Thursday, February 9, 2012

အမျိုးသမီး (၇၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သည့် ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီး


ထိုင်းနိုင်ငံတောင်ပိုင်း ပထုံဌာနီမြို့နယ်တွင် အမျိုးသမီး (၄၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သူ အငှားကား ယာဉ်မောင်းသမားတဦးနှင့် အမျိုးသမီး (၃၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သူ အငှားဆိုင်ကယ်မောင်းသမားအဖြစ် အယောင်ဆောင်ထားသည့် ဆိုင်ကယ်သမားတဦးအား ထိုင်းနိုင်ငံ ရဲထောက်လှမ်းရေးမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အငှားကား ယာဉ်မောင်းမှာ ပထုံဌာနီမြို့နယ်အတွင်း အစိမ်းရောင် ကားမောင်းသည့် အသက်သုံးဆယ် အရွယ်ခန့် ရှိသူဖြစ်ပြီး ကားငှါးစီးသည့် ချောမောလှပသော အမျိုးသမီးငယ် (၄၀)၀န်းကျင်ခန့်အား အဓ္ဓမပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုသွားခဲ့သည်။
“ကျနော် မိန်းကလေးလှလှလေးတွေမြင်ရင် စိတ်ကိုမထိန်းနိုင်ဘူး။ ကားပေါ်မှာလည်း ပြုကျင့်သလို အိမ်ကိုလည်း ခေါ်သွားပါတယ်။ ကျနော်က အရက်လည်း မူးနေတယ်” ဟု ၎င်းက ထွက်ဆိုသည်။
ပထုံဌာနီ ရဲစခန်းသို့ မိန်းကလေးငယ်များ မကြာခဏလာရောက် တိုင်ကြားခဲ့သည်ကို ရဲစခန်းမှ မှတ်တမ်းများ စုဆောင်းထားခဲ့ပြီး နယ်မြေအတွင်းရှိ အငှါးကားမောင်းသူများ၏ ဓါတ်ပုံများကိုလည်း မှတ်တမ်းတင်ခဲ့သည်။
အမှုလိုက် ရဲအရာရှိက ထိုင်းရုပ်မြင်သံကြားလိုင်း (၇)အား ပြောကြားရာတွင် “မိန်းကလေးတစ်ယောက် လာပြီး အမှုဖွင့်တော့ ကျနော်တို့က ဒီလူလားလို့ ဓါတ်ပုံကိုပြတော့ ဟုတ်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း မြို့နယ်အတွင်း တယ်လီဖုန်း ကွန်ယက်တွေကနေ ဆက်သွယ်လိုက်တာ ကားသမားကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ ဒီလိုမျိုးလုပ်နေတာ တော်တော်ကို များနေပါပြီ။ သူ့ ထွက်ဆိုချက်တွေအရလည်း သိနိုင်ပါတယ်။ ကျနော်တို့ဆီမှာလည်း တိုင်ကြားထားတာတွေ ရှိပါတယ်”ဟု ပြောသည်။
အလားတူ ပထုံဌာနီမြို့နယ်အတွင်း၌ပင် အငှားဆိုင်ကယ်မောင်းသမား အယောင်ဆောင်ပြီး ခရီးသည် မိန်းကလေး (၃၀)ခန့်ကို အဓ္ဓမပြုကျင့်ခဲ့သူအား ရဲထောက်လှမ်းရေးများက ပြီးခဲ့သည့် (၂)ရက်တွင် ထပ်မံဖမ်းဆီးခဲ့သည်။
အယောင်ဆောင် ဆိုင်ကယ်သမားမှာ အငှားဆိုင်ကယ်သမားများ ၀တ်ဆင်လေ့ရှိသော အင်္ကျီင်္ီကို ၀တ်ဆင်ကာ ရုပ်ရည်ချောမောသော မိန်းကလေးငယ်များအား လူပြတ်သည့် နေရာများသို့ တင်ဆောင်သွားပြီး အဓ္ဓမပြုကျင့် ခြင်းဖြစ်သည်။
ရဲအရာရှိက “ကောင်မလေး ချောချောလေးတွေကို တင်တယ်။ လူပြတ်တဲ့နေရာတွေကို ခေါ်သွားတယ်။ တခါတလေ သူ့အခန်းကို ခေါ်သွားတယ်။ မိန်းကလေးတွေက သူ့အလိုကို မလိုက်လျောရင် ဘရိတ်ဓါးနဲ့ မျက်နှာကို မွှမ်းမယ်၊ လှီးမယ်လို့ ခြိမ်းခြောက်တော့ ကောင်မလေးတွေက မျက်နှာအလှ ပျက်စီးမှာ စိုးရိမ်ကြပြီး ဆိုင်ကယ်သမား အလိုကျ လိုက်လျောရတာဖြစ်တယ်လို့ ပြောကြတယ်”ဟု ပြောသည်။ အဆိုပါ ဆိုင်ကယ်သမားမှာ မိန်းကလေးများတွင်ပါသော ရွှေနှင့်ငွေများကိုလည်း လုယူသည် ဟုသိရသည်။
ပြီးခဲ့သည့် ၂၀၀၆ခုနှစ်က အသက် (၁၆)နှစ်အရွယ် ကရင်အမျိုးသမီးငယ်တစ်ဦးသည် ဘန်ကောက်မြို့ အရှေ့တောင်ဖက် ကီလိုမီတာ (၁၀၀)အကွာရှိ ချာချင်ဆောင်မြို့မှ ဘန်ကောက်မြို့ရှိ ရေခဲစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော အစ်ကိုဖြစ်သူထံ အငှါးကားစီး၍ လာခဲ့စဉ် ကားမောင်းသူမှ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရသည်။ ချာချင်ဆောင် ရဲစခန်းမှ ကားမောင်းသူ၏ မှတ်ပုံတင်နှင့် ကားနံပါတ်များကို တည်းခိုခန်းမှ သိမ်းဆည်းရမိခဲ့သော်လည်း ယခုတိုင်အောင် ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ပေ။
အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့တစ်ခုနှင့် အင်ဂျီအိုတစ်ခုတို့က သွားရောက်ကူညီပေးခဲ့ကြသော်လည်း အဓ္ဓမပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ လူငယ်ထိမ်းသိမ်းရေး စခန်း၌ (၁)နှစ်တိတိ နေထိုင်ခဲ့ရပြီး ထိုင်းအစိုးရမှ နစ်နာကြေးအဖြစ် ဘတ်ငွေတစ်သောင်း ပေးလျော်ခဲ့သည်။
ထိုနစ်နာကြေးကို ထိုင်းဥပဒေအရ မြန်မာအစိုးရမှတဆင့် ပေးအပ်ခဲ့ရာ နစ်နာသည့် အမျိုးသမီးငယ်၏ မိဘများအား ကျပ်ငွေ နှစ်သောင်းသာ ပေးခဲ့ကြောင်း အမျိုးသမီးငယ်၏ အစ်ကိုပြောပြချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်များအရ ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြရသော မြန်မာအလုပ်သမား အမျိုးသမီးများအနေဖြင့် အသွားအလာ အနေအထိုင်များအား အထူးသတိထား ဆင်ခြင်မှ တော်ရာကျမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၏ အမျိုးသမီးရေးရာဌာနမှူး ဒေါ်သက်သက်ဦးက ပြောသည်။
Unknown at 10:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.