ဆောင်းယွန်းလ
ဇန်န၀ါရီ ၂၄၊ ၂၀၁၂
ခေတ်ကာလကြီးက
ခေတ်ကာလမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ကြည့်မြင်နိုင်ဖို့အတွက်
သန့်ရှင်းဖြူစင်တဲ့ မျက်စိအရှင်တွေကို ဖွင့်မပေးးခဲ့ဘူး…
ခေတ်ကာလကြီးက
ခေတ်ကာလစကားကို ပွင့်ပွင့်လင်းလင်း ကြားသိနိုင်ဖို့အတွက်
ရိုးသားဖြောင့်မတ်တဲ့ နားရွက်အစစ်တွေကို တပ်မပေးခဲ့ဘူး….
ခေတ်ကာလကြီးက
နှစ်ရှည်လများ မချွတ်တမ်းဆင်မြန်းထားခဲ့တဲ့ မတရားမှုတွေကို
ကမ္ဘာ့ဈေးကွက်မှာ တလွှာချင်းချွတ်ပြနိုင်မှ ဈေးတွက်ကိုက်မှာမို့
ပွင့်လင်းလွတ်လပ်မှု အရိပ်အယောင်တချို့ကို လှလှပပအကွက်ချပြီး
စတုတ္ထမဏ္ဍိုင်နဲ့ မျက်လှည့်ပြထားတယ်….
ခေတ်ကာလကြီးက
ခေတ်ကာလ သားသမီးတွေကို
အနှစ်သာရမရှိတဲ့ ဝေါဟာရတွေနဲ့ ဆေးဆိုးထားပြီး
အင်အားအကောင်းဆုံးတန်ဘိုးတွေကိုတော့ အလေးခိုးထားတယ်…..
ခေတ်ကာလကြီးက
ကောလဟလတချို့နဲ့ မြို့သစ်ဆောက်ပြီး
လောကပါလတချို့ကိုတော့ သိမ်းဖျောက်ဖို့ ကြိုးစားနေပြန်တယ်…
ခေတ်ကာလကြီးက
ခွင့်လွှတ်နားလည်မှုနဲ့ ကိုယ်ချင်းစာတရားဆိုတဲ့ စာသားခပ်ပါးပါးကို
တရားဥပဒေရဲ့ ခေါင်းရင်းမှာ တံတားထိုးပြီး
အမှုဟောင်းတွေကိုမီးမှိတ် အေးရာအေးကြောင်းခိုးအိပ်ဖို့ ကြိုးစားနေတယ်….
ခေတ်ကာလကြီးက
မူမမှန်တဲ့ စကားလုံးတွေကို တခါသုံးစက္ကူလိုသုံးပြီး
သတင်းကွန်ရက်တွေထဲမှာ
အချွန်အတက်တွေကို လိုအပ်သလိုသုံးဖို့ ချိန်ကိုက်ဗုံးတွေထောင်ထားတယ်…
ခေတ်ကာလကြီးက
အခါခါသေဖူးလည်း ပျဉ်ဖိုးနားမလည်နိုင်ခဲ့သေးဘူး…
ခေတ်ကာလကြီးက
အမှန်ပြောလွန်းရင် နောက်ပြန်ဆွဲဝါဒီလို့ စွပ်စွဲတံဆိပ်ကပ်ပြီး
တရားပြလွန်းရင် ဖောက်ပြန်ရေးသမားလို့ ယိုးစွပ်သတ်မှတ်တယ်….
ခေတ်ကာလကြီးက
ပကတိအခြေအနေတွက်ချက်မှုဘာသာဗေဒမှာ ရမှတ်နဲပြီး
ခဏတဖြုတ်အပျော်တချို့နဲ့ လက်ထပ်ပေါင်းသင်း
အကြောင်းရင်းတွေကိုတော့ မေ့ပျောက်လွယ်လွန်းတယ်….
ခေတ်ကာလကြီးက
မင်းသားနဲ့မင်းသမီး လက်ချင်းတွဲတဲ့ ဇာတ်ပွဲတွေဆိုရင်
ယိမ်းတိုက်ထားသလို အော်ဟစ်တေးဆိုတတ်ပေမယ့်
ဇာတ်နာပြီဆိုရင် အိမ်ထဲကအိမ်ပြင်ကို ထွက်မလာချင်ဘူး……..
ခေတ်ကာလကြီးက
ကောင်းခန်းရောက်ရင် စောင်းငန်းလျှောက်ချင်ပြီး
ဘူးသီးမှ အရီးတော်ပြဖို့လည်း ဝန်မလေးတတ်ဘူး…..
ခေတ်ကာလကြီးက
ခေတ်ကာလကဗျာကို ဖတ်ပြီးရင်
မျက်စိစုံမှိတ်ပြီး တံဆိပ်အမျိုးမျိုး ကပ်နှိပ်ဦးမှာသေချာတယ်…….။ ။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge