်း တောင်းဆိုမှု တွေကို လိုက်လံ ဖြေရှင်းပေး ရာမှ ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံ တစ်ရုံသာ ကျန်ရှိတော့ တယ်လို့ သိရပါတယ်။ ဒီလိုဖြေရှင်း ပေးမှုတွေကို ပြုလုပ်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံ အလုပ်ရုံပေါင်း ၇၀ ကျော် မှာလည်း လုပ်သား တွေရဲ့ စုပေါင်း တောင်းဆိုမှုတွေ ဖြေရှင်းပေးပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ဘကြီးသက်
Unknown at 8:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ၁၀ ဦး ရန်ကုန်တိုင်းအစိုးရ ဆုချီးမြှင့်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာ တနိုင်ငံလုံး အမှတ်အများဆုံးရရှိပြီး အဆင့် ၁  မှ ၁ဝ အထိ စာရင်းဝင်ခဲ့ကြသော ကျောင်းသူ/ကျောင်းသားများအား ရန်ကုန်တိုင်း အစိုးရက ဇူလိုင်လကုန်ပိုင်းတွင် ဆုချီးမြှင့်သွားမည်ဟု တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောသည်။

“အဆင့် ၁ ကနေ ၁၀ အထိ စာရင်းဝင် ကျောင်းသား/ကျောင်းသူ အရေအတွက်ကို သက်ဆိုင်တဲ့ ဌာနတွေကနေ တဆင့် တောင်းယူနေပါတယ်။ ဆုချီးမြှင့်ပွဲကို ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပမှာ ဖြစ်ပေမယ့် ရက်အတိအကျ မထွက်သေး ပါဘူး” ဟု ဆိုသည်။

ယခင်နှစ်များက အမှတ်အများဆုံးရရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/ကျောင်းသား များအား အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ဆုချီးမြင့်ခဲ့သော်လည်း ယခုနှစ်တွင် အစိုးရက စတင် ဆုချီးမြှင့်လာခြင်းဖြစ်သည်။

ပွဲကျင်းပခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို  ဇူလိုင်လ တတိယပတ်အတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသတွင်းမှ ကျောင်းသူ/ကျောင်းသား ဦးရေ ၁ သိန်းကျော် ဝင်ရောက် ဖြေဆိုခဲ့သည်ဟု နိုင်ငံပိုင် MRTV4 သတင်းဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။


ဘကြီးသက်
Unknown at 7:05 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေဓာတ်ငွေ့ဖြင့် ကားမောင်းခြင်း စမ်းသပ်မှု အောင်မြင်၍ ဈေးကွက်သို့ ထိုးဖောက်ရန် ပြင်ဆင်



Photo



မြန်မာအင်ဂျင်နီယာ နှစ်ဦးတည်းဖြင့် တီထွင်ထားသော ရေဓာတ်ငွေ့သုံး ကိရိယာကို ကားတွင် တပ်ဆင် အသုံးပြုခြင်းအား သက်ဆိုင်ရာသို့ တင်ပြတော့မည် ဖြစ်ပြီး  လူများလက်ခံလာပါက ဈေးကွက်သို့ ထိုးဖောက် ရောင်းချမည် ဖြစ်ကြောင်း ၎င်းစီမံကိန်းကို လုပ်ကိုင်နေသူ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။


သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာကြီး တစ်ဦးတို့ ပူးပေါင်း တီထွင်လိုက်သော ရေဓာတ်ငွေ့ ကိရိယာဖြင့် ပူးတွဲ၍ ကားမောင်းခြင်းကို လွန်ခဲ့သော လေးနှစ်ကျော်မှ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တီထွင်နေစဉ်ကာလ လေးနှစ်ကျော် အတွင်းတွင် internet စာမျက်နှာများ၊ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းနှင့် ကျမ်း ထောင့်နှစ်ရာကျော်ခန့်ကို မှီငြမ်းကိုးကား၍ ဖတ်ခဲ့ရကြောင်း သိရသည်။


“မြန်မာအင်ဂျင်နီယာ နှစ်ယောက်တည်းရဲ့ ဦးနှောက်နဲ့ လုပ်တာကို ဘယ်နိုင်ငံသွားသွား စပြောခံရတာ မယုံဘူးပဲ။ မင်းတို့နောက်မှာ တရုတ်ရှိတယ်ပေါ့။ အဲဒီတော့ငါတို့ တရုတ်ဦးနှောက် တစ်စက်မှ သုံးမထားဘူး။ တပ်ဆင်ထားတဲ့ ပစ္စည်းကအစ မြန်မာပစ္စည်း အစစ်ပဲလို့ ပြောခဲ့တယ်” ဟု ဦးကျော်ကျော်က ၎င်းတို့၏ နိုင်ငံတကာ အတွေ့အကြုံများကို ပြောပြခဲ့သည်။


ရေဓာတ်ငွေ့ နည်းပညာကို ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၉၀ ခန့်မှစ၍ တွေ့ရှိခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင်မူ စမ်းသပ်အောင်မြင်ပြီး ဈေးကွက်သို့ ထိုးဖောက်ရန် အားယူဆဲ အခြေအနေ ဖြစ်သည်။ ရေဓာတ်ငွေ့ဖြင့် မောင်းနှင်ခြင်းသည် ထည့်သွင်းရမည့် ရေပမာဏမှာ ၁ လီတာခန့်ကို မိုင် ၆၀၀ ကျော်ကျော်ခန့် သွားနိုင်ကာ ရေထဲတွင် သတ္တုအနီရောင်များ အနည်ထိုင်လာမှသာ ရေအသစ်လဲရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာ တွင်တွင်ကျယ်ကျယ် သုံးမည်ဆိုပါက ဓာတ်ငွေ့ ထုတ်ပေးသည့် စက်ကိုသာ ရောင်းပေးမည်ဖြစ်ပြီး အသုံးပြုမည့်သူမှာ ရေသာထည့်ရန် လိုအပ်ကြောင်း သိရသည်။ အသုံးပြုရမည့် ရေမှာလည်း သောက်ရေသန့်မှလွဲ၍ မည်သည့် ရေကိုမဆို အသုံးပြု၍ရကြောင်း သိရသည်။


မော်တော်ယာဉ်အား သော့ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဂတ်စ်ကို ထုတ်ကာ သော့ပိတ်လိုက်လျှင် အလိုအလျောက် ဂတ်စ်ပိတ်ပေးကြောင်း၊ ဂတ်စ်ဖွင့်သည့်အခါ ဆေးလိပ်သောက်ခြင်း၊ မီးခြစ်ခြစ်ခြင်းများအား ရှောင်ကြည်ရမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေဓာတ်ငွေ့အား အင်ဂျင်များဖြင့် ပူးတွဲသုံးပါက အင်ဂျင်စွမ်းအား ၂ ဆမှ ၃ ဆ အထိတိုးမြှင့်ကာ မလိုအပ်သော မီးခိုးမည်းများ ထွက်ရှိမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျစေသည်။ ရေဓာတ်ငွေ့ထဲမှ အောက်ဆီဂျင်အား အသုံးပြုခြင်း ဖြစ်သောကြောင့် ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်မှုအား အထောက်အကူပြုခြင်းဖြစ်ကာ ဟိုက်ဒရိုကာဗွန် (ခ) ကာဗွန်ချိုး (ဂျိုး) များအား လောင်ကျွမ်းစေပြီး အင်ဂျင်အတွင်းပိုင်း သန့်ရှင်းစေ၍ အင်ဂျင်သက်တမ်း ရှည်စေကြောင်း သိရသည်။


ကားတစ်စီးချင်း အနေနှင့် တပ်ဆင်လိုလျှင် ၁၃၅၀ စီစီ အင်ဂျင်အတွက် ၁၀ သိန်းကျော်ခန့်၊ ၁၅၀၀ စီစီမှ ၂၀၀၀ စီစီအတွက် ၁၅ သိန်းကျော်ကျော်ခန့်၊ ၁၀ ဘီးကားကြီးများအတွက် သိန်း နှစ်ဆယ်ကျော်ခန့် ကုန်ကျမည်ဖြစ်ကာ အင်ဂျင်ပါဝါနှင့် Condition ပေါ်မူတည်ကြောင်း သိရသည်။ ၎င်းရေဓာတ်ငွေ့ကိရိယာကို မော်တော်ကားများသာမက မီးစက်အင်ဂျင်ကြီးများ၊ မြစ်ရေတင် စီမံကိန်းများ၏ အင်ဂျင်များနှင့် ပင်လယ်ပြင်ထွက် သင်္ဘောကြီးများ၊ မီးရထားများတွင်ပါ တပ်ဆင်အသုံးပြုနိုင်ကြောင်း သိရသည်။
မိုးငယ်
ပေါ်ပြူလာ သတင်း ။ ရတနာပုံ သတင်း  
 (မှတ်ချက်) ၀ယ်ယူရန် စုံစမ်းမေးမြန်းခြင်းသည်းခံပါဟု ဘကြီးသက်မှတောင်းပန်ပါသည်။ သတင်းစတင်ရေးသားသူ ကို စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည် ။
အမှန်တကယ် ၀ယ်လို့ရမည် ဆိုလျှင်တော့ ဘကြီးသက် ၀ယ်စီးပါမည်။

ဘကြီးသက်
Unknown at 4:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟက်ကာများကြောင့် အင်တာနက်လုံခြုံရေး တိုးမြှင့်သင့်ကြောင်း သုံးသပ်မှုများရှိ



From : ခေတ်လူငယ်
ဦးတည်ရာမဲ့ တိုက်ခိုက်လျက်ရှိသည့် ပြည်တွင်းပြည်ပရှိ ဟက်ကာအချို့ကြောင့် အင်တာနက် အသုံးပြုသူများ၊ ဝက်ဘ်ဆိုက်တည်ထောင်သူများ၊ ဌာနဆိုင်ရာများ အနေဖြင့် အင်တာနက် လုံခြုံရေးဆိုင်ရာ ကာကွယ်မှုများကို ပိုမိုတိုးမြှင့်သင့်ပြီဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် နည်းပညာအသိုင်းအဝိုင်းမှ ပညာရှင်များက သုံးသပ်ပြောကြားသည်။ “အခြေအနေက ပြည်တွင်းမှာ စိုးရိမ်စရာ အကောင်းဆုံးအချိန်လို့ ပြောလို့ရတယ်။ တိုက်ခိုက်တဲ့သူတွေက သူတို့ Internet User ကို တိုက်ခိုက်ချင်တာလား၊ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို တိုက်ချင်တာလား မသိဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘဲ လုပ်တာတွေ တွေ့ရတယ်။ အဆိုးဆုံးက User နဲ့ Admin တွေပဲ။ တော်တော်များများ ကိုယ့်အီးမေးလ်၊ ကိုယ့်ဝက်ဘ်ဆိုက်မှာ အခြေခံကာကွယ်မှုတွေ ရှိသင့်တယ်ဆိုတဲ့ Awareness တောင် မရှိကြဘူး” ဟု လက်ရှိ တိုက်ခိုက်နေမှုများ အပေါ် နိုင်ငံတကာအသိအမှတ်ပြု MST သင်တန်းကျောင်းမှ ပညာရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ နောက်ပိုင်းမှ စတင်၍ ပြည်တွင်းရှိ ဝက်ဘ်ဆိုက်များ၊ User တစ်ဦးချင်းထံ တိုက်ခိုက်မှုများမှာ ဆက်တိုက်ဖြစ်ပွားလာရာ တဖြည်းဖြည်းနှင့် အကျိုးမဲ့တိုက်ခိုက်လိုသူ အရေအတွက်မှာ ပိုမိုများပြားလျက် ရှိနေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောသည်။ လက်ရှိ ပြည်တွင်း User များ တိုက်ခိုက်ခံရမှုများတွင် Virus ပါဝင်သည့် Link များ ပေးပို့ခြင်း၊ ဥပမာအားဖြင့် G mail, G talk ကျော်ဝင်နိုင်သည့် ဝက်ဘ်ဆိုက်များ ဝေမျှပေးခြင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းပုံစံမှာ နိုင်ငံအများစုမှ ဟက်ကာများ ကျင့်သုံးသည့် Phishing စနစ်ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို ခံရပါက မိမိ၏ E-mail မှတစ်ဆင့် Facebook, Twitter များမှ မိမိ၏ စာမျက်နှာများကို ထိန်းချုပ်နိုင်ခြင်း၊ Post လုပ်နိုင်ခြင်း၊ Share လုပ်ခြင်းများအထိ ထိန်းချုပ်နိုင်ကြောင်း သိရသည်။ နည်းအမျိုးမျိုး အသုံးချ၍ တိုက်ခိုက်လျက်ရှိသည့် ဟက်ကာများနှင့် ပတ်သက်၍ ၄င်းတို့၏ ရည်ရွယ်ချက်အား ပညာရှင်များက အမျိုးမျိုးသုံးသပ်ကြသည်။ တိုက်ခိုက်သူများတွင် အချို့က နိုင်ငံရေး အမြတ်ထုတ်ရန် တိုက်ခိုက်ခြင်း၊ အင်တာနက် အသုံးပြုသူများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့စေရန် ရည်ရွယ်ခြင်းနှင့် အဆိုးရွားဆုံးမှာ ဟက်ကာအမည်ခံ၍ တိုက်ခိုက်လိုသူများအနေဖြင့် ပြည်တွင်းအင်တာနက် သုံးစွဲသူများ၏ အရည်အချင်းများ နိမ့်ကျစေရန်၊ အွန်လိုင်းကျွမ်းကျင်သူ အရေအတွက် နည်းပါးစေရန် ပြုလုပ်ကြခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 2:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗန်းမော် ရှပ်ပြေးယာဉ် တိမ်းမှောက်မှု နောက်ဆုံးရသတင်း


ယနေ့ ရှပ်ပြေးရေယာဉ်တိမ်းမှောက်တဲ့ ဗန်းမော် ဆိပ်မှာ ကယ်ဆယ်ရေးများကို တွေ့ ရစဉ်
ယနေ့ မနက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ ကနေ ကသာ မြို့ ကို ထွက်ခွါသွားတဲ့ ရှပ်ပြေးရေယာဉ်ဟာ ထွက်ထွက်ချင်းမှာ တိမ်းမှောက်မှုဖြစ် ပွါးခဲ့ပါတယ်။ ဒေသခံတွေကတော့ တိမ်မှောက်မှုဖြစ်ပွါးတဲ့ နေရာ
ဟာ ဗန်းမော် ရှပ်ပြေဆိပ်ကမ်း အနီး ဧရာဝတီမြစ်ထဲမှာပဲ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှပ်ပြေးရေယာဉ်ပေါ်မှာ လူ(၁၀၀)ကျော် ပါရှိပြီး မြစ်ကြီးနား ကျောင်းသား အားကစားပွဲတော်ကို သွားတဲ့ သူတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။ အခုရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ဗန်းမော်ကနေ မြစ်ကြီးနားကို တိုက်ရိုက်သွားလို့ မရပဲ ကသာ-နာဘား ဘူတာကနေ ရထားနဲ့ မြစ်ကြီးနား
သွားကြမဲ့ ကျောင်းသားတွေလို့ သိရပါတယ်။

ရှပ်ပြေရေယာဉ်ပေါ်မှာ ပါသွားတဲ့  ဗန်းမော် uni ကဘောလုံးသမား ၂၀ ကမ်းပေါ်ကို  ပြန်ရောက်ပြီး uni က ဘောလုံးသများ ၅ ဦးနဲ့ ခရီးသည် ၈၀ ကျော်ကိုကယ်နေတုန်းပါ။ မိုးက တအားရွာနေပြီး ရေယာဉ် ၀မ်းခေါင်းထဲမှာ တာလပတ်အုပ်ပြီး လိုက်ပါသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခေါင်းမိုးပေါ်ပါသွားသူတွေ ပဲ ကယ်တင်နိုင်ပါသေးကြောင်း သိရပါတယ်။

ရှပ်ပြေးရေယာဉ်ပေါ်မှာ လူအပြည့်လိုက်ပါသွားပြီ ခြေချစရာနေရာတောင်မရှိတဲ့အတွက် ကမ်းပေါ်
ပြန်တက်ခဲ့ရပြီး ကျန်နေတဲ့ ခရီးသည်တွေလည်း ရှိပါတယ်။

Myanmar News Now
ဘကြီးသက်
Unknown at 1:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ်ဝန်ဆောင်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှု ပြင်ဦးလွင်မြို့ တွင် ဖြစ်ပွါး

မချောစု ခေါင်းတွင် ဦးခေါင်း ကွဲအပ်ဒဏ်ရာတစ်ခု မေးရိုးပြုတ်ထွက်ပြီး သွားများ ကြိုးသည့်ဒဏ်ရာများ မျက်နှာတွင်လည်း ထိုးနှက် ဒဏ်ရာများစွာ ရရှိပြီး သေဆုံးခဲ့သည်။
သတင်းအပြည့်အစုံနှင့် သေဆုံးပုံ ဓါတ်ပုံများကို အသေးစိတ်တင်ပြထားပါသည်။
မှတ်ချက်။ ။ နှလုံးမကောင်းသူများ အကြည်သင့်ပါ။
By Thit Htoo Lwin






 Myanmar New Now
ဘကြီးသက်
Unknown at 1:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ သိကောင်းစရာ


ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့  နိုင်ငံသားဥပဒေမှာ အားနည်းချက် တစုံတရာရှိနေသလား။ ဘာတွေကို ပြင်ဆင်ရေးသားဖို့ လိုအပ်နေသလဲဆိုတာတွေကို ပြည်သူ့ရေးရာ ဥပဒေကော်မရှင် ဥက္ကဋ္ဌ ဦးသန်းမောင်၊ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့ နေ ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ အခု မြန်မာနိုင်ငံမှာ ရှိရင်းစွဲ နိုင်ငံသားဥပဒေတွေဟာ အဓိပ္ပါယ် မရှင်းလင်းဘူးလို့ ပြောတဲ့လူကပြောတယ်။ တချို့ ကလည်း ဒါကို ရုတ်သိမ်းပြီးတော့ အသစ်ပြန်ရေးသင့်တယ်လို့ ပြောတဲ့လူက ပြောကြပါတယ်။ ဒီလို တောင်းဆိုတဲ့ အသံတွေဟာ အခုနောက်ပိုင်းမှာ ဒီတပတ်၊ နှစ်ပတ်အတွင်းမှာ ပေါ်ထွက်နေပါတယ်။ နိုင်ငံတကာက တချို့  မြန်မာ့အရေး စိတ်ဝင်စားတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေက စုပေါင်းပြီးတော့ ကြေညာချက်ထုတ်ပြီးတော့ မြန်မာနိုင်ငံသားဥပဒေတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးက အကျဉ်းရုံး ရှင်းပြပေးပါ။ သူတို့က ဘာအချက်ကို ထောက်ပြပြီးတော့ ပြင်ဆင်စေချင်ကြသလဲဆိုတာ။
ဦးမင်းလွင်ဦး ။ ။ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေရယ်။ ၁၉၈၂ မြန်မာနိုင်ငံသားကျင့်ဝတ် ဥပဒေတွေပေါ် မူတည်ပြီးတော့ တချို့ ကလည်း ပယ်ဖျက်သင့်တယ်။ တချို့ ကလည်း ဒီဥစ္စာတွေ ပြင်ဆင်သင့်တယ်ဆိုပြီးတော့ ပြောကြတာတွေ ရှိပါတယ်။ ဥပဒေတရပ် ပြဌာန်းတဲ့အခါမှာ ပြီပြည့်စုံတဲ့ ဥပဒေတရပ်ကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက ခေတ်စနစ်နဲ့အညီ ပြောင်းလဲလာတဲ့အခါမှာ လိုအပ်သလို လိုက်လံပြီးတော့ ပြောင်းလဲပေးရတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ဥပဒေ ဘာကြောင့် ပြဌာန်းရတယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ ပြန်လည်ကြည့်ပြီးတော့မှ တိုးတက်လာတဲ့ နိုင်ငံတကာအဝန်းအဝိုင်းမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ လိုက်လျောညီထွေဖြစ်အောင် တချို့ ဟာတွေ ပြင်ဆင်ပေးရမှာဖြစ်မယ်။ ဖြည့်စွက်ပေးရမှာတွေရှိမယ်။ ဒါတွေကို ကျနော်တို့ အငြင်းမပွားလိုပါဘူး။ အဲဒီတော့က ကျနော်တို့ မြန်မာနိုင်ငံအစိုးရကိုယ်တိုင်က နိုင်ငံတကာက ပြဌာန်းထားတဲ့ စာချုပ်တွေအပေါ်မှာ ဘယ်စာချုပ်တွေကိုတော့ လက်မှတ်ရေးထိုးထားပြီးပြီ။ ဘယ်အတိုင်းအတာအထိလည်း လက်ခံထားပြီလဲဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းအချက် (၃၀) ကို လက်ခံထားတယ်။ သို့သော်လည်းပဲ ပြည်တွင်းဥပဒေ မဆန့်ကျင်သရွေ့  လိုက်နာကျင့်သုံးမယ်ဆိုပြီးတော့ ပြောထားတဲ့ အချက်အလက်တွေရှိတယ်။ နောက်ပြီးတော့တခါ ကျနော်တို့ နိုင်ငံတဝှမ်းမှာ အခုတလော ရေပမ်းစားနေကြတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးပါတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးမယ့်ကိစ္စတွေမှာ ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အကန့်အသတ်နဲ့ တချို့  လက်ခံထားတာပဲ ရှိပါတယ်။ အားလုံးကို လက်ခံထားတာ မရှိပါဘူး။ အဲဒီတော့က ကျနော်တို့က ကိုယ့်နိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီအောင် လိုက်ပြီးတော့ ပြင်ရမယ်၊ ပြောင်းလဲရမယ်ဆိုတဲ့ နေရာမှာ အများကြီးစဉ်းစားရမယ့် အချက်အလက်တွေရှိတယ်။ ဒါက ကျနော်တို့နိုင်ငံရဲ့  ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ နိုင်ငံကြီးရဲ့  အခြေအနေ၊ သမိုင်းကြောင်းအရသော်လည်းကောင်း ကျနော်တို့မှာ အများကြီး စဉ်းစားစရာရှိတဲ့ကိစ္စတွေ ဖြစ်တယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတကာမှာရှိတဲ့ မြန်မာ့အရေးအဖွဲ့တချို့ က အဖွဲ့ (၁၂) ဖွဲ့ထင်တယ်။ အဲဒီအဖွဲ့တွေက လက်ရှိ မြန်မာနိုင်ငံရဲ့  နိုင်ငံသားဥပဒေကို ပြန်ပြင်သင့်တယ်လို့ ပြောနေကြတာ ဘယ်အချက်တွေ ပြင်ဖို့လိုတယ်လို့ သူတို့က တောင်းဆိုကြပါသလဲ။
ဦးမင်းလွင်ဦး ။ ။ ပြင်ဖို့လိုတယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားအဖြစ် လျှောက်ထားလို့ရှိရင် စောင့်ရမယ့်ကာလ။ နောက်ပြီးတော့တခါ ကလေးသူငယ်တွေ ဖြစ်လို့ဆိုရင် ၁၈ နှစ်ပြည့်တဲ့အခါမှာ နိုင်ငံသားအဖြစ် အလွယ်တကူရရှိနိုင်ဖို့ကိစ္စ။ ဒါတွေကိုပြင်ဖို့ လိုတယ်လို့ ကျနော်ကတော့ထင်တယ်။ ဒါတွေကိုပဲ တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဥပဒေကော်မရှင်ဥက္ကဋ္ဌ ဦးသန်းမောင် ကြားပါသလားခင်များ။
ဦးသန်းမောင် ။ ။ ကျနော်တို့နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ဥပဒေကတော့ ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ခေတ်က ပြဌာန်းခဲ့တဲ့ ၁၉၈၂ ဥပဒေ။ ဒီနှစ် အောက်တိုဘာလဆိုရင် အနှစ် (၃၀) ပြည့်တော့မယ်။ မြန်မာနိုင်ငံသား ဥပဒေဆိုတာက Citizenship Law ဟာ လူ့အခွင့်အရေးတို့ ကြေညာစာတမ်းတို့နဲ့ သိပ်ပြီးတော့ ဆက်စပ်တာကိုတော့ ကျနော်ကတော့ သိပ်ပြီးတော့ သဘောမတူဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာသည်။ လူ့အခွင့်အရေး ရရှိမှု၊ မရရှိမှုအပိုင်းနဲ့လည်း သိပ်ပြီးတော့လည်း မပတ်သက်ဘူးလို့ ကျနော့်တဦးချင်း အမြင်အရ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံသားဖြစ်ရမယ့်လူဟာ ဘယ်လိုအချက်အလက်တွေ ရှိရမယ်ဆိုတာ နိုင်ငံရေးနောက်ခံထက်၊ ကျနော်တို့ရဲ့  သမိုင်းတို့၊ ယဉ်ကျေးမှု၊ လူဦးရေးပြန့်ချက်မှုတို့ရဲ့  နောက်ခံနဲ့ ပိုပြီးပတ်သက်ပါတယ်။ ပတ်သက်ပြီးတော့မှ ဒီလူတွေဟာ၊ ပုဂ္ဂိုလ်တဦးဟာ ဘယ်လိုအခြေအနေမှာ နိုင်ငံသားဖြစ်ရမယ်။ ဘယ်အခြေအနေမှာ နိုင်ငံသားပြုမှု ပြုရမယ့်လူ။ နောက်တခုက ဘယ်သူဆိုရင်တော့ နိုင်ငံခြားသားပဲ။ နောက်တခါ နိုင်ငံသားဖြစ်ရမယ့်လူဆိုရင် နိုင်ငံသားမိဘ နှစ်ပါးက မွေးဖွားရမယ် စတဲ့ ဒီလိုအချက်အလက်တွေက နိုင်ငံရေးအတွေးအမြင်ထက် ကျနော်ကတော့ ကိုယ့်ရှိတဲ့ ပြဌာန်းထားတဲ့ ဥပဒေရဲ့  အခြေခံမူတွေအနေနဲ့ အခုထိ မှန်ကန်နေတယ်လို့ ဥပဒေသမားတယောက်အနေနဲ့ ယူဆပါတယ်။ နှစ်ပေါင်း (၃၀) ကြာလာရင်တော့ ခေတ်နဲ့လျော်ညီအောင် အနည်းအကျင်းတော့ ပြင်ရမယ်။ အခြေခံမူကတော့ ပြောင်းလို့ ရနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မယူဆသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ အခုန ဦးမင်းလွင်ဦး ပြောတဲ့အထဲမှာ နိုင်ငံသားအဖြစ် လျှောက်ထားသူတယောက် စောင့်ရမယ့်ကိစ္စဆိုတာ သူပြောတာရှိတယ်။ ကလေးသူငယ်ရဲ့  အသက်ဆိုတာ ဟုတ်ပါသလား။
ဦးမင်းလွင်ဦး ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီအချက်တွေက ဘယ်လောက်အထိ ကြန့်ကြာနေလို့လဲ။
ဦးမင်းလွင်ဦး ။ ။ ကျနော် ပထမဦးဆုံး ပြောချင်တာက ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မွေးဖွားခဲ့တဲ့ တိုင်းရင်းသားတွေလို့ သတ်မှတ်ထားတဲ့လူတိုင်းက မြန်မာနိုင်ငံသားအဖြစ်ကို အလိုအလျောက် ရောက်ရှိပြီသာဖြစ်တယ်လို့ ပထမသတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီတော့က ပြီးခဲ့တဲ့ အစိုးရတက်လာတဲ့အချိန်မှာ တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စေ့စပ်ငြိမ်းချမ်းရေးတွေ လုပ်ကြတယ်။ အဲဒီလို စေ့စပ်ငြိမ်းချမ်းရေးတွေ လုပ်တဲ့အခါကြလို့ရှိရင် စေ့စပ်ငြိမ်းချမ်းရေးလုပ်ပြီးတော့ တချို့  နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြားတွေ ထုတ်ပေးလိုက်တာရှိပါတယ်။ အဲဒီလို ကဒ်ပြားတွေ ထုတ်ပေးလိုက်တဲ့အခါမှာ ကျနော်တို့ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေအရ။ ဥပမာ ကျနော်တို့ မန္တလေးဆိုလို့ရှိရင်လည်း တရုတ်နိုင်ငံက လူတော်တော်များများရှိတယ်လို့ ထင်ရလောက်အောင်ပဲ ကိုးကန့်တို့၊ ဝတို့က ကြီးစိုးသွားတာတွေရှိတယ်။ တိုင်းရင်းသားအမှန်ဖြစ်ရဲ့ သာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ စေ့စပ်ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ ထုတ်ပေးတဲ့ လက်မှတ်အရောင်တွေက တမျိုးဖြစ်တယ်။ အဲဒီတော့ ယာယီနိုင်ငံသားလက်မှတ်ကို ထုတ်ပေးတယ်ဆိုတဲ့ဟာတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေနဲ့လည်း ဆန့်ကျင်တယ်။ ဒါတွေက မဖြစ်သင့်ဘူးလို့ ကျနော်တို့ ထင်မြင်ယူဆတယ်။
နောက်တခါ ကျနော်ပြောတဲ့ ကလေးသူငယ်ကိစ္စက။ ကလေးတွေ သူတို့ အသက် (၁၈) နှစ်ပြည့်တဲ့အခါမှာ ဥပဒေအရ ခွင့်ပြုထားတဲ့အတိုင်း ကျမ်းသစ္စာကျိန်ဆိုပြီးတော့ မိမိနိုင်ငံသားအဖြစ် ခံယူဖို့ကိစ္စရပ်တွေကို အလေးအနက်ထား၊ အရေးယူဆောင်ရွက်ပေးဖို့လိုတယ်။ ဒါတွေကတော့ ကျနော်တို့ ဥပဒေမှာရှိတဲ့ အချက်အလက်တွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့လိုတဲ့ကိစ္စရပ်တွေလို့ပဲ ကျနော်ကတော့ ပထမဦးဆုံး ပြောချင်ပါတယ်။ အဲဒီတော့ ဒီနိုင်ငံသားဖြစ်ဖို့ကိစ္စရပ်တွေက နယ်စပ်ဒေသတလျှောက်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အများကြီးအခက်အခဲ ကြုံရတယ်။ လာဘ်ပေးမှု၊ လာဘ်ယူမှုတွေ အများကြီးရှိနေတယ်။ ဒါတွေကို ကျနော်တို့ ကြပ်ကြပ်မတ်မတ် စီမံဆောင်ရွက်သင့်တယ်။
ဦးသန်းမောင်ပြောတာကိုလည်း ကျနော် မငြင်းပါဘူး။ ဥပဒေအရ ပြင်ဆင်သင့်တဲ့ဟာကို ခေတ်အခါနဲ့အညီ ပြင်ဆင်ပေးရမယ်ဆိုတာတွေကို ဒါတွေကိုတော့ ကျနော်တို့ အရေးတယူထားပြီးတော့ အစိုးရအသစ်အနေနဲ့ ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့ ထင်မြင်ယူဆပါတယ်။
ဦးသန်းမောင် ။ ။ ဦးမင်းလွင်ဦး ပြောတဲ့ ပြဿနာ၊ အခက်အခဲလေးတွေကို ကျနော်တို့လည်း စာနာပါတယ်။ ကြားပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ကျနော်တို့မှာ အခုရှိနေတဲ့ ၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေရဲ့  ချိုးယွင်းချက်ကြောင့် မဟုတ်ဘဲနဲ့ အဲဒီ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်တဲ့ လူဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လုပ်ထုံလုပ်နည်းက အဆင်မပြေတာလေးတွေလို့ပဲ ကျနော်က ယူဆပါတယ်။ ဥပဒေကို အကောင်အထည်ဖော်တဲ့ လူတွေကြောင့်ဖြစ်တယ်ဆိုတာကို ကျနော်တို့ အတွေ့အကြုံ၊ လက်တွေ့မြင်ရတာတွေ၊ အခုဖြစ်နေတဲ့ တိုင်းတပါးသားတွေ ဝင်ရောက်ပြီးတော့ စိမ့်ဝင်ပြန့်နှံမှုတွေက။ အခုမြင်လိုက်မယ်ဆိုရင် ၁၉၈၂ ခုနှစ် ဥပဒေမှာ အားနည်းတဲ့အချက်ကြောင့်လို့ ပြောလို့မရဘဲနဲ့ အဲဒီ ဥပဒေက ပေါက်ဖွားလာတဲ့ လုပ်ထုံးလုပ်နည်းသော်လည်းကောင်း၊ နည်းဥပဒေသော်လည်းကောင်း၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေရဲ့  မရိုးသားမှု၊ အကျင့်ပျက်မှု ဒါတွေကြောင့် ဖြစ်တာပါ။ ဒါကြောင့် ဥပဒေကို ပြင်တယ်၊ ဥပဒေကို ပြင်ဖို့လိုတယ်လို့ နေရာတကာမှာပြောကြတဲ့အခါကြတော့။ အဖြစ်မှန်ကြတော့ တချို့ ဟာတွေက ဥပဒေကို ပြင်စရာမလိုဘဲနဲ့ ဥပဒေကို တကယ်လိုက်နာကျင့်သုံးတဲ့လူတွေကို ပြင်ရမယ့်ကိစ္စတွေ ရှိနေတယ်။ ဥပမာဆိုရင် ဆရာပြောတဲ့ ပြဿနာအခက်အခဲတွေအားလုံးဟာ ကျနော်တို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေရဲ့  ပုဒ်မ (၃) (၄) (၅) ဆိုတဲ့ ပုဒ်မတွေနဲ့ အားလုံးကိစ္စက ပြတ်သွားတယ်။ အဲဒါတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ဟာတွေမှာ လုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာဌာနက ထုတ်ပြန့်တဲ့အမိန့်ကြော်ငြာစာတွေနဲ့ တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ဒီဥပဒေကို ပြင်ဆင်ခြင်းဆိုတဲ့အဆင့်ကို မတက်ဘဲနဲ့ လုပ်လို့ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို ပြင်ဆင်ဖို့ ဝန်ထမ်းတွေ အကျင့်ပျက်တာ၊ ဥပဒေကို အတိအကျ အကောင်အထည်ဖော်နိုင်အောင် စည်းကြပ်ပေးဖို့ အစီအစဉ်တွေ ဘယ်လောက်ရှိနေပြီးလဲခင်များ။
ဦးသန်းမောင် ။ ။ ကျနော်တို့ ဥပဒေက ရေပက်မဝင် မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အနှစ် (၃၀) အတွင်းမှာ ပြောင်းလဲလာတဲ့ အနေအထားအခြေအနေအရ တချို့ ဟာတွေကို ပြန်ပိုပြီးတော့ စေ့စေ့စပ်စပ် လုပ်ရမှာတွေ ရှိသလို။ တချို့ ဟာတွေလည်း ဆရာဦးမင်းလွင်ဦး ပြောသလို ကမ္ဘာ့အခြေအနေတွေနဲ့ညီအောင် ပြင်ဆင်ရမယ်ဆိုတာလည်း အားလုံးက သဘောပေါက်ကြပါတယ်။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံသားဖြစ်မှုဥပဒေကို ဒီထက်ပိုပြီး လုပ်ဖို့လည်း တင်သွင်းမယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦး ပြောတဲ့ ကိုးကန့်တို့၊ ဝတို့ကြတော့ နိုင်ငံသားလက်မှတ် အပြည့်အဝရပြီးတော့။ စီးပွားရေးတွေ လုပ်ပိုင်ခွင့်တွေ ပေးနေတယ်။ မြန်မာတိုင်းရင်းသားစကားတောင်မှ မတက်ဘဲနဲ့ မြန်မာနိုင်ငံအတွင်းကို ဝင်နေတယ်။ သူတို့ကို နိုင်ငံသားမဖြစ်ရကောင်းလားဆိုပြီး သူတို့က နိုင်ငံတကာကို အော်ပြီးတော့ အခွင့်အရေးတောင်းလာကြတယ်ဆိုရင် နိုင်ငံတကာအဖွဲ့တွေက သူတို့ဖက်က လိုက်ကြသလား။ မြန်မာဥပဒေမှာ ဒီလိုရှိတယ်ဆိုတာကို သူတို့တတွေ နားလည်းကြသလား။
ဦးမင်းလွင်ဦး ။ ။ ဒါကတော့ ကျနော်တို့ ပြောရမယ်ဆိုရင် ရှင်းရှင်းလင်းလင်းတော့ ကျနော်တို့ဆီမှာ သတ်မှတ်ထားတဲ့ ဥပဒေတခုတော့ ရှိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မကြေညာမှီအတွင်းမှာ နိုင်ငံသားသော်လည်းကောင်း၊ တိုင်းရင်းသားသော်လည်းကောင်း အသိအမှတ်ပြုပြီးထားတဲ့ သူတွေက မိမိနိုင်ငံသားနဲ့ နိုင်ငံ တိုင်းရင်းသားတွေရဲ့  အခွင့်အရေး မဆုံးရှုံးနိုင်ဘူးဆိုတာ ကျနော်တို့ သတ်မှတ်ထားတာ ရှိပါတယ်။ နောက်ပြီးတော့ ဒီလူတွေက နိုင်ငံသားဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ သတ်မှတ်ထားတာရှိတယ်။ အဲဒီ အခွင့်အရေးကိုလည်း ကျနော်တို့ ဘယ်တော့မှ ရုတ်သိမ်းလို့မရဘူးဆိုတာကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာမခံထားတာရှိတယ်။ အဲဒီတုန်းက နိုင်ငံသား မဟုတ်ဘဲနဲ့ အခုမှ နိုင်ငံသားဖြစ်လာတယ်ဆိုလို့ရှိရင်တော့ ဒါကို ကျနော်တို့ တော်တော်စဉ်းစားရမှာ ဖြစ်ပါတယ်။ နိုင်ငံသားလား၊ နောက်ထပ် တိုင်းရင်းသားမျိုးနွယ်စုကို ကျနော်တို့က လက်ခံပေးရမလားဆိုတာက - ဒါအများကြီး ပြဿရှိတယ်။ အဲဒီတော့ ဒီအပေါ်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလုပ်သားပြည်သူတရပ်လုံးရဲ့  သဘောထားလည်းပါတယ်။ ဒီကိစ္စကို ဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့ သက်ဆိုင်ရာ အာဏာပိုင်အစိုးရတွေရဲ့  နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအရ သတ်မှတ်ချက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံသားတွေအားလုံးရဲ့  သဘောတူညီမှုတော့ ယူဖို့လိုတယ်လို့ ထင်မြင်ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်မေးချင်တာက ဒီကိစ္စအပေါ်မှာ ပြည်ပက လှုံဆော်နေတဲ့ လူ့အခွင့်အရေးဆိုတဲ့ လူတွေရဲ့ သဘောထားကို မေးတာ။
ဦးမင်းလွင်ဦး ။ ။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြန်ကြည့်မယ်ဆိုရင် သိပ်အများကြီးတော့ မရှိပါဘူး။ အဲဒီလိုမျိုး အဖွဲ့တွေက ဘယ်ဥစ္စာပေါ်မှာ အခြေခံပြီးတောင်းဆိုသလဲဆိုတာကို ကျနော်တို့ကြည့်ရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအဖြစ် လက်ခံဖို့ ပြဌာန်းထားတဲ့ ဥပဒေပြဌာန်းချက်ကို သူတို့ ပြန်ဖတ်ဖို့ လိုတယ်ဆိုတာပဲ ကျနော်အနေနဲ့ ပြောချင်ပါတယ်။
 VOA
ဘကြီးသက်
Unknown at 10:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ


ဒေသတွင်း တရုတ် အစိုးရ သြဇာ ကြီးထွား လာနေတာကြောင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုမှာ အာဆီယံကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာစေပါတယ်။
ဒေသတွင်းမှာ တရုတ်အစိုးရရဲ့  သြဇာပိုပြီးကြီး ထွားလာနေ တာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင်နေ တာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။


အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး  အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက  တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

ဘကြီးသက်
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်သူသေသေ ငတေမာရင် ပြီးရော

တကိုယ်ကောင်းဆန်တာ၊ ကိုယ်ကျိုးပဲကြည့်တာဟာ  ကိုယ်ချင်းမစာနာသူ တဦးရဲ့ အကျင့်စရိုက်ဆိုး ဖြစ်ပါတယ်။ “ငါ့ဖာသာ ငါ  တကိုယ်ကောင်းဆန်တာပဲ၊ ဘယ်သူ့ကို ထိခိုက်သလဲ” လို့ စောဒက တက်ချင် တက်ကြမှာပါ။  အဲဒီလို စောဒက တက်လာရင် ဘယ်လို ပြန်ဖြေကြမလဲ။  

တကယ်တော့ လူဆိုတာ တဦးတည်း နေလို့မရဘဲ လူ့ပတ်ဝန်းကျင်မှာ အခြားသူတွေနဲ့အတူ ယှဉ်တွဲ နေထိုင်ရမြဲ ဖြစ်လို့ တကိုယ်ကောင်းဆန်တာဟာ မသင့်တော်ပါဘူး။ အများသဘောကို လိုက်လျောညီထွေ  ပြုမူပေးရပါတယ်။  

ဘယ်သူမှ မရှိတဲ့ နေရာမှာ တဦးတည်း သွားနေချင်ရင်တော့  သူ့သဘောနဲ့သူပါ။ အဲဒါကတော့ သူတဦးတည်းရဲ့  ပတ်ဝန်းကျင်သာ ဖြစ်ပြီး စိတ်ကြိုက် လုပ်ချင်တာ လုပ်လို့လည်း  အခြားလူတွေ မရှိတာကြောင့် ထိခိုက်နိုင်စရာရှိတောင် သူ့ကိုပဲ ပြန်ထိခိုက်မှာ ဖြစ်ပါတယ်။  

ဒါပေမယ့် အခြားသူတွေ  ရှိနေတဲ့ လူ့ပတ်ဝန်းကျင်မှာတော့ အများသဘောအတိုင်း  လိုက်နာကျင့်ကြံ ပြုမူရမှာသာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့  အရေးပါတဲ့ အခြေခံမူတခု ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ  ဒီမိုကရေစီ လိုအပ်နေတုန်း  ဖြစ်တာကို  ဆီးရီးယားနိုင်ငံရဲ့  လက်ရှိ အခြေအနေတွေမှာ ရုရှား-တရုတ်တို့ရဲ့  အကျင့်စရိုက်နဲ့ နမူနာ ယူကြည့်ပါမယ်။

un.org/en/peacekeeping/missions/unsmis/

ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခအဆုံးသတ်ရေးအတွက် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ UNSMIS  (United Nations Supervision Mission in Syria ) ရဲ့ သက်တမ်းကို နောက်ထပ် ၄၅ ရက် သက်တမ်းတိုးဖို့နဲ့ အရပ်ဖက် ပြည်သူတွေ နေထိုင်ရာ ဒေသတွေကနေ အစိုးရတပ်တွေ မရုပ်သိမ်းပေးဘဲ လက်နက်ကြီးတွေနဲ့ ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် စစ်ရေးမဟုတ်တဲ့ ပိတ်ဆို့မှု ပြုလုပ်ဖို့ အဆိုဟာ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံရပါတယ်။

ဗီတိုအာဏာ သုံးတာကတော့ ထုံးစံအတိုင်း ရုရှားနဲ့ တရုတ် နိုင်ငံတို့ ဖြစ်ကြပါတယ်။  ထောက်ခံ ၁၁ မဲ၊ ကန့်ကွက် ၂ မဲ၊ ကြားနေ ၂ မဲ ဖြစ်သွားချိန်မှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံရတာပဲ ဖြစ်ပါတယ်။

တကယ်လို့များ  ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာ မသုံးဘဲ ထောက်ခံပေးလိုက်လို့ အဲဒီအဆို အောင်မြင်သွားရင် ဘယ်လို နောက်ဆက်တွဲ အကျိုးတရားတွေ  ဖြစ်လာနိုင်ပါသလဲ။

Syrian President Bashar Assad

- ဆီးရီးယားနိုင်ငံမှာ အာဆဒ်မိသားစု အဆက်ဆက်က ၄၂ နှစ်ကြာအောင်ရက်စက်ကြမ်းကြုတ်စွာ မင်းမူအုပ်စိုးနေတာ ရပ်ဆိုင်းသွားပါမယ်။ တနည်းအားဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပါမယ်။
- သမ္မတ အာဆဒ်ဟာ အရပ်ဖက်ပြည်သူတွေ နေထိုင်ရာ ဒေသတွေမှာ  အစိုးရတပ်တွေ  ချထားတာကို ရုပ်သိမ်းပေးရတော့မှာ ဖြစ်ပါတယ်။
- နိုင်ငံတွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ  လုပ်ပေးရပါတော့မယ်။
- သမ္မတအာဆဒ်ရဲ့ ခရိုနီတွေ ဘက်ပြောင်းကုန်ကြမှာ ဖြစ်ပါတယ်။

ဒီလိုသာ ဖြစ်သွားနိုင်ရင် ဆီးရီးယား ပြည်သူတွေ ဘယ်လောက်များ ဝမ်းသာကျေနပ်ကြမလဲ ဆိုတာကို ကိုယ်ချင်းစာနိုင်မိကြမှာပါ။

The United Nations Security Council meets after a vote on a new resolution on Syria at U.N. headquarters Thursday in New York City. Mario Tama/GETTY IMAGES

ကမ္ဘာနိုင်ငံတွေမှာ  လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ၊ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ပြဿနာတွေက ဆိုးဆိုးဝါးဝါး  ရှိနေခဲ့ချိန်မှာ လုံခြုံရေးကောင်စီက ကြားဝင် ထိန်းသိမ်း ဖြေရှင်းဖို့ သဘောတူထားတာ ရှိပါတယ်။ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ် Charter VII အရ ဖြစ်ပါတယ်။ အဲဒီလိုကြုံတိုင်း အများစု သဘောတူနေတဲ့ကြားက  ရုရှားနဲ့တရုတ်တို့က ဗီတိုအာဏာ သုံးပြီး ပယ်ချလေ့ ရှိပါတယ်။  

အဲဒါက ထုံးစံလိုလို ဖြစ်နေပေမယ့်လည်း  အမြဲတမ်း လုပ်နေကျပါပဲ။  ရုရှားနဲ့ တရုတ်တို့က စိတ်များ ပြောင်းသွားလေမလား ဆိုပြီး စမ်းသပ်နေတာ မဟုတ်ပါဘူး။ တာဝန်တခုကို ဝတ္တရား ရှိတဲ့အတိုင်း  ရည်မှန်းချက် ဖြစ်ဖြစ်- မဖြစ်ဖြစ် သိသိကြီးနဲ့ ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။  

လုံခြုံရေးကောင်စီမှာ ရည်မှန်းချက် ဖြစ်မလာနိုင်မှန်း သိပေမယ့် ဆက်လုပ်နေကြတာကို သုံးသပ်ဆင်ခြင်မိပြီး ပြုပြင်ပြောင်းလဲမှု လုပ်ချင်သူတွေ ထွက်ပေါ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။  ဒါပေမယ့် ကုလသမဂ္ဂမှာ ကမ္ဘာ့နိုင်ငံအများစုရဲ့  လိုအပ်ချက်အတိုင်း  ပြုပြင်ပြောင်းလဲလို့ မရနိုင်သေးတာ အမှန်ပါ။  

ဒီလိုနဲ့ပဲ  အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယားတို့ဟာ အနုမြုဗုံး ထုတ်လုပ်နိုင်ပြီလို့ ကြေညာတဲ့အထိ ဖြစ်လာပါတယ်။ အီရန်ဆိုရင်လည်း  ထုတ်လုပ်နိုင်ဖို့ အဆင့်ကို ရောက်လုရောက်ခင် ဖြစ်နေပါပြီ။

ရုရှားနဲ့ တရုတ်တို့ဟာ ဒီလိုအဖြစ်တွေ ကြုံလာတိုင်း  ဗီတိုအာဏာ သုံးပြီး ပယ်ချနေရပါတယ်။  ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံရဲ့ ပြည်တွင်းမှာ အလားတူ အဖြစ်မျိုးတွေကို မဖြစ်စေဖို့ ကြိုတင် တားဆီးချင်တဲ့အတွက် ဖြစ်ပါတယ်။

ရုရှားမှာဆိုရင် ကော့ကေးဆပ် မြောက်ဖက်ဒေသမှာ ပြည်သူတွေက  ဆန့်ကျင်အံတုတာကို ရုရှားအစိုးရက ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံမှာဆိုလည်း တိဗက်ဒေသမှာ  ပြည်သူတွေဟာ တရုတ်အစိုးရကို အံတုနေကြပါတယ်။  

တကယ်လို့များ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်တို့က  သဘောတူ ထောက်ခံလိုက်မယ်ဆိုရင် သူတို့ နိုင်ငံတွင်းက  ပြည်သူတွေရဲ့ အံတုလှုပ်ရှားမှုတွေကို တရားဝင် ခွင့်ပြုပေးလိုက်သလို ဖြစ်သွားမှာ စိုးလို့ပါပဲ။

တကယ်တော့ ရုရှားနဲ့တရုတ် အင်အားကြီး နိုင်ငံတွေက ကုလသမဂ္ဂမှာ ဗီတိုအာဏာ ရထားတာဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ပိုမိုကောင်းမွန်လာအောင် မကူညီတဲ့အပြင် မိမိနိုင်ငံတွင်းမှာလည်း  လူထုဆန္ဒကို နိုင်ငံတကာ သဘောတူညီချက်နဲ့ ဆန့်ကျင်ပြီး  တားဆီးပိတ်ပင်ဖို့ ကိုယ်ကျိုးရှာ အာဏာကြီးတခု ဖြစ်နေတာပါပဲ။

ဘယ်သူသေသေ ငတေမာရင် ပြီးရော လုပ်တတ်သူတွေ ရှိနေရင် လူ့ပတ်ဝန်းကျင်မှာ အနည်းအများ ထိခိုက်ရသလို ကမ္ဘာမှာလည်း ဒီမိုကရေစီ လိုအပ်တုန်းပဲလို့ မီးမောင်းထိုးပြနေဦးမှာ ဖြစ်ပါတယ်။
 

လွင်အောင်စိုး
၂ဝ-၇-၂ဝ၁၂

.....................
References:

Monitoring a cessation of armed violence in all its forms
http://www.un.org/en/peacekeeping/missions/unsmis/

United Nations paralysis condemns Syrians to dark days ahead
http://www.thestar.com/opinion/editorials/article/1229004--united-nations-paralysis-condemns-syrians-to-dark-days-ahead

Russia, China veto Western-proposed draft resolution on Syria
http://news.xinhuanet.com/english/world/2012-07/19/c_123436769.htm

  lu bo

ဘကြီးသက်
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူခိုးက လူဟစ်သည် BBC



12-July-2012 မှာ ဘီဘီစီကနေပီး ဖေ့စ်ဘုတ်အပါအ၀င် အင်တာနက် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှုတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက် ဖောက်ဖျက်နေသလဲ၊ တန်ပြန် အကျိုးဆက်တွေ ဘာတွေ ရှိလာနိုင်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ သတင်းအစီအစဉ်တစ်ခု ထုတ်လွှင့်သွားပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့လိုချင်တဲ့ ပုံစံ၊ လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ၀င်ရောက်ဆွေးနွေးသူ ပါမလာရင် အတင်းကို ဖြတ်ချတဲ့ အာဏာရှင် အကျင့်တွေလည်း ထပ်မံဆိုးရွားစွာ တွေ့ရပါတယ်။


ဘီဘီစီ ကျင့်ဝတ် ဆိုတာကို နားလည်ရဲ့လား

ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားသော်ငြား ဘီဘီစီမှ ၀င်ရောက် ပြောဆိုသည့် ကိုမျိုးခေါ် မျိုးသာထက်ဟာ အမှန်ကို ထောက်ပြဝေဖန် ပြောဆိုလာသူများကို အတင်းစကား စ ဖြတ်ချပစ်တာသည် ဆွေးနွေးပွဲ တစ်ခုရဲ့ လုပ်ရပ်နဲ့ မတူပဲ လုပ်ပိုင်ခွင့်ကို ကိုင်ထားကာ မိမိလိုချင်သည့် ပုံစံ ၀င်မလာပါက ရှင်းထုတ်ပစ်သည့် အာဏာရှင်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါတယ်။ သာမန် သတင်း အစီအစဉ်လေးကိုပင် အာဏာရှင် ဆန်ဆန် ပြုမူ ကျင့်ကြံနေသည်ကို တွေ့ရသည်မှာ လွတ်လပ်သည့် သတင်းဌာန ဆိုသည့်စကားနှင့် အတော်ပင် ဆန့်ကျင်နေပါတယ်။

ဘီဘီစီမှ ခေါင်းစဉ်ကို ကြည့်လိုက်ရုံနှင့်ပင် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွတ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှု လို့ ရေးသားထားသည့်အချိန်သည် ရိုဟင်ဂျာများ မြန်မာပြည်အနောက်ဘက် ရခိုင်ဒေသမှာ နယ်မြေကျူးကျော်၊ ဒေသခံ ရခိုင်လူမျိုးတွေကို အကြမ်းဖက် သတ်ဖြတ်ပြီး သူခိုးက လူဟစ်နေချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။ မတရားခံရတဲ့အပြင် သူခိုးက လူဟစ်တာကို ခံနေရတဲ့ မြန်မာတွေရဲ့ အွန်လိုင်းပေါ်က ပေါက်ကွဲနေမှုများ၊ အထူးသဖြင့် အဆိုပါ မီးစအား မတောက်လောင် တောက်လောင်အောင် အစပျိုးခဲ့သည့် ဘီဘီစီနှင့် ပြည်ပအခြေစိုက် မြန်မာပြည်နှင့် ပါတ်သက်သည့် မီဒိယာများကို ဝေဖန်နေမှုများအား ရပ်တန့်သွားစေရန် အားထုတ်ခြင်း တစ်ခုပဲ ဖြစ်ပါတယ်။


ဆိုရှယ် မိဒီယာရာများ၏ အကျိုးသက်ရောက်မှုဟာ အကောင်းလား အဆိုးလား

ထိုအထဲတွင် ၀င်ရောက် ဆွေးနွေးသွားသည့် မြန်မာနိုင်ငံ၏ ဘလော့ဂါဟု ခေါ်သော၊ မည်သို့ မည်ပုံ ကြိုးစားလိုက်မှန်း မသိသော်လည်း အနောက်တိုင်း မီဒိယာများ၏ စင်တော်ကောက်မှုဖြင့် ထင်ပေါ်သွားသည့် ဘလော့ဂါ နေဘုန်းလတ်မှလည်း အွန်လိုင်းအား မီဒီယာကျင့်ဝတ်ကို မသိလျင် မသုံးနဲ့ဟု အာဏာရှင် ဆန်ဆန် ပြောဆိုသွားတဲ့အပြင် အီလက်ထရောနစ် ဥပဒေသာမက အခြားသော ဥပဒေများနှင့်လည်း အရေးယူနိုင်တယ်လို့ ချိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။ ဘလော့ဂါ နေဘုန်းလတ် ဆိုသည်မှာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူခံရသည့် အွန်လိုင်းဘလော့ဂါ တစ်ယောက် ဖြစ်ပါတယ်။ နေဘုန်းလတ် ဘာတွေ လုပ်ခဲ့လည်း၊ ဘာတွေ တိုင်းပြည်အတွက် စေတနာထားလည်း သူအသိဆုံးသာ ဖြစ်ပါတယ်။

မဲမဲမြင်ရာ တွေ့သမျှကို အကုန်ထောင်ထဲ ထည့်နေသော စစ်အစိုးရအတွက် ရေဒီယို နားထောင်သည်ပင် အမြင်ကတ်ပါက အီလက်ထရောနစ် ပုဒ်မနှင့် ဖမ်းဆီး ထောင်ချသည့်အချိန်တွင် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မှာ နေဘုန်းလတ် ထောင်ထဲရောက်တဲ့အချိန် ပြည်ပ မီဒီယာတွေရဲ့ ထောင်ကျသူများကို မီဒီယာပေါ် မြှောက်စားမှုနဲ့ ထင်ပေါ်သွားတာ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ သို့သော်လည်း မိမိကိုယ်တိုင် ထောင်ထဲရောက်နေစဉ်က ဆန့်ကျင်ခဲ့တဲ့ အီလက်ထရောနစ် ပုဒ်မကို ယခုလို အချိန်မှာ တွင်တွင်သုံးနေတာ စဉ်းစားစရာပင် ဖြစ်ပါတယ်။

ဘလော့ဂါတို့ ရှေ့ပြေး၊ Citizen Journalist တို့ခောတ်စလို့ ယခင်က မီဒီယာတွေ ကြွေးကျော်ခဲ့တဲ့ ဆောင်ပုဒ်တွေ အခုတော့ မြောင်းထဲရောက်ကုန်ပီလို့ ယူဆရမလို ဖြစ်နေပါတယ်။ မီဒီယာ ကျင့်ဝတ် ဆိုတဲ့နေရာမှာ ဘီဘီစီ သတင်းဌာနကြီးကော မီဒီယာကျင့်ဝတ် ညီရဲ့လား မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနှင့် ပါတ်သက်လျင် တာဝန်ယူမှု ကင်းမဲ့သော သတင်း ထုတ်ပြန်မှုတွေ တွင်တွင်လုပ်ခဲ့တဲ့ ဘီဘီစီဟာ ၎င်းတို့ ထုတ်လွှင့်တဲ့ သတင်းမှားယွင်းနေပါက ပြည်သူလူထုကို တောင်းပန်ရန် မဆိုထားနှင့် မသိချင်ဟန် ဆောင်တာကို အားလုံးလည်း အသိပင် ဖြစ်ပါတယ်။

ထို့အတူပင် သတင်းအစီအစဉ် တစ်ခုအနေဖြင့် ဆွေးနွေးသည်ဟု ခေါင်းစဉ်တပ်ပါက ဆွေးနွေးရန် ဦးတည်ထားသည့် ခေါင်းစဉ်နှင့် အချက်အလက်များ ကိုက်ညီနေပါက ဟိုဘက်ဒီဘက် အမြင်ကို အပြန်အလှန် ပြောဆိုခွင့်ရှိရမှာ ဖြစ်သော်လည်း မိမိလိုချင်သည့် အဖြေထွက်မလာသဖြင့် ဆွေးနွေးနေသည့် တစ်ဖက်သားအား အလျင်အမြန် ဖြတ်ချလိုက်သည့် မျိုးသာထက်ရဲ့ သတင်းသမား မပီသမှု၊ မီဒီယာကျင့်ဝတ် မပီသမှု၊ သတင်းတင်ဆက်သူ မပီသမှုကိုလည်း အတိုင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သို့ဖြစ်သည့်အတွက် စကတည်းက ယဉ်သကိုး ဆိုသကဲ့သို့ နေဘုန်းလတ်မှ ပြောခဲ့သည့် မီဒီယာကျင့်ဝတ်သိမှ အွန်လိုင်းကို သုံးရမည် ဆိုလျင် ဘီဘီစီမှ နာမည်ကြီး သတင်းထောက်အပါအ၀င် သတင်းတင်ဆက်သူများကော မီဒီယာကျင့်ဝတ်နဲ့ ညီရဲ့လားဆိုတာ မေးခွန်းထုတ်တာနဲ့တင် နောက်ကောက်ကျသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် ပြည်သူတွေ အွန်လိုင်းမီဒီယာ၊ အထူးသဖြင့် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ကို သုံးစွဲနေတာကို သူတို့ မကျေမလည် ဖြစ်နေတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။

အားလုံးသိကြသည့်အတိုင်း ရိုဟင်ဂျာ ကိစ္စစတင် ဖြစ်ပေါ်လာသည်မှ ယနေ့အချိန်ထိ မျက်နှာဖုံး ကွာကျလာခြင်း၊ ပင်ကိုယ် အစွယ် တဖွားဖွား ပေါ်လာခြင်း၊ တိုင်းရင်းသား ရခိုင်လူမျိုးများ ဘ၀ ဆင်းရဲနိမ့်ကျနေခြင်း၊ တစ်ဖက်သတ် အနှိမ်ခံနေရခြင်း စတာတွေဟာ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွသူများကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများကြောင့်သာ ရိုဟင်ဂျာများ စနစ်တကျ ကြိုတင် ကြံစည်ထားတဲ့ နယ်မြေ ဖဲ့ထုတ်မယ့် အကြံအစည်တွေကို ပြည်သူအများ သိခွင့်ရခဲ့ပီး မျက်လုံးတွေ ပွင့်သွားတယ် ဆိုရင်လည်း မမှားပါဘူး။

ထို့အတူပင် ဖေ့ဘွတ်ပေါ်မှ အသံများကြောင့် မြန်မာနိုင်ငံ အစိုးရမှ အရေးပါသည့် မြစ်ဆုံ စီမံကိန်းမှသည် အခြားသော ကိစ္စရပ်များတွင်ပါ အရေးတယူ လုပ်ဆောင်ခဲ့ကြရတာကို သတိထားမိရင် သိနိုင်ပါတယ်။ ဒါဟာ ဆိုရှယ် မီဒိယာကို အကျိုးရှိရှိ အသုံးချနိုင်တဲ့ အကျိုးကျေးဇူးရဲ့ ရလာဘ်တွေပဲ ဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆို အကောင်းရှိလျင် အဆိုးရှိမှာ ဖြစ်ပါတယ်။ မိုက်မိုက်တို့ ဗုဒ္ဓမြတ်စွာဘုရားသော်မှ သတ္တ၀ါတွေကို နိဗ္ဗာန်လမ်းကြောင်းကို ပို့ဆောင်ဖို့ ဘုရားအဖြစ်ကနေ တရားရေအေး အမြိုက်ဆေးတွေ တိုက်ကြွေးခဲ့သော်ငြား ယောက္ဖအရင်းဖြစ်တဲ့ ဒေ၀ဒတ်ရဲ့ မကျေနပ်မှုနှင့် အသေသတ်ရန် ကြံစည်ခဲ့တာတွေကို ရှိခဲ့တာ သာဓကပါပဲ။


သို့ဖြစ်သည့်အတွက် ဖေ့ဘွတ်အား အကောင်းအနေဖြင့် အသုံးပြုသူများ ရှိသကဲ့သို့ တလွဲဆံပင်ကောင်းစွာ အသုံးပြုနေသူများလည်း ဒုနဲ့ဒေးပင် ဖြစ်ပါတယ်။ ထို့အတူပင် ဖေ့ဘွတ်၏ ထိရောက်မှုအား သတိထားမိလာသဖြင့် ကောလာဟလ ထုတ်လွှင့်လိုသူများမှ ၎င်းတို့လိုရာ ပုံဖော်ရန် ဖေ့ဘွတ်မှ တင်ဆက်နေတာများကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဖေ့ဘွတ်အား တနည်းအားဖြင့် တင်စားရလျင် အရောင်များစွာ ပါဝင်သော ရေစီးကြောင်းများစွာဖြင့် စီးဆင်းနေသော အရောင်စုံသည့် မြစ်တစ်စင်းအနေနှင့် တင်စားရမှာ ဖြစ်ပါတယ်။

ဖေ့ဘွတ်ဟု အမည်တွင်သည့် မြစ်အတွင်းတွင် စီးဆင်းနေသည့် အရောင်များတွင် မည်သည့်အရောင်များသည်၊ မည်သည့်နေရာမှ မြစ်ဖြားခံလာသည့် ရေစီးကြောင်းသည် အဆိပ်အတောက်ကင်း၍ မည်သည့်နေရာ မည်သည့်အရောင်များသည် အဆိပ်အတောက်နှင့် မယုံကြည်ရသည် ဆိုသည်ကို လူအများ ခွဲခြား သိမြင်၍ ဖတ်ရှုနေကြပြီး ဖြစ်ပါတယ်။ ထိုအထဲတွင် ဘီဘီစီသည် မည်သည့်အဆင့် ရှိသည် ဆိုသည်ကို စာရှုသူများ မှတ်ချက်နှင့်ပင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် ဖေ့ဘွတ် ပေါ်လာခြင်းသည် နိုင်ငံရေးအား စိတ်ဝင်စားသည့် တက်ကြွလှုပ်ရှားသည့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ အနေဖြင့် အန္တရာယ်ကင်းစွာ နိုင်ငံရေးအား ပါဝင်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်ရမှာဖြစ်ပြီး လမ်းကြောင်းမှားနေသူများကို တည့်မတ်သွားရန်မှာ သက်ဆိုင်ရာ မီဒီယာများနှင့် သြဇာသက်ရောက်သည့် ပုဂ္ဂိုလ်များ၏ စွမ်းဆောင်မှုဟာ အရေးပါပါတယ်။ လွန်စွာ အကျိုးရှိသည့် လမ်းကြောင်းတစ်ခုအား ပိတ်ပင်ရန် ကြိုးစားအားထုတ်သည်မှာ အလွန်ပင် မိုက်မဲသည့် အပြုအမူနှင့် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါတယ်။

အချုပ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ အွန်လိုင်းလွှတ်တော်ဟု အမည်တွင်နေသည့် ဖေ့ဘွတ်သည် မြစ်ဆုံ၏ အလှအပများကို ဖျက်စီးရန် ကြိုးစားအားထုတ်သည်များကို တားမြစ်နိုင်ရုံသာမက၊ မတရားမှုများစွာအား အများပြည်သူ သိရှိစေ၍ အစိုးရ၏ မှားယွင်းသည့် လမ်းကြောင်းအား တစ်ဖက်တစ်လမ်းမှ ထောက်ပြပေးနေနိုင်သည့်အပြင်၊ ပြည်သူလူထုတို့၏ နိုင်ငံရေး အသိအမြင်ကို ကြွယ်ဝလာစေရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနေသည့် အရင်းအမြစ် တစ်ခုပင် ဖြစ်ပါတယ်။ သို့ဖြစ်သည့်အတွက် ဘီဘီစီ၏ အဆိုပါ အစီအစဉ်သည် ရှေးယခင်က မိမိတို့ လိမ်သမျှ ခံနေရသည့် ပြည်သူပြည်သားများ ကိုယ်တိုင် စူးစမ်းလေ့လာမှုနှင့် အကျိုးသက်ရောက်မှုများအား မနာလို မရှုစိမ့်သဖြင့် ကဖျက်ကယက်လုပ်ရန် ကြိုးစားအားထုတ်သည့် အပြုအမူဟုသာ သတ်မှတ်လိုက်ရပါတယ်။
Myanmar Express
ဘကြီးသက်
Unknown at 9:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဇာနည်နေ့ နှင့် မသက်ဆိုင်သော အာဇာနည်နေ့ မြင်ကွင်း အချို့



အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုချင်လို့လား ကြော်ငြာချင်လို့လား


 အာဇာနည်ခေါင်းဆောင်ပုံတွေ မကိုင်၊ ပန်းခွေ မကိုင်

  NLD အလံကို သစ်ကိုင်းမှာချီ

 အာဇာနည်နေ့ ဆိုတာ ဘာမှန်းမသိ

 
 NLD နဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘာမှ မဆိုင်
Myanmar Express

ဘကြီးသက်
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရ (Government) နဲ့ နိုင်ငံတော် (State)

 
အစိုးရ (Government) နဲ့ နိုင်ငံတော် (State) ဆိုတဲ့ ၂ ခုကို ကွဲပြားဖို့ဟာ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ နိုင်ငံအတွက် အရေးကြီးသလို ... အစိုးရ (Government) ရဲ့ ဆိုတာ ဘာလဲဆိုတဲ့ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှု လိုအပ်ပါတယ်။

ဒီနေရာမှာ အများသိပြီးသား ဖြစ်တဲ့ အေဗရာဟမ် လင်ကွန်းရဲ့ စကားကိုသာ အဓိက ကိုးကားရမှာပဲ ဖြစ်ပါတယ်။

"government of the people, by the people, for the people" ဆိုတာပါပဲ။

"အစိုးရဆိုတာ လူထုထဲက ဖြစ်တယ်။ လူထုက တင်မြှောက်တာ ဖြစ်တယ်။ လူထု အတွက် ဖြစ်တယ်" ... လို့ အကြမ်းဖျင်း တိုက်ရိုက် ဘာသာပြန်ဆိုရမှာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည် ဒီမိုကရေစီ စနစ် ဘယ်ခရီးရောက်နေပြီလဲဆိုတာ အဲဒီ အချက်တွေနဲ့ တိုင်းတာရင်လည်း အခြေအနေက သိပ်မလှပြန်ဘူး။

အစိုးရက ပြည်သူလူထုထဲက ဖြစ်တယ်လို့ ဆိုတဲ့ နေရာမှာ .. အစိုးရဆိုတာ စစ်တပ်က အလိုလို တမတ်သား ရယူထားပြီး၊ သမ္မတတစ်ယောက်က အလိုလိုနေရင်း စစ်တပ်က ရွေးချယ်ခွင့်ရထားတယ်၊ အချိန်မရွေး အာဏာ သိမ်းလို့ရတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်ပါတယ်။ အစိုးရဆိုတာ ပြည်သူလူထုထဲက မဟုတ်ဘဲ .. အစိုးရဆိုတာ စစ်တပ်ထဲကဆိုတာ ဖြစ်နေပါတယ်။

လူထုက တင်မြှောက်တယ် ဆိုတဲ့ အပိုင်းမှာရော ... ။ ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုက ရွေးကောက်တဲ့ လူတွေ ပါလာပေမယ့် ... ရွေးကောက်ပွဲဆိုင်ရာ နည်းစနစ်တွေနဲ့ ရွေးကောက်ပုံတွေဟာ လူထုက ရွေးလိုတဲ့ လူကို အရွေးမခံရနိုင်အောင် (သို့) အလိုအလျှောက် ကျန်ခဲ့အောင် ရည်ရွယ် လုပ်ဆောင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ဖြစ်နေလို့ လူထုက တင်မြှောက်မှုကလည်း ဒီမိုကရေစီ မဆန်လှပါဘူး။

လူထု အတွက်ဆိုတာကတော့ ... ။ လယ်သိမ်း၊ ယာသိမ်း၊ ၇ ဂျူလိုင် တားမြစ်ခံရ၊ ၁၉ ဂျူလိုင် တချို့ နေရာတွေ ပိတ်ခံရ ... တာတွေကို ဘယ်လိုလုပ် လူထုအတွက်လို့ အဓိပ္ပါယ် ဖွင့်မလဲ။ နောက်လာမယ့် ၈ သြဂုတ်လ၊ ၁၉ ရက် စက်တင်ဘာလ ... တွေ ဘယ်လို လုပ်မလဲ။ အများကို အန္တရာယ် ဖြစ်စေမှာ မဟုတ်တဲ့ လူထုက လုပ်ချင်တာတွေ မလုပ်ရအောင် တားမြစ်နေတာတွေဟာ .. အစိုးရဆိုတာ လူထု အတွက်လို့ ဘယ်လိုမှ မှတ်ယူလို့ မရအောင် ဖြစ်နေပါတယ်။

ဒီတော့ အစိုးရ အကြီးအကဲများ (နိုင်ငံတော် အကြီးအကဲ မဟုတ်သူများ) .. အနေဖြင့် မိမိတို့က ဒီမိုကရေစီ စနစ်ကို ပြောင်းလဲနေတာ သေချာတယ်လို့ သက်သေပြလိုလျှင် .. အထက်ပါ အခြေခံ အချက်တွေကို အရင်ဆုံး ပြင်ဆင်ဖို့သာ ရည်မှန်းချက်ထား လုပ်ဆောင်ကြပါလို့ တောင်းဆိုလိုက်ပါတယ်။

ကိုထိုက်

ဘကြီးသက်
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အံ့ဖွယ် ရုံးပတီသီးစွမ်းပကား.......


မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။

ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ

Dietary Fiber 2 gm
Protein 1.5 gm
Carbohydrate 5.8 gm
Vitamin A 460IU
Vitamin C 13 mg
Folic acid 36.5 microgram
Calcium 50 mg
Iron filtered 0.4 mg
Potassium 256 mg
Magnesium 46 mg

ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။

ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။

လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။

http://www.myanmaronlinenetwork.com/index.php?topic=960.0
Posted by စိမ့်စမ်းရေ on Friday, January 27, 2012
categories: ကျန်းမာရေးsaintsanyae.blogspot
— with Phyu Sin Kyae.

ဘကြီးသက်
Unknown at 9:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.