Friday, July 20, 2012

ဘယ်သူသေသေ ငတေမာရင် ပြီးရော

တကိုယ်ကောင်းဆန်တာ၊ ကိုယ်ကျိုးပဲကြည့်တာဟာ  ကိုယ်ချင်းမစာနာသူ တဦးရဲ့ အကျင့်စရိုက်ဆိုး ဖြစ်ပါတယ်။ “ငါ့ဖာသာ ငါ  တကိုယ်ကောင်းဆန်တာပဲ၊ ဘယ်သူ့ကို ထိခိုက်သလဲ” လို့ စောဒက တက်ချင် တက်ကြမှာပါ။  အဲဒီလို စောဒက တက်လာရင် ဘယ်လို ပြန်ဖြေကြမလဲ။  

တကယ်တော့ လူဆိုတာ တဦးတည်း နေလို့မရဘဲ လူ့ပတ်ဝန်းကျင်မှာ အခြားသူတွေနဲ့အတူ ယှဉ်တွဲ နေထိုင်ရမြဲ ဖြစ်လို့ တကိုယ်ကောင်းဆန်တာဟာ မသင့်တော်ပါဘူး။ အများသဘောကို လိုက်လျောညီထွေ  ပြုမူပေးရပါတယ်။  

ဘယ်သူမှ မရှိတဲ့ နေရာမှာ တဦးတည်း သွားနေချင်ရင်တော့  သူ့သဘောနဲ့သူပါ။ အဲဒါကတော့ သူတဦးတည်းရဲ့  ပတ်ဝန်းကျင်သာ ဖြစ်ပြီး စိတ်ကြိုက် လုပ်ချင်တာ လုပ်လို့လည်း  အခြားလူတွေ မရှိတာကြောင့် ထိခိုက်နိုင်စရာရှိတောင် သူ့ကိုပဲ ပြန်ထိခိုက်မှာ ဖြစ်ပါတယ်။  

ဒါပေမယ့် အခြားသူတွေ  ရှိနေတဲ့ လူ့ပတ်ဝန်းကျင်မှာတော့ အများသဘောအတိုင်း  လိုက်နာကျင့်ကြံ ပြုမူရမှာသာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့  အရေးပါတဲ့ အခြေခံမူတခု ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ  ဒီမိုကရေစီ လိုအပ်နေတုန်း  ဖြစ်တာကို  ဆီးရီးယားနိုင်ငံရဲ့  လက်ရှိ အခြေအနေတွေမှာ ရုရှား-တရုတ်တို့ရဲ့  အကျင့်စရိုက်နဲ့ နမူနာ ယူကြည့်ပါမယ်။

un.org/en/peacekeeping/missions/unsmis/

ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခအဆုံးသတ်ရေးအတွက် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ UNSMIS  (United Nations Supervision Mission in Syria ) ရဲ့ သက်တမ်းကို နောက်ထပ် ၄၅ ရက် သက်တမ်းတိုးဖို့နဲ့ အရပ်ဖက် ပြည်သူတွေ နေထိုင်ရာ ဒေသတွေကနေ အစိုးရတပ်တွေ မရုပ်သိမ်းပေးဘဲ လက်နက်ကြီးတွေနဲ့ ဆက်လက် တိုက်ခိုက်နေမယ်ဆိုရင် စစ်ရေးမဟုတ်တဲ့ ပိတ်ဆို့မှု ပြုလုပ်ဖို့ အဆိုဟာ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံရပါတယ်။

ဗီတိုအာဏာ သုံးတာကတော့ ထုံးစံအတိုင်း ရုရှားနဲ့ တရုတ် နိုင်ငံတို့ ဖြစ်ကြပါတယ်။  ထောက်ခံ ၁၁ မဲ၊ ကန့်ကွက် ၂ မဲ၊ ကြားနေ ၂ မဲ ဖြစ်သွားချိန်မှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံရတာပဲ ဖြစ်ပါတယ်။

တကယ်လို့များ  ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာ မသုံးဘဲ ထောက်ခံပေးလိုက်လို့ အဲဒီအဆို အောင်မြင်သွားရင် ဘယ်လို နောက်ဆက်တွဲ အကျိုးတရားတွေ  ဖြစ်လာနိုင်ပါသလဲ။

Syrian President Bashar Assad

- ဆီးရီးယားနိုင်ငံမှာ အာဆဒ်မိသားစု အဆက်ဆက်က ၄၂ နှစ်ကြာအောင်ရက်စက်ကြမ်းကြုတ်စွာ မင်းမူအုပ်စိုးနေတာ ရပ်ဆိုင်းသွားပါမယ်။ တနည်းအားဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပါမယ်။
- သမ္မတ အာဆဒ်ဟာ အရပ်ဖက်ပြည်သူတွေ နေထိုင်ရာ ဒေသတွေမှာ  အစိုးရတပ်တွေ  ချထားတာကို ရုပ်သိမ်းပေးရတော့မှာ ဖြစ်ပါတယ်။
- နိုင်ငံတွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ  လုပ်ပေးရပါတော့မယ်။
- သမ္မတအာဆဒ်ရဲ့ ခရိုနီတွေ ဘက်ပြောင်းကုန်ကြမှာ ဖြစ်ပါတယ်။

ဒီလိုသာ ဖြစ်သွားနိုင်ရင် ဆီးရီးယား ပြည်သူတွေ ဘယ်လောက်များ ဝမ်းသာကျေနပ်ကြမလဲ ဆိုတာကို ကိုယ်ချင်းစာနိုင်မိကြမှာပါ။

The United Nations Security Council meets after a vote on a new resolution on Syria at U.N. headquarters Thursday in New York City. Mario Tama/GETTY IMAGES

ကမ္ဘာနိုင်ငံတွေမှာ  လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ၊ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ပြဿနာတွေက ဆိုးဆိုးဝါးဝါး  ရှိနေခဲ့ချိန်မှာ လုံခြုံရေးကောင်စီက ကြားဝင် ထိန်းသိမ်း ဖြေရှင်းဖို့ သဘောတူထားတာ ရှိပါတယ်။ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ် Charter VII အရ ဖြစ်ပါတယ်။ အဲဒီလိုကြုံတိုင်း အများစု သဘောတူနေတဲ့ကြားက  ရုရှားနဲ့တရုတ်တို့က ဗီတိုအာဏာ သုံးပြီး ပယ်ချလေ့ ရှိပါတယ်။  

အဲဒါက ထုံးစံလိုလို ဖြစ်နေပေမယ့်လည်း  အမြဲတမ်း လုပ်နေကျပါပဲ။  ရုရှားနဲ့ တရုတ်တို့က စိတ်များ ပြောင်းသွားလေမလား ဆိုပြီး စမ်းသပ်နေတာ မဟုတ်ပါဘူး။ တာဝန်တခုကို ဝတ္တရား ရှိတဲ့အတိုင်း  ရည်မှန်းချက် ဖြစ်ဖြစ်- မဖြစ်ဖြစ် သိသိကြီးနဲ့ ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။  

လုံခြုံရေးကောင်စီမှာ ရည်မှန်းချက် ဖြစ်မလာနိုင်မှန်း သိပေမယ့် ဆက်လုပ်နေကြတာကို သုံးသပ်ဆင်ခြင်မိပြီး ပြုပြင်ပြောင်းလဲမှု လုပ်ချင်သူတွေ ထွက်ပေါ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။  ဒါပေမယ့် ကုလသမဂ္ဂမှာ ကမ္ဘာ့နိုင်ငံအများစုရဲ့  လိုအပ်ချက်အတိုင်း  ပြုပြင်ပြောင်းလဲလို့ မရနိုင်သေးတာ အမှန်ပါ။  

ဒီလိုနဲ့ပဲ  အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယားတို့ဟာ အနုမြုဗုံး ထုတ်လုပ်နိုင်ပြီလို့ ကြေညာတဲ့အထိ ဖြစ်လာပါတယ်။ အီရန်ဆိုရင်လည်း  ထုတ်လုပ်နိုင်ဖို့ အဆင့်ကို ရောက်လုရောက်ခင် ဖြစ်နေပါပြီ။

ရုရှားနဲ့ တရုတ်တို့ဟာ ဒီလိုအဖြစ်တွေ ကြုံလာတိုင်း  ဗီတိုအာဏာ သုံးပြီး ပယ်ချနေရပါတယ်။  ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံရဲ့ ပြည်တွင်းမှာ အလားတူ အဖြစ်မျိုးတွေကို မဖြစ်စေဖို့ ကြိုတင် တားဆီးချင်တဲ့အတွက် ဖြစ်ပါတယ်။

ရုရှားမှာဆိုရင် ကော့ကေးဆပ် မြောက်ဖက်ဒေသမှာ ပြည်သူတွေက  ဆန့်ကျင်အံတုတာကို ရုရှားအစိုးရက ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံမှာဆိုလည်း တိဗက်ဒေသမှာ  ပြည်သူတွေဟာ တရုတ်အစိုးရကို အံတုနေကြပါတယ်။  

တကယ်လို့များ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်တို့က  သဘောတူ ထောက်ခံလိုက်မယ်ဆိုရင် သူတို့ နိုင်ငံတွင်းက  ပြည်သူတွေရဲ့ အံတုလှုပ်ရှားမှုတွေကို တရားဝင် ခွင့်ပြုပေးလိုက်သလို ဖြစ်သွားမှာ စိုးလို့ပါပဲ။

တကယ်တော့ ရုရှားနဲ့တရုတ် အင်အားကြီး နိုင်ငံတွေက ကုလသမဂ္ဂမှာ ဗီတိုအာဏာ ရထားတာဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ပိုမိုကောင်းမွန်လာအောင် မကူညီတဲ့အပြင် မိမိနိုင်ငံတွင်းမှာလည်း  လူထုဆန္ဒကို နိုင်ငံတကာ သဘောတူညီချက်နဲ့ ဆန့်ကျင်ပြီး  တားဆီးပိတ်ပင်ဖို့ ကိုယ်ကျိုးရှာ အာဏာကြီးတခု ဖြစ်နေတာပါပဲ။

ဘယ်သူသေသေ ငတေမာရင် ပြီးရော လုပ်တတ်သူတွေ ရှိနေရင် လူ့ပတ်ဝန်းကျင်မှာ အနည်းအများ ထိခိုက်ရသလို ကမ္ဘာမှာလည်း ဒီမိုကရေစီ လိုအပ်တုန်းပဲလို့ မီးမောင်းထိုးပြနေဦးမှာ ဖြစ်ပါတယ်။
 

လွင်အောင်စိုး
၂ဝ-၇-၂ဝ၁၂

.....................
References:

Monitoring a cessation of armed violence in all its forms
http://www.un.org/en/peacekeeping/missions/unsmis/

United Nations paralysis condemns Syrians to dark days ahead
http://www.thestar.com/opinion/editorials/article/1229004--united-nations-paralysis-condemns-syrians-to-dark-days-ahead

Russia, China veto Western-proposed draft resolution on Syria
http://news.xinhuanet.com/english/world/2012-07/19/c_123436769.htm

  lu bo

ဘကြီးသက်
Unknown at 9:45 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.