Thursday, February 9, 2012

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးရန် မင်းကိုနိုင်ပြော

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ တော်လှန်ရေးကောင်စီလက်ထက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်း ၀င်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်
ဖြိုခွဲ ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံ
အအုံကို ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြား လိုက်သည်။
“အခု ဒီမိုကရေစီဖော်ဆောင်နေတဲ့ ခေတ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေ ပေါ်ပေါက်နေပြီပဲဗျာ၊ ကျောင်း သား လွှတ်တော်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ ဆိုတာရှိရမယ်။ ကျောင်းသားသမဂ္ဂဆိုတာက အဆောက်အအုံနဲ့ ရုံးခန်းနဲ့ ကျောင်း သားထုအပေါ်ကို အကာအကွယ်ပေးဖို့ သဘောပဲ”ဟု ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။
ယမန်နေ့က မျိုးဆက် အဆက်ဆက် ကျောင်းသားဟောင်းများ မိတ်ဆုံပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ လက် ဖက်ရည်ဆိုင်၌ ကျင်းပသည့် အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောကြားခြင်းဖြစ်သည်။
မိတ်ဆုံပွဲသို့ ၁၉၆၂ ခုနှစ် ကျောင်းသားမျိုးဆက်များမှ အစပြုကာ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၂၀၀၇ ခုနှစ် အထိ ကျောင်း သားမျိုးဆက်များ တက်ရောက်ခဲ့သည်။
ယခုကဲ့သို့ ကျောင်းသားမျိုးဆက် စုံလင်စွာတွေ့ဆုံမှုသည် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင် ပထမဆုံးဖြစ်သည်။
ကိုမင်းကိုနိုင်က သမဂ္ဂ ဒေါင်း အလံ လက်ဆင့်ကမ်းမှု သင်္ကေတ ဖြစ်ကြောင်း ဆက်ပြောလိုက်ပြီး မြန်မာ့လွတ်လပ်ရေး သမိုင်းသည် ကျောင်းသားလှုပ်ရှားမှုနှင့် စတင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ကျောင်း သား ခေါင်းဆောင်များက ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ လွတ်လပ်ရေးအတွက် အခြေတည်ခဲ့သောကြောင့် သမိုင်း တန်ဖိုး ကြီးမား၍ လည်းကောင်း၊ ဒီမိုကရေစီဖော်ဆောင်ချိန်ဖြစ်သည့် အချက်တို့ကြောင့်လည်းကောင်း  ကျောင်းသားသမဂ္ဂ အဆောက် အအုံ ကို ပြန်လည်ဆောက် လုပ်ပေးရန် လိုအပ်သည်ဟုလည်း ဆိုသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်က ရန်ကုန် တက္ကသိုလ်ကျောင်းသားများသည် ဖိနှိပ် ချုပ်ချယ်သည့် ကျောင်းစည်းကမ်းများ ရုပ် သိမ်းရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ စည်းဝေး ဆုံးဖြတ်၍ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြ သည်။
ထိုသို့ကျောင်းသားများ ဆန္ဒပြမှုကို ဗိုလ်ချုပ်ကြီး နေ၀င်း တော်လှန်ရေးကောင်စီအစိုးရက အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းခဲ့ရာ ၁၀ ဦးထက် မနည်း သေဆုံး၍ ဒဏ်ရာရသူ ၅၀ နီးပါးရှိခဲ့ပြီး ကျောင်းသားများစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည့် မှတ်တမ်းများ ရှိခဲ့ သည်။
နောက်တနေ့ ဇူလိုင် ၈ ရက် နံနက်စောစောတွင် ကျောင်းသားသမဂ္ဂ အဆောက် အအုံကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ နောက်ပိုင်း ၌ ထိုကျောင်းသား အရေးအခင်းကို ဆဲဗင်း ဂျူလိုင် အရေးအခင်းဟု သတ်မှတ် ခေါ်ဆိုခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ဦးနေ၀င်း၊ ဒု ဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး တို့အကြား ၁၉၈၈ ခုနှစ်ကလည်း လူသိရှင်ကြား အပြန်အလှန် အပြစ်တင်ခဲ့ကြဖူးသည်။
ယမန်နေ့က မိတ်ဆုံပွဲ၌ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ ၊ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ၇၄ မျိုး ဆက် ခေါင်းဆောင် ဦးလှစောတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြသည်။
၆၂ မျိုးဆက်ခေါင်းဆောင် ဦးလှရွှေက“ သမဂ္ဂ ဒေါင်းအလံကို အသက်တွေ၊ ဘ၀တွေ၊ မျက်ရည်တွေ ထုနဲ့ဒေး ပေးဆပ် ရင်း လက်ဆင့်ကမ်းလာကြတာ အခု ၈၈ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကနေ နောက်ဆုံး ၂၀၀၇ မျိုးဆက်ထိပဲ။ အားလုံးဟာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲ လူတွေချည်းပါပဲ”ဟု ဧရာဝတီကို ပြောသည်။
ကိုမင်းကိုနိုင်ကလည်း“ကျောင်းသားလှုပ်ရှားမှု သမိုင်းတွေက ဖုံးကွယ်ထားလို့မရဘူးဗျ။ အမှန်တရားဟာ ဘယ်လိုမှ တားမြစ်ပိတ်ပင်လို့ မရတဲ့အတွက် အချိန်တန်တော့ ကျောင်းသားတွေရဲ့ ရင်ဘတ်ထဲကို ရောက်လာတာပဲဗျ။ ၆၂ ဆဲဗင်း ဇူလိုင် ကျောင်းသား လှုပ်ရှား မှုတွေက စပြီး ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျနော်တို့ ရင်ထဲကိုဝင်လာပြီးတော့ သွေးထဲကို မြစ်တစင်းလို စီးဆင်း လာတယ်။ အခုထိ ဒေါင်းအလံကို လက်ဆင့်ကမ်း သယ်လာလိုက်ကြတာ”ဟု ပြောသည်။
၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီး၊ ၇၄ မျိုးဆက် ဦးလှစောတို့ကလည်း ကျောင်းသားသမိုင်း ဆိုင်ရာများကို အသီးသီးပြော ဆိုခဲ့ကြပြီး မျိုးဆက်သစ်တို့၏ ကြိုးစားလှုပ်ရှားမှုများ အတွက် ဂုဏ်ပြု ပြောဆိုခဲ့ကြသည်ဟုလည်း သိရသည်။
Unknown at 4:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားငွေများ ဘဏ်စာရင်းပြောင်းနည်းဖြင့် ရောင်းဝယ်နိုင်ပြီ


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ် (၁၁)ဘဏ်ကို (၂၅.၁၁.၂၀၁၁) ရက်တွင် နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားခွင့် လိုင်စင် (Authorized Dealer License) ထုတ်ပေးပြီး နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ၄င်းဘဏ်များသည် ပြည်ပဘဏ်များနှင့် အဆက်အသွယ် ဘဏ်ထူထောင်ခြင်း၊ နိုင်ငံတကာသုံး ဘဏ်လုပ်ငန်းကွန်ရက် (SWIFT) စနစ်အတွင်းသို့ ဝင်ရောက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် မတည်ငွေရင်းများကို ထည့်ဝင်ခြင်းနှင့် ဝန်ထမ်းများအား လေ့ကျင်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင် ထုတ်ပေးထားသည့် ပုဂ္ဂလိကဘဏ်များမှာ သမဝါယမဘဏ်လီမိတက်၊ မြဝတီဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ယူနိုက်တက်အမရာဘဏ်လီမိတက်နှင့် ဧရာဝတီဘဏ်လီမိတက်တို့ ဖြစ်သည်။ ပြည်တွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ပိုင်ရှင်များအနေဖြင့် မိမိတို့စာရင်းရှိ နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ရောင်းဝယ်လိုပါက အထက်ပါဘဏ်များသို့ (၉.၂.၂၀၁၂) ရက်မှစ၍ ဆက်သွယ်ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ ဘဏ်များတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 4:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ


From : ခင်မောင်ညို (ဘောဂဗေဒ)

မြန်မာ့ စီးပွားရေး အ၀န်းအ၀ိုင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြဌာန်းချက် အမှတ်၎ ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့သတင်းဟ လှုပ်လှုပ်ရှားရှား ရှိတဲ့သတင်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မီရီလ် ကာရာဆူလူ Meral Karasulu (Deputy Division Chief',Asia and Pacific Department ,International Monetary Fund) ခေါင်းဆောင်ပြီး ၂၀၁၂ခုနစ်၊ ဇန်န၀ါရီလ၊ ၉ရက်နေ့ကနေ ၂၅ရက်နေ့အထိ လာရောက်ခဲ့ရမှာ ခရီးစဉ်အပြီး ဇန်န၀ါရီလ ၂၅ရက်နေ့ နေ့စွဲနဲ့ ကျေညာချက် တစ်စောင် ထုတ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ရက်နေ့၊ နေ့လည် ၃နာရီအချိန်၊ ရန်ကင်း ဘဏ်သင်တန်းကျောင်းမှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ နိုင်ငံတော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပထမဆုံး သဘာပတိရဲ့ နိဂုံးချုပ် မိန့်ခွန်းကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဦးမြင့်က "အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့မျိုးက မြန်မာနိုင်ငံအပေါ် အခုလို အပြုသဘော ရှုမြင်တာ ကြားသိရတဲ့အတွက် ကျေနပ်စရာလို့ မြင်ပါတယ်။"

အဖွဲ့ခေါင်းဆောင်ရဲ့ တင်ပြဆွေးနွေးချက်တွေထဲက ပထမဆုံး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှု၊ အားလုံး သက်ဆိုင် အကျုံးဝင်တဲ့ စီးပွားရေး တိုးတက်မှု၊ ရရှိဖို့အတွက်၊ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု (Macroeconomic stability) နဲ့ စရပါမယ်။ အခုလဲ ဖလှယ်နှုန်း တစ်မျိုးထဲ ဖြစ်ဖို့၊ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အကန့်အသတ်တွေကို ပယ်ဖျက်ဖို့ စတင်လုပ်နေတာကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အသိအမှတ်ပြုပါတယ်။

၂၀၁၁-၁၂ ဘဏာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ အမှန်တကယ် တိုင်းပြည်ဝင်ငွေ ၅.၅ရာခိုင်နှုန်း တက်ပြီး ၂၀၁၂-၁၃မှာတေ့ ၆ရာခိုင်နှုန်းအထိ တက်မယ်။ ချေးငွေတွေ တိုးပွားတာရယ်၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချမှုတွေ တိုးပွားလာတာရယ်ကြောင့် ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနိုင်တယ်လို့ တွက်ဆထားပါတယ်။

ငွေဖောင်းပွမှုနှုန်းက ၂၀၁၁-၁၂မှ ၄.၂ရာခိုင်နှုန်း ရှိရာက နောင်နှစ်မှာ ၅.၈ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်လင့်ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဈေးကျတာ ရပ်ပြီလို့ တွက်ပါတယ်။

၂၀၀၉-၁၀ ဘဏာရေးနှစ် အဆုံးကတည်းက မြန်မာကျပ်ငွေဟာ ၃၂ရာခိုင်နှုန်း အထိ တန်ဖိုး တိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို နိုင်ငံခြားက ငွေကြေး အမြောက်အများ ၀င်လာပြီး ပြန်ထွက်ဖို့ကျတော့ အချုပ်အချယ်၊ အတားအဆီးတွေ ရှိနေလို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

တကယ်တော့ ၂၀၀၈ခုနစ် ကမ္ဘာ ဘဏာရေးအကြပ်အတည်းဟာ မြန်မာနိုင်ငံကို အနည်းငယ်သာ ထိခိုက်မှု ရှိစေခဲ့သလို ဒေသတွင်းမှာ ၀ယ်လိုအား ကျဆင်းတာဟာ မြန်မာနိုင်ငံကို အနည်းငယ်ပဲ ထိခိုက်နိုင်ပါတယ်။ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက အဆက်အသွယ် အနည်းငယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်း တန်ဖိုး ဆက်တက်နေရင် မြန်မာပို့ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

တစ်ဖက်မှတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျှော့ပေးတာ ပုဂ္ဂလိကကဏ ချေးငွေတွေ တိုးလာတာ နိုင်ငံခြားငွေနဲ့ အချုပ်အချယ်တွေ ဖယ်ရှားပြီး ဖလှယ်နှုန်းတစ်ခုတည်း ဖြစ်အောင် လုပ်ပေးမယ် ဆိုရင်တော့ တိုးတက်မှု ရနိုင်ပါတယ်တဲ့။
အလွန်တရာ ရှုပ်ထွေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြုပြင်ဖို့ကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ ပို့ကုန်ပထမ (Export first) မူဝါဒကိုလဲ ပယ်ဖျက်ရပါမယ်။

တချို့ကန့်သတ်ချက်တွေကို ချက်ချင်းဖယ်ရှားနိုင်ပါတယ်။ ဥပမာ ဘယ်စာရင်းနဲ့ပဲဖြစ်ဖြစ် သွင်းကုန်တင်သွင်းခွင့်ပြုတာ၊ သွင်းကုန်လိုင်စင် လွယ်အောင် လုပ်ပေးတာ၊ နိုင်ငံခြားငွေလဲကောင်တတွေမှ လဲခွင့်ရအောင် လုပ်ပေးတာမျိုးတွေပါ။
တကယ်တော့ ငွေလဲလှယ်နှုန်း တစ်မျိုးတည်း ဖြစ်အောင် လုပ်ဖို့ဆိုတာ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှုတွေ အားလုံး တိုးတက်မှုအပေါ်မှာ မူတည်နေပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုကို အာရုံစိုက်တဲ့ ငွေကြေးမူဝါဒကို ချမှတ်ပေးရပါမယ်။
မကြာမီက ဘဏ်အတိုးနှုန်းတွေ ချပေးခဲ့တာကို ကြိုဆိုပေမယ့် ထပ်ချနိုင်မယ် မထင်ပါဘူး။ ထပ်ချရင် ဘဏ်မှာ မစုကြတေ့ဘဲ အိမ်ယာမြေလို ဈေးကစားနိုင်တဲ့ နေရတွေ ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးချင်ရင် အတိုးထပ်မချဘဲ ပုဂ္ဂလိကအတွက် အဟန့်အတားတွေ ဖယ်ပေးဖို့၊ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးဖို့အတွက် အကြံပေးတာ တွေ့ရပါတယ်။

အတိုးနှုန်းကို ဈေးကွက်က သတ်မှတ်တဲ့နှုန်း ဖြစ်စေဖို့၊ ငွေတိုက်စာချုပ်တွေလို လက်လီ လက်ကား တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ တိုက်တွန်းထားတာကိုလဲ တွေ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေက အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ရောင်းကြပေါ့။
၂၀၁၂-၁၃ ဘတ်ဂျက်ကို လွှတ်တော်မှာ ဆွေးနွေးကမယ့် ကိစ္စဟာ အသုံးစရိတ် ဦးစားပေးပုံ ပြန်လည် သတ်မှတ်ဖို့နဲ့ မြင်သာထင်သာဖို့ အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ်ပါ။ အရင်နှစ်က လိုငွေထက် ၁ရာခိုင်နှုန်း လျော့လို့ လိုငွေ ၄.၆ရာခိုင်နှုန်း ရှိနိုင်တဲ့ကြားက ပညာရေးနဲ့ ကျန်းမာရေးအတွက် တိုးသုံးဖို့ အစိုးရရဲ့ အစီအစဉ်ကိုလဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကြိုဆိုပါတယ်။ ငွေလဲလှယ်နှုန်း ပြောင်းဖို့ ကြိုးစားနေတဲ့အချိန်မှ ဥာဏ်ပညာရှိတဲ့ ဘဏာရေးမူဝါဒတွေနဲ့ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်နိုင်မှ ဖြစ်ပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းဟာ သွင်းကုန်ကို အားကိုးနေရတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ ဘယ်လောက် အရှုံးပြနေသလဲဆိုတကို ပေါ်လွင်သွားစေပါတယ်။ ဒါပေမယ့် ရွှေနဲ့ ဇောတိက ရေနံစီမံကိန်းက ဓါတ်ငွေ့တွေ ထွက်လာရင် ဘဏာရေးအခြေအနေ ကောင်းလာနိုင်ပါတယ်။ ရလာတဲ့ ၀င်ငွေတွေကို လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သုံးနိုင်ပါတယ်။

မြန်မာနိုင်ငံ သိသိသာသာ တိုးတက်ဖို့ အတွက်က ဘဏာတော် အရင်းအမြစ်တွေ ထပ်မံရရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတတွေက ရတာ မဟုတ်၊ တခြား အရင်းအမြစ်တွေက ရမှသာ ဈေးအတက်အကျကြောင့် တန်ဖိုးအတက်အကျတွေဖြစ်၊ ကုန်ခမ်းသွားတော့ အရင်းအမြစ် မရှိတာမျိုးတွေကို ရှောင်ရှားနိုင်ပါမယ်။

ဘဏာငွေ တိုးပွားအောင် လုပ်ရာမှာ ဆင်းရဲသားတွေကို ကကွယ်စောင့်ရှောက်ဖို့အတွက် သွယ်ဝိုက်အခွန်ထက် တိုက်ရိုက်အခွန်ကို ဦးစားပေး ကောက်ရပါမယ်။ အခု မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အခွန်နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီး အခွန်အခြေခံ ကျယ်ပြန့်အောင် လုပ်ဖို့နဲ့ အခွန်ရှောင်တာ လျော့ဖို့လဲ တိုက်တွန်းထားပါတယ်။
နိုင်ငံပိုင်လုပ်ငန်းတွေကို ထောက်ပံ့တာ တဖြည်းဖြည်းချင်း လျော့ချဖို့၊ ဒီလိုနဲ့ ထိခိုက်အလွယ်ဆုံး ဆင်းရဲသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အကြံပြုထားပြီး ပုဂ္ဂလိကပိုင်အဖြစ် ထပ်မံအသွင်ပြောင်းဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေးဆန်ဆန် လည်ပတ်ရေးတို့ဟာ ပုဂ္ဂလိကက ဦးဆောင်တဲ့ တိုးတက်မှုကို ရရှိရေးအတွက် အခြေခံကျပါတယ်လို့ ဆိုပါတယ်။

ကျယ်ကျယ်ပြန့်ပြန် တိုးတက်ဖို့ဆိုရင် ဘဏ်စနစ်ကို ခေတ်မီတိုးတက်အောင် လုပ်ရမှာပါ။ အပ်ငွေနဲ့ အရင်းအချိုး သတ်မှတ်ထားတာ တဖြည်းဖြည်းချင်း လျော့ချပြီး အပေါင်ထားရမှာ သီးနှံအပါအ၀င် အမျိုးအမည်တွေ တိုးချဲ့ဖို့လဲ အကြံပြုထားပါတယ်။ ကျေးလက်ဒေသတွေမှာ ဘဏ်ကွန်ယက်တွေ၊ ဘဏ်ခွဲတွေ တိုးချဲ့ဖို့လဲ တိုက်တွန်းထားပါတယ်။ ဘဏ်အချင်းချင်း ဈေးနှုန်းပြိုင် (အတိုးနှုန်းပြိုင်)ပြီး ပြိုင်ဆိုင်မှုကို အားပေးစေချင်တယ်။ အပ်ငွေပေါ် အတိုးပေးတာကို လွတ်လွတ်လပ်လပ် သတ်မှတ်ခွင့်ပြုပြီးတဲ့နောက်မှာ ချေးငွေတွေ အပေါ် ကိုယ့်ဘဏ်နဲ့ ကိုယ် သတ်မှတ်စေချင်တယ်။ နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်လဲ တန်းတူ သဘောထားရမယ်။ စည်းကမ်းထိန်းချုပ်ရာ၊ ကြီးကြပ်ရာမှာ အတူတူပဲ ဆက်ဆံရမယ်။ ဒါမှ ပြိုင်ဆိုင်မှုတွေ မြင့်မားလာမယ်လို့ ဆိုပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ နိုင်ငံခြား ငွေဖလှယ်နှုန်း အဖြစ် ပြောင်းရာမှာ ဘဏ်တွေကို ထိန်းချုပ်မှုနဲ့ ကြီးကြပ်ကွပ်ကဲမှုဟာ အရေးကြီးပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပြုရင် နည်းပညာ လွှဲပြောင်းရယူမှု မြန်ဆန်ပြီး ၂၀၁၅မှာ အာဆီယံ ဘဏ်လုပ်ငန်းတွေ ပေါင်းစည်းဖို့ ကြိုတင်ပြင်ဆင်ရာ ရောက်မယ်။

စိုက်ပျိုးရေးကဏမှာ ထုတ်လုပ်မှု စွမ်းအားမြင့်မားဖို့နဲ့ လူနေမှုဘ၀ မြင့်မားဖို့ ချေးငွေတွေ ပိုပေးဖို့ လိုပါတယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ ချေးစေချင်ပါတယ်။ လယ်မြေလို အပေါင်ထားပြီး ငွေချေးသင့်တယ်။ ဒါပေမယ့် ချေးငွေတစ်ခုတည်းနဲ့ ကျေးလက်ဒေသ တိုးတက်ပြီး ဆင်းရဲလျော့ကျအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရပ်ရွာအခြေပြု ဖွံဖြိုးရေးလုပ်ငန်းတွေ အပါအ၀င် ကျေးလက်အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုသုံးဖို့ အကြံပြုထားပါတယ်။

ပြင်ပ အလွတ်ဈေးကွက်မှ လုပ်ဆောင်နေတာတွေ လျော့ချဖို့နဲ့ ဈေးနှုန်းကျဆင်းစေဖို့ ဓါတ်ဆီနဲ့ စားသုံးဆီဈေးကွက်မှာ လုပ်သလို ပြိုင်ဆိုင်မှု တိုးလာတာကို ထောက်ခံအားပေးထားပါတယ်။ လိုင်စင်ထုတ်ပေးတာ မြင်သာထင်သာ ရှိစေချင်ပါတယ်။
စွမ်းအင်ကဏမှာလိုပဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလို ကဏတွေမှာလဲ ပုဂ္ဂလိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးစေချင်တယ်။ ပစ္စည်းအမယ် တစ်ခု၊ နှစ်ခုကိုပဲ အားကိုးနေရတဲ့ ဘ၀ကနေ ပို့ကုန်အမယ်တွေ များလာစေချင်တယ်။

နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ ဖယ်ရှားပေးရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေဟာ လမ်းပန်းဆက်သွယ်ရေးတွေ ချို့တဲ့နေတာကို အဆင်ပြေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တိုးပွားစေနိုင်တယ်။ ဒါပေမယ့် ပုဂ္ဂလိကကဏ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်သာကိုင်သာ ရှိတဲ့ စီးပွားရေးဝန်းကျင် ဖြစ်အာင် ကြိုးစားအားထုတ်ရမယ်။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ လျော့အောင် လုပ်နိုင်ရင် အငယ်စား၊ အလတ်စားလုပ်ငန်းလေးတွေ ပေါ်ပေါက်ရှင်သန်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုခဲ့ပါတယ်။
Unknown at 4:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား

 မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ
လေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သောကြာနေ့က MAI လေယာဉ်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ရှိတယ်ဆိုပြီး DCA က  လေဆိပ်လုံခြုံရေး အဆင့် ၁ တိုးမြင့်ထားတယ်။ သူတို့ဝန်ထမ်းတွေကို လုံခြုံရေး သတိရှိဖို့အတွက် ညွှန်ကြားထားတယ်” ဟု ရန်ကုန်လေဆိပ်မှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
myanmaairway
မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

မွတ်ဆလင် အမျိုးသားတဦးက ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းရရှိထားသဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုကြောင်း ရန်ကုန်ုလေဆိပ်ရှိ MCS (Myanmar Cargo Services) ဂိုဒေါင်များတွင် သတိပေးစာများ ကပ်ထားကြောင်း မျက်မြင် သက်သေများက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားသော်လည်း သာမန် ခရီးသွားလာသူများကမူ ရန်ကုန်လေဆိပ်အတွင်း ထူးခြားလုံခြုံရေး အစီအစဉ်များ မတွေ့ရကြောင်း ပြောသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက်မှ တပ်မတော်(လေ) နှင့် စရဖ (လေ) စသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းမည်ဖြစ်ပြီး
ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး တပ်ဖွဲ့များနှင့် DCA တို့ကသာ တာဝန်ယူသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ လာရောက် ပြီး DCA ၊ စီအိုင်ဒီ၊ ရဲသတင်းတပ်ဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်သူများနှင့် တွေ့ဆုံပြီး
ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ လုံခြုံရေးတာဝန်များ လွှဲပြောင်းရယူရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ရန်ကုန် (မဇ္ဈိမ) ။         ။
Unknown at 4:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူသေဆုံးသည်အထိ ဖြစ်ပွားအောင် အာဏာပြတဲ့ သုဝဏ္ဏမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး

                           သေဆုံးသူ ဒေါ်လှယဉ်၏ သမီးဖြစ်သူ မဝင်းဝင်းခိုင်နှင့် သားမက် ကိုစိုးနိုင်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)၊ ရန်ကုန်သစ်ရပ်ကွက်တွင် အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်လှယဉ် ဆိုသော အမျိုးသမီးကြီးတစ်ဦးသည် အုပ်ချုပ်ရေးမှူး၏အာဏာပြမှုကြောင့် မူလနှလုံးရောဂါ ဖြစ်ပေါ်လာပြီး သွေးလန့်သေဆုံးသွားသော ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ယခု သေဆုံးသူ ဒေါ်လှယဉ်၏ နေအိမ်အနီးတွင် နေထိုင်သော ဘုရင့်နောင် (၁၄) လမ်းနေ ၄င်း၏သမီးဖြစ်သူ မဝင်းဝင်းခိုင်၏ နေအိမ်ကို ခြံစည်းရိုးခတ်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အိမ်ခြံစည်းရိုးခတ်ခြင်းနှင့် ပတ်သတ်၍ ယင်းလမ်းအတွင်းပင် နေထိုင်သော ရာအိမ်မှုးဖြစ်သူ မြင့်ဦးမှ အုပ်ချုပ်ရေးမှူးရုံးသို့ အသိပေးရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးထံသို့ အလှူငွေ ပေးသွင်းရန်လည်း လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင်ပါက ခြံစည်းရိုးကို ပြီးဆုံးအောင် ခတ်ရမည် မဟုတ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကြိမ်းမောင်း ပြောဆိုမှုများ ပြုလုပ်ပြီး ယင်း (၄) ရက်နေ့ညတွင် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် ထပ်ပြောသွားခဲ့သည်။

သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်မှ ထိုနေ့ညက မသွားရောက်ခဲ့သောကြောင့် ရာအိမ်မှုးဖြစ်သူ မြင့်ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်ကိုပါ ခေါ်လာပြီး ၅ ရက်နေ့မနက် (၉)နာရီလောက်က နေအိမ်ကို လာရောက် ကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ပြီး သူ့ကိုယ်သူ ပြည်သူက ကြည်ညို၍ တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း၊ ရပ်ကွက်တွင် ၄င်းက မြို့နယ် အုပ်ချုပ်ရေးထက် စည်ပင်သာယာထက် အရေးပိုရောက်သူ ဖြစ်ကြောင်း၊ သူ့ခွင့်ပြုချက် မရဘဲ ခြံစည်းရိုးကို ခတ်ပါက အကြောင်းသိသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။

သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်တို့ အခြေအတင် စကားများနေတာကို ကြားသောအခါ ကိုစိုးနိုင်၏ ယောက္ခမဖြစ်သော ဒေါ်လှယဉ် (သေဆုံးသူ) မှ ကြောက်လန့်တကြား တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းမှာ ကြောက်သောကြောင့် ဆက်မပြောရန် တောင်းပန်ခဲ့သော်လည်း ဦးသိန်းဟန်မှာ အာဏာပြ ခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်ကာ ပြန်သွားခဲ့သည်။ နေ့လည် ၁၂ နာရီလောက်တွင် နှလုံးရောဂါအခံ ရှိသော ဒေါ်လှယဉ်မှာ သားမက်ဖြစ်သူ ကိုစိုးနိုင်ကို သွားရောက် တောင်းပန်ရန် ပြောဆိုရင်း အထိတ်တလန့်ဖြစ်ပြီး မေ့လဲသွားခဲ့သည်။ ထို့နောက် မိသားစုမှ စံပြဆေးရုံသို့ ပို့ရာ လမ်းတွင် သေဆုံးသွားခဲ့ရသည်။ ဆေးရုံ ဆေးစစ်ချက်များအရ သေဆုံးသူ ဒေါ်လှရီမှာ နှလုံးရောဂါကြောင့် လန့်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"သူက ဘာရောဂါမှ ဖြစ်ပြီး လဲနေတာမဟုတ်ဘူး။ေိုဖြစ်သွားတော့မှ ကျနော်လဲ ပြန်စဉ်းစားကြည့်တယ်။ ငါ သူ(အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်)ပြောသမျှငြိမ်ခံပြီးတော့ ဆက်မပြောပဲ နေလိုက်ရင် အကောင်းသားလို့။ အဘွားက နယ်ကနေ ငါ ချဲလိုက်လို့ ပြဿနာတွေ အလျှိုလျှိုတက်ပြီးတော့ ယောက္ခမ တယောက်လုံး အသက်ဆုံးရှုံးသွားပြီ။ သူ့သားသမီး၊မြေးတွေနဲ့ အတူတူနေဖို့ ရွာကနေပြောင်းလာတာ ၇လ၊၈ လပဲ ရှိသေးတယ်။ ကျနော်လဲ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။" လို့ သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။


" ဆယ်အိမ်မှူးက ဥက္ကဌတွေ ခေါ်လာတယ်။ ဒီအကိုကြီး ရှင်းပြတယ်။ အဲတာကို နားထောင်တယ်။ ပြီးတော့မှ အော်ဟစ်ပြီးတော့ ပြောတယ်။ သမီးတို့ကတော့ နားမလည်ဘူး။ သမီးတို့ အမြင်ကတော့ ဥက္ကဌက ပြဿနာဖြစ်ရင် သူက ဖြေရှင်းပေးရမှာလေ။ အဲတာကို အော်ဟစ်ပြီးတော့မှ ကြိမ်းမောင်းသွားတယ်။ ဒီရပ်ကွက်ကလူတွေက သူ့ကို ကြည်ညိုပြီး ခန့်ထားတာပေါ့။အဲလို မဆိုင်တာတွေပါ ပြောတာပေါ့။ ဘေးက ကြားရတဲ့လူတွေတောင် မခံနိုင်ဘူး။ သူတို့အိမ်က ပြောင်းလာတာ သိပ်မကြာသေးဘူး။ နေတာထိုင်တာလဲ အေးတယ်လေ။ အဲတာကို အုပ်ချုပ်ရေးမှူးက လုပ်လို့ရတဲ့လူကို လုပ်တယ်ဆိုတဲ့ ပုံစံမျိုးဆိုတော့ သမီးတို့လဲ လက်သင့်မခံဘူး။" လို့ ရန်ကုန်သစ်ရပ်ကွက်မှ အိမ်နီးနားချင်းတွေက ဘားမားဗီဂျေကို ပြောပါသည်။


အဆိုပါ အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်သည် ယခင် ကြံ့ဖွံ့စည်းရုံးရေးမှူး တစ်ယောက်ဖြစ်ပြီး ပြည်တွင်း သတင်းဂျာနယ်တချို့၌ပင် လိမ်လည် လာဘ်စားမှုများကြောင့် နာမည်ဆိုးများ အလွန်ထွက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရန်ကုန်သစ်ရပ်ကွက်၌ ၄င်းအုပ်ချုပ်ရေးမှူး ဖြစ်သောအခါ ဝိုင်းဝန်း လက်မှတ်ထိုး ကန့်ကွက်ခြင်း၊ မြို့နယ်ရုံးမှလည်း လာဘ်စားမှုများအတွက် ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်တိုင် ဆက်လက် ရှိနေသည်မှာ အလွန် အံ့အားသင့်စရာ ကောင်းပြီး အော့နှလုံးနာစရာ ဖြစ်ကြောင်း ရပ်ကွက်သားအချို့မှ သိရသည်။


Unknown at 11:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီး (၇၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သည့် ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီး


ထိုင်းနိုင်ငံတောင်ပိုင်း ပထုံဌာနီမြို့နယ်တွင် အမျိုးသမီး (၄၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သူ အငှားကား ယာဉ်မောင်းသမားတဦးနှင့် အမျိုးသမီး (၃၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သူ အငှားဆိုင်ကယ်မောင်းသမားအဖြစ် အယောင်ဆောင်ထားသည့် ဆိုင်ကယ်သမားတဦးအား ထိုင်းနိုင်ငံ ရဲထောက်လှမ်းရေးမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အငှားကား ယာဉ်မောင်းမှာ ပထုံဌာနီမြို့နယ်အတွင်း အစိမ်းရောင် ကားမောင်းသည့် အသက်သုံးဆယ် အရွယ်ခန့် ရှိသူဖြစ်ပြီး ကားငှါးစီးသည့် ချောမောလှပသော အမျိုးသမီးငယ် (၄၀)၀န်းကျင်ခန့်အား အဓ္ဓမပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုသွားခဲ့သည်။
“ကျနော် မိန်းကလေးလှလှလေးတွေမြင်ရင် စိတ်ကိုမထိန်းနိုင်ဘူး။ ကားပေါ်မှာလည်း ပြုကျင့်သလို အိမ်ကိုလည်း ခေါ်သွားပါတယ်။ ကျနော်က အရက်လည်း မူးနေတယ်” ဟု ၎င်းက ထွက်ဆိုသည်။
ပထုံဌာနီ ရဲစခန်းသို့ မိန်းကလေးငယ်များ မကြာခဏလာရောက် တိုင်ကြားခဲ့သည်ကို ရဲစခန်းမှ မှတ်တမ်းများ စုဆောင်းထားခဲ့ပြီး နယ်မြေအတွင်းရှိ အငှါးကားမောင်းသူများ၏ ဓါတ်ပုံများကိုလည်း မှတ်တမ်းတင်ခဲ့သည်။
အမှုလိုက် ရဲအရာရှိက ထိုင်းရုပ်မြင်သံကြားလိုင်း (၇)အား ပြောကြားရာတွင် “မိန်းကလေးတစ်ယောက် လာပြီး အမှုဖွင့်တော့ ကျနော်တို့က ဒီလူလားလို့ ဓါတ်ပုံကိုပြတော့ ဟုတ်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း မြို့နယ်အတွင်း တယ်လီဖုန်း ကွန်ယက်တွေကနေ ဆက်သွယ်လိုက်တာ ကားသမားကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ ဒီလိုမျိုးလုပ်နေတာ တော်တော်ကို များနေပါပြီ။ သူ့ ထွက်ဆိုချက်တွေအရလည်း သိနိုင်ပါတယ်။ ကျနော်တို့ဆီမှာလည်း တိုင်ကြားထားတာတွေ ရှိပါတယ်”ဟု ပြောသည်။
အလားတူ ပထုံဌာနီမြို့နယ်အတွင်း၌ပင် အငှားဆိုင်ကယ်မောင်းသမား အယောင်ဆောင်ပြီး ခရီးသည် မိန်းကလေး (၃၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သူအား ရဲထောက်လှမ်းရေးများက ပြီးခဲ့သည့် (၂)ရက်တွင် ထပ်မံဖမ်းဆီးခဲ့သည်။
အယောင်ဆောင် ဆိုင်ကယ်သမားမှာ အငှားဆိုင်ကယ်သမားများ ၀တ်ဆင်လေ့ရှိသော အင်္ကျီင်္ီကို ၀တ်ဆင်ကာ ရုပ်ရည်ချောမောသော မိန်းကလေးငယ်များအား လူပြတ်သည့် နေရာများသို့ တင်ဆောင်သွားပြီး အဓ္ဓမပြုကျင့် ခြင်းဖြစ်သည်။
ရဲအရာရှိက “ကောင်မလေး ချောချောလေးတွေကို တင်တယ်။ လူပြတ်တဲ့နေရာတွေကို ခေါ်သွားတယ်။ တခါတလေ သူ့အခန်းကို ခေါ်သွားတယ်။ မိန်းကလေးတွေက သူ့အလိုကို မလိုက်လျောရင် ဘရိတ်ဓါးနဲ့ မျက်နှာကို မွှမ်းမယ်၊ လှီးမယ်လို့ ခြိမ်းခြောက်တော့ ကောင်မလေးတွေက မျက်နှာအလှ ပျက်စီးမှာ စိုးရိမ်ကြပြီး ဆိုင်ကယ်သမား အလိုကျ လိုက်လျောရတာဖြစ်တယ်လို့ ပြောကြတယ်”ဟု ပြောသည်။ အဆိုပါ ဆိုင်ကယ်သမားမှာ မိန်းကလေးများတွင်ပါသော ရွှေနှင့်ငွေများကိုလည်း လုယူသည် ဟုသိရသည်။
ပြီးခဲ့သည့် ၂၀၀၆ခုနှစ်က အသက် (၁၆)နှစ်အရွယ် ကရင်အမျိုးသမီးငယ်တစ်ဦးသည် ဘန်ကောက်မြို့ အရှေ့တောင်ဖက် ကီလိုမီတာ (၁၀၀)အကွာရှိ ချာချင်ဆောင်မြို့မှ ဘန်ကောက်မြို့ရှိ ရေခဲစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော အစ်ကိုဖြစ်သူထံ အငှါးကားစီး၍ လာခဲ့စဉ် ကားမောင်းသူမှ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရသည်။ ချာချင်ဆောင် ရဲစခန်းမှ ကားမောင်းသူ၏ မှတ်ပုံတင်နှင့် ကားနံပါတ်များကို တည်းခိုခန်းမှ သိမ်းဆည်းရမိခဲ့သော်လည်း ယခုတိုင်အောင် ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ပေ။
အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့တစ်ခုနှင့် အင်ဂျီအိုတစ်ခုတို့က သွားရောက်ကူညီပေးခဲ့ကြသော်လည်း အဓ္ဓမပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ လူငယ်ထိမ်းသိမ်းရေး စခန်း၌ (၁)နှစ်တိတိ နေထိုင်ခဲ့ရပြီး ထိုင်းအစိုးရမှ နစ်နာကြေးအဖြစ် ဘတ်ငွေတစ်သောင်း ပေးလျော်ခဲ့သည်။
ထိုနစ်နာကြေးကို ထိုင်းဥပဒေအရ မြန်မာအစိုးရမှတဆင့် ပေးအပ်ခဲ့ရာ နစ်နာသည့် အမျိုးသမီးငယ်၏ မိဘများအား ကျပ်ငွေ နှစ်သောင်းသာ ပေးခဲ့ကြောင်း အမျိုးသမီးငယ်၏ အစ်ကိုပြောပြချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်များအရ ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြရသော မြန်မာအလုပ်သမား အမျိုးသမီးများအနေဖြင့် အသွားအလာ အနေအထိုင်များအား အထူးသတိထား ဆင်ခြင်မှ တော်ရာကျမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၏ အမျိုးသမီးရေးရာဌာနမှူး ဒေါ်သက်သက်ဦးက ပြောသည်။
Unknown at 10:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်န်အယ်လ်ဒီကို ပေးသောမဲများ ပယ်မဲမဖြစ်သွားစေရေး သတိထားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲတက်ရောက်လာတဲ့ ပုသိမ်လူထု
ဒုတိယမြောက် နိုင်ငံရေးခရီးစဉ်အဖြစ် ပုသိမ်မြို့သို့ ယခုလ ၇ ရက်နေ့ က ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများကို အမှားအယွင်းမရှိ ပေးနိုင်ရေးအတွက် မဲပေးခြင်းနှင့် ပတ်သက်ပြီး လေ့လာထားကြရန် လူထုအား တိုက်တွန်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)အနေဖြင့် မဲပေးခြင်း နှင့်ပတ်သက်ပြီး ပြည်သူလူထုကို သိရှိစေရန် ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကာ လက်ကမ်းစာ စောင်များလည်း ဖြန့်ဝေ ပေးသွားမည်ဟု ပုသိမ်မြို့ ကိုးသိန်းကွင်းတွင် စုဝေးရောက်ရှိလာသည့် သောင်းနှင့်ချီသော လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အင်န်အယ်လ်ဒီအား မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပြီး ပေးသောမဲများသည် ပယ်မဲများ ဖြစ်သွားတတ်သဖြင့် ပယ်မဲဖြစ်မသွားစေရေးအတွက် သတိပြုကြရန် ၎င်းက တိုက်တွန်းပြောကြားသည်။
လူငယ်များအနေဖြင့် တတ်မြောက် ထားသည့် ပညာများကို ပြည့်ပြည့်စုံစုံ သုံးနိုင်ဖို့လိုအပ်နေကြောင်း၊ ပညာတတ်ပြီး အလုပ်မရှိ ဖြစ်နေပါက တတ်မြောက် ထားသည့်ပညာများ အဟောသိကံ ဖြစ်ကုန်ကြောင်း ၎င်းက ပြောသည်။
ပြည်သူများအားလုံး ကျန်းမာပြီး ပညာဖြင့် ပြည့်စုံမည်ဆိုပါက မြန်မာနိုင်ငံသည် ချမ်းသာသည့် နိုင်ငံဖြစ်လာမည်ဟု ၎င်းက ပြောသည်။
၎င်းသည် ပုသိမ် မြို့မှ ပြည်သူများနှင့် တွေ့ဆုံအပြီးတွင် မြောင်းမြမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
မြောင်းမြမြို့ရှိ ပေ ၄၀၀ ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုနှင့်တွေ့ဆုံ ပြီး မိန့်ခွန်းပြောကြားခဲ့ရာ တက်ရောက်သူ တစ်သိန်းကျော်ခန့်အထိ ရှိနိုင်ကြောင်း အင်န်အယ်ဒီတာဝန်ရှိသူများက ပြောသည်။
မြောင်းမြမြို့သည် မိခင်ဒေါ်ခင်ကြည် ၏ ဇာတိမြို့ဖြစ်သဖြင့် မြောင်းမြသို့ ရောက်ရှိခြင်းသည် မိဘဆွေမျိုးများနှင့် ပြန်လည်တွေ့ရ သကဲ့သို့ ခံစားရကြောင်း နှင့် မြောင်းမြလူထုကို အရမ်းအားကိုးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် မြောင်းမြမြို့လူထုအား စံပြလူထုဖြစ်အောင်ကြိုးစားကြရန်လည်း ၎င်းကတိုက်တွန်းပြောကြားသည်။
အင်န်အယ်ဒီပါတီကို ကိုယ်စားပြုကာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်အတွက် ၀င်ရောက်အရွေးချယ်ခံမည့် ဦးမန်းဂျော်နီသည် ကရင်လူမျိုး တစ်ဦးဖြစ်ကာ လာရောက်ကြိုဆိုနှုတ် ဆက်ကြသည့် ပြည်သူများထဲတွင်လည်း ကရင်လူမျိုး အများအပြား ပါဝင်သည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမြို့လူထုနှင့် တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်အဖြစ် ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့တွင် မန္တလေးမြို့သို့ သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း အခက်အခဲ တချို့ကြောင့် ရက် ရွှေ့ဆိုင်းထားကြောင်း သိရသည်။
ရွှေယင်းမာဦး (မြန်မာ့တိုင်း)
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြိုင်မြို့ နယ်မှာ စာပေဟောပြောပွဲကျင်းပတဲ့သူတွေကို အရေးယူဖို့ ပြင်ဆင်နေ

ကာတွန်းအော်ပီကျယ်
၅.၂.၂ဝ၁၂ နေ့ ညပိုင်းမှာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊
ဗဟင်းကျေးရွာတိုက်နယ်ဆေးရုံအနီးမှာ စာရေးဆရာ စမ်းစမ်းနွဲ့(သာယာဝတီ)၊
နုနုရည် (အင်းဝ)၊ ကာတွန်းအော်ပီကျယ် တို့ရဲ့ စာပေဟောပြောပွဲ
ကျင်းပခဲ့ပါတယ်။

အဲဒီစာပေဟောပြောပွဲကျင်းပခဲ့တာဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တယ်ဆိုပြီး
ဟောပြောပွဲစီစဉ်ကျင်းပသူ တွေဖြစ်တဲ့ ပခုက္ကူစက်မှုဇုန်က ဦးမြင့်လွင်၊
ဗဟင်းအုပ်စု၊ သနပ်ရင်းရွာက ဦးကျော်အောင်၊ ဦးထွန်းဆင့်၊ ဗဟင်းရွာက
ဦးဝင်းသိန်းတို့အပါအဝင် (၉)ဦးကို ကျေးရွာအက်ဥပဒေပုဒ်မ ၂၁(၁)နဲ့
အရေးယူဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးက စီစဉ်နေပါတယ်။

အခုလိုအရေးယူဖို့ဖြစ်လာရတာကတော့ ရွေးကောက်ပွဲမကျင်းပခင် စာရေးဆရာတွေက
အမေစုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်
စည်းရုံးဟောပြောပေးတယ်ဆိုပြီး မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်က
အထင်အမြင်လွဲမှားပြီး ခရိုင်အုပ်ချုပ်ရေးမှူးကို မာန်တာနဲ့
ခရိုင်အုပ်ချု့ပ်ရေးမှူးကလည်း မနေသာတော့ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးကို
ထပ်ဆင့်အမိန့်ပေးရတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၆-၂-၂ဝ၁၂ နေ့မှာ ပခုက္ကူမြို့ စက်မှုဇုန်မှာ ဟောပြောဖို့
စီစဉ်ထားတာတွေကိုပါ ဖျက်လိုက်ရ ပါတော့တယ်။ ပခုက္ကူစက်မှုဇုန်မှာ
ဟောဖို့အတွက် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်
ပေးထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကျင်းပမယ့်နေ့ (၆)ရက်နေ့ မှာပဲ
မြို့နယ်အုပ်ချုပ်ရေးမှူးက  ကျင်းပရေးအဖွဲ့ကို ခေါ်ယူတွေ့ဆုံပြီး
စသုံးလုံး၊ အက်စ်ဘီတို့နဲ့အတူ အင်အားပြခြိမ်းခြောက် ခွင့်ပြုချက်
ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ အလားတူ ရေစကြိုမှာ ဟောဖို့ စီစဉ်ထားတာတွေကိုပါ
ဖျက်လိုက်ရပါတယ်။

အကြောင်းပြချက်တွေကတော့ ကျောင်းသားလေးတွေ စာမေးပွဲနီးနေလို့၊
ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေကို လုံခြုံရေးပေးနေရလို့ပါတဲ့။
ကျိုးကြောင်းမဆီလျော်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။

ဆယ်တန်းကျောင်းသားတွေက မတ်လထဲမှာမှ ဖြေရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မဲ့
အမတ်လောင်း တွေကလဲ ဖေဖော်ဝါရီလ (၁ဝ)ရက်နေ့မှ စည်းရုံးခွင့်ရမှာဖြစ်ပါတယ်။
အခုမြို့နယ် အန်အယ်လ်ဒီက စည်းရုံးရေးခရီးသွားနေတာတွေကိုလည်း ဘယ်သူမှ
လုံခြုံရေးလိုက်ပေးတာမဟုတ်ပါဘူး။

သူတို့က ပခုက္ကူ၊ ရေစကြိုနဲ့ မြိုင် (၃)မြို့နယ်
ယှဉ်ပြိုင်ဖို့ရှိနေတာကြောင့် ရှုံးမှာကြောက်တာနဲ့ အခုလို
သွေးရူးသွေးတန်းတွေဖြစ်ကုန်တာပါလို့ ပခုက္ကူမြို့ ခံတဦးက Myanmar News Now ကို ပြောပါတယ်။

MNN
Unknown at 10:01 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်ရှိ ယုံကြည်ချက်အကျဉ်းသားများ စိစစ်၍ ထပ်မံလွှတ်ပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား


From : ခေတ်လူငယ်
ကျန်ရှိနေသေးသည့် အကျဉ်းသားများအား ထပ်မံစိစစ်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မစ္စတာကွင်တားနားနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့အပတ်က NLD ဘက်က စာရင်းပေးထားတဲ့အထဲက ကျန်နေသေးတယ်လို့ပြောတယ်။ ကျန်နေသေးတဲ့သူက အခြားပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခံထားရတဲ့သူတွေပါ။ ဒါပေမဲ့ ထပ်ပြီးတော့ ကျန်နေသေးတယ်ဆိုရင် သက်ဆိုင်ရာက စိစစ်ပြီး ဆောင်ရွက်ပေးပါလိမ့်မယ်”ဟု ၄င်းက ပြောကြားခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများကို NLD မှ စာရင်းပေးသွင်းရာတွင် လူဦးရေ ၄၀၆ ဦးရှိပြီး ဇန်န၀ါရီ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေမှာ အဆိုပါစာရင်းမှ ၃၀၂ ဦးပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေည၀ါဆရာတော် တရားဟောကြားခွင့် ပေးလိုက်ပြီးဖြစ်ကြောင်း ဗန်းမော်ဆရာတော် ထုတ်ပြန်ချက်

ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ရွှေညဝါဆရာတော်ကြီး ရွှေညဝါအောင်ပွဲ ဆယ်နှစ်ပြည့် အခမ်းအနား
နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)မှ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ်  ဦးပညာသီဟ (ရွှေညဝါဆရာတော်ကြီး)အား ၁၁.၂.၂၀၁၂နေ့မှစပြီး တရားဟောပြောနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်..။
ဒီမိုဝေယံ
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ နေပြီဆိုပေမယ့် စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက်မှု အနည်းဆုံး နိုင်ငံအဖြစ် စီးပွားရေးရာ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

RFA
ဗြိတိန်အခြေစိုက် Maplecroft အဖွဲ့ ၏ "၂ဝ၁၂ ခုနှစ် ဥပဒေ စိုးမိုးမှုညွှန်းကိန်း” အနည်းပါးဆုံး ၁ဝ နိုင်ငံစာရင်း ဖော်ပြချက်
ဗြိတိန်အခြေစိုက် Maplecroft အမည်ရှိ စစ်တမ်း ကောက်ယူတဲ့အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ “၂ဝ၁၂ ခုနှစ် ဥပဒေစိုးမိုးမှုညွှန်းကိန်း” အရ စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ တရားဥပဒေ စိုးမိုးမှု အနည်းပါးဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို ထိပ်ဆုံးက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားကို ဒုတိယ နေရာမှာ ဖော်ပြထားပြီး၊ ဆိုမာလီယာက တတိယနဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတို့က အဆင့် ရှစ်၊ ကိုး၊ တစ်ဆယ်မှာ အသီးသီး ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးတော့မယ့် အရိပ်အယောင်တွေဟာ ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ အလားအလာကောင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် စွမ်းအင်ကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတိုက် မြောက်ပိုင်းဒေသတွေက မတည်ငြိမ်မှုတွေကြောင့် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့ အရင်းအမြစ်တွေကို နိုင်ငံတကာက ပိုပြီး မျက်စိကျလာနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရေရှည် စီးပွားရေး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လွတ်လပ်တဲ့ တရားစီရင်မှု၊ ထင်သာမြင်သာရှိတဲ့ အာဏာ ကျင့်သုံးမှုစနစ် အပါအဝင် ဥပေဒ စိုးမိုးမှုအပိုင်းမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိဖို့လိုအပ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံမှာ ပြဿနာတွေ ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ ကျင့်သုံးနိုင်တဲ့ ဥပဒေ မရှိသေးသလို ဘဏ်စနစ်ဟာလည်း အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။
RFA
Unknown at 9:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ

ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင် အလုပ်လုပ်နေသော တောင်သူလယ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
ဒေသခံ လယ်သမားကြီးတစ်ဦးလည်းဖြစ်၊ လယ်သမား အရေး ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သူ ဦးသန်းဆွေက ခုလို ပြောပြပါတယ်။ “ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုပါမှသာ ကျွန်တော်တို့ရဲ့အခက်အခဲ အဆင်ပြေနိုင်မယ့် အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် စုဝေးဟောပြော ကြွေးကြော်ခွင့် ပြုဖို့ ကျွန်တော်က နေရာကိုလည်း သတ်မှတ် ပေးထားပါတယ်။ ရက်ကိုလည်း ၁၄ ရက် ၂ လ ၂၀၁၂ ရက်နေ့ သတ်မှတ် ပေးထားပါတယ်။ စုဝေးမယ့်အချိန်ကလည်း ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ ဖြစ်ပါတယ်။ နောက် ကြွေးကြော်သံများကလည်း “စပါးဈေး ပဲဈေး မြင့်တက်ရေး ဒို့အရေး”၊ “လယ်ယာ ထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဒို့အရေး” ကြွေးကြော်သံတွေနဲ့ ကျွန်တော်တို့ ခုနစ်ဦး ဟောပြောပြီးတော့ လုပ်မယ်ဆိုတဲ့အကြောင်း၊ စီတန်းလှည့်လည်မှာ မဟုတ်တဲ့အကြောင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်း မဟုတ်တဲ့အကြောင်း၊ အသံချဲ့စက် မသုံးစွဲမယ့်အကြောင်း၊ နောက်ပြီးတော့ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ ဝန်ခံချက်ကိုလည်း ပူးတွဲထားတဲ့အကြောင်း ဖော်ပြပြီး ကျွန်တော် ဒီနေ့ လျှောက်ထားလိုက်တယ်။ မနက် ဆယ်နာရီ ဆယ့်ငါးမှာ၊ မြိုနယ်ရဲတပ်ဖွဲ့မှူး၊ ခရမ်းမြို့။ ဆယ်နာရီခွဲမှာ ကျွန်တော့်ဆီကို ရဲတပ်ဖွဲ့မှူးက အကြောင်းပြန်လာတယ်။ လိုအပ်တဲ့ နည်းဥပဒေ ပြဋ္ဌာန်းရမယ့်ကိစ္စ မပြဋ္ဌာန်း ရသေးလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ငြင်းလိုက်တာ ဖြစ်ပါတယ်” ခရမ်းမြို့နယ်မှာ စပါးဈေးတစ်တင်းကို လေးထောင်ကနေ သုံးထောင်ကျပ်ထိ ကျဆင်းတဲ့ ပြင် ပဲတီစိမ်းဈေး ထက်ဝက်ခန့် ကျဆင်းတဲ့အတွက် လယ်သမားတွေ တော်တော်လေး စီးပွားရေးအခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၀၈ ခု ဖွဲ့ စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူ ပုဒ်မ ၂၃ (ခ) မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေ သင့်တင့် မျှတတဲ့တန်ဖိုး ရရှိရန် ကူညီ ဆောင်ရွက်မည်လို့ ပါရှိပေမယ့် နိုင်ငံတော်က ဘာမှမကူညီတဲ့အတွက် ခုလို ဆန္ဒ ထုတ်ဖော်ပြသဖို့ စီစဉ်ရကြောင်းကိုလည်း လယ်သမားကြီး ဦးသန်းဆွေက ပြောဆိုပါတယ်။ နည်းဥပဒေ မထွက်သေးလို့ ခွင့်မပြုဘူးဆိုတာ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်ဖြစ်တယ်လို့လည်း ဦးသန်းဆွေက ပြောဆိုပါတယ်၊ ဥပမာအနေနဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီက ထုတ်ပြန်တဲ့ ငွေတိုးချစားသူများဥပဒေဟာ ဦးနေဝင်းသက်တမ်း ၂၆ နှစ်လုံးလုံး နည်းဥပဒေ မထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးသန်းဆွေက ပြောပြသွားပါတယ်။
RFA
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ အတုဖြစ်နေတယ်လို့ ဆို


ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့နဲ့ ၉ ရက် ကြာသာပတေးနေ့တွေမှာ ရန်ကုန်လေဆိပ်ကို ဆိုက်ကပ်မယ့် မြန်မာ့လေကြောင်းလိုင်းကိုအသုံးပြုပြီး တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ စာကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက လွန်ခဲ့တဲ့ တပတ်လောက်က ရရှိခဲ့တာပါ။
ပေးပို့သူတွေက သူတို့ကိုယ် သူတို့ Sons of Allah အလာရဲ့ သားတော်များလို့ ဆိုထားပါတယ်။ ဒီစာကို သက်ဆိုင်ရာနဲ့ နိုင်ငံတကာက အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်မှာ ဒီစာဟာ တကယ့်အကြမ်းဖက်သမားတွေဆီက ပေးပို့တဲ့စာ အစစ်အမှန် မဟုတ်ဘူးလို့ အသိပေးခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI ဘန်ကောက်ရုံး အကြီးအကဲက VOA မြန်မာပိုင်းကို ပြောပြပါတယ်။
“သံရုံးကနေ ကျနော်တို့ကို Report လုပ်ထားတာကတော့ ဒါက သက်ဆိုင်ရာ အာဏာပိုင်နဲ့ US ambassary နဲ့ အစ္စရေး Ambassary က သူတို့ကို- သံရုံးကို အကြောင်းကြားထားတယ်၊ အဲဒီစာဟာ တကယ်တော့ မဟုတ်ဘူးဆိုတာ US ambassary နဲ့ အစ္စရေး Ambassary က အတည်ပြုပေးထားပါတယ်”
ဘန်ကောက်မြန်မာသံရုံးမှာ ခြိမ်းခြောက်စာ ရရှိခဲ့ပြီးတဲ့နောက်မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အဲဒီရက်တွေမှာ MAI လေကြောင်းလိုင်းက လေယဉ်တွေမစီးဖို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ကုလသမဂ္ဂက ရုံးတွင်းအကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ MAI ဘန်ကောက်ရုံး အကြီးအကဲကတော့ လုပ်ကြံခြိမ်းခြောက်စာထဲမှာ အဓိက ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မယ်လို့ ပြောထားတာလို့ ခုလို ရှင်းပါတယ်။
“ကျနော်ပြောနိုင်တာ အဲဒီစာထဲမှာ ရေးထားတဲ့ဟာကတော့ ရန်ကုန်လေဆိပ်ကို attack လုပ်မယ် (တိုက်ခိုက်မယ်) ဆိုပြီးတော့ပဲ ပြောတာပါ။ Myanmar Airway International လို့ မပါဘူး။ ဒါပါပဲ။ အဲဒီဟာကို မြန်မာ အဲယားဝေး ကော်မာရှယ် ဖလိုက် (Myanmar Airway Commercial Flight) နဲ့ သယ်သွားမယ် ဆိုပြီး ရေးထားတယ်။ ဘယ်ကသယ်မယ်လို့လည်း မရေးထားဘူး၊ ဘယ်က လာမယ်လို့လည်း မရေးထားဘူး။ ဘာမှလည်း မပါတဲ့ဟာ တခုပေါ့နော်- ရက်ကတော့ ၈ ရက်နဲ့ ၉ ရက်လို့ ပြောထားတယ်”
မြန်မာသံရုံးကရရှိတဲ့ ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစီအိုင်ဒီ (CID) ရဲဌာနကို သံရုံးက အကြောင်းကြားထားတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကနေ သိရပါတယ်။ ဒီစာဟာ အစစ်အမှန်မဟုတ်တဲ့အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက အခုနောက်ဆုံး အသိပေးထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိတာဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သိရသလောက် ပထမဆုံးဖြစ်ပါတယ်။
VOA
Unknown at 9:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.