
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ နိုင်ငံရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍများ၌ ပြုပြင်ပြောင်းလဲနေသည့်အချိန် ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အမြန်ဆုံး ထိရောက်နိုင်ရန်အတွက် ပြည်သူလူထု အကျိုးရှိမည့် လျှပ်စစ်ကဏ္ဍ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍနှင့် အလုပ်အကိုင်ရရှိရေး ကဏ္ဍတို့အား ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် အချိန်တိုတိုအတွင်း ထိရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာအင်ဖိုတက်၌ ကျင်းပပြုလုပ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အောက်စဖို့တက္ကသိုလ်မှ စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။ “အဓိကအားဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမှာ ရလဒ်ကောင်း မြန်မြန်ရရှိဖို့ ပြည်သူကို အကျိုးရှိမယ့် လုပ်ငန်းတွေကို ခပ်မြန်မြန်လုပ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအားကို စီမံခန့်ခွဲပြီး ဖြန့်ဝေပေးနိုင်မှု အနေအထားနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် အနေအထားတွေက ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ တွန်းအားပေးစေပါတယ်။ ဥပမာ- အာဖရိက ကင်ညာနိုင်ငံဆိုရင် မိုဘိုင်းဖုန်းနဲ့ ငွေပေးငွေယူလုပ်ငန်းတွေ၊ ဘဏ်နဲ့ချိတ်ဆက် ဆောင်ရွက်တဲ့လုပ်ငန်းတွေ မိုဘိုင်းဖုန်းကနေတစ်ဆင့် လုပ်သွားတာမျိုးတွေက ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ အဲဒီလို လုပ်နိုင်အောင်လည်း သုံးနှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ဒီလိုလုပ်နိုင်တဲ့အတွက် လူမှုဖူလုံရေးလုပ်ငန်းတွေမှာ ကင်ညာနိုင်ငံက တော်တော်လေး တိုးတက်သွားတာ တွေ့ရတယ်။ နောက်တစ်ခုက လျှပ်စစ်ကဏ္ဍပါ။ အာဖရိကနိုင်ငံတွေထဲက တစ်နိုင်ငံပဲ လျှပ်စစ်ဖြန့်ဝေမှုကို သူတို့ဆီမှာရှိတဲ့ GE ကုမ္ပဏီ တစ်ခုကနေ ဖြန့်ဝေပေးတယ်။ တစ်ယူနစ်ရဲ့ ကျသင့်ငွေကို လေးဆင့်နဲ့ မူလ Gas တန်ဖိုးကို ပေါင်းပြီးတော့ ဖြန့်ဝေပေးပါတယ်။ ဒီလို အစီအစဉ်မျိုးတွေကို အခြားဆင်းရဲတဲ့ နိုင်ငံတွေထဲမှာလည်း လုပ်လို့ရပါတယ်” ဟု စီးပွားရေးပညာရှင် Paul Collier က ပြောကြားခဲ့သည်။ အလားတူ အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍လည်း ၎င်းကရှင်းလင်းပြောကြားခဲ့ပြီး အဓိကအားဖြင့် ကျေးလက်ဒေသရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့အား ဦးစားပေး၍ ထောက်ပြပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။ အလားတူ Duke University မှ စီးပွားရေးပညာရှင် Robert Conrad ကလည်း အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝအရင်းအမြစ်မှ ရသည့်ဝင်ငွေများအား စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပြီး ရရှိလာသည့် အခွန်များအပေါ်တွင်လည်း မည်သည့်ကဏ္ဍများတွင် ပြန်လည်အသုံးချသည် ဆိုသည်ကို သိရှိရန် လိုအပ်ကြောင်း၊ အခွန်စနစ်နှင့် စာရင်းအင်းများကိုလည်း စနစ်တကျ ပြုစုပြီး check and balance system ရှိရန်လည်း လိုအပ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge