Tuesday, May 29, 2012

ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ယနေ့ ည ထိုင်းနိုင်ငံကိုသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဒီကနေ့ညမှာ ရန်ကုန်ကနေ ထိုင်းလေကြောင်းလိုင်း တီဂျီနဲ့ ထွက်ခွာ မှာ ဖြစ်ပြီး ဘန်ကောက်မြို့ကို ထိုင်းစံတော်ချိန် ည (၁၀)နာရီ ၀န်းကျင်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါ တယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာ မေ(၃၀) ၇က်ကနေ ဇွန်၁ရက် နေ့ထိ ကျင်းပမယ့် ကမ္ဘာ့စီး ပွားရေး ဖိုရမ်ကို တက်မှာဖြစ်ပြီး အစည်းအဝေး နောက်ဆုံး နေ့ဖြစ် တဲ့ ဇွန် ၁ ရက်နေ့ အမေးအဖြေကဏ္ဍ မိနစ် ၃၀ ကြာ စကားပြောဆိုဖို့လည်း ရှိနေပါ တယ်။

 မနက်ဖြန် မေ (၃၀)ရက်နေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသက မြန်မာရွေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန် (၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လနဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တောဆေးခန်းကို သွားရောက်မှာဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒီဗွီဘီ
Unknown at 5:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟောဒီလောကီ



-ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။

ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။

ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။

ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။

ဆင်းရဲတုန်း မယားက secretary တာဝန် တွဲယူရတယ်။
ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။

ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်။
ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေ ပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။

ယောက်ျားတွေ မြင့်ချင်တယ်၊ မိန်းမတွေ ပိန်ချင်တယ်။

ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

ဧရာဝတီ(Blog)
Unknown at 5:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌကို ခရိုင်ရဲစခန်းက တရားမ၀င်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။

ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းဟာ  ပါတီစည်းရုံးရေးထွက်ရာမှာ  တရားမ၀င် လိုင်စင်မဲ့ကားကို အသုံးပြုတယ်ဆိုပြီး ဂန့်ဂေါခရိုင်ရဲစခန်း တာဝန်ရှိသူတွေက သူ့ကို ပုဒ်မ ၅ (၁) နဲ့  ပြီးခဲ့တဲ့  မေ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က နေအိမ်မှာ လာဖမ်းသွားတာလို့ ပါတီဖြစ်မြောက်ရေးအတွင်းရေးမှူး ဦးမြတ်လင်းဦးက ပြောပါတယ်။

“မြို့နယ်အတွင်းမှာ ကျေးရွာတွေကို သွားပြီးတော့ ပါတီဝင်တွေ စုဆောင်းတယ်။ အဲဒီလိုလုပ်ရင်း ၆ ရက်မြောက်နေ့လောက်မှာ ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းနဲ့ ယာဉ်နဲ့ကို တရားမ၀င် လိုင်စင်မဲ့ယာဉ်ဆိုပြီး လူရော ကားရော ဖမ်းဆီးထားတယ်။ ကျနော်တို့ လေ့လာစုံစမ်းသိရတာတော့ တဖက်အဖွဲ့အစည်းကနေ တိုင်တန်းလို့ ဖမ်းဆီးရတဲ့ ပုံစံပေါ့။ ”

ထီးလင်းမြို့နယ်ထဲမှာ  အများစုဟာ လိုင်စင်မဲ့ကားတွေ အသုံးပြုနေကြတာဖြစ်ပြီး သူလိုငါလို သုံးစွဲနေတာဖြစ်တဲ့အတွက် တပါးသူတွေကို ဖမ်းဆီးခြင်းမရှိသလို ဦးဌေးဝင်းကိုလည်း ဖမ်းမထားဘဲ လွှတ်ပေးစေလိုကြောင်း၊ လောလောဆယ် ဦးဌေးဝင်းကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဦးမြတ်လင်းဦးက ပြောပါတယ်။

ဦးဌေးဦးဟာ ဒီမော်တော်ကားကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဘာသာရေး၊ လူမှုရေး ကူညီတဲ့လုပ်ငန်းတွေမှာ အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။   အခုလို ပါတီစည်းရုံးရေးအတွက် အသုံးပြုတဲ့အခါမှ အဖမ်းခံရတာဟာ အဖွဲ့ချုပ်ကို နှောင့်ယှက်လိုသူတွေက တိုင်ကြားတာကြောင့် ဖြစ်နိုင်တယ်လို့ ထီးလင်းမြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တွေက ယူဆထားပါတယ်။

ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို မေ ၃၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ လျာထားပေမယ့်လည်း ယာယီဥက္ကဋ္ဌ အဖမ်းခံထားရတဲ့အတွက် လာမယ့် ဇွန် ၁၂ ရက်မှာ လုပ်ဖို့ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

နန်းမြနဒီ - ဒီဗွီဘီ
Unknown at 5:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကီးမားသည့် ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုကို သုတေသန ပညာရှင်များ တွေ့ရှိ

ရှုပ်ထွေးလှသည့် ပစ်မှတ်များဖြင့် တိုက်ခိုက်ခဲ့သော ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုဖြင့် အများပြည်သူများ၏ ပုဂ္ဂလိက လျှို့ဝှက် သတင်း
အချက်လက်များကို ရယူခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ သုတေသန ပညာရှင်များမှ ထုတ်ဖော် တွေ့ရှိနိုင်ခဲ့ပြီ ဖြစ်ပြီး အစ္စရေးနှင့် အီရန်တို့ကဲ့သို့သော နိုင်ငံများမှ အချက်အလက်များကို ခိုးယူရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့မှ ပြောခဲ့သည်။

ရုရှား လုံခြုံရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Kaspersky Labs  မှပြောရာ၌ ၎င်းတို့ အနေဖြင့် Flame ဟု အမည်ရသော Malware တစ်ခုမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် သြဂုတ်လက စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ အလားတူပင် ယင်းတိုက်ခိုက်မှုမှာ နိုင်ငံအဆင့် ထောက်ပံ့ပေးမှု တစ်ခု ဖြစ်နိုင်သည်ဟု ယုံကြည်ရကြောင်း သို့သော် စတင်ရာ နေရာ အတိအကျကိုမူ သေချာစွာ ပြောကြား နိုင်ခဲ့ခြင်း မရှိဟု ပြောကြား သွားခဲ့သည်။ Flames ကို အဆိုပါ သုတေသန ပညာရှင်များမှ ရှာဖွေ ဖော်ထုတ်နိုင်သည့် ပြဿနာများထဲတွင် အရှုပ်ထွေးဆုံး အွန်လိုင်း ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပြောကြားခဲ့ကြသည်။

ယခုလို သုတေသနကို ကုလသမ္မဂ္ဂ နိုင်ငံတကာ ဆယ်သွယ်ရေး သမ္မဂ္ဂနှင့် ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ နောက်ထပ်သော အွန်လိုင်း တိုက်ခိုက်မှု malware တစ်မျိုးဖြစ်သော Wiper မှာလည်း အနောက် အာရှရှိ နိုင်ငံများ အကြား သတင်း အချက်အလက်များကို ဖျက်ပစ်ခဲ့သည့် ကိစ္စ လုပ်ဆောင်ခဲ့ကြောင်းလည်း အဆိုပါ အဖွဲ့မှ တွေ့ရှိခဲ့ကြသည်။

source : BBC news


Unknown at 5:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စိုးရိမ်စွာနဲ့ တွေးနေမိတယ်

 

လျှပ်စစ်ဓါတ်အားတိုင်တွေ ဖေါက်ခွဲခံရပြီးတဲ့နောက်ဆက်တွဲ အဖြစ်နဲ့ မြန်မာပြည်တစ်ဝှမ်းမှာ ဖယောင်းတိုင်နဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်တယ် ၊ ရိုးရိုးဆန္ဒပြကြတဲ့ ပြည်သူတွေအများစုပါသလို အချို့သောဦးဆောင်သူတွေကတော့ နိုင်ငံရေးပယောဂမကင်းဘူးဆိုတာ သိသာပါတယ် ၊ ဒီကြားထဲ မီးမှန်မှန်မရလို့ ဆူးလေဘုရားမှာဖယောင်းတိုင်ထွန်း ဆန္ဒပြဘို့လုပ်နေပါတယ်ဆိုမှ နေမျိုးဝေလို ငကြောင်တွေကလယ်သမားတွေကို တူတွေတံစဉ်တွေ ကိုင်ပြီးကား ၄စီးနဲ့ခေါ်လာတဲ့အတွက် ရိုးရိုးဖယောင်းတိုင်ထွန်းဆန္ဒပြကြမယ့်သူတွေဟာ အတော်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ် ၊  ထားပါတော့ ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိအစိုးရကို အတော်ဖိအားဖြစ်သွားတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်ဖြစ်တယ် ။

ဒီတော့ဖေါက်ခွဲသူတွေဟာ မဟာဓါတ်အားလိုင်းတွေကို ဖေါက်ခွဲတိုက်ခိုက်ရင် အစိုးရကို အကြီးအကျယ်ဖိအားဖြစ်စေတယ်ဆိုတဲ့အချက်ကို အခိုင်အမာ စွဲယူသွားလောက်ပြီ ၊  နောက်ထပ်အစိုးရကို ဖိအားပေးလိုတဲ့အခါတိုင်း စေ့စပ်ညှိနှိုင်းမှုတွေမှာ အသာစီးမရမတိုင်း ဒီမဟာဓါတ်အားလိုင်းကြီးကိုဖေါက်ခွဲတဲ့ နည်းနဲ့ ဖိအားပေးလာတော့မှာသေချာတယ်၊ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့ နောက်ထပ်ဓါတ်တိုင်ဖေါက်ခွဲမှုတွေက ဒီအတွေးကိုပိုပြီးခိုင်မာစေခဲ့တယ် ။

လုံခြုံရေးတာဝန်ယူရသူတွေကလည်း မြန်မာပြည်တစ်လွှားမိုင်ထောင်ချီရှိတဲ့ မဟာဓါတ်အားလိုင်းတစ်လျှောက် တိုင်ပေါက်စေ့ ကွက်ပြည့်လုံခြုံအောင်လုပ်ဘို့ဆိုတာကလည်း မဖြစ်နိုင်တဲ့အနေအထားဖြစ်တယ် ၊  အဓိကကျတဲ့ဓါတ်အားခွဲရုံတွေ ရန်သူဖေါက်ခွဲနိုင်တယ်လို့ မျှော်မှန်းနိုင်တဲ့နေရာတွေလောက်သာ လုပ်နိုင်မှာဖြစ်တယ် ။

ဒီတော့တွေးနေမိတာက ပြည်သူတွေခုလိုဆန္ဒပြတာဟာ နောင်အခါတွေမှာ ဖေါက်ခွဲတဲ့အဖွဲ့အစည်းတွေကို မဟာဓါတ်အားလိုင်းကြီးတွေကို ဗုံးခွဲကြပါ လို့များ တိုက်တွန်းမိသလိုဖြစ်နေမှာတော့စိုးမိတယ် ။

ဒေါက်တာဆိတ်ဖွား
Unknown at 12:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်ကာပူ က မြန်မာမိန်းကလေးတွေ ကိုယ့်ကိုကိုယ် မြန်မာ ဆိုတာ သတိထားကြပါဦး

ကမ္ဘာပေါ်မှာ မြန်မာမိန်းကလေးဖြစ်ရတာကို ကမ္ဘာ့နိုင်ငံကြီး အများစုက မိန်းကလေးများက ဂုဏ်ယူကြပါတယ်။"ယောကျာ်းတို့ဘုန်းလက်ရုံး မိန်းမတို့ဘုန်း ဆံထုံး" ဆိုသည့် စကားအတိုင်း ရှေးခေတ်မြန်မာမိန်းကလေး များဟာ ဆံထုံးလေးများဖြင့် မြင်တွေ့ရသည်မှာ ရင်သပ်ရူမောဖွယ်ရာဖြစ်ပါတယ်။ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမူကို မြတ်နိုးတန်ဖိုးထားတဲ့ မိန်းကလေးတွေ များစွာလည်း ရှိခဲ့ပါတယ်။အခုမှာတော့ မြန်မာပြည်သူ/သားတွေ အထင်ကြီးလေးစားရပါသည်ဆိုသော အမေစု(ခ)ဒေါ်ညုကြောင့် အရင်ကတန်ဖိုးထားကာထိန်းသိမ်းလာသော အရာများ ပျောက်ပျက်လာတာကို များစွာတွေ့မြင်နေရပါတယ်။နိုင်ငံခြားသားကို ဘာလို့လက်ထပ်လဲ အမေစုတောင် နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းတာလေ သမီးတို့လည်း ယူမှာပေါ့ ဆိုပြီး ဖြစ်လာကုန်ပြီ။မြေမျိုလို့ လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းမယ် ဆိုတာ ကို မြန်မာမိန်းကလေးတွေအနေနဲ့ လုံးဝ မမေ့သင့်ပါဘူး။

 ပြည်ပမှာ လန်ထွက်နေတဲ့ ရွှေမြန်မာ မမများ




Unknown at 12:22 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ

ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်
 

တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွာနေတဲ့ လယ်မြေတွေကို ဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းခင်ရွှေက စက်မှုဇုန် လုပ်မည် ပြောထားပြီး မြင့်ဇော်က သီးစားလုပ်ခွင့် လျှောက်အမျိုးမျိုးလှည့်ပတ်လိမ်ညာသည့် အပေါ် နိုင်ငံရေးအင်အား စုများ စုပေါင်း၍ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ခင်ရွှေနဲ့ သက်ဆိုင်ရာအစိုးရတွေကို တရားစွဲ လက်မှတ်ရေးထိုး လှုပ်ရှားဖို့ ဆောင်ရွက်သွားပါမည်။ ဇေကမ္ဘာခင်ရွှေကို ရွှေနံ့သာ အငြင်းပွားနေတဲ့ လယ်မြေတွေကို သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဟာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး ... ဆူပူအောင် သက်သက်ဖန်တီးနေသလို ဖြစ်ပါတယ်

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အ...ဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့ ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။


အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရ အောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီး ဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့ ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။


ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့ ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေ တဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။


လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်း တွေ ကိုဖျက်လို့ ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့ တိုင်းပြည်လိုပါပဲ။


တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်းပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကစာတွေ ပို့တယ်။

အဲဒီအထဲမှာ လယ်သမားတွေက သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြား ပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေးအကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါသည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး ပိုင်းကို ပြောတာ။

လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကို လည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက် တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။

လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့် လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။

အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေ ကို ဟောဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ြေ

ကာင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။ လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာလို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့ အစိုးရလို့ မှတ်ချက်ပြုပါတယ်။

ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို

 ပြည်သူ့ဆန္ဒ ပြည်သူ့အမှန်တွေကို ကြားသိအောင် အသေခံတိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။

အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလား သူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့။


နောင်တော်လေး (Facebook)
Unknown at 12:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင် ရရှိရေးကဏ္ဍတို့အား အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်





မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍများ၌ ပြုပြင်ပြောင်းလဲနေသည့်အချိန် ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အမြန်ဆုံး ထိရောက်နိုင်ရန်အတွက် ပြည်သူလူထု အကျိုးရှိမည့် လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင်ရရှိရေး ကဏ္ဍတို့အား ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် အချိန်တိုတိုအတွင်း ထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်၌ ကျင်းပပြုလုပ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အောက်စဖို့တက္ကသိုလ်မှ စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။ “အဓိကအားဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမှာ ရလဒ်ကောင်း မြန်မြန်ရရှိဖို့ ပြည်သူကို အကျိုးရှိမယ့် လုပ်ငန်းတွေကို ခပ်မြန်မြန်လုပ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအားကို စီမံခန့်ခွဲပြီး ဖြန့်ဝေပေးနိုင်မှု အနေအထားနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် အနေအထားတွေက ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ တွန်းအားပေးစေပါတယ်။ ဥပမာ- အာဖရိက ကင်ညာနိုင်ငံဆိုရင် မိုဘိုင်းဖုန်းနဲ့ ငွေပေးငွေယူလုပ်ငန်းတွေ၊ ဘဏ်နဲ့ချိတ်ဆက် ဆောင်ရွက်တဲ့လုပ်ငန်းတွေ မိုဘိုင်းဖုန်းကနေတစ်ဆင့် လုပ်သွားတာမျိုးတွေက ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ အဲဒီလို လုပ်နိုင်အောင်လည်း သုံးနှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ဒီလိုလုပ်နိုင်တဲ့အတွက် လူမှုဖူလုံရေးလုပ်ငန်းတွေမှာ ကင်ညာနိုင်ငံက တော်တော်လေး တိုးတက်သွားတာ တွေ့ရတယ်။ နောက်တစ်ခုက လျှပ်စစ်ကဏ္ဍပါ။ အာဖရိကနိုင်ငံတွေထဲက တစ်နိုင်ငံပဲ လျှပ်စစ်ဖြန့်ဝေမှုကို သူတို့ဆီမှာရှိတဲ့ GE ကုမ္ပဏီ တစ်ခုကနေ ဖြန့်ဝေပေးတယ်။ တစ်ယူနစ်ရဲ့ ကျသင့်ငွေကို လေးဆင့်နဲ့ မူလ Gas တန်ဖိုးကို ပေါင်းပြီးတော့ ဖြန့်ဝေပေးပါတယ်။ ဒီလို အစီအစဉ်မျိုးတွေကို အခြားဆင်းရဲတဲ့ နိုင်ငံတွေထဲမှာလည်း လုပ်လို့ရပါတယ်” ဟု စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။ အလားတူ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍လည်း ၎င်းကရှင်းလင်းပြောကြားခဲ့ပြီး အဓိကအားဖြင့် ကျေးလက်ဒေသရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့အား ဦးစားပေး၍ ထောက်ပြပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။ အလားတူ Duke University မှ စီးပွားရေးပညာရှင် Robert Conrad  ကလည်း အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝအရင်းအမြစ်မှ ရသည့်ဝင်ငွေများအား စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပြီး ရရှိလာသည့် အခွန်များအပေါ်တွင်လည်း မည်သည့်ကဏ္ဍများတွင် ပြန်လည်အသုံးချသည် ဆိုသည်ကို သိရှိရန် လိုအပ်ကြောင်း၊ အခွန်စနစ်နှင့် စာရင်းအင်းများကိုလည်း စနစ်တကျ ပြုစုပြီး check and balance system  ရှိရန်လည်း လိုအပ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

 
 Myanmar Express
Unknown at 12:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည်


၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည် ဖြစ်ကြောင်း ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားလိုက်သည်။

ဆိုက်ရောက်  ဗီဇာများ ပေးရာတွင် Business Visa များသာပေးသွားမည် ဖြစ်သည်။ ပြည်ထောင်စု  ဝန်ကြီး ဦးခင်ရီက "ဒါကို မင်္ဂလာဒုံလေဆိပ်တစ်ခုတည်း ကိုသာပေးသွားမှာ ဖြစ်ပါတယ် visa ကြေးကတော့ ဒေါ်လာ ၅၀ ကျပါမယ် visa  သက်တမ်း  ကတော့ ရက်ပေါင်း ၇၀   ပေးသွားမှာ ဖြစ်ပါတယ် " ဟု  ယင်းက ပြောကြားသည်။
Unknown at 12:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပဋိပက္ခ၊ သေနတ်နှင့် မဲပြားများကြားက အမြည်းဖြစ်နေသော ဒီမိုကရေစီ




(ကျနော်တို့ အွန်လိုင်းကနေ တည်းဖြတ်ထုတ်ဝေဖူးတဲ့ ဖွဲ့တည်ရာ မဂ္ဂဇင်းမှာ ဖော်ပြဖူးတဲ့ စာအုပ်မိတ်ဆက်ပါ http://mmfreethinker.wordpress.com/2010/01/11/book-review-wars-guns-and-votes/)
(ယခုဖော်ပြပါဆောင်းပါးမှာ အောက်စဖို့ဒ်တက္ကသိုလ်၊ နိုင်ငံရေးနှင့် စီးပွားရေးလေ့လာမှုဌာနမှ ပရော်ဖက်ဆာ ပေါလ် ကိုလီယာ၏လက်ရာ ဂန္ထဝင်စာအုပ်တစ်ခုဟုဆိုအပ်သော Wars, Guns and Votes မှစိတ်ဝင်စားစရာ အပိုင်းအချို့ကို ကောက်နုတ်ကာ စာအုပ်အညွှန်းပုံစံဖြင့် တင်ဆက်ထား ခြင်းဖြစ်ပါသည်။ ကိုလီယာသည် မျက်မောက်ခေတ်ကာလ နိုင်ငံတကာ၌ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဟူသည့် အကြောင်းကိစ္စများကို အာပေါင်အာရင်းသန်သန် ပြောဆိုနေကြသူများတွင် အဆိုပါစနစ်ကို အမှန်တကယ်လိုလားမှု ရှိ၊မရှိ ဆန်းစစ်ထားပြီး ငါ့မြင်း ငါစိုင်းစနစ် ဖြစ်တည်နေရခြင်း၏ အကြောင်းအရင်းကို ယထာဘူတကျ ကျဝေဖန်ထားပါသည်။
နိုင်ငံရေးဘောဂဗေဒနှင့် အစစ်အမှန်နိုင်ငံရေးကို စိတ်ပါဝင်စားကြသူများ ကိုလီယာ၏ စာအုပ်ကို အာသီသတွေ့မည်ဟု ယူဆ မိပါသည်။)
မျက်မှောက်ခေတ်ကာလတွင် ကိုယ့်ကိုယ်ကို လေးစားသော မည်သည့်နိုင်ငံအစိုးရမဆို ဒီမိုကရေစီနည်းလမ်းတကျ တရားဝင်ဖြစ်မှုမပါရှိဘဲ ကမ္ဘာ့ဇာတ်ခုံပေါ်သို့ ရင်ဘတ်ကော့၍ တက်ဝံ့ကြလိမ့်မည်မဟုတ်ပေ။ ရွေးကောက်ပွဲဟူသော အကြောင်းအရာမှာလည်း အားနာပါးနာဖြင့် ထည့်သွင်းနေရသော နိုင်ငံရေး အာဂျင်ဒါတစ်ခုအသွင် ဆောင်လာပါသည်။ ကမ္ဘာ့နိုင်ငံ အတော်များများ၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီစနစ်ဟု ပြော၍ရသော်လည်း အမှန်တကယ် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သူဦးရေမှာ လက်ချိုးရေတွက်၍ပင် မရသေးပေ။ ဒီမိုကရေစီဟူသောစနစ်ကို အပိုင်သိမ်းကျုံးယူနိုင်ဖို့မဆိုထားနှင့် အမြည်းလောက်ပင်စားနိုင်သည့် အဆင့်သို့မရောက်သေးပေ။ ငါ့လှေငါထိုး ဘယ်ဆီရောက်ရောက်သဘောကို ဆောင်သည့် ရုရှားအဓိပတိ ဗလာဒီမာပူတင်၊ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ် မူဂါဘီ၊ အီသီရိုးပီးယားသမ္မတ မီလိစ် ဇီနာဝီ၊ ဥဇဘက်ကစ္စတန်သမ္မတ အစ်လမ်ကာရီမော့ဗ်၊ နိုက်ဂျီးရီးယားခေါင်းဆောင် အူမာရူယာအူဒါ နှင့် ကင်ညာ သမ္မတ မာဝီကီဘာနီ တို့မှာ ဒီမိုကရေစီဟူသော ခေါင်းစဉ်ကို ကောင်းစွာ သဘောပေါက်နားလည်သူများဖြစ်သလို အဆိုပါစနစ်ကို အမြည်းတစ်ခုအဖြစ်ကောင်းစွာ ချကျွေးတတ်သူ များလည်းဖြစ်ပါသည်။ (မှတ်ချက်- တရုတ်ပြည်ကို ထည့်သွင်းထားခြင်းမရှိ သည်မှာ ထူးခြားပါသည်။) သူတို့ အားလုံးတွင် ပဋိပက္ခဖန်တီးပြီး ငြိမ်းချမ်းမှုနှင့် မဲရုံများကိုဖန်တီးတည် ဆောက်နိုင်သည့် အရည်အချင်းရှိပါသည်။
မည်သည့်အကြောင်းကြောင့် ဤသို့ဖြစ်ရသနည်း။ အဖြေမှာ ရှင်းပါသည်။ သူတို့ ကိုယ်တိုင်ကိုနှိုက်က ဒီမိုကရေစီနှင့်ပတ်သက်ပြီး အစွဲမကင်း၍ဖြစ်သည်။ ဒီမိုကရေစီ ကျင့်ကြံခြင်းသည် အနောက်ကမ္ဘာ၏ ခြေရာလိုက်နင်းမှုတစ်ခုအဖြစ် တရားသေမှတ်ယူထားသောကြောင့် ဖြစ်ဟန်ရှိပါသည်။ သို့သော် သူတို့တွင် ဒီမိုကရေစီကို ထုံးလိုမွှေရေလိုနှောက်ထားသည့် ပုံစံမျိုး ဖမ်းနိုင်သည့် စွမ်းရည်ရှိကြသည်။ သို့အတွက်ကြောင့် ဒီမိုကရေစီဆန်သည်၊ မဆန်သည်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ ခိုင်မာတောင့်တင်းသော အရပ်ဘက်လူ့အဖွဲ့အစည်း၊ တရားဥပဒေ စည်းမျည်းစည်းကမ်း၊ လွတ်လပ်မျှတပွင့်လင်းသော မဲရေတွက်သည့်စနစ်များ ရှိသည်၊ မရှိသည် အသာထား။ ဒီမိုကရေစီမ ပါလျှင် လူရာမဝင်သည့်ခေတ်ကြီး ဖြစ်နေသောကြောင့် ရွေးကောက်ပွဲများ၊ မဲရုံများ မကြာခဏ ဖန်တီးပေးကြခြင်းဖြစ်သည်။ အကျိုးဆက်က ဘာဖြစ်မည်နည်း။ အဆိုပါနိုင်ငံများမှ ပြည်သူများ ကိုယ်လိုချင်သောခေါင်းဆောင် ကိုယ်ရွေးလို့မရသည့် အဖြစ်မျိုးနှင့်ကြုံတွေ့ရပြီး နောက်ဆုံးတွင် ပဋိပက္ခများ၊ မပြေ လည်မှုများဖြင့်သာ သံသရာလည်ကြရသည်ကိုတွေ့ရသည်။
အဆိုပါသံသရာကို စာရေးသူ ကိုလီယာက “ဒီမိုကရေစီ ရေလိုက်လွဲ နိုင်ငံရေး အဆိုးကျော့သံသရာ” ဟု တင်စားခေါ်ဆိုသည်။ ဆိုလိုသည်မှာ အဆိုပါ နိုင်ငံအစိုးရများက ဒီမိုကရေစီ သဘောတရားကို အမှန်တကယ်နားလည် သဘောပေါက်သော်လည်း အမေရိကန်နှင့် အနောက်ကမ္ဘာဟူ သော အမှတ်တံဆိပ်ကပ်နေသောကြောင့် ပြည်သူနှင့် ခေါင်းဆောင်အစိုးရအကြား စစ်မှန်သောပေါင်းစည်းမှု မဖန်တီးနိုင်ခြင်းဖြစ်ပါသည်။ သို့သော် ရွေးကောက်တင်မြှောက်ပွဲနှင့် မဲရုံဟူ သော အကြောင်းအရာများက ရှိမြဲရှိနေ ဆဲပင်။ “တိုင်းရင်းသားမျိုးနွယ်စုများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ အပြန်အလှန် ထိန်းညှိနိုင်သောစနစ်များ၊ သဘာဝ သံယံဇာတရင်းမြစ်များ ကိုကာကွယ်နိုင်သည့် အစီအမံများ မရှိလေ၊ အစိုးရနှင့် ပြည်သူအကြား ကွာဟမှုကြီးမားလေသာဖြစ်သည်။ နိုင်ငံရေးဇာတ်ခုံပေါ်တက်ရန် ကြိုးပမ်းမှုဟူသည် သေရေးရှင်ရေးတမျှဖြစ်သည့် ရုန်းကန်မှုမျိုးဖြစ်လာသည်” ဟု စာရေးသူက ကောက်ကြောင်းဆွဲသည်။ ကိုလီယာ၏ သုတေသနပြုလုပ်ချက်အရ ရွေးကောက်ပွဲကိစ္စသည် နိုင်ငံရေးသမားများအတွက် ပဋိပက္ခပြေလည်စေမည့် ထွက်ပေါက်တစ်ခုအသွင် မဆောင်ဘဲ ရန်ငြိုးမီးပွား တစ်ခုသဖွယ်ဖြစ် နေသည်။ ရွေးကောက်ပွဲသည် နိုင်ငံနှင့်ပြည်သူလူထု၏ လူမှုစီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်ရာ လမ်းတစ်ခုဖြစ်ရမည့်အစား အုံကြွမှုများနှင့် ရန်မီးစများကို လောင်စာကျွေး နေသည့် အင်ဂျင်တစ်ခုသဖွယ်ဖြစ် နေသည်ကိုတွေ့ရသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းသော နိုင်ငံ အတော်များများကိုကြည့်ပါ။ ဥပမာ – ကွန်မြူနစ်စနစ်လွန် ဥရောပနိုင်ငံများ၊ ပါကစ္စတန်အပါအဝင် အရှနိုင်ငံများ၌ ရွေးကောက်ပွဲနှင့် ပြည်တွင်ရေး မတည်ငြိမ်မှုတို့မှာ တစ်လှည့်စီဖြစ်ပွားနေပါသည်။
“ရွေးကောက်တင်မြှောက်ပွဲ ပြီးသည်နှင့် ဆူပူအုံကြွမှုဖြစ်၊ ဆူပူအုံကြွမှုပြီးသည်နှင့် ရွေးကောက်ပွဲ ပြန်လုပ်” ဟု စာရေးသူ ကိုလီယာက ရှုပ်ထွေးလွန်းသော စီးပွားရေးနှင့် လူမှုရေး ပဋိပက္ခ အခန်းတွင် ဖွင့်ဆိုသည်။ ခြောက်လှန့်မှု၊ ခြိမ်းခြောက်မှုတို့အောက်တွင် ရေငုံနှုတ်ပိတ်အောင် မြင်စွာ ပြီးဆုံးသွားသော မဲရုံများကို ကြည့်ရသည်မှာ ဒီမိုကရေစီကို မြည်းနေသည့် အလားထင်မှတ်ရသည်ဟု စာရေးသူက ရုရှားအပါအဝင် ကွန်မြူနစ်လွန် ဥရောပနိုင်ငံများကို ခိုင်းနှိုင်းရေးသားသည်။ ရလဒ်က အဘယ်နည်း။
အမြည်းဆိုမှတော့ အမှန်တကယ်စားသုံးခွင့် မည်သို့မျှ မရှိနိုင်ပေ။ ထို့ကြောင့် နောက်ဆက်တွဲမှာ အရည် အသွေးညံ့ဖျင်းသော အုပ်ချုပ်ရေးအစိုးရများသာ ဥမှအကောင်ပေါက်လာလေတော့သည်။ မဲဆွယ်မှုများနှင့် ပတ်သက်၍လည်း ကိုလီယာက နိုင်ငံရေးသမားများကို ကောင်းကောင်း တွယ်ထား သေးသည်။ “နိုင်ငံရေးသမားတွေ ပေးတဲ့ကတိသစ္စာ၊ ဘယ်တော့မှ မယုံရပါ” ဟုခပ်ပြတ်ပြတ် ဝေ ဖန်သည်။ အမြည်းကျွေးသောစနစ် ထွန်းကားသည့် ဝန်းကျင်တွင်ပြုလုပ်သော မဲဆွယ်မှုများမှ မက်လုံးများသာ ထွက်ပေါ်သည်ကများပါသည်။ အစပထမပိုင်းတွင် နိုင်ငံနှင့်ပြည်သူ့အတွက် ဟု မည်မျှပင်ဆိုလေသော်ငြား နောက်ပိုင်းမှာ နိုင်ငံရေးသမားအချင်းချင်း၊ ပါတီအချင်းချင်း အားပြိုင်မှု ကိုသာ ဦးတည်ကြတော့သည်။ လူမျိုးစုံ ဘာသာစုံ ရောထွေးနေထိုင်လျက်ရှိသော နိုင်ငံများတွင် တိုင်းရင်းသားလူနည်းစုများအပေါ် အသိအမှတ်ပြုခြင်း၊ မပြုခြင်းဟူသော ကိစ္စမှာ လွန် စွာအရေးကြီးသည်။ နိုင်ငံရေးသမားများသည် တိုင်းရင်းသာလူနည်းစု (Ethnic Minority) များ၏ အခွင့်အရေး နှင့်ပတ်သက်၍ မက်လုံးပေးစည်းရုံးနိုင်မှု စွမ်းရည်လွန်စွာနည်းပါသည်ဟု ကိုလီယာက ဆိုပြီး ရွေးကောက်ပွဲများ အကြောင်းကို အောက်ပါအတိုင်းရှင်း ပြသည်။
“အကယ်၍ရွေးကောက်ပွဲ တစ်ခုတွင် မဲပေးသူများကသာ ပါတီစွဲ၊ အစိုးရစွဲမရှိဘဲ လူမျိုးရေး၊ အမျိုး သားရေး သစ္စာရှိမှုဟူသောစိတ်ဖြင် မဲပေးကြပါက ပါတီခေါင်းဆောင်များ၏ မက်လုံးပေးမှုမှာ ပို၍ပင် မရှိသလောက်ဖြစ်လာပေလိမ့်မည်။ မဲပေးသူများ မဲရုံတွင် စုဝေးကြရုံသက်သက်ဖြင့် ဒီမိုကရေစီရှိသည်ဟူသော သဘောကို သက်ရောက်သွားပေလိမ့်မည်။ ရွေးကောက်ပွဲတိုင်းလိုလို အမျိုးသားရေးလက္ခာ ကိစ္စက လွန်စွာလွှမ်းမိုးထားသည်ကို တွေ့ရသည်။ ထိုကိစ္စကြောင့်ပင် မဲပေးမှုဟူသည် အမျိုးသားရေး သဘောထားထုတ်ဖော်သည့် ပွဲတစ်ခု အသွင်ဆောင်နေခြင်းဖြစ်သည်။ အရှင်းဆုံးပြောရလျှင် မဲပေးမှုသည် ဘောလုံးသမားများ မိမိဘယ်အသင်းက ဖြစ်သည်ကို အသင်းဝတ်စုံဝတ်ပြသည့် ပုံစံမျိုးဖြစ်နေသည်။ တိုင်းပြည်အတွက် စွမ်းဆောင်ရည်ရှိသော အစိုးရတစ်ခု ထွက်ပေါ်ရေးအတွက် မဲပေးနေခြင်း ဖြစ်သည်ဟူသော ယုံကြည်ချက်ပျောက် နေသည့် သဘောသို့သက်ရောက်နေသည်။ အခြားတစ်ဖက်ကိုကြည့်လျှင်လည်း ရွေးကောက်ပွဲများပြုလုပ်သည့် နိုင်ငံ ၁၀ နိုင်ငံတွင် ကိုးနိုင်ငံလောက်မှာ ပွင့်ပွင့်လင်းလင်း သတင်းဖော်ပြ ရေးသာနိုင်သော မီဒီယာအခန်းကဏ္ဍဍ ပျောက်နေကြသည်က များသည်။ သို့အတွက်ကြောင့် နိုင်ငံသားများမှာ မိမိတို့ မဲပေးမည့်ပါတီမှ နိုင်ငံရေးသမားများ ဘယ်လောက်ကောင်းသည်၊ ဆိုးသည်ကို ဂဃဏန သိခွင့်မရှိကြပေ” အဆိုပါနိုင်ငံများကို ကိုလီယာက “အောက်ဆုံးက ဘီလျံများ” ဟု ခေါ်ဆိုသည်။ ဆင်းရဲပြီး ဖွံ့ဖြိုးမှုနောက်ကျသော တတိယကမ္ဘာ့နိုင်ငံများကို ဆိုလိုခြင်းဖြစ်ပါသည်။
တိုင်းရင်းသားမျိုးနွယ်စုကိစ္စ၊ လူမျိုးရေးကိစ္စ နှင့်ဆက်နွှယ်သော ပဋိပက္ခများပြေလည်ရေးအတွက် နိုင်ငံရေးသမားများ လုပ်ဆောင်ရမည်မှာ တိုင်းရင်းသားများ၏ အမျိုးသားရေးစရိုက်လက္ခာဏာကို တစ်တိုင်းပြည်လုံး၏ အမျိုးသားရေးလက္ခဏာနေရာသို့ အစားထိုး ထည့်သွင်းပြီး ဒီမိုကရေစီကို ဖော်ဆောင်သွားရန်ဖြစ်ပါသည်။ သို့အတွက် လူမျိုးစုံ၊ ဘာသာစုံ စုဝေးနေထိုင်သော နိုင်ငံများတွင် လိုအပ်သည်မှာ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားရေးစရိုက်လက္ခဏာ တည်ဆောက်ရေးကို တစ်ပြေးညီ အကောင်အထည်ဖော်နိုင်သည့် အမြင်ရှိသော ခေါင်းဆောင်များပင်ဖြစ်ပါသည်။ တိုင်းရင်းသား လူနည်းစုများ ခွဲထွက်ရေးတောင်းဆိုမှု၊ လက်နက်ကိုင် ပုန်ကန်မှု၊ ပြည်တွင်းစစ်ဖြစ်ပွားမှု နှင့် ဂျီနိုဆိုက်ခေါ် လူမျိုးဖြုတ် သတ်ဖြတ်မှုတို့မှာ ဆိုခဲ့ပါ အမျိုးသားရေး လက္ခဏာကို ကောင်းစွာတည်ဆောက် ထားသိုနိုင်သော ခေါင်းဆောင်များ မရှိသောကြောင့်ဖြစ်သည်။ ထို့ပြင်စာ ရေးသူ၏ သုတေသနပြုချက်တစ်ရပ်ကိုလည်း စိတ်ဝင်စား ဖွယ်တွေ့ရသည်။ ရွေးကောက်ပွဲ – စစ်တပ် အာဏာသိမ်းပိုက်မှု တစ်လှည့်စီဖြစ်ပေါ်နေခြင်းအပေါ် သုတေသနပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အကယ်၍ အစိုးရများတွင် တာဝန်ခံမှု မရှိခဲ့ပါက ရွေးကောက်ပွဲမဲဆွယ်မှု၊ မဲရေတွက်မှုတို့မှာ မည်သို့မျှ ဒီမိုကရေစီနည်းလမ်းတကျ ဖြစ်လာမည်မဟုတ် ဟုဆိုသည်။ ထို့ကြောင့် ယခုအခါ အနောက်ကမ္ဘာနိုင်ငံများက လွပ်လပ်ပြီး တရားမျှတမှုမရှိသော နိုင်ငံများတွင် စစ်တပ်အာဏာသိမ်းပိုက်မှု ပြုလုပ်ခြင်းကို လက်သင့်ခံမည်ဟု ထုတ်ဖော်ကြေညာလာခြင်းဖြစ်သည် ဟု စစ်တပ်နှင့် ရွေးကောက်ပွဲ အခန်းတွင် စာရေးသူ ကဖော်ပြထားသည်။ ဤသို့သော အခြေအနေက တိုင်းပြည်ခေါင်းဆောင်များအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော မဲပေး သည့်စနစ် လုပ်ပေးနိုင်အောင် မက်လုံးတစ်ခုဖြစ်လာနိုင်ပါသည်။ သို့သော် စစ်တပ် အာဏာသိမ်းပိုက်မှုများကြောင့် သွေးထွက်သံယိုမှုများ ထွက်ပေါ်လာနိုင်သည်ကို သတိပြုသင့်သည်။ ဆူဒန်နိုင်ငံ၊ ဒါဖာဒေသ မှ လူမျိုးဖြုတ်သတ်ဖြတ်မှုများသည် အာဏာသိမ်းပိုက်မှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်ဟု စာရေးသူက ဥပမာပေးထားပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ကိုလီယာ၏ ယခုနောက်ဆုံးထွက်သောစာအုပ်မှာ နိုင်ငံတကာဆက်ဆံရေး၊ စစ်ရေး၊ လူမျိုးစုအရေး၊ ဒီမိုကရေစီအရေးတို့နှင့်ပတ်သက်ပြီး စူးရှထက်မြက်သော အတွေးအမြင်များပါ ရှိသည်။ အမျိုးသားရေး၊ အချုပ်အချာ အာဏာပိုင်စိုးရေးနှင့် စစ်ရေးအင် အားဟူသော အကြောင်းအရာများက ၂၁ ရာစု ကမ္ဘာ့နိုင်ငံအများစု၏ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီစနစ်ကို မည်မျှအတိုင်းအတာအထိ ယိုင်နဲ့အောင်လုပ်နိုင်စွမ်းရှိသည်ကို ကောင်းစွာတွေ့မြင်ရပါသည်။ ဒီမိုကရေစီကို အမြည်းသဘောထက် ပို၍ခံစားခွင့် ရရှိနိုင်ရေးမှာ စစ်ပွဲများ၊ သေနတ်များနှင့် မဲပြားများကြားတွင်သာ ရှာရလိမ့်မည်ဟု စာရေးသူ ကိုလီယာက နိဂုံးချုပ်ထားပါသည်။
ဖေခင် (ကလော)
Ref: Wars, Guns and Votes by Paul Collier
Unknown at 12:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို




၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

“NOAA (National Oceanic and Atmospheric Administration) ကထုတ်ထားတဲ့ နှစ်ပတ်စာ ခန့်မှန်းချက်ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်း မြန်မာ့ရေပြင်နဲ့ ထိစပ်နေတဲ့အပိုင်းမှာ မုန်တိုင်းဖြစ်မယ်လို့ ပါတယ်။ မိုးကြိုမှာဖြစ်တဲ့မုန်တိုင်း၊ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံကိုဝင်တယ်။ အခုထိ မြန်မာနိုင်ငံကို ၀င်မယ်လို့ ခန့်မှန်းချက် မရှိသေးပေမယ့် သတိထားစောင့်ကြည့်ဖို့တော့ လိုတယ်” ဟု ဦးထွန်းလွင်က ၂၀၁၂ ခုနှစ်မိုးရာသီ၌ မြန်မာ့ဆန်စပါး စိုက်ပျိုးရာတွင် ကြုံတွေ့ရနိုင်မည့် အခက်အခဲများဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။

NOAA သည် သမုဒ္ဒရာများနှင့် လေထုအခြေအနေကို စောင့်ကြည့်သည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို မုန်တိုင်း ၈၅ လုံး ၀င်ရောက်ခဲ့ရာ ၎င်းတို့၏ ၅၁ ရာခိုင်နှုန်းမှာ မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။

၂၀၁၂ ခုနှစ်သည် ရာသီဥတု ခန့်မှန်းရ ခက်ခဲလွန်းသဖြင့် အလွန်ဆိုးသည်ဟု ဆိုနိုင်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ရွာသွန်းနေကျ မိုးရေချိန်အောက် ပိုမည်၊ လျော့မည်၊ ရွာသွန်းမြဲဖြစ်မည်ဟု အဖြေထုတ်ရန် လုံလောက်သည့် အထောက်အထားမတွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းသို့ မုတ်သုံ ၀င်ရောက်မြဲ အချိန် မေလ ၅ ရက် နေ့တွင် ၀င်ရောက်ခြင်း မရှိဘဲ မေလ ၁၉ ရက်နေ့မှ ၀င်ရောက်ခဲ့သဖြင့် မုတ်သုံနောက်ကျပြီး အားနည်းနေကြောင်း သိရသည်။

“မုတ်သုံက တောင်ပိုင်းကိုပဲ ၀င်တယ်။ မြစ်ဝကျွန်းပေါ် အလယ်ပိုင်းနဲ့မြောက်ပိုင်းတွေကိုဝင်ဖို့ ကျန်သေးတယ်။ မုတ်သုံက အင်ဒိုနီးရှား ကနေ ပါကစ္စတန်ထိ ၀င်ရတာဖြစ်တယ်။ မုတ်သုံအ၀င်ကြမ်းမှ နောက် ငါးလဆက်တိုက် မိုးရွာတယ်။ မုတ်သုံက ကိုယ့်ဘာသာကိုယ် မ၀င်နိုင်ရင် မုန်တိုင်း အကူလာတယ်။ မုန်တိုင်း မလာရင် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းတွေကို မုတ်သုံ မရောက်တော့ဘူး” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် မုန်တိုင်းသည် ဇွန်လဆန်းတွင်ဖြစ်ပေါ်ပါက မိုးတွင်းသို့ရောက်ရှိသွားပြီဖြစ်သဖြင့် အစဉ်အလာအရ မြန်မာနိုင်ငံကို ၀င်ရောက်ဖွယ်မရကြောင်းလည်း သိရသည်။

 
 Myanmar Express
Unknown at 12:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးသောင်းရှိမှ ကျောင်းအပ်ကြ


ငါးသောင်းရှိမှ ကျောင်းအပ်ရတဲ့ အမက (၄)
စစ်ကိုင်တိုင်းဒေသကြီး မုံရွာမြို့ ဆူးလေကုန်းရပ် အမက (၄) ကျောင်းကတော့ အလှူငွေ
ကောက်ပါတယ်။ ဒီကျောင်းကတော့ သူငယ်တန်းကျောင်းသားသစ်အပ်လျှင် အနည်းဆုံး
 ငါးသောင်းကျပ် တိတိ အလှူငွေ အဖြစ်(အလှူရှင် ၏ ဆန္ဒရှိ ရှိ
မရှိရှိ)ကောက်ခံနေပါတယ်။

ကျောင်းသားသစ်လျှောက်လွာများကို ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး ကော်မတီ
လူကြီးများ ဟုဆိုသူများကကောက်ခံလျှက်ရှိနေပါတယ်။

ထိုသို့ကောက်ခံရာတွင် ငါးထောင် တစ်သောင်းနဲ့တော့မလာခဲ့နဲ့ဟု ခေတ်ဟောင်းက
ဥက္ကဌ လုပ်ခဲ့ဖူးသူ ဦးချိုတူး မှ အများကြားအောင်ပြောပါတယ်။ ကျောင်းအကျိုးတော်
ဆောင် ဆိုသူ ဒေါ်မီမီတိုး မှလည်း တစ်သိန်းအောက် တော့ မလာခဲ့နဲ့ဟု ရင်း နှီးသူများ
ကို ပြောဆိုကောက်ခံပါတယ်။

အလှူငွေကောက်သည်ဆိုသည်မှာ ပေးလှူမည်သူ၏ စေတနာ အလျှောက် ကြည်ဖြူစွာ
လှူဒါန်းသည်ကိုသာ လက်ခံရမည်ဖြစ်သည်။ ယခုလို ငါးသောင်းအနည်ဆုံးဟု ဖိအားပေး
အလှူခံခြင်းမှာမဖြစ်သင့် ကြောင်း မုံရွာမြို့ ဆူးလေကုန်ရပ်ကွက်က ကျောင်းသားမိဘ များ
က Myanmar News Now ကို ပြောပြပါတယ်။
Unknown at 12:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.