Thursday, February 9, 2012

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ အတုဖြစ်နေတယ်လို့ ဆို


ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့နဲ့ ၉ ရက် ကြာသာပတေးနေ့တွေမှာ ရန်ကုန်လေဆိပ်ကို ဆိုက်ကပ်မယ့် မြန်မာ့လေကြောင်းလိုင်းကိုအသုံးပြုပြီး တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ စာကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက လွန်ခဲ့တဲ့ တပတ်လောက်က ရရှိခဲ့တာပါ။
ပေးပို့သူတွေက သူတို့ကိုယ် သူတို့ Sons of Allah အလာရဲ့ သားတော်များလို့ ဆိုထားပါတယ်။ ဒီစာကို သက်ဆိုင်ရာနဲ့ နိုင်ငံတကာက အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်မှာ ဒီစာဟာ တကယ့်အကြမ်းဖက်သမားတွေဆီက ပေးပို့တဲ့စာ အစစ်အမှန် မဟုတ်ဘူးလို့ အသိပေးခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI ဘန်ကောက်ရုံး အကြီးအကဲက VOA မြန်မာပိုင်းကို ပြောပြပါတယ်။
“သံရုံးကနေ ကျနော်တို့ကို Report လုပ်ထားတာကတော့ ဒါက သက်ဆိုင်ရာ အာဏာပိုင်နဲ့ US ambassary နဲ့ အစ္စရေး Ambassary က သူတို့ကို- သံရုံးကို အကြောင်းကြားထားတယ်၊ အဲဒီစာဟာ တကယ်တော့ မဟုတ်ဘူးဆိုတာ US ambassary နဲ့ အစ္စရေး Ambassary က အတည်ပြုပေးထားပါတယ်”
ဘန်ကောက်မြန်မာသံရုံးမှာ ခြိမ်းခြောက်စာ ရရှိခဲ့ပြီးတဲ့နောက်မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အဲဒီရက်တွေမှာ MAI လေကြောင်းလိုင်းက လေယဉ်တွေမစီးဖို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ကုလသမဂ္ဂက ရုံးတွင်းအကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ MAI ဘန်ကောက်ရုံး အကြီးအကဲကတော့ လုပ်ကြံခြိမ်းခြောက်စာထဲမှာ အဓိက ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မယ်လို့ ပြောထားတာလို့ ခုလို ရှင်းပါတယ်။
“ကျနော်ပြောနိုင်တာ အဲဒီစာထဲမှာ ရေးထားတဲ့ဟာကတော့ ရန်ကုန်လေဆိပ်ကို attack လုပ်မယ် (တိုက်ခိုက်မယ်) ဆိုပြီးတော့ပဲ ပြောတာပါ။ Myanmar Airway International လို့ မပါဘူး။ ဒါပါပဲ။ အဲဒီဟာကို မြန်မာ အဲယားဝေး ကော်မာရှယ် ဖလိုက် (Myanmar Airway Commercial Flight) နဲ့ သယ်သွားမယ် ဆိုပြီး ရေးထားတယ်။ ဘယ်ကသယ်မယ်လို့လည်း မရေးထားဘူး၊ ဘယ်က လာမယ်လို့လည်း မရေးထားဘူး။ ဘာမှလည်း မပါတဲ့ဟာ တခုပေါ့နော်- ရက်ကတော့ ၈ ရက်နဲ့ ၉ ရက်လို့ ပြောထားတယ်”
မြန်မာသံရုံးကရရှိတဲ့ ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစီအိုင်ဒီ (CID) ရဲဌာနကို သံရုံးက အကြောင်းကြားထားတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကနေ သိရပါတယ်။ ဒီစာဟာ အစစ်အမှန်မဟုတ်တဲ့အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက အခုနောက်ဆုံး အသိပေးထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိတာဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သိရသလောက် ပထမဆုံးဖြစ်ပါတယ်။
VOA
Unknown at 9:39 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.