Tuesday, January 24, 2012

ခင်ညွန့် ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ

ခင်ညွန့်ကို ဇေကမ္ဘာခင်ရွှေက ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ပေးသလဲ



ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။

ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

ခင်ညွန့်ကို ခင်ရွှေပေးမဲ့လစာက သမ္မတသိန်းစိန်ရမဲ့လစာထက် ဒေါ်လာ တထောင်ဘဲနည်းပီး ဒုသမ္မတ တင်အောင်မြင်ဦးလစာထက်လဲ များနေပါတယ်။ တနည်းပြောရရင် ဇေကမ္ဘာခင်ရွှေဟာ ခင်ညွန့်ကို လစာ ဒေါ်လာ ငါးထောင်ပေးလိုက်တဲ့အတွက် ခင်ညွန့်ဟာ နေ့ချင်းညချင်း ဒုသမ္မတ တင်အောင်မြင်ဦးထက်သာတဲ့ လစာပေးလိုက်တာမို့ နိုင်ငံရေးအရပြောရင် တင်အောင်မြင်ဦးကိုပါ ခင်ရွှေက နားရွက်တံတွေးဆွတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဆို ခင်ရွှေအနေနဲ့ ခင်ညွန့်ကို နှစ်ပေါင်းဘယ်လောက်ကြာကြာ ဒေါ်လာတွေပေးမလဲ တွက်ကြည့်ရအောင်ပါ။

ခင်ညွန့်က ခု 70 ကျော်နေပြီဆိုတော့ နောက်ထပ်အများဆုံး အနှစ် ၂၀ အသက်ရှည်မယ်လို့ မှန်းထားရင် ဇေကမ္ဘာက ခင်ညွန့်ကိုပေးရမဲ့ နှစ် ၂၀အတွက် လစာငွေစုစုပေါင်းက ဒေါ်လာ ၁၂ သိန်းရှိပါတယ်။ တကယ်တော့ ခင်ညွန့်ဟာ နှစ် ၂၀ မတိုင်ခင်လဲ သေနိုင်ပါတယ်။

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်းနာယကအဖြစ် ခန့်လိုက်တယ်ဆိုရင် ပြီးရက်သားနဲ့ ဘာလို့ လစာကို တမင်ဖော်ပြရသလဲဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း နာယက ခန့်တဲ့နောက်မှာ ခင်ရွှေရဲ့ နိုင်ငံရေးကစားကွက်တွေ အများကြီးပါနေတာ တွေ့ရမှာဖြစ်ပါတယ်။



ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅ ထောင်ပေးတယ်လို့ လူသိရှင်ကြားပြောလိုက်တဲ့အတွက်-

-ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီမစခဲ့သလဲဆိုတာ ပေါ်လွင်တယ်။

-ခင်ညွန့်အတွက် အနှစ် ၂၀စာ ဒေါ်လာ ၁၂ သိန်းဆိုတဲ့ များပြားတဲ့ငွေပမာဏကို မုန့်ဘိုးပေးသလို ရော့အင့် ပေးနိုင်တာကြည့်ရင် ခင်ရွှေက သူဘယ်လောက်ချမ်းသာနေလဲဆိုတာကို ပြည်သူတွေ လန့်သွားအောင် ခြိမ်းခြောက်ပြလိုက်တာလဲပါ ပါတယ်။

-ခင်ညွှန့်လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့အတွက် တင်အောင်မြင်ဦးအပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှားနေပါတယ်-ဒါကြောင့် တင်အောင်မြင်ဦးဘက်က ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရမှာဖြစ်တယ်။

-ခင်ညွှန့်ကို တလ ဒေါ်လာ ၆ထောင်ပေးရင် သမ္မတ ဦးသိန်းစိန်နဲ့ တန်းတူဖြစ်သွားမှာ စိုးတဲ့အတွက် သိန်းစိန် မငြိုငြင်အောင် ဒေါ်လာတထောင်လျှော့ပီးခင်ညွန့်ကိုပေးတာ ဖြစ်နိုင်ပါတယ်-

-တချိန်က ထောက်လှမ်းရေးအကြိးအကဲ ခင်ညွန့်ကို တလဒေါ်လာ ၅ထောင်ပေးတဲ့အတွက် လက်ရှိ ဗိုလ်ချုပ်တွေ ခင်ညွန့်ကို မနာလိုဖြစ်အောင် ဇေကမ္ဘာခင်ရွှေက ဖန်တီးသလိုဖြစ်သွားတဲ့အတွက် ဂိုဏ်းဂဏတွေ ပိုများလာနိုင်တယ်။ အာဃာတတွေ ပိုများလာမယ်။
Unknown at 4:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော် ၀န်ထမ်းတွေဒုက္ခ ......၀န်ထမ်းတိုင်း နေပြည်တော်မှာပဲ မဲပေးရမှာဖြစ်တယ်


နေပြည်တော်မှာရှိတဲ့ ၀န်ထမ်းတွေအကုန် မိမိတို့ရဲ့ သန်းခေါင်စာရင်းထဲကနေထုတ်ပြီး နေပြည်တော်မှာပဲ အိမ်ထောင်စုစာရင်းအသစ်လုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါပြီ။ ဒါဟာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အနေနဲ့ အနိုင်မရနိုင်တဲ့အတွက် မဲခိုးဖို့ ကြိုတင်ဆောင်ရွက်လိုက်တာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းတဲ့သူတွေက ခန့်မှန်းပြောဆိုနေကြပါပြီ။ ၀န်ထမ်းတိုင်း နေပြည်တော်မှာပဲ မဲပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တကယ်ရော ဖြစ်လာမှာလား ။ ကြိုတင်မဲဆိုတာတွေကရော အမှန်အကန်ဖြစ်နိုင်ပါ့မလား။ လက်ရှိအစိုးရအနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင် ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်က ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိအောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး နေပြည်တော်က ရုံးတွေအကုန်လုံးကို စာပို့ထားတယ်လို့ သိရပါတယ်။ လ၀ကမှာလည်း ရုံးကတာဝန်ရှိသူတွေကိုခေါ်ပြီးအစည်းအဝေးလုပ်တယ်လို့လည်း ပြည်တွင်းက သတင်းပေးပို့လာပါတယ်။
Unknown at 4:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူကုန်ကူးသူများ မဖတ်ရ....



မဲဆောက်က လာတဲ့အလုပ်သမား ၁၃ ယောက် ဘန်ကောက်နဲ့ မဟာချိုင်ကို လာကြတယ်။ လမ်းစရိတ် ကို တစ်ချို့က အကျေပေး/ တစ်ချို့က တ၀က်စီ ပေးချေထားပြီးဖြစ်တယ်လို့ မိသားစုတွေက ပြောကြတယ်။
ပင်လယ်ငါးဖမ်းလုပ်ငန်း တည်ရှိရာ နေရာတစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်မှာပါတဲ့။
ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့ က၊ ငါးဖမ်းလှေမှာ ရောင်းစားခံရရင်လည်း အဲဒီငါးဖမ်းလှေရဲ့နံပါတ် လှေနာမည် ထိုင်းလိုရေးထားတာ ကို အတိအကျပြနိုင်ရမယ်။ ပွဲစားဓါတ်ပုံကို ပြနိုင်ရမယ်။ နေရာကိုတိတိ
ကျကျ မြေပုံ ရေးဆွဲပြနိုင်ရမယ် လို့ဆိုပါတယ်။
သူတို့ကလည်း သူတို့ ဥပဒေပါ အတိုင်း လိုအပ်ချက် တွေကိုပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ထိုင်း မြန်မာ နယ်စပ် မဲဆောက်က ဘန်ကောက် နဲ့ မဟာချိုင်ကို လာတဲ့ အလုပ်သမားတွေ ခြုံဘူလီ လှေဆိပ်ကို ရောင်းစားခံရတယ်။ သူတို့မှာဘယ်ပိုက်ဆံနဲ့ ဖုန်းဝယ်မလဲ။ ဖုန်းကိုင်ခွင့်လည်းမရဘူး၊ လှေနာမည်ကို ဘယ်ကယ်မရာနဲ့ ရိုက်မလဲ။ ဖတ်ပြရအောင်ကလည်း ထိုင်းစာ နဲ့ ရေးထားတာ။ ရောင်းစားခံရသူ ဆိုတာ ထိုင်းကို မရောက်ဖူးတဲ့ လူတွေပါ။ သူတို့ကို ခေါ်ယူလာတဲ့ ပွဲစား ဓါတ်ပုံကို ဘယ်လို ရနိုင်မလဲ။ ဖုန်းကိုင်ခွင့်ရတဲ့အလုပ်သမားတွေဆိုတာ ဒီလှေဆိပ်
မှာ အနည်းဆုံး ၈လလောက် လုပ်ပြီးမှ ပွဲစားစရိုက်ကျေတဲ့ သူတွေဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ခြုံဘူရီ လှေဆိပ်မှာ ရောင်းစားခံထားရတဲ့ အလုပ်သမား တစ်ယောက် သူတို့ကို အုပ်ချုပ်နေတဲ့ ဘ၀တူ လုပ်သက်ရင့် လှေသမားဖုန်းနဲ့  ဖုန်းဆက်ပြီး ကျနော့်ကို အကူအညီတောင်း လာပါတယ်။
အဲဒီလှေသမားခေါင်းဆောင်က ကျနော်က လှေနာမည်ကို သူ့ရဲ့ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပို့ ပေးဖို့ အကူအညီ တောင်းပါတယ်။
သူက ဘာပြောလဲဆိုတော့၊ ဒီလှေဆိပ်မှာ မြန်မာ အလုပ်သမားတွေ သောင်းချီပြီးရှိတယ်။ လှေလုပ်သား ဟူသမျှ ကိုယ့် သဘောနဲ့ ကိုယ် လာလုပ်သူ တစ်ယောက်မှ မရှိဘူး။
ကျနော်က ကူညီပြီး လှေနာမည်ကို ဖုန်းကယ်မရာနဲ့ ဓါတ်ပုံရိုက်ပြီး ပို့လိုက်လို့  အကိုတို့ က ထိုင်းပုလိပ်
တွေနဲ့ လာဖမ်းရင် အကုန်လုံး နယ်စပ်ကို အပို့ ခံရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ လုပ်နေသမျှ လှေ
လုပ်သားတွေ တစ်ယောက်မှ နေထိုင်ခွင့် လုပ်ထားတာ မရှိဘူး။
ကျနော်က ရောင်းစားခံခဲ့ရတဲ့ စရိတ်ကျေသွားပြီ။ ခု ဒုက္ခ မရောက်တော့ဘူး။ တစ်လကို ဘတ် ၇၀၀၀ .. ၈၀၀၀ ရနေပြီ။ စရိတ်ငြိမ်း ဗမာငွေ ၂သိန်းလောက် မိသားစုဆီပို့ နိုင်ပြီ။ ကျနော်က ရောင်းစားခံထားရသူကို သနားလို့ လှေနံမည်ကို ဓါတ်ပုံရိုက်ပို့ လိုက်ရင် အကိုတို့ ကျနော်ကို ချန်ထားခဲ့မှာမဟုတ်ဘူး။ အကုန်ဖမ်းမှာပဲ။ ဒါကြောင့် အကိုတို့ ကူညီတယ်ဆိုတာ ဒုက္ခရောက်သူကို ကူညီတာပဲဖြစ်သင့်တယ်။ ဒီလိုမှမဟုတ်ရင်
တော့ အချောင်မှာ ရောင်းစားခံနေရတဲ့ လှေလုပ်သားတွေကို ကယ်တင်ဖို့ မစဉ်းစားပါနဲ့တဲ့။
လှေဆိပ်တစ်ခုလုံး မွန်ပွဲစားတွေနဲ့ ထိုင်းပုလိပ်တွေ က ထိုင်းလုပ်ငန်းရှင်တွေအတွက် မြန်မာအလုပ်သမား
တွေကို လူအရောင်းအ၀ယ် ကျွန်အရောင်းအ၀ယ် လုပ်နေတဲ့နေရာပါတဲ့။ အကျိုးစီးပွားဖြစ်ထွန်းနေတာက
ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တွေပါ။ ရောင်းစားခံရပြီး ကျေးကျွန်ဖြစ်နေတာက မြန်မာ အလုပ်သမားတွေ
ပါ။ အဲဒါကို မြန်မာအစိုးရကို ပြောပေးပါတဲ့။


**ကျောက်ခဲကို ကျနော် ဆီကြိတ်ခြင်း**
ကျနော့်တို့ BAT ရုံးခန်းမှာ မဟာချိုင်အနီးက မဲခေါင် တံတားအောက် လှေဆိပ် မှာ ရောင်းစားခံခဲ့ရာက
ထွက်ပြေးလွတ်မြောက်လာတဲ့ လှေသမား ကိုမင်းခန့် ဆိုတာ ရှိနေပါတယ်။ သူဟာ နကပထုန် မှာရှိတဲ့ လျှပ် စစ်မီးမောင်းတွေ၊ မီးစက်တွေ တပ်ဆင်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ အောက်
တိုဘာလ မှာ ထိုင်းကို ရေနစ်လာတော့ သူတို့ အလုပ်ရုံလည်း ပိတ်လိုက်ရပါတယ်။
စက်ရုံက ရှိရှိသမျှ မြန်မာ အလုပ်သမားတွေက ရွှေတွံတေးဆရာတော် နဲ့ ဘန်ကောက်က ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မဟာချိုင်မြို့အနီး ကထုန်ဘန် က ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီးကျောင်း ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်း ကိုလာရောက် ခိုလှုံခဲ့ကြပေ မယ့် ကိုမင်းခန့် ကတော့ အလုပ်ဆက်လက် ရှာဖွေနေခဲ့ပါတယ်။
မိတ်ဆွေ တစ်ယောက်က မဲခေါင်တံတားအောက် ငါးဖမ်းလှေသို့ ရောင်းစားလိုက်တာကို လှေတစ် ပတ် ၁၄ ရက် ထွက်ရာက ပြန်လာပြီး လှေသူကြီးက အခန်းပိတ်လှောင်ထားမှ ရောင်းစား ခံရမှန်း သိတယ် လို့  ကိုမင်းခန့် က ပြောပါတယ်။
ကိုမင်းခန့် ကလည်း စောင့်နေတဲ့ လှေသူကြီး ပန်းကန် ဆေးနေတုန်း အလစ်မှာ ၆ပေလောက် မြင့်တဲ့
သံပန်းနံရံကို ကျော်တက်ချိန်မှာ ဘောင်းဘီက သံချွန်မှာငြိနေပါတယ်။ အဲဒီအချိန်မှာ နောက်က သစ်သား တုတ်နဲ့ အရိုက်ခံရတာကြောင့် ဘယ်ဘက် ခြေဖမိုး အရိုးကျိုးသွားခဲ့ရပါတယ်။
အဲဒီကနေ သူဟာ ခက်ခက်ခဲခဲ ချောင်းကိုဖြတ်ကူး၊ ဓနိတောကိုဖေါက် ပြီး ပြေးလာခဲ့တယ်။ ကံကောင်း ထောက်မစွာနဲ့ မွန်အလုပ်သမ တွေလုပ်နေတဲ့ ငါးခြောက် အလုပ်ရုံက ထိုင်းလုပ်ငန်းရှင်တစ်ဦး က BAT ကတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ပြီးတော့ လာပို့ခဲ့ပါတယ်။

BAT ကလည်း ထွက်ပြေး လွတ်မြောက်လာသူကို ဆေးရုံကိုအကြိမ်ကြိမ် ပို့ဆောင်ပြီးတော့ ဆေးဝါးကုသ ပေးပါတယ်။ ကိုမင်းခန့် မှာ ယခင်က လုပ်ခဲ့တဲ့ နေထိုင်ခွင့် စာရွက်စာတမ်းတွေကို ရရှိအောင် ကူညီဆောင်ရွက်ပေးတယ်။ ရောဂါကုသနေရင်း နဲ့ ကယ်ဆယ်ရေး စခန်း ပိတ်လိုက်တာကြောင့် ဘန်ကောက်မှာရှိတဲ့ BAT ရုံးကိုခေါ်လာခဲ့ရပါတယ်။
ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ကိုသွားရောက်ပြီးတော့ အမှုဖွင့်ထားခဲ့တယ်။ ကျနော်တို့ 
ဟာ ထိုင်းလူကုန်ကူးမှု ဥပဒေ လိုအပ်ချက်အတိုင်း၊ လူကုန်ကူးခံရသူမှာ တရားဝင် နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးထားပြီးဖြစ်တယ်။ ကိုမင်းခန့် ထွက်ပြေးလာတဲ့ မဲခေါင် လှေဆိပ်က အိမ်ကိုရှေ့ နောက်
ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးပြီးဖြစ်တယ်။ ကိုမင်းခန့် ကို ရောင်းစားလိုက်တဲ့ ပွဲစား တို့ နေထိုင်တဲ့ နေအိမ်ခန်း
ကိုလည်း မှတ်တမ်း ရိုက်ကူးပြီးဖြစ်တယ်။ လိုအပ်တဲ့ အချက်အလက် တွှေကို အချိန်ယူပြီး ၃ကြိမ်တိုင်တိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ က ရဲအရာရှိတွေကို တင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မဲခေါင်လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိ ရဲအရာရှိက ကျနော်တို့ ဆီကိုရောက်
လာပါတယ်။ အခန်းပိတ်လှောင်ထားခဲ့တဲ့ လှေသူကြီး ထွက်ပြေးသွားတယ်လို့ ကျနော်တို့ ကို လာရောက် သတင်းပို့ ပါတယ်။
ကျနော်တို့ က ကိုမင်းခန့် ကို လှေပေါ်သို့ ရောင်းစားလိုက်တဲ့ ပွဲစား လင်မယားနေတဲ့ နေရာကို ကျနော် တို့ လိုက်ပြမယ်။ ဆိုတော့လည်း မဖြစ်သေးဘူးတဲ့။ ပွဲစားဓါတ်ပုံ လိုပါသေးတယ်တဲ့။

**ငိုရခက် ရယ်ရခက်**
နောက်ဖြစ်ရပ် တစ်ခုကတော့ ငိုရခက် ရယ်ရခက် ပဲပြောရမလား။ ဇေယျာလင်း ဆိုတဲ့ ရန်ကုန်က ကွမ်းယာ
သယ်ကလေး အသက်၂၂နှစ်ပဲ ရှိသေးတယ်။ မြ၀တီမှာ ကွမ်းယာရောင်းဖို့လာတာ၊ ခြုံဘူလီ အချောင် လှေဆိပ်ကို ရောင်းစားခံရတယ်။ ကျနော့်ဖုန်းကို လှေနံရံမှာ ရေးထားတာ ကိုတွေ့လို့ ဆက်တာပါလို့
သူက ပြောပါတယ်။ ၆လလောက် ရောင်းစားခံခဲ့ရပြီး ကိုစည်သူဆိုသူနဲ့ ရေကူးပြီး ထွက်ပြေးလာတယ်။ သူက ၂ရက်တိုင်တိုင် တောထဲက ကျနော့်ကို ဆက်သွယ်နေခဲ့တယ်။
ကျနော်တို့ လည်း ထိုင်းအစိုး လူကုန်ကူးမှု တိုက်ဖျက်ရေးက အရာရှိကို သွားပြီးတော့ တွေ့ဆုံတယ်။ ရဲအရာရှိက ထွက်ပြေးနေသူတွေ ဘယ်ရောက်နေလဲ မင်းတို့ သိလားတဲ့။ ဘယ်မှာသွားရှာမလဲ။ ရောက်ရှိ
နေတဲ့ နေရာကို သူတို့ လည်းမသိ သလို ကိုယ်ကလည်း မသိဘူးလေ။ ဒီလိုနဲ့ ဇေယျာလင်း တို့ကို ပုလိပ်
က ပြန်ဖမ်းမိလို့ လှေသူကြီး ကို ထပ်ရောင်းစားလိုက်တယ်။ ပုလိပ်အတွက် ၃လ လုပ်ဆပ်ရတယ်။ ထိုင်းကို
နေနစ်လာတော့ ၀တ်ခေါင်မေးဒေးယား ဘုန်းတော်ကြီး ကျောင်းမှာ လာရောက်ခိုလှုံကြတဲ့ မြန်မာအလုပ်
သမားတွေကို ဘန်ကောက် မြန်မာသံရုံးက အခမဲ့ မြန်မာနိုင်ငံကို ပြန်ပို့နေတာကို ကြားလို့ လာခဲ့တယ်။
အိမ်ပြန်ချင်လွန်းလို့ ဘုန်းကြီးကျောင်းက ကယ်ဆယ်ရေးစခန်းကိုလာခဲ့ကြတယ်။ လမ်းမှာ ပွဲစားတစ် ယောက်နဲ့ တွေ့ ပြီးတော့ ဘန်ကောက်မြို့ ဖလန်းဆောင်(လမ်----)မှာရှိတဲ့ ပလပ်စတစ် အလုပ်ရုံမှာတစ်ခါ ထပ်ပြီး ရောင်းစားခံ ရပြန်တယ်။ ၂လလောက် ရောင်းစားခံနေရာက နေပြီးတော့ ကျနော်တို့ ကိုဆက်သွယ်ပါတယ်။
သူတို့က အကူအညီတောင်းလို့ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP က မြန်မာအရာရှိက သွားရောက်ခေါ်ယူပါတယ်။ ကျနော်က မဟာချိုင်ကို ကိစ္စတစ်ခုနဲ့ ရောက်နေ
တာမို့ အတူတူ မသွားနိုင်ခဲ့ပါဘူး။
အလုပ်သမား ၂ ယောက်နဲ့ အတူလာတဲ့ UNIAP က မြန်မာ အရာရှိကို လူကုန်ကူးမှု(ပွဲစားမှု)နဲ့ မီပွိုင့်မှာ ပုလိပ်က လက်ထိပ်ခတ်ပြီး ဖမ်းလိုက်သေးတယ်။ လုပ်ဖေါ်ကိုင်ဘက် ထိုင်းတွေ ညတွင်းချင်းဖြေ ရှင်းလို့  မနက် ၂နာရီခွဲလောက်မှာမှ လွတ်လာတာလို့ ကျနော့်ကို ဖုန်းဆက်ပြောလို့ ရည်ကြရသေးတယ်။
ကျနော်ပါသွားရင် ဘယ်သူရှင်းမလဲ။ အခက်အခဲ ကြုံရမှာတော့ အသေအချာပါပဲ။
ကိုဇေယျာလင်း က အချုပ်ခန်းထဲကနေ ကျနော့်ကို ဖုန်းဆက်လာခဲ့တယ်။ ထိုင်းပုလိပ် ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ်လို့ ပါတဲ့။ ဘာသာပြန်က တစ်ဆင့် ပုလိပ်ကို နယ်စပ်ကို ပို့ ပေးဖို့ ပြောခဲ့ရ သေးတယ်။
ဒီလိုအရာရှိကြီးတောင် လက်ထိပ်ခပ် ခံရတော့ ကျနော်တို့လို အကာအကွယ်မဲ့တဲ့သူ။ တရားဝင် အဖွဲ့ အစည်း မဟုတ်တဲ့ သူတွေကို ဘယ်နေ့ လက်ထိပ်ခပ် ခံရမလဲ။ ဖမ်းချုပ်ခံရမလဲ။ ဘယ်နေ့ သေနတ်နဲ့ 
ပစ်သတ်ခံရမလဲ မဆိုနိုင်ပါ။
ကိုမင်းခန့်ကို လှေပေါ်သို့ ရောင်းစားခဲ့တဲ့ မဲခေါင်တံတားအနီးက မခိုင် ဆိုတဲ့ပွဲစားမ ပြောတဲ့စကား တစ်ခွန်း ကတော့ ကြိုက်တဲ့အဖွဲ့နဲ့ တိုင်ပါ။ အဖွဲ့အစည်းတွေ လောက်ကို မပြောနဲ့ ထိုင်းအစိုးရ တောင် တစ်သက်လုံး ဖမ်းလို့ မရဘူး……ဆိုတဲ့ စိန်ခေါ်ချက်ကတော့ ကျနော့်နားထဲမှာ ပဲ့တင် ထပ်နေပါတော့တယ်ဗျာ။


သဗ္ဗေ သတ္တာ ကမ္မသကာ
Unknown at 12:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးခင်ညွန့် မြရိပ်ညို ဖေါင်ဒေးရှင်း နာယက တာဝန်ယူမည်

မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ၀န်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့ သိရပါတယ်။
RFA
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သတင်းထောက်များနှင့် စကားပြောနေစဉ်။
မြရိပ်ညို ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင်နဲ့ အထက်လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်ငွေ သိန်းပေါင်း တစ်သောင်း မတည်ပြီး မနှစ်က အောက်တိုဘာလ အတွင်း တည်ထောင်ခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းဆရာ ဆရာမတွေ အလုံအလောက် ခန့်ထားရေး၊ ဆေးရုံ ဆေးခန်းတွေ တည်ထောင်ရေး၊ ပညာသင်ဆု ပေးရေး စတဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ လမ်းညွှန်မှုနဲ့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာလို့ ဦးခင်ရွှေက အာအက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။ မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက အဖြစ် ဦးဆောင်ပေးမှု အတွက် ဦးခင်ရွှေက ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို အမေရိကန် ဒေါ်လာငါးထောင် လစဉ် ချီးမြှင့်သွားမယ်လို့လည်း ဇေကမ္ဘာ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ အခုလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီးနောက် နိုင်ငံရေး မလုပ်ဘဲ လူမှုရေးပဲ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လေ့လာသူ တချို့တော့ ဦးခင်ညွန့်ဟာ နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်လာလိမ့်မယ် လို့လည်း ထင်ကြေးပေးနေကြ ပါတယ်။
Unknown at 11:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခေတ်ကာလကြီးအကြောင်း



ဆောင်းယွန်းလ
ဇန်န၀ါရီ ၂၄၊ ၂၀၁၂
ခေတ်ကာလကြီးက
ခေတ်ကာလမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ကြည့်မြင်နိုင်ဖို့အတွက်
သန့်ရှင်းဖြူစင်တဲ့ မျက်စိအရှင်တွေကို ဖွင့်မပေးးခဲ့ဘူး…
ခေတ်ကာလကြီးက
ခေတ်ကာလစကားကို ပွင့်ပွင့်လင်းလင်း ကြားသိနိုင်ဖို့အတွက်
ရိုးသားဖြောင့်မတ်တဲ့ နားရွက်အစစ်တွေကို တပ်မပေးခဲ့ဘူး….
ခေတ်ကာလကြီးက
နှစ်ရှည်လများ မချွတ်တမ်းဆင်မြန်းထားခဲ့တဲ့ မတရားမှုတွေကို
ကမ္ဘာ့ဈေးကွက်မှာ တလွှာချင်းချွတ်ပြနိုင်မှ ဈေးတွက်ကိုက်မှာမို့
ပွင့်လင်းလွတ်လပ်မှု အရိပ်အယောင်တချို့ကို လှလှပပအကွက်ချပြီး
စတုတ္ထမဏ္ဍိုင်နဲ့ မျက်လှည့်ပြထားတယ်….
ခေတ်ကာလကြီးက
ခေတ်ကာလ သားသမီးတွေကို
အနှစ်သာရမရှိတဲ့ ဝေါဟာရတွေနဲ့ ဆေးဆိုးထားပြီး
အင်အားအကောင်းဆုံးတန်ဘိုးတွေကိုတော့ အလေးခိုးထားတယ်…..
ခေတ်ကာလကြီးက
ကောလဟလတချို့နဲ့ မြို့သစ်ဆောက်ပြီး
လောကပါလတချို့ကိုတော့ သိမ်းဖျောက်ဖို့ ကြိုးစားနေပြန်တယ်…
ခေတ်ကာလကြီးက
ခွင့်လွှတ်နားလည်မှုနဲ့ ကိုယ်ချင်းစာတရားဆိုတဲ့ စာသားခပ်ပါးပါးကို
တရားဥပဒေရဲ့ ခေါင်းရင်းမှာ တံတားထိုးပြီး
အမှုဟောင်းတွေကိုမီးမှိတ် အေးရာအေးကြောင်းခိုးအိပ်ဖို့ ကြိုးစားနေတယ်….
ခေတ်ကာလကြီးက
မူမမှန်တဲ့ စကားလုံးတွေကို တခါသုံးစက္ကူလိုသုံးပြီး
သတင်းကွန်ရက်တွေထဲမှာ
အချွန်အတက်တွေကို လိုအပ်သလိုသုံးဖို့ ချိန်ကိုက်ဗုံးတွေထောင်ထားတယ်…
ခေတ်ကာလကြီးက
အခါခါသေဖူးလည်း ပျဉ်ဖိုးနားမလည်နိုင်ခဲ့သေးဘူး…
ခေတ်ကာလကြီးက
အမှန်ပြောလွန်းရင် နောက်ပြန်ဆွဲဝါဒီလို့ စွပ်စွဲတံဆိပ်ကပ်ပြီး
တရားပြလွန်းရင် ဖောက်ပြန်ရေးသမားလို့ ယိုးစွပ်သတ်မှတ်တယ်….
ခေတ်ကာလကြီးက
ပကတိအခြေအနေတွက်ချက်မှုဘာသာဗေဒမှာ ရမှတ်နဲပြီး
ခဏတဖြုတ်အပျော်တချို့နဲ့ လက်ထပ်ပေါင်းသင်း
အကြောင်းရင်းတွေကိုတော့ မေ့ပျောက်လွယ်လွန်းတယ်….
ခေတ်ကာလကြီးက
မင်းသားနဲ့မင်းသမီး လက်ချင်းတွဲတဲ့ ဇာတ်ပွဲတွေဆိုရင်
ယိမ်းတိုက်ထားသလို အော်ဟစ်တေးဆိုတတ်ပေမယ့်
ဇာတ်နာပြီဆိုရင် အိမ်ထဲကအိမ်ပြင်ကို ထွက်မလာချင်ဘူး……..
ခေတ်ကာလကြီးက
ကောင်းခန်းရောက်ရင် စောင်းငန်းလျှောက်ချင်ပြီး
ဘူးသီးမှ အရီးတော်ပြဖို့လည်း ဝန်မလေးတတ်ဘူး…..
ခေတ်ကာလကြီးက
ခေတ်ကာလကဗျာကို ဖတ်ပြီးရင်
မျက်စိစုံမှိတ်ပြီး တံဆိပ်အမျိုးမျိုး ကပ်နှိပ်ဦးမှာသေချာတယ်…….။ ။
Unknown at 11:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦး ကျန်ရှိနေကြောင်း NLD ထုတ်ဖေါ်ပြောကြား

နိုင်ငံရေးအမှုတွေနဲ့ နွယ်ပြီးဖမ်းထားသူတွေထဲက ထောင်ထဲမှာကျန်ရှိနေသေးတဲ့ HRDPအဖွဲ့က ဦးမြင့်အေး
(The Asahi Shimbun မှ 21 Jan 2012 ရက်စွဲပါ '165 political prisoners still detained, Myanmar's NLD says' သတင်းကို ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံတွင် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၁၆၅ဦးခန့် ကျန်နေသေးသော ကြောင့် အစိုးရက ကြေညာထားသော အရေအတွက်ထက် ၃၀ရာခိုင်နှုန်းက ပိုများနေသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် NLD ပါတီက ဇန်န၀ါရီ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် လိုက်သည်။ ယခုအခါ NLD ပါတီ၏ ဥက္ကဋ္ဌ အဖြစ် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်နေပြီဖြစ်သည်။
ပြီးခဲ့သော ဇန်န၀ါရီ ၁၄ရက်နေ့တွင် အစိုးရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုက ''နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခံရသူ အကျဉ်းသား ၄၃၀ဦးရေ အနက်မှ ၃၀၂ဦးကိုသာ အစိုးရကလွှတ်ပေးခဲ့သည်" ဟု နေပြည်တော်တွင် ထုတ်ပြန်ကြေညာသွားခဲ့ပြီးဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ဦးကိုကိုက ဆက်လက်၍ "ကျန်ရှိနေသောအကျဉ်းသား ၁၂၈ဦးကို လုံခြုံရေး အကြောင်းရင်းများကြောင့် ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း၊ ၎င်းအကျဉ်းသားများသည် အကြမ်းဖက် ဗုံးဖေါက်ခွဲခြင်းကဲ့သို့သော ရာဇ၀တ်မှုခင်းများတွင် ပါဝင်ပတ်သက်နေဖွယ်ရှိကြောင်း" ရှင်းလင်း ပြောဆိုထားသည်ဟု သိရှိရသည်။
Unknown at 11:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုဗ္ဗစပုဂ္ဂိုလ်ဆိုတာ ဘာလဲ



ရွှေည၀ါဆရာတော်ကို ဆိုဆုံးရခက်တဲ့ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သံဃမဟာနာယကအဖွဲ့ကသတ်မှတ်ခဲ့ပြီးကျောင်းတိုက်နေ တလအတွင်းထွက်ခွာ သွားဘို့  ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဇန္န၀ါရီ (၁၆) ရက်နေ့က အမိန့်စာဖတ်ပြလိုက်ပါပြီ။ ဒီလိုဘဲဖြစ်လာလိမ့်မယ်ဆိုတာမျှော်လင့်ထားပြီးဖြစ်လို့ ထူးထူးထွေထွေမအံ့သြမိတာကတော့အမှန်ပါ။ ဒီနေရာမှာအံ့သြမိတာက ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်မသတ်မှတ်ခင် သံဃမ ဟာနာယကဆရာတော်ကြီးတွေအနေနဲ့ရွှေည၀ါဆရာတော်ကို ခေါ်ယူဆုံးမမှုမပြုလုပ်တာကတော့ ထူးဆန်းနေပါတယ်။
တကယ်ဆို ရွှေည၀ါဆရာတော်ကိုအရင်ခေါ်ယူဆုံးမရမှာပါ။ဆုံးမလို့ မရမှဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရမှာပါ။ ဒီနေရာမှာ ဒုဗ္ဗစပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုခေါ်တာလဲ၊ ဘယ်လိုပဂ္ဂိုလ်မျိုးကိုဒုဗ္ဗစပုဂ္ဂိုလ်လို့ သတ်မှတ်တာ လဲဆိုတာဝိနည်းတော်ထဲက အဖြစ်အပျက်လေးတခုကိုထုတ်ပြချင်ပါတယ်။
သိဒ္ဓတ္ထမင်းသားနဲ့အတူ ဖွားဘက်တော်တွေထဲကတယောက်ဖြစ်တဲ့ ဆန္နအမတ် (အရပ်အခေါ် မောင်ဆန်) ဟာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ် တော်မူပြီးနောက်ပိုင်းမှာ ရဟန်းပြုတော်မူပါတယ်။ ဘုရားရှင်နဲ့ တနေ့ထဲဖွားတဲ့ ဖွားဘက်တော်လည်းဖြစ်၊ ဘုရားရှင်နဲ့ လူ့ဘ၀ထဲက လည်းရင်းနီးနေတာမို့ ငါ့ဘုရား ငါ့ဘုရားနဲ့ မာန်မာနတက်နေပြီး အခြားရဟန်းတော်တွေကို မထီမဲ့မြင်ပြောဆိုလေ့ရှိပါတယ်။ အရှင်ဆန္န မထေရ် မတော်မလျော်ပြုမူ ဆက်ဆံနေတာနဲ့ပတ်သက်လို့ အခြားရဟန်းတော်တွေက ပြောဆိုဆုံးမတဲ့အခါ ဘုရားရှင်ဟာ တပည့်တော်ရဲ့ ဘုရား၊ တပည့်တော်ရဲ့တရား၊ တပည့်တော်ရဲ့အရှင့်သားတော်ဟာ တရားကိုထိုးထွင်းပြီး သိထားတာဖြစ်တယ်။ လေမုန်တိုင်းကြီး တိုက်လာတဲ့အခါ အမှိုက်သရိုက်တွေကို အခြားတနေရာကိုဖယ်ရှားလိုက်သလို ကိုယ်တော်တို့တတွေကိုလည်း တပည့်တော်ကဖယ်ရှား နိုင်တယ်။ ကိုယ်တော်တို့က တပည့်တော်ကို ပြောစရာ ဆိုစရာ ဆုံးမစရာလို့မှတ်နေကြသလား၊ တပည့်တော်ကသာ အရှင်ဘုရားတို့ကိုပြောရ ဆိုရ ဆုံးမရမှာလို့ ပြန်ပြောလေ့ရှိပါတယ်။
ဒီအကြောင်းဘုရားရှင်ကြားသိတော်မူလို့ -ဘိက္ခု ပနေ၀ ဒုဗ္ဗစာတိကော ဟောတိ အစရှိတဲ့ သံဃာဒိသိသ် တဆယ့်နှစ်ခုမြောက်ဒုဗ္ဗစသိက္ခာ ပုဒ်ကို ပါတိမောက် (၀ိနည်း) မှာ ပညတ်တော်မူပါတယ်။ သိက္ခာပုဒ်ရိရဲ့လိုရင်းက ရဟန်းဖြစ်ပါလျက် ပါတိမောက် (၀ိနည်း) ဆိုင်ရာမှာ ရဟန်းတပါးသည် အပြောရ အဆိုခက် ဆုံးမရခက် (ဒုဗ္ဗစပုဂ္ဂိုလ်) ဖြစ်နေရင် ရဟန်းအများက ပြောဆိုဆုံးမရပါမယ်။ ဆုံးမခံရတဲ့ပုဂ္ဂိုလ်ကအဆုံးအမကိုမခံယူဘဲ – တပည့်တော်ကသူများဆုံးမတာကိုခံယူမဲ့သူမဟုတ်ကြောင်း၊ အရှင်ဘုရားတို့အနေနဲ့ တပည့်တော်ကို ကောင်း ကောင်း ဆိုးဆိုး ဘာမှမပြာပါနဲ့။ တပည့်တော်ကလည်း အရှင်ဘုရားတို့ ကောင်းကောင်းဆိုးဆိုး ဘာမှပြောလိမ့်မယ်မဟုတ်ပါ။ တပည့်တော် ကိုပြောဆိုဆုံးမခြင်း မပြုလုပ်ကြပါနဲ့လို့ ပြန်ပြောပါတယ်။ ဆုံးမတဲ့ရဟန်းတော်များကလည်း -အရှင်ဘုရား- အရှင်ဘုရား အဲလိုမပြောပါနှင့် ဘုရား၊ အရှင်ဘုရားကလည်း အခြားရဟန်းတော်တွေ မသင့်မတော်လုပ်ရင် ပြောဆိုဆုံးမတော်မူပါ။ အခြားရဟန်းတွေကလည်း မသင့်မ တော်တာတွေ့ရင် အရှင်ဘုရားကို ၀ိနည်းဒေသနာတော်အတိုင်း ဆုံးမကြပါလိမ့်မယ်။ အဲဒီလို အချင်းချင်းပြောဆိုဆုံးမခြင်းကြောင့် အပြစ် ဖြစ်ရင် အပြစ်မဖြစ်အောင် အချင်းချင်းကူညီကြခြင်းကြောင့်သာ ဘုရားရှင်ရဲ့သာသနာဟာ ဒီခြေအနေထိ တိုးပွားတည်တန့်လာခြင်းဖြစ် တယ်။
တပါးနဲ့တပါး ပြောဆိုဆုံမခွင့်မရရင် သာသနာဆုတ်ယုတ်ပါလိမ့်မယ်လို့ ပြန်ပြောဆုံးမရပါမယ်။ ဆုံးမပြောဆိုလို့မရရင် နောက်ဆုံး ဆုံးမရ ခက်တဲ့ရဟန်းကို သံဃာ့အလယ် အတင်းဆွဲခေါ်ပြီး ဉတ်ကမ္မ၀ါစာနဲ့ ဆုံးမရပါမယ်။ ဆုံးမလို့ရရင် အဲဒီရဟန်းမှာ အပြစ်မရှိတော့ပါ။ ဆုံးမလို့ မရရင် တတိယကမ္မ၀ါစာအဆုံးမှာ သံဃာဒိသိသ်အာပတ်သင့်စေလို့ ဘုရားရှင်ဝိနည်းစည်းကမ်းထုတ်တော်မူခဲ့ပါတယ်။ အဲဒီတော့ ရွှေည၀ါ ဆရာတော်ဟာ သံဃမဟာနာယကဆရာတော်တွေဆုံးဖြတ်တဲ့အတိုင်း တကယ်အဆုံးအမခက်တဲ့ ဒုဗ္ဗစပုဂ္ဂိုလ်ဖြစ်နေသလားဆိုတာစဉ်းစားသင့်တယ်။
သံဃမဟာနာယက ဆရာတော်တွေ ရွှေည၀ါဆရာတော်ကို ခေါ်ယူဆုံးမခဲ့သလား …. ?
ရွှေည၀ါဆရာတော်ကရော သံဃမဟာနာယကဆရာတော်တွေရဲ့ အဆုံးအမ မခံဘူးလား ….?
ရွှေည၀ါဆရာတော်က သူမှားနေရင်လည်း ခေါ်ယူဆုံးမပါလို့ မဟနဆရာတော်တွေထံ အသနားခံစာတင်ပြ လျောက်ထားပါလျက်နဲ့ ခေါ် ယူဆုံးမမှုမရှိဘဲ ကျောင်းတိုက်ကထွက်ခွာသွားဘို့ တချက်လွှတ်အမိန့်ထုတ်တာကတော့ ၀ိနည်းတော်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် နေတာတွေ့ ရပါတယ်။
တကယ်တော့ ဒီကိစ္စဟာ သံဃာ့ကိစ္စပါ။ အာဏာပိုင်တွေဘယ်လောက်ဖိအားပေးပေး သံဃာအချင်းချင်း ရှင်းရင်ရနိုင်တဲ့ကိစ္စပါ။ ဘာ ကြောင့်မပြေလည်တာလဲဆိုတာကတော့ သံဃာတွေမညီညွတ်တာ အဓိကအကြောင်းရင်းဖြစ်နေတာကို ရှင်းရှင်းလင်းလင်းတွေ့နေရပါ တယ်။
စစ်အစိုးရကသံဃာတွေကို ဖမ်းချင်ဖမ်း ထောင်ချချင်ချ သတ်ချင်သတ် ဥပဒေမဲ့လုပ်ချင်တာလုပ် စစ်အစိုးရအငြိုအငြင်တော့မခံနိုင်၊ မဟန ရာထူးလေးမြဲဘို့ ဘွဲ့ တံဆိပ်တော်လေးရဘို့၊ ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်ရဘို့ စစ်အစိုးရအဆက်ဆက်ရဲ့ အသုံးတော်ခံလုပ်နေကြတဲ့ (အချို့) သံဃာကြီးတွေက တဘက်။ တရားမျှတဘို့၊ လောကပါလတရားတွေထွန်းကားဘို့၊ မြန်မာပြည်ကြီး စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဘို့လုပ်နေတဲ့ သံဃာ ငယ်တွေက တဘက်ဖြစ်နေတာတွေ့ရမှာပါ။ သံဃာတွေညီညွတ်နေရင် ဘယ်အာဏာရှင်ကမှ ၀င်ရောက်စွက် ဖက်နိုင်မည်မဟုတ်ပါ။
သံဃာအားဘုရားတောင်မလွန်ဆန်နိုင်ဘူးဆိုတာသူသူငါငါကြားဘူးနေကြတာဘဲမဟုတ်လား။ အဲဒီတော့ ဒီကိစ္စတွေ ဒီလိုဖြစ်နေရတာ ဟာ မိမိတို့ သံဃာတွေမှာ လုံးဝတာဝန်ရှိတယ်ဆိုတာ ၀န်ခံရမှာပါ။ အဲဒါကြောင့် သံဃာအများစုရဲ့ သဘောတူညီချက်နဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ လွတ်လပ်တဲ့သံဃာ့အဖွဲ့ အစည်းမဖြစ်သရွေ့ကာလပတ်လုံး သံဃာငယ်တွေခံနေကြရအုံးမှာဖြစ်သလို ဘုရားရှင်ရဲ့ ဓမ္မစက်ဆိုတာတွေလည်း ချောင် (ဂျောင်) ထိုးခံနေရအုံးမှာဆိုတာသေချာပါတယ်။
စစ်အစိုးရကနေ အရပ်သားအစိုးရအသွင်ပြောင်းဘို့ ၀ိုင်းဝန်းလုပ်ဆောင်နေကြချိန်မှာ သံဃာတော်တွေအနေနဲ့လည်း သံဃာ့ရေးရာကိစ္စတွေကိုသံဃာတွေကသာစီစဉ်ဆောင်ရွက်၊ ဆုံးဖြတ်နိုင်တဲ့ စစ်မှန်တဲ့သံဃာ့အဖွဲ့ အစည်းတရပ်ပေါ်ပေါက်ဘို့ ကြိုးစားလုပ်ဆောင်သင့်ပြီဖြစ် ကြောင်း သံဃာတော်များအားလျောက်ထားပါတယ်ဘုရား။ ။
(သာသနာပိုင်သြ၀ါဒ)
သာသနာရေး၊ သာသနာမှုနှင့်စပ်သမျှကို ဆန္ဒာဂတိ၊ ဒေါသာဂတိ ၊ဘယာဂတိ၊ မောဟာဂတိလေးပါးမလားဘဲ တရားရှိရာဆောင်ရွက်ပါမည်။ အသက်သော်လည်း စွန့်မည်။ တရားကို မစွန့်ပြီ၊ သာသနာ့ဒါယကာတရားမင်းမြတ်က အမိန့်တော်အထူးပြန်သော်လည်း မှန်ရာသာ လိုက်မည်။ တရားကိုစွန့်၍မလိုက်ပြီ။ မနာခံသော် ခပ်မဆိတ်နေမည်။
အရှင်ဥာဏာဘိဝံသ
(မောင်းထောင်သာသနာပိုင်ဆရာတော်)
Unknown at 11:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)


ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတော့ ၀မ်းသားအားရ ကြိုဆိုသူတွေ ရိုသေလေးစားသူတွေ မြင်တော့၊ မုဒိတာပွါးပါသည်။ ထို့အတူ ကျနော်က  ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူး ကုသိုလ်။
မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေ ဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူး ရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့တာကို အများပြည်သူ မျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထု တို့ကို သာဓုခေါ်နိုင်ပေမည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချလိုက်သည့်အတွက်၊ သံဃာတော် အရှင်သူမြတ်များမှာ ထောင်တွင်း ကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံဘုန်းရခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့ သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။
ဦးခင်ညွှန့်နှင့် အတူအားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန်...........

နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ်(၁) ဒု-ဗိုလ်မှူးကြီးလှရွှေ(ကြည်း)၊ ဗိုလ်မှူးအောင်ရင်(လေ) ၊ ဗိုလ်မှူးအေးကို(ရေ) တို့က ကျနော့်အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင်(လသာ) ကို လက်နက်ကိုင် စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို...." ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ် ၊ ညီမလေးကို လေးနှစ်ပဲချမှာလို့ " စေတနာ ဗလပွနဲ့  လာသင်ပေးတယ်ဗျ။
ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ  ဘာမှကို ပြန်မပြောဘဲ  ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ်လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။  ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော်ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေ ၀တ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက်တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့  ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကို ကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ ဆန္ဒပါ။
သူတို့ထဲက အသက်ကြီးကြီး (၂)ရစ်နှင့် တပ်ကြပ်ကြီးက " ကောင်လေးတို့ မင်းတို့ကို အမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘကြီးတွေက သနားမှာပါ ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့" လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ ရယ်လိုက်တာ မှတ်မိပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ် ထုတ်ပြီး မီးညှိုပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့်ပန်နှင့် ရှိုက်ဖွါတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။
အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး( နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့် လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။  အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး   ၀င်ခဲ့ရတဲ့ အရသာလေး မှတ်မိသေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ.... ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင် လုပ်ရတယ်ဟ ဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာတွေကလည်း စုံလို့ ။ တခုပဲ တဦးစီ ဖြောင့်ချက်ယူ မျှပုံက
"ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သော လှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ  အပြစ်ရှိသလား" တဲ့။
ကျနော်က "မရှိပါ" လို့ ဖြေတော့........" ဟေ" တဲ့ ။
နောက် မရင်ရင် အလှည့်လည်း   မရင်ရင်က "မရှိပါ "လို့ဖြေတယ်။
တရားလိုလုပ်သူက ထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီး ထွက်ပြေးသည်မှ စ၍ ကိုဘိုနီအောင်နှင့် အတူပေါင်းသင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး "အပြစ်ရှိပါသလား" မေးပြန်တယ်။
ကျနော်ကလည်း  "မရှိပါ" ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့ လူက လာပြီး "မင်းပေးထားတဲ့ ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေး ပြန်သွားမလား" လို့ ချိမ်းခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ "ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ ၊ ဘာအပြစ်လဲ"  လို့ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံး ပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့.....ကျနော်တို့က  "မရှိပါ" မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ)မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က "မရှိပါ" ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့် စီရင်တာလည်း မဟုတ်ဘဲနဲ့။  တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင် မသိတဲ့ တဖက်သတ် စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖေါက်ဖတ်ပြီး အမိန့်ကို ချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်း ပြချင်တဲ့ အထာနှင့် ရုပ်ရှင်ရိုတ်ပြတာပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ(ကြည်း) မျက်ထောင့်ကြီးနီလို့ "ကောင်လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ် စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။  မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ" လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့် ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်က ထိုင်ရင် လိုက်ထိုင်တယ်။  ထရင် လိုက်ထတယ်။ ။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲ လုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်းကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ "မရှိပါ "ထပ်ဖြေတယ်။ တိုက်ပုံအမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီး ဆိုလား သဘာပတိကြီး ဆိုလား အစချီလိုက်ပြီး

"ယခုရုံးရှေ့ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၄င်းတို့၏ လွဲမှားသော အယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ် စီမံချက်ပုဒ်မ ၅(ည) နှင့် မတရားအသင်းဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇(၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်" လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချမှတ်ပေးမည်ဟု ဆိုကာခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅(ည) ၁၇(၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍ လည်းကောင်း၊ မရင်ရင်ကို ၅(ည) ၁၇(၁) ဖြင့် ထောင်ဒဏ် (၆) နှစ် ကျခံစေဟူ၍ လည်းကောင်း ချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက် တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး(၁၀) နှစ်လို့  ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင် ပြောပြတာက ဦးခင်ညွှန့်ရဲ့ စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင်(ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော် တို့ကိုလည်း ငုတ်တုပ်ကလေးတွေ ထိုင်လျက် တွေ့ရပါတယ်။  ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေ ထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့် တဦးပါပဲ။ သူက ကျနော့်ကိုဒီလိုပြောတယ်ဗျ။

"မိုက်လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာ အလုပ်ဆိုတာ ဘာလဲ" တဲ့။

"အရွေ့" လို့ ကျနော်ပြန်ဖြေတော့ " အေး မင်းဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးက လုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်" "တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲကျမယ်လို့ ငါတို့ထင်တယ်ကွ"
"ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့ အတွက် ချီးကျူးပါတယ်" " မင်းယုံကြည်ချက်တွေ မင်းစိတ်ဓါတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံ ထိန်းသိမ်းပေးရတဲ့ ဌာန" " မင်းအနေနဲ့ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ" "ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်" လို့ အစချီကာဆုံးမ စကားကို  ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
 ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း  အဖအမည်-ဦးတင်ထွန်းဝေ  ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။
(မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။)

ဒီလိုဆက်ဆံမှု အပြင်ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေ ဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ


(၃)ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ  ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေး ဆက်ဆံမှု မပြုပါ)


(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)
ကျနော့်ကို အမှတ်(၃)ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃)ဆောင်ကို ကျနော် ရောက်သွားတာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ " ထောင်ကျသွားပြီဖြစ်တဲ့ မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာမင်းနဲ့ဆိုင်တယ် မင်းအကြောင်းမင်းပြောရမယ်၊ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့် ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက်(စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး ( အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်းရှေ့ မြေပြင်မှာ ပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)
ပုံစံအော်ရင် ခေါင်းငုံထားရမယ့် အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့ အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့ အကျဉ်းဦးစီးက အုပ်ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ... ဟုတ်ပြီလား" စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကို မိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကို ၀တ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ကိုပါ သတိပေးပါတယ်။
ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ်(၄)ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီသက်ဝင်း(ခ)သံမဏိစိန်လှ တို့နဲ့အတူ ကိုမိုးမြင့်(မဆလဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့်(မွန်ကြီး)၊  ကိုဗညား၊ ကိုစည်သူဝင်း(သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင်(ပြည်)၊ ကိုခင်အောင်(ပြည်) မျောက်ညို(စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီဟ(ပြည်)၊ ကိုအေးကြည်(မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ(အရေးတော်ပုံပါတီ) ၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ရပါတော့တယ်။
(ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်
း၊ ဖဆပလခေတ် သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ်(၃)ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက် သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင်တွေပါလို့ ပြန်ချေပ အုန်းမှာလား။


ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ။

အဲဒီ(၃)ဆောင်မှာပဲပေါ့ဗျာ......

အကျဉ်းသားဝတ်စုံ အဖြူကို  အထက်အောက်ဝတ်ဆင် ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃)ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကို တုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲမှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလည်း ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ.............
တပါးက အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက်တပါးက  ပါဌိကာရီ စာသင်တိုက်(သာကေတ) ဆရာတော်ကြီး ဦးအဂိင်္တ။  နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော် ဘွဲ့တော် ကျနော်မေ့နေပါသည်။  ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း  သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။
(ကျောက်ကုန်းမေဒိနီကျောင်းတိုက်က အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဥာဏ္ဏဝံသ အမှတ်(၅) ဆောင်မှာ ဖြစ်သည်)


(ကွယ်လွန်သွားသော ကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပြိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။(ဘွဲ့တော်တွေ မမှတ်မိတာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်းလုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည် အနှံ့ ဆရာတော် သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများမနည်းဘူးလို့သိရတယ်။ လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ထောင်ပြောင်းပါသွားတဲ့ အသုတ်ပေါ့။  ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ်ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။  ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ကျနော်တို့က ဦးစားပေးဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာ ဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာလာတွေ့ခံရ မှန်သူတဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာမလာသူ သုံးဦးလေးဦးခန့်က  တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ ခေါ်တဲ့
( အထားခံအောင် ကြော်ထားသည့် ငပိကြော်၊ ငါးခြောက်ကြော်၊ သရပ်သီးသနပ်နှင့် အသားကြော် တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃)ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်က လွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့် မရှိဘူး။ ထောင်ဥပဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက် စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှ အခက်အခဲ မရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော်တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က  ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ( အကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။
ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က "တတန်းလာ" လို့အော်လိုက်ရင် ထပြီးရေကန်ဘေးမှာ ရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ "ခပ်" ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့ စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။


ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကို သတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တ ကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့် မရှိပါ။  လူမြင်သူမြင် ဆွမ်းကပ်ခွင့် မရှိပါ။ ဒါတွေကို  မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှ သိကြပါ့မလား။

မနက်တခါ ညနေတခါ ထိုင်ပြီး "ပုံစံ" လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော် သံဃာတော်တွေ အဖြစ်။ ရာဇ၀တ်သား အကျဉ်းသားများနှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ။ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာအကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူ ကြိမ်းတော်မူရသည့် အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ×မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ် ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲ ထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေ အဖြစ် သံဃာတော်တွေ အဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီခရီးဦးကြိုပြုခံနေတဲ့ အချိန်မှာ သာသနာပိုင် ဆရာတော်တွေ ထောင်ထဲမှာ သီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့ အတွက်ဆရာတော်ကြီးတွေ အမည်ကိုခေါ်တဲ့ အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့် ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေး အနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့ အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့ အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေ ကြားထဲ တောင့်တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရား ကြည်ညိုလှပါသည် ဆိုသော ဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချသေးသလဲ။

 ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့ လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီး လောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေတွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့ တံဘိုးကို တပ်ထမ်းနေရတဲ့ အချိန်မှာတော့။

ဦးခင်ညွှန့် တယောက် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ရွှေသက္ကင်္န်း ကပ်တဲ့ ဝေါယဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူတွေကို လုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့် လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကိုသတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူ သံဃာကို ညှင်းဆဲတဲ့ အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက် အဖြစ် ရဲရဲကြီး ကြွေးကြော် ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ် တောင်မစွန့်ဝံ့တာတဲ့ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာ ရှိလှတဲ့ အချိန်။  ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့် ထိုင်ရင်းနှင့်  တွေးမိလား သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲ ဆိုတာမျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ  သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်းခတ်ကာ ထောင်ပြောင်းနေတဲ့ အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေးပတ်လိုက် ၊အဖြုရောင်ပတ်လေးပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။ အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူရှာရတဲ့ ဆရာတော်တွေ ရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။ 

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်)ဆရာတော် ဦးအာစရ(သရက်ထောင်မှာ)ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ်(၅)ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာ မဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့က ပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။ အခုကျနော်ရေးသည့် အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထိုအချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အရတြရ တိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကို ရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာတော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရရှောင်ဖယ်လို့မရဘူးဆိုပြီး မိန့်ကာ ဆွမ်းခံကြွလေတော့ ရုတ်ပျက်ဆင်းပျတ် ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲချွတ် သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေ ဖက်မှ မခံနိုင်သော ရဟန်းပျိုများက ပြန်လည်တုန့်ပြန် ရိုတ်ပွဲဖြစ်ရာ။ န၀တ ဖက်မှ ပစ်ခတ်နိုမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော်အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ အမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့ စာမေးပွဲပြီးတဲ့ အချိန်ဆိုတော့ န၀တ စစ်အစိုးရ အုပ်စုမှ အဓိကမင်းသားကြီး ဦးခင်ညွှန့် ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်းပလေ့ရှိသော သံဃာစာမေးပွဲဆု ဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကို ခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လို ကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာ ပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့် တီဗီများဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာ တွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တ စစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုက်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင်လာလ ၅ ရက်နေ့ညမှ စတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သက္ကင်္န်းတော်များ အတင်းဆွဲချွတ်ခြင်း အမှုကို ဦးခင်ညွှန်၏ အမိန့်ကြောင့် မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန်ဘ၀က ဟန်များမာန်များကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရား ကြီးစွာနှင့် ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး(၁) စစ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခံမှာ ပျံလွန်တော်မူရှာလေသည်။
ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့် တယောက်ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲ ဆိုတာကို သိခြင်သည် မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန် ပြောတာကို  ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်းဖြေရှင်းစရာ မရှိဘူးလား တကယ်ပဲလား။
-------------------------------------
အချက် အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင်  ပြည်သူဖက်က ရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။
အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင်လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး(အမှတ်သုံးဆောင်)။  အမေရိကန်ပြည်ထောင်စုရှိ  သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း  တို့ နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
----------------------------------------------------
ရေးပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုတာကတော့ အကိုချိုတူးဇော် ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကို ရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့် မျက်ရည်ပေါက်တွေရှိပါတယ်။
 Facebook မှကူးယူတင်ပြပါသည်။(ဘကြီးသက်)
Unknown at 11:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်


မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ အား သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ ၎င်းကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရူနိုင်ကြောင်း သိရှိရသည်။ www.myanmarcustoms.gov.mm ဝက်ဘ်ဆိုက်လိပ်စာတွင် စတင်ဖော်ပြထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသည် အကောက်ခွန်နှုန်းဥပဒေ ၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ စည်းဝါးညီပြင်ဆင်ချက် ၂၀၁၂ (ASEAN HS 2012 Amendment) များကို အခြေခံရေးဆွဲထားသော မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ (Customs Tariff oF Myanmar 2012)အား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန န်ကြီးရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၁၁) ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အလုပ်သမားဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများ လိုင်စင်ရှိ မရှိ ကြည့်ရှုနိုင်

ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီ
ပြည်ပသို့ အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိမရှိကို အလုပ်သမားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mol.gov.mm တွင်ကြည့်ရှုနိုင်သည်ဟု သိရသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်လိုသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများဖြင့် ဆက်သွယ်ဆောင်ရွက်သည့်အခါတွင် မိမိတို့ဆက်သွယ်သည့် အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်၊ ယုံကြည်သင့်မယုံကြည်သင့်ကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးထားခြင်းဖြစ်သည်ဟု သိရှိရသည်။ အင်တာနက် အသုံးပြု၍ မရရှိသေးသော နေရာများတွင် အလုပ်သမားဝန်ကြီးဌာနဖုန်း ၀၀၆၇-၄၃၀၀၉၁၊ ၀၆၇-၄၃၀၀၉၂ တို့ကို ဆက်သွယ်၍ မိမိတို့ ချိတ်ဆက်လုပ်ကိုင်နေသော အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်ကို မေးမြန်းနိုင်သည်ဟုလည်း သိရသည်။ ထို့ပြင် ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲရှိပါက အကူအညီတောင်းရမည့် ဖုန်းနံပါတ်များကိုလည်း မေးမြန်းနိုင်သည်ဟု  သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အီးယူက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကိုစတင်ဖြေလျော့

ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ ဝင်နိုင်ငံများရဲ့ အလံ
ရန်ကုန်၊ ဇန်န၀ါရီ - ၂၃
ဥရောပသမဂ္ဂ(အီးယူ)က  မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုများကို ပထမအဆင့်ဖြေလျော့သည့် အနေနှင့် သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်းအရာရှိများ ကို ဗီဇာပိတ်ပင်တားမြစ်ခြင်းကိုဖယ်ရှားပေးလိုက်ကြောင်း ယနေ့ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်  သတင်းထုတ်ပြန်ခဲ့ သည်။
    မြန်မာနိုင်ငံတွင် မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးလိုက်ခြင်းကို ကြိုဆိုတုံ့ပြန်လိုက်သည့်အနေနှင့် ယခုကဲ့သို့ အရေးယူ
ပိတ်ဆို့မှုများကို စတင်ဖြေလျော့လိုက်ခြင်းဖြစ်ကြောင်း အီးယူနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်လဲမှုများ ကို ရှေ့ဆက်မြင်တွေ့ရပါက ပိတ်ဆို့အရေးယူမှုများကို ဆက်လက်သုံးသပ် ဖြေလျော့သွားမည်ဟု ထိုအစည်းအဝေးမှာပင်ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြကြသည်။
  7Day News Journal
Unknown at 9:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာတိုက်စစ်မှူး ကျော်ကိုကို ခြေစွမ်းကို ဂျာမန်ဘွန်ဒတ်စ်လီဂါတွင် စမ်းသပ်ရန် ကမ်းလှမ်း

မြန်မာဘောလုံးအသင်း တိုက်စစ်မှူး ကျော်ကိုကိုရဲ့ ခြေစွမ်းကို ဂျာမန်ဘွန်ဒတ်စ်လီဂါ ကလပ်တွေမှာ စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

ကျော်​ကို​ကို​ ​ဖိ​လစ်​ပိုင်​အ​သင်း​ဘက်​ ​ဂိုး​သွင်း​ယူ​နေ​စဉ် (ဆီး​ဂိမ်း​)
တိုက်စစ်မှူး ကျော်ကိုကိုရဲ့ ခြေစွမ်းကို စမ်းသပ်ဖို့အတွက်​ဘောလုံးအေးဂျင့်ဆီကနေ ဆက်သွယ် ကမ်းလှမ်းတာပါ။
ဒါနဲ့ ပက်သက်လို့ ကျော်ကိုကိုရဲ့ ကလပ် ဖြစ်တဲ့ ဇေယျာရွှေမြေအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးနီပေါက အခုလို ပြောပါတယ်။
“အေးဂျင့် တယောက် ကျနော်တို့ဆီကို ဆက်သွယ်လာတာ။ ရိုးမေးနီးယား အေးဂျင့်က။ ကျနော်တို့က ခြေစွမ်းစတက်ပြီးလို့ သူက ကွာလဖိုင်း ဖြစ်တဲ့အချိန်ကျရင် သူ့ရဲ့ ပထမ ကန်ထရိုက်မှာ ဒေါ်လာ ၅၀၀၀ ကနေပြီးတော့ ၇၀၀၀ စရမှာ။”
တကယ်လို့ ဂျာမန်ကလပ်တခုခုက ခြေစွမ်းကို သဘောကျလို့ ခေါ်ယူခဲ့ရင် ဇေယျာရွှေမြေ အနေနဲ့ သူတို့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ဒေါ်လာ ၅ သိန်းဝန်းကျင်လောက် ရနိုင်တယ်လို့လည်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အေးဂျင့်က ကမ်းလှမ်းတဲ့ အပေါ်မှာ ဇေယျာရွှေမြေအသင်းရဲ့  အသင်းရဲ့ ဒုဥက္ကဋ္ဌက ခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ လွှတ်မှာပေါ့။ ယူရိုပီယံလိဂ်ကို ကျနော်တို့ ဗမာနေရှင်နယ် တယောက်အနေနဲ့ တခါသွားတယ်။ ကစားသမားတွေနဲ့ ဂျာမန်ကလပ်တွေမှာ ကစားရမှာ အဆင့်မြင့်လာမှာပေါ့။ မြင့်လာတော့ ပိုကောင်းသွားတာပေါ့။”
အေးဂျင့်ရဲ့ ကမ်းလှမ်းချက် အပေါ်မှာ အသင်းအနေနဲ့လည်း မြန်မာဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားစာ ပို့ထားပြီး ဖြစ်ကြောင်း ဆက်ပြောပါတယ်။
အခုကမ်းလှမ်းချက်အပေါ် အသက် ၂၀ ပဲ ရှိသေးတဲ့ ကာယကံရှင် ကိုကျော်ကိုကိုက “ကမ်းလှမ်းမှုက ကျနော့်အတွက် အခွင့်အရေး တခုပဲပေါ့။ တကယ်ဖြစ်လာမယ် ဆိုရင်လည်း ကျနော်လည်း လိုလိုလားလား သွားချင်တယ်။ သွားရတဲ့အပေါ်မှာလည်း အဖြစ်သဘောမျိုး မဟုတ်ဘဲနဲ့ ဖြစ်အောင်ကို လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ ကျနော် သွားချင်တာပါ။”
တကယ်လို့ ကျော်ကိုကိုအနေနဲ့ ဘွန်ဒက်စ်လီဂါက ကလပ်တခုမှာ ကစားခွင့်ရပါက အာရှတိုက်ပြင်ပမှာ သွားကစားတဲ့ မြန်မာ ဘောလုံးသမားတွေထဲကနေ ပထမဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
 ဒီဗွီဘီ
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစ္စရေးဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တွေ့ဆုံဆွေးနွေးနေ

 
 
အစ္စရေးနိုင်ငံမှ ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော GILAT Satcom ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်ကို လက်ရှိ ကာလအထိ စီစဉ်နေရဆဲ ဖြစ်နေကာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် လုပ်ကွက်ရယူလိုနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဂြိုဟ်တုစနစ်တွေရဲ့ ဆက်သွယ်ရေးကွန်ရက် ကိစ္စမျိုးစုံကို လုပ်ဆောင်ပေး ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပါတယ်၊ တခြားသောဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကို လည်း ဆွေးနွေးခဲ့ပါတယ်၊ မြန်မာနိုင်ငံက UMFCCI ကိုလည်း ရောက်ခဲ့ပါတယ်”ဟု GILAT မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr.Itzik Baron ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အစ္စရေးသံရုံး၏ အကူအညီဖြင့် ယင်းကဲ့သို့ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီအချိန်မှာ အစ္စရေးရဲ့ GILAT က မလွတ်တမ်းဝင်လာရင်တော့ ပိုပြီးအဆင်ပြေသွားမှာပါ၊ သူတို့က မြန်မာမှာလုပ်ငန်းတွေလုပ်ချင်တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးဘူး” ဟု GILAT ၏ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာဖြစ်သူ ဒေါက်တာဇော်မင်း က ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ့စီးပွားရေးဈေးကွက် အတွင်း မြန်ဆန်စွာ ဝင်ရောက်နိုင်ရေးအတွက် စီစဉ်နေမှုများရှိနေပြီး ၎င်းတို့၏ www.gilat.net တွင်လည်း မြန်မာဘက်မှ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်/
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.